“ မလွမ်းစကောင်း လွမ်းစကောင်း ရှေးရှေးက မန္တလေး-အပိုင်း(16)“

“ မလွမ်းစကောင်း လွမ်းစကောင်း ရှေးရှေးက မန္တလေး-အပိုင်း(16)“

မန္တလေးမြို့သစ်ကိုပြောင်းနေကြတဲ့ လူတွေအကြားမှာ ဥစ္စာစောင့်လိုလို သူရဲလိုလိုပုံပြင်လေးက ခေတ်စားလာခဲ့ပါတယ်။ ညမှောင်တယ်ဆိုရင် ရှင်ပင်အုံးအင်ဘုရားနားက မိန်းမတစ်ယောက်ထွက်လာတယ် ဒီဘုရားမှာစောင့်နေတဲ့အစောင့်တွေက လူလဲချိန်တန်ပြီတို့ဘာတို့ဆိုပြီး ဖြစ်လာပါတယ်။ ဘယ်သူစလိုက်တဲ့ဇာတ်လမ်းလဲတော့မသိပါဘူး ညကိုးနာရီကျော်ကျော် လောက် မှာစက်ဘီးနင်းလာတဲ့လူကို လက်ပြတားတဲ့မိန်းမတစ်ယောက်ကိုတွေ့လိုက်ရလို့ လှည့်မကြည့်ဘဲဒုန်းစိုင်းပြေးလာလိုက် တာတစ်ပါတ်လောက်တောင်ဖျားပြီး ကယောင်ကတမ်းတွေပြောနေလို့ဆေးတောင်အတော်ကုယူရတယ်ဆိုတာတို့၊ တစ်ညမှောင်မဲနေတဲ့အချိန်လမ်းလျှောက်ပြန်လာတဲ့သူကို မီးတတို့လောက်ဆိုတဲ့အသံကြားလို့လှည့်ကြည့်လိုက်တော့ အရပ်အမြင့်ကြီးနဲ့မိန်းမတစ်ယောက်ဖြစ်နေတယ်တို့ဆိုတဲ့အရပ်ပုံပြင် တွေကို ကြားလာရတော့ ဟုတ်သော်ရှိမဟုတ်သော်ရှိ ညမှောင်ရင် တစ်ယောက်ထဲလည်းဖြစ်နေတယ်ဆိုရင် အဲဒီဘုရားနားကို တော်ရုံတန်ရုံသတ္တိနဲ့မဖြတ်ရဲကြတော့ပါဘူး
အဲဒီအချိန် မြို့သစ်ကို မီးလောင်တဲ့အရပ်ကလူတွေစနေစတုန်းက ရှင်ပင်အုန်းအင် ဘုရားနားမှာလူနေအိမ်ခြေကလည်းမရှိသလောက်ပါဘဲ။ နောက်တော့မှဇာတ်ရည်လည်သွားကြတာကတော့ ဒီဘုရားနဲ့အရှေ့ဘက် နားမှာနေတဲ့ စိတ်သိပ်မနှံ့တဲ့မိန်းမတစ်ယောက်က ညည ဆိုရင် ဖီးလိမ်းဝတ်စားပြီးထွက်လာတတ်ပါသတဲ့။ သနပ်ခါးကိုဘဲကြား ရို်က်တဲ့အခါရိုက် မိတ်ကပ်တွေလိမ်းတဲ့အခါလိမ်းဆိုတော့ ပြူးတူးပြဲတဲဖြစ်နေတာရယ် နေဝင်ရီတစ်ယောရယ်ဗြုန်းဒိုင်းကြီးမြင်ရတော့ လန့်တဲ့သူကလန့်ပြီး ထင်မြင်ချက်တွေလျှောက်ပေးကြတော့တာပေါ့။

မြို့သစ်ကို ပိုိုမိုစည်ကားအောင်ဖန်တီးလိုက်တဲ့အကြောင်းတရားက 1984ခုနှစ်မေလနောက်ဆုံးပါတ် တပေါင်းလပြည့်နေ့နာမယ်ကျော် “ရွှေစာရံဘုရားပွဲ”နောက်ဆုံးနေ့ကတော့မန်းလေးမြို့အသဲကွဲတဲ့နေ့လို့ပြောရင်ရနိုင်သလို ရှေးကတည်းကရှိနေတဲ့ မန်းလေးမြို့ရဲ့ယဉ်ကျေးမူ့တွေပျောက်ကွယ်ဘို့ စတင်တဲ့နေ့လို့ပြောရင်ရပါတယ်။ အဲဒီနေ့မတိုင်ခင်အဖိတ်နေ့ကတည်းကမန်းလေးသူမန်းလေးသားတွေရဲ့စိတ်ထဲမှနောက်နေ့မနက်ရောက်ရင်ရွှေစာရံဘုရားပွဲသွားဘို့ဘဲအားခဲထားကြပါတယ်။ တကယ်လဲတော်တော်များများက သွားနေကျအတိုင်းသွားဖြစ်ခဲ့ကြပါတယ်။ နေ့လည်တစ်နာရီလောက်ထိအေးအေးဆေးဆေးပါ။ အဲဒီနေ့ မနက်11နာရီလောက်မှာ 33လမ်း (83-84)ကြား လူထုကြီးပွားရေးစာအုပ်ဆိုင်ရဲ့အရှေ့ဘက်ကပ်ရက်မှာဖွင့်ထားတဲ့ ထမင်းဆိုင်မှာကျနော်တို့သူငယ်ချင်းတစ်စု ထမင်းသွားစားခဲ့ကြပါသေးတယ်။ နောက်လမ်း80တရုပ်တန်းမစိုးရိမ်ရုပ်ရှင်ရုံရဲ့မျက်စောင်းထိုးမှာနေတဲ့သူငယ်ချင်းရယ်ကျနော်ရယ်က 26ဘီလမ်း (82-81)လမ်းကြားမှာဖွင့်ထားတဲ့ရှဲလ်မှာလက်ဖက်ရည်သွားသောက်ဘို့ ပြင်ဆင်နေကြတဲ့အချိန်မှာ မီးသတ်ကားတွေက ဥဩသံတွေပေးလို့တောင်ဘက်ကိုသွားကြတာကိုတွေ့ရပါတယ်။ ကျနော်တို့မန်းလေးသားတွေက မီးသတ်ဥဩသံကို (နွေဦးတေးသံ) လို့တင်စားလို့ခေါ်ပါတယ်။
အဲဒါနဲ့သူငယ်ချင်းနှစ်ယောက်လက်ဖက်ရည်ဆိုင်ကိုရောက်တော့စပ်စုကြည့်တော့ 35အေလမ်း ကဦးကျားကြီးဝင်းမှာမီးလောင်နေတယ်လို့ပြောပါတယ်။ နေ့လည် (2)နာရီပါတ်ဝန်းကျင်လို့ထင်ပါတယ်။ အဲဒီတုန်းက35လမ်းမှာမီးရထားသံလမ်းရှိပါသေးတယ်။လမ်းမြောက်ဘက်ခြမ်းသံလမ်းဘေးမှာ မီးရထားဝန်ထမ်းတွေနေတဲ့နေတဲ့ သစ်သားတန်းလျားလေးတွေရှိပြီးအဲဒီအိမ်တွေမှာက ဆေးဆိုးပန်းရိုက်လုပ်ငန်းတွေလုပ်ကြတာများပါတယ်။ မီးစလောင်စကတော့အားလုံးအမှတ်တမဲ့ပါဘဲ။နွေရာသီရောက်တိုင်းမန်းလေးမှာမီးသတ်ကားဥဩသံကတော့ကြားနေကျ မဆန်းတဲ့အသံလို့တောင်ပြောနိုင်ပါတယ်။

ကျနော်တို့လက်ဖက်ရည်ဆိုင်ကပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာ မီးပြေးလာတဲ့ သူတွေကခါတိုင်းထက်ပိုများတယ်လို့ထင်မိပါတယ်။မီးလောင်တာက ပိုပြီး မီးကြီးလာတယ် 35လမ်းမြောက်ဘက်ခြမ်းက မီးရထားတန်းလျားပါသွားပြီဆိုတဲ့အသံတွေကြားလာရပါတယ်။အဲဒီတောင်ဘက်ခြမ်းမှာနေတဲ့သူတွေကကျနော်တို့နေတဲ့25လမ်း မြောက်ဘက်ခြမ်းကိုပစ္စည်းတွေလာထားကြပါတယ်။ကျနော်သူငယ်ချင်းအိမ်ဘေးက အိမ်ကို 83လမ်း 36လမ်းမှာနေတဲ့သူတို့အသိတွေကမီးပြေးလာပြီး ပစ္စည်းတွေကိုချထားပါတယ်။သူ့တို့က ကားလည်းရှိတော့သယ်လာလိုက်တာ အိမ်မှာကုတင်နဲ့စားပွဲခုံလောက်သာကျန်မယ်ထင်ရပါတယ်။ မီးကလောင်ရင်းနဲ့ပိုပိုများလာ သလိုလမ်းပေါ်မှာမီးလောင်တာလို်က်ကြည့်တဲ့သူတွေရော မီးဘေးကနိုင်သလောက်သယ်လို့ ပြေးကြတဲ့သူတွေရောပြည့်ညပ်လို့နေပါတယ်။ဒီတစ်ခါမှာတော့ထူးခြားတယ်ဆိုနိုင်တာက မန်းလေးဆိုင်းတန်းမီးလောင်တုန်းက ဝေးသေးတယ်ဆိုပြီးမသယ်ခဲ့လို ဘာမှမရလိုက်တဲ့အတွေ့အကြုံကသင်ပေးလိုက်တော့ ရှိသမျှအိမ်တိုင်းက လက်တွန်းလှည်းလေးတွေ လုပ်ထားကြပြီး ဒီတစ်ခါမီးလောင်တော့ တွန်းလှည်းပေါ်မှာနိုင်သလောက်တင်လို့မီးပြေးကြပါတယ်။ကျနော်တို့သူငယ်ချင်းက တောင်ဘက်ခြမ်းကမီးလောင်တဲ့အသိအိမ်ကိုသွားကူမယ်လို့လုပ်နေတုန်း သူငယ်ချင်းအမေက မသွားဘို့တားပြီး သူတို့အိမ်ကပစ္စည်း တွေကို ဝိုင်းသိမ်းခိုင်းတော့ သူငယ်ချင်းက သူ့အမေကို အပိုအလုပ်တွေလုပ်တယ်ဆိုပြီး ပြောနေပါသေးတယ်။ ညနေသုံးနာရီလောက်ရောက်တော့ မီးကလမ်း30ကိုရောက်လာပြီးဆိုပြီး လမ်းပေါ်ကနေပြေးရင်းလွှားရင်း သတင်းတွေ ပေးသွားကြပါတယ်။
မီးစလောင်တဲ့အိမ်နားက ဓါတ်ဆီဆိုင်တွေဖြစ်နေတော့ ဓါတ်ဆီပုံးတွေထထကွဲတော့ မီးကိုဘယ်လိုမှနိုင်အောင်မငြိမ်းနိုင်ဘူးဆိုတာကိုလည်းကြားနေရပါတယ်။ သူတို့အိမ်ရဲ့အနောက်ဘက်ခြမ်းကကောင်းကင်မှာ မီးတွေရဲနေတာကိုတွေ့ရပါတယ်။ သိပ်မကြာပါဘူးမီးက28လမ်းရောက်လာပြီဆိုပြီးပြောလဲပြောရောသူ့အမေက ကျနော်တို့အားလုံးကိုအထုပ်အပိုးတွေနဲ့ပြေးခိုင်းပါတယ်။ သူတို့အိ်မ်ကပစ္စည်းတွေကို ကျုံးဘေးက 76လမ်းမှာနေတဲ့သူတို့အမျိုးအိမ်ကိုသွားပို့ခိုင်းပါတယ်။ ညနေလေးနာရီလောက်လဲရောက်ရောသူတို့အိမ်ရဲ့ ခဏနေတော့ အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာကောင်းကင်တစ်ခုလုံးမီးခိုးလုံးတွေနဲ့ပြည့်နေသလို အနောက်ဘက်လေလာဝင်းကိုတဝင်းလုံးကို ပြာကျသွားပြီး ရွှေတို်က်ဝင်းနဲ့အတူသူတို့အိ်မ်လဲပါသွားပါတယ်။ ပူပြင်းတဲ့ရာသီတုကြောင့် သစ်သားအိမ်တွေ ဝါးထရံကာကပ်မိုးအိမ်တွေသာများတဲ့မန်းလေးမြိုကအိမ်တွေက မီးလောင်ဘို့အတွက်အဆင့်သင်ဖြစ်သလိုကြွပ်ရွလို့နေပါတယ်။ အဲဒီတုံးကအိမ်တစ်လုံးမီးလောင်တာဟာစက္ကန့်ပိုင်းလောက်အတွင်းမှာဝုန်းကနဲပြာဖြစ်သွားပါတယ်။ ဒီမီးလောင်လို်က်တာကအရှိန်တော်တော်လေးပြင်းတယ်လို့ ပြောနိုင်ပါတယ်။ နာရီ ပိုင်းလေးအတွင်းမှာရပ်ကွက်တော်တော်များများကို ပြာပုံဘဝပြောင်းသွားစေပါတယ်။35လမ်းကစလိုက်တဲ့မီးဟာ မြောက်ဘက်25လမ်း (80-81)လမ်းကြား အမှတ်တစ်ကျောင်းတောင်ဘက်ကခုံတော်မင်းဝင်းနဲ့ရှင်အိန္ဒြေဝင်းကိုပြာကျပြီးမှရပ်သွားပါတယ်။ ဒီရပ်ကွက်ကိုလောင်ပြီးမ သူ့တောင်ဘက်မှာရှိတဲ့ အခုအော်တိုဖုန်းရုံးလို့ခေါ်ပြီးအရင်က ကြေးနန်းဝင်းလို့ခေါ်တဲ့ရုံးကြီး ကိုပြန်ပြီးလောင်ပါတယ်။ ဒီမီးက တောင်မြောက်ဆိုရင် (35အေလမ်းကနေ 25လမ်း)၊အရှေ့နဲ့အနောက်ဆိုရင် လမ်း80နဲ့84လမ်းကြားရှိတဲ့ရပ်ကွက်တော်တော် များများကိုကွက်တိကွက်ကြားလောင်သွားတာပါ။ ည(7)နာရီကျော်ကျော်လောက်ရောက်တော့ မီးစွယ်ကျိုးသွားပြီဆိုပြီး 84လမ်းဘက်အိမ်တစ်ချို့က သူများဆီပို့ထားတဲ့ ပစ္စည်းတွေကိုပြန်သယ်ကြပါတယ်။ အိမ်ရောက်လို့မှ အထုပ်အပိုးတွေချပြီးလို့မှအမောမပြေသေးဘူး မီး မီးဆိုပြီးမီးလုံးတွေတက်လာပြီးစောစောကလွတ်တယ်ဆိုတဲ့ရပ်ကွက်တစ်ချို့က ညရှစ်နာရီလောက်မှာတစ်ခါပြန်လောင်ပါတယ်။

ကျနော်ကြားလိုက်ရတဲ့ သတင်းတပုဒ်ကတော့ 82လမ်း (28-29)ကြားကအိ်မ်တစ်အိမ်ဆိုရင် မနက်ပိုင်းမှာ အိမ်သစ်တက်ပွဲလုပ်တယ်ငှားထားတဲ့ စားပွဲတွေပုဂံတွေပြန်ပို့မယ်လုပ်တုန်း မီး မီး ဆိုလို့အကုန်ထားပြီးပြေးကြရပါတယ် ဘာမှကိုမသယ်နိုင်ဘဲ မီးထဲပါကုန်ပါတယ်။ အိမ်တစ်အိမ်ကတော့ ညနေပိုင်းမင်္ဂလာဆောင်ကားတန်းတွေနဲ့လှည့်ဘို့ပြင်နေတုန်း မီးဆိုတာနေ့ပြေးလိုက်ကြရတော့ မင်္ဂလာဆောင်လဲပျက်ပေါ့ ။ နောက်စုံတွဲတစ်တွဲကတော့ မနက်ပိုင်းမှာ မင်္ဂလာဆောင်ညနေရောက်တော့ နေစရာပျောက်။ နာရေးရှိတဲ့အိမ်ကျပြန်တော့လည့် ဘာလုပ်လို့ လုပ်ရမှန်းမသိအောင်ကိုဖြစ်ကုန်ပါတော့တယ်။ မီးစွယ်တွေကျိုးလို့ မီးအလောင်ရပ်သွားတဲ့ညအချိန်ရောက်တော့ ကျုံးဘေးတစ်လျောက်လုံးမှာအထုပ်အပိုးကိုယ်စီနဲ့မီးဘေးဒုက္ခသည်တွေအပြည့်။ လူပျောက်ရှာကြ အသိတွေ့တာနဲ့ ဝမ်းသာအားရအော်ဟစ်နုတ်ဆက်ကြနဲ့ ဆူညံရှုပ်ထွေးလို့နေပါတယ်။ ခဏနေတော့မီးလွတ်တဲ့သူတွေက မီးဘေးဒုက္ခသည်တွေကို ထမင်းထုပ်တွေလာဝေကြနဲ့ အုံးအုံးထလို့နေပြန်ပါတယ်။ အမှန်တကယ်ကိုမန္တလေးမြို့ရဲ့အသဲနှလုံးပျောက်ဆုံးသွားတဲ့နေ့ပါ။
ငိုအားထက်ရီအားသန်ဖြစ်ရတဲ့အဖြစ်ကလေးတွေကလဲရှိပါတယ်။36လမ်း 37လမ်းဘက်က မီးစလောင်တဲ့အရပ်နဲ့ကပ်နေတဲ့ အိမ်တွေကမီးနဲ့ဝေးတဲ့ 26လမ်းဘက်ကအိမ်ကိုအထုပ်အပိုးတွေလာထားကြတဲ့သူတွေရှိပါတယ်။ဖြစ်ချင်တော့ သူတို့ကမီးလွတ်ပြီး ပစ္စည်းသွားထားတဲ့အိ်မ်ကမီးထဲပါသွားလို့ ပစ္စည်းတွေ အကုန်ဆုံးရှုုံးသွားတာကိုလဲတွေ့ရပါတယ်။ ဘယ်လိုဘဲပြောပြောဒီမီးက အနှစ်နှစ်အလလ လူအင်အားငွေအင်အားတွေ နဲ့ ကြီးစားလို့တည်ဆောက်ထားခဲ့တဲ့အိမ်တွေ ယဉ်ကျေးမူ့တွေ လူမူ့ဆက်ဆံရေးတွေကို နာရီပိုင်းလေးအတွင်း ဘယ်လိုမှပြန်မရနိုင်လောက်အောင် ဖျက်ဆီးလိုက်တဲ့မီးပါဘဲ။ရှေးကတည်းကတည်ဆောက်ခဲ့အတဲ့ ရှေးအမွေအနှစ်အိမ်တွေပါသွားသလို ဒီအိမ်တွေမှာနေထိုင်ခဲ့ကြတဲ့လူတွေရဲ့ဘဝပေါင်းများစွာကလဲ ဒီမီးနဲ့အတူ ပျောက်ကွယ်သွားကြပါတယ်။ရုတ်တရက်ထပြေးလိုက်ရလို့ဘာမှမရလိုက်တဲ့သူတွေ၊ အိမ်လုံးကျွတ် ရွှေစာရံဘုရားပွဲသွားနေလို့ ဘာမှမသယ်လိုက်ရဘဲမီးပါသွားတဲ့သူ၊ မီးစလောင်တဲ့အရပ်က အသိမိတ်ဆွေတွေကို သွားကူနေလိုက်တာ ပြန်လာမှ သူ့နေတဲ့အိ်မ်ကမီးထဲပါသွားလို့ ဘာမှမရလိုက်တဲ့သူ၊ ရသလောက်တော့ သယ်လိုက်ပါတယ် လမ်းမှာတွေ့တဲ့လူက“ ပေး ပေး“ဆိုလို့ပေးလိုက်မိလို့ “အချောင်သမား တောကြောင် “လက်ထဲပါသွားလို့ ဘာမှမရလိုက်တဲ့သူ နဲ့ ရင်နာစရာဇာတ်လမ်းတွေအများကြီးပါဘဲ။ နောက်အသိမိတ်ဆွေပေါများတဲ့သူများကြပြန်တော့လည်း ဝို်င်းသယ်သွားလိုက်ကြတာဘယ်သူ့ဆီမှာ ဘာပါသွားတယ်ဆိုတာကို မသိလိုက်ကြပါဘူး။နောက်မီးမပါတော့မှာ အိမ်ကို အလျှိုလျိုပြန်လာပို့တော့မှသာ “အော်ငါပစ္စည်းတွေရှိသေးသားဘဲ” လို့မှတ်ရပါတယ်။အဲဒီအချိန်ကတော့ အိ်မ်မီးလွတ်တယ်ဆိုရင်ကိုသိန်းထီပေါက်တာထက် ဝမ်းသာရ စိတ်ချမ်းသာရနဲ့ “တော်သေးလို့ဟဲ့”လို့ဆိုတဲ့အတွေးနဲ့ပျော်ရပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ပြေးရင်းလွှားရင်း ယာဉ်တိုက်မူ့ဖြစ်ကြတာတွေ ကားမှောက်တာတွေဆိုတာကလဲ ရှိပါသေးတယ်။ တိုက်ဆိုလဲတိုက်ချင်စရာပါ အားလုံးစိတ်ထဲမှာ မီးအန္တရာယ်ကလွတ်ရာကင်းရာရောက်ဘို့ရယ် အချိန်ရရင် နောက်တစ်ခေါက်ထပ်သယ်နိုင်အောင် လိုရာခရီးကို မြန်မြန်ရောက်ဘို့ဆိုတော့ ယာဉ်စည်းကမ်းတွေ လမ်းမှန်တာတွေ ခေါင်းထဲမှာမရှိကြတော့ပါဘူး။ အဲဒီအချိန်တုန်းက ကျနော်အိမ်ထောင်ကျပြီး လို့ (19လမ်း လမ်း80)မှာအိမ်ငှားနေပါတယ်။ အဲဒီနေ့တုံးက မီးမလောင်ခင်အချိန်လေးမှာရှိနေတဲ့သူငယ်ချင်းအိမ်ရယ် အဲဒီနားက မိတ်ဆွေအိမ်တွေကို ကူသယ်ပေးနေတာနဲ့ ကိုယ့်အိမ်ကိုပြန်ပြီး ပစ္စည်းသယ်ဘို့ရယ် ရုံးအလုပ်လုပ်နေတဲ့ မိန်းမကို သွားမကြိုမိတာရယ်ကြောင် ့ အိမ်လဲပြန်ရောက်ရော အကွိုင်ခံရပါတယ်။ ဖြစ်ချင်တော့ ကလေးဘဝထဲ့နေခဲ့တဲ့25လမ်းက အမျိုးတွေအိ်မ်ကိုသွားကူမသယ်ဘဲ 26လမ်းနဲ့ တရုပ်တန်းတဝိုက်က သူငယ်ချင်းတွေ ကို ဘဲ သွားသယ်ပေးတာကြောင့်မီးလောင်ပြီးသွားတဲ့အခါမှာ မီးထဲပါသွားတဲ့ ဆွေမျိုးသားချင်းတွေရဲ့ငြူစူမူ့ကိုလည်းခံခဲ့ရပါတယ်။ မှတ်မှတ်ရရလေးပြောလိုက်ရရင် အဲဒီအချိန်တုံးက မန်းလေးတစ်မြို့လုံးခေတ်စားနေတဲ့ သီချင်းလေးကတော့ မန်းလေးသား ဂျေမောင်မောင် သီဆိုထားတဲ့ “ အချစ်ရေ့ နေလို့မှကောင်းရဲ့လားကွယ် အိပ်လို့ပျော်ပါစေ အချစ်ရေ့သနပ်ခါးလေးလှအောင်လူးပြီးရင်“ ဆိုပြီးသီချင်းထဲက မေးနေပေမယ့် ဒီဦးကျားကြီးမီးလောင်ပြီးသွားကတည်းက မန်းလေးသူမန်းလေးသားတွေမှာ သနပ်ခါးမလူးနိုင် ပန်းမပန်နိုင်ဘဲ အိပ်မပျော်တဲ့ညတွေသာ များများလာခဲ့တာတော့အမှန်ပါဘဲ။

နောက်နေ့မနက်ရောက်တော့မီးလောင်ပြင်ကို သွားကြည့်ကြပြီးဘယ်အိမ်ကတော့ပါသွားပြီ ဘယ်သူကတော့ရလိုက်တယ် မရလိုက်နိုင်ဘူးဆိုတာတို ့ မီးထဲပါသွားတဲ့အသိမိတ်ဆွေတွေ ဘယ်အိမ်မှာရောက်နေတယ်တို့ ဘယ်မီးဘေးကယ်ဆယ်ရေးစခန်းကို ရောက်နေတယ်ဆိုတဲ့သတင်းတွေကို တစ်ယောက်စကားတစ်ယောက်နားနဲ့ နားထောင်ကြ လက်လှမ်းမီရာသွားတွေ့လို့မီးမေးကြရပါတယ် ။ မီးလောင်ပြင်ကြီးကလဲအကျယ်ကြီး လောင်လက်စမငြိမ်းသေးတဲ့နေရာတွေကလဲ မီးခိုးတွေတအူအူ မီးထဲပါသွားတဲ့လူတွေကလည်းသူ တို့အိမ်နေရာတွေမှာ မလောင်ဘဲဘာတွေများကျန်သေးသလဲလို့ ဝင်ကြည့်ချင်တာ သက်ဆိုင်ရာက အန္တရယ်ရှိသေးလို့ဝင်ဘို့ ခွင့်မပြုတော့ တစ်ဆူဆူနဲ့အတော်လေးကို ရှုပ်ယှက်ခတ်နေပါတယ်။ဒီအထဲမှာ သူများမီးလောင်တာကို ပွဲကြည့်သလို အပျင်းပြေလာကြည့်သူများကလည်း ဝင်လာမစဲတသဲသဲပါ။ နောက်နေ့တွေမှာတော့ မီးလောင်ပြင်က အပူဒဏ်လဲရော့ပါးသွားပြီဆိုတော့ မှ အိမ်ပိုင်ရှင်တွေကို သေချာစွာ စီစစ်ပြီးမှဝင်ပြီးရှာခွင့်ပြုပါတယ်။ ကျနော့်တို့လည်းအသိမိတ်ဆွေအိမ်တွေကိုတတ်နိုင်သလောက်ဝင်ကူ ပြီး ရှင်းလင်းပေးကြရပါတယ်။ငိုအားထက်ရီအားသန်ဆိုတာလိုမျိုး သူငယ်ချင်းတစ်ယောက်အိမ်က အိမ်ထဲမှာရေကန်ကြီးတည်ထားပါတယ်။အဲဒီရေကန်ကြီးထဲကို သူညီမအငယ်က အိမ်ပေါ်ကနေပြီး အထုပ်တွေပစ်ပစ်ချတာကို သူတို့ကရေကန်ထဲကို ထည့်ထည့်ပေးပါတယ်။အထုပ်တွေထည့်လို့တောင်မပြီးသေးဘူး နောက်ဖေးအိမ်မီးလောင်နေပြီဆိုတော့ အိမ်ရှေ့ကနေပြီး အပြင်ထွက်ဘို့ အော်ခေါ်နေကြတာရယ် မီးကအိမ်နောက်ဘက်ကိုလောင်တော့ မီးတောက်တွေတောင်မြင်နေရပြီး မီးခိုးလုံးတွေနဲ့အသက်ရှူတောင်ကျပ်လာတော့ ထွက်ပြေးခဲ့ရပါတယ်။အခုမီးလဲပြီးရော ရေကန်ထဲထည့်ထားတာတွေပြန်လဲဖော် ရောထွက်လာလိုက်တဲ့အထုပ်တွေက စောင်စုတ်တို့ထမီစုတ်လုံချည်စုတ်တွေထည့်ထားတာတွေဖြစ်နေပြီး မထည့်လိုက်နိုင်လို့မီးထဲပါသွားတာတွေက အဝတ်အထည်ကောင်းတွေဖြစ်နေပါတယ်။
ကံကောင်းတဲ့သူငယ်ချင်းအိမ်ကတော့ အိမ်က အဘိုးနဲ့အဘွားကိုဘဲ တွဲခေါ်နေရတော့ ဘာမှမသယ်လိုက်နိုင်ပါဘူး။ဖြစ်ချင်တော့ သူတို့အိမ်ခေါင်မိုးက သွတ်တွေကပြုတ်ကျတဲ့နေရာက မီးခံသေတ္တာထားတဲ့နေရာကို ဖုံးထားပေးသလိုဖြစ်နေပါတယ်။ သူတို့အိမ်ကိုပြန်ရှင်းလို့ရတဲ့အချိန်မှာဖုံးနေတဲ့သွတ်တွေကိုလဲဖယ်လိုက်ရော မီးခံသေတ္တာကိုတွေ့လို့ ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ အရည်ပျော်ပြီးခဲနေတဲ့ လက်ဝတ်လက်စားတွေ ရွှေတွေကိုတွေ့တော့ မေ့လဲသွားမတတ်ကို ပျော်သွားကြပါသတဲ့။ အဆိုးထဲကအကောင်းလို့ဘဲသတ်မှတ်ရမှာပါ။

တကယ်အများစုကတော့ ဘာမှမရ ဖြူခါပြာခါကျသွားလို့ ဒုက္ခတွေပင်လယ်ဝေခဲ့ရတာ ကတော့ အမှန်ပါဘဲ။ ဒီမီးလောင်လိုက်တာမှာ အားလုံးအလုပ်တွေရပ်လို့ စီးပွားတွေပျက် သွားကြတဲ့သူတွေများပါတယ်။ ရှိစုမဲ့စုလေးနဲ့ လုပ်နေတဲ့လုပ်ငန်းမီးထဲပါသွားတော့ နောက်ထပ်ထူထောင်ဘို့အင်အားမရှိတော့ ပိုင်ရှင်ဘဝကနေ လျှောကျသွားပြီးသူများဆီမှာအခစားပြန်လုပ်ရတဲ့ သူတွေလဲရှိကြသလို ၊ သူ့ပိုင်ရှင်က ဆိုင်ထပ်ထောင်ဘို့အင်အားမရှိတော့လို့ ပိုင်ရှင်အသစ်ရှာရတဲ့လူတွေလဲအများကြီးပါ။ တစ်ချို့ကြပြန်တော့လည်းသူများနေရာလေးမှာငှားဖွင့်ပြီးဆိုင်ထောင် လုပ်ငန်းတွေထူထောင်လို့အဆင်ပြေနေပေမယ့်မီးထဲပါသွားတော့ လုပ်ငန်းကတော့ပြန်ထောင်အောင် လုပ်နိုင်ပေမယ့် သူငှားနေတဲ့ပိုင်ရှင်က ဒီနေရာကို အပြီးရောင်းလို့ ဘဝကိုပြန်စမယ်ဆိုတော့ အခက်တွေ့ရပြန်တယ်။ သူများတွေကံဆိုးတဲ့အချိန်မှာထူးထူးခြားခြား ကံကောင်းသွားကြသူများကတော့ မပြီးဆုံးနိုင်မပြီးပြတ်နို်င်တဲ့အိမ်ရှင်အိမ်ငှားပြဿနာတက်နေတဲ့ အိမ်ပိုင်ရှင်တွေပါ။ မီးလောင်ပြင်ဖြစ်သွားတဲ့အခါမှာ ကျန်နေတဲ့မြေကွက်အလွတ်တွေကို မူရင်း ပိုင်ရှင်က ပြန်လည်လို့ ရသွားတာပါ။သူတို့ကတော့ ဥစ္စာရင်းမှန်လို့ပြန်ရတယ်လို့ဆိုပါတယ်။
ဒီဦးကျားကြီးမီးအပြီးမှာ အရင်ပထမဆိုင်းတန်းမီးကလိုဘဲအိမ်ထောင်စုဇယားရှိပြီးနေစရာမရှိတဲ့လူတွေကို မြို့သစ်မှာနေရာဆက်ပြီးချထားပေးတဲ့အတွက်အသစ်တည်တဲ့မြို့သစ်ကပိုစည်ကားလို့လာပါတယ်။များတာမှအရင်ကထက်ပိုပြီးများလာပါတယ် များဆို မီးလောင်တဲ့ဧရိယာ ကလည်းအရင်ကထက်ပိုကျယ်သလို လူနေထူထပ်တဲ့ဧရိယာဖြစ်တဲ့အတွက် မီးထဲပါတဲ့အိမ်ထောင်စုတွေပိုပိုများလာလို့ပါဘဲ။မြို့သစ်ရောက်စကတော့ ထုံးစံအတိုင်းအထိိုင်မကျသေးခင်စိတ်တွေညစ်ရ ဒုက္ခတွေရောက်ကြရပြန်ပါတယ်။ အဓိက ကတော့သွားရေးလာရေးခက်ခဲတာပါဘဲ။ဖြစ်ချင်တော့ အရင်က လေယာဉ်ပျံကွင်းဘေးက ကားသွားနေတဲ့လမ်းကိုပိတ်လိုက်ပါတယ်။ အဲဒီဘက်ကလာမယ်ဆိုရင်ကျွဲဆည်ကန်သံလမ်းကိုကျော်ခွလို့စက်ဘီးကို ထမ်းလယ်ကန်သင်းရိုးပေါ်ကနေစက်ဘီးစီး ပြီးရင်ကျောက်လမ်းမကျမြေလမ်းမကျပေါ်ကနေဖြတ်လာရင် အရင်လိုရှင်ပင်အုံးအင်ဘုရားနားကိုရောက်လာပါတယ်။ အရင်ကကြမ်းတယ်ထင်ရတဲ့လမ်းက 65လမ်းကနေပါတ်လာရတာထက်စာရင်နီးသွားပြန်ပါရော။နောက်အတော်လေးကြာမှာသာ လမ်းပိတ်ကြီးဖြစ်နေတဲ့73လမ်းမပေါ်ကကန့်လန့်ကြီးဖြစ်နေတဲ့အိမ်လေးတွေကို ကိုဖယ်ခိိုင်းလိုက်တဲ့အခါ 73လမ်းက သိပ္ပံလမ်းကနေ မနောဟရီလမ်းအထိတောက်လျှောက်လမ်းပေါက်သွားပါတယ် ဒါပေမယ့်ဒီလမ်းကလည်း ကျောက်ကြမ်းလမ်းဖြစ်ပြီး စက်ဘီးကလမ်းဘေးက ဘဲကပ်နင်းလို့ဘဲရတဲ့အပြင် အဆင်မသင့်ရင်လမ်းဘေးပေါက်နေတဲ့ဆူးပင်က ဆူးခြစ်တာခံရပါသေးတယ်။ နောက်စက်ဘီးတစ်စီးထဲသွားသာတဲ့လမ်းလေးဖြစ်ပါတယ်။ ပိုဆိုးတာကတော့ မိုးရွာထားရင်လယ်မြေတွေဖြစ်နေတော့ရွှံတွေက စီးကပ်ပြီး စက်ဘီးနင်းဘို့မပြောနဲ့ တွန်းလို့မရလောက်အောင်ကို ရွံခဲကြီးတွေကကပ်နေတတ်တာပါ။ ဒီလမ်းက ညဆိုရင်အရှေ့ဘက်ခြမ်းကလူမနေတဲ့ရုံးနေရာ အနောက်ဘက်ကတော့လယ်ကွင်းလူအသွားအလာကလဲမရှိသလောက်တစ်ခါတစ်လေများညကိုးနာရီဆယ်နာရီလောက်မှအလုပ်ပြီးတယ်ဆိုရင် ဆလိမ်ရပ်ကွက်မှာနေတဲ့သူများက 65လမ်းကပြန်ရင်လဲ အသွားအပြန်16ပြလောက်ပိုပြီးနင်းရမှာဆိုတော့ ကြောက်ကြောက်နဲ့ဘဲ ဒီ73လမ်းကြမ်းကြီးကို အပြင်းနင်းပြီးအိမ်ရောက်အောင်ပြေးကြရပါတယ်။ မြို့သစ်ကတော့ စံတင်လောက်ပါတယ်။အဲမိုးတွင်းရောက်လို့ရေဝင်ပြီဆိုပြန်တော့လည်းဒူးလောက်ပေါင်လောက်ထိရေကရှိနေပြန်ပါတယ်။ ဒီလိုနေရင်းထိုင်ရင်းနဲ့ဘဲ အားလုံးက အသားကျသွားပြန်ပါတယ်။ ကောင်းတာတစ်ခုကတော့ဒီတစ်ခါမီးလောင်လို့မြေအစားပြန်ပေးတာကအရင်တုံးကနေခဲ့တဲ့ရပ်ကွက်အတိုင်းမြေနေရာရကြတယ်ဆိုတော့နေရာကတော့ရေသစ်မြေသစ်နေရာသစ်မှာနေကြရပေမယ့် လူအသစ်ကိုမပေါင်းရတော့ စိတ်သက်သာရတော့ရကြပါတယ်။

ဒီမြို့သစ်တည်ခါစကလမ်းအကောင်းဆုံးကတော့ 65လမ်းပါဘဲ။လမ်းတွေကလဲ ကားတစ်စီးသွားသာရုံခပ်ကျဉ်းကျဥ်း။ ရုပ်ရှင်ရုံမရှိဘာမရှိတဲ့အတွက်ကတော့ အတော်လေးစိတ်ညစ်ကြရပါတယ်။အရင်က ရုပ်ရှင်ကားအသစ်လဲတိုင်းပြေးကြည့်ကြတဲ့သူတွေကိုးဗျ။ ဒီတော့လဲရသေ့စိ်တ်ဖြေဆိုတာလို့ ရုပ်ရှင်မရှိတော့လဲ ဗွီဒီယိုပြတဲ့ရုံလေးတွေဘဲရှိတော့ မနေနိုင်ရင်ရှိတာကိုဘဲကြည့်ကြရတာပေါ့။ မြို့သစ်ကိုပြောင်းနေကြရတဲ့လူတိုင်းလူတိုင်း နေရထိုင်ရလို့ အဆင်မပြေတာကိုတွေ့တိုင်း တွေးတိုင်း စိတ်ထဲမှာ “ငါတို့ မြို့ထဲနေတုန်းက ဆိုရင် “ ဆိုတဲ့အတွေးလေးက စိတ်ထဲကို မချင့်မရဲနဲ့ရောက်လာစမြဲပါ။
ကြုံကြိုက်လို့ရီစရာလေးတစ်ခုပြောရပါအုံးမယ်။အရင်မြို့ထဲရုံးက အရာရှိတစ်ယောက်က စစချင်း66လမ်းမှာနေရာရပါသတဲ့။သူတပည့်ကတော့ 73လမ်းမပေါ်မှာနေရာရပါတယ်။ဆရာကသူရတဲ့မြေကွက်ကိုမနေသေးပေမယ့် တပည့်လုပ်တဲ့လူကတော့ သူရတဲ့နေရာမှာတဲလေးထိုးနေပါတယ်။ဖြစ်ချင်တော့ 73လမ်းကတက္ကသို်လ်ဘက်အစ သိပ္ပံလမ်းကနေလမ်းဖောက်မယ် လမ်းအသစ်ခင်းမယ်ဆိုပြီးကျောက်ကြမ်းတွေလဲချရော ဆရာကသူရတဲ့နေရာနဲ့သူတပည့်ရတဲ့နေရာနဲ့နေရာခြင်းလဲဘို့ပြောပါသတဲ့။ တပည့်လုပ်သူက အိမ်ထပ်ဆောက်ဘို့ပိုက်ဆံကုန်မှာစိုးတော့နေရာမပြောင်းချင် အလုပ်ထဲမှာပေါက်ရောက်တဲ့သူ့အထက်ကအရာရှိကလဲဖြစ်နေပြန်တော့မလဲဘူးလို့ကလဲမငြင်းရဲ့နဲ့အတော်အကြပ်ရိုက်သွားပါသတဲ့။ အမှန်ကတော့ သူ့ဆရာကလောဘတက်ပြီးးလူလည်ကျတာပါ။65လမ်းထက်စာရင် လမ်းအသစ်ဖောက်တော့မယ့် 73လမ်းကမြေဈေးတက်လာမယ်ဆိုတဲ့ထင်ကြေးနဲ့ဇွတ်လဲချင်တာပါ။ နောက်ဆုံးတော့ အိမ်တလုံးဆောက်ပေးပြီးအလိုက်မပါဘဲလဲလိုက်ကြပါတယ်။ဖြစ်ချင်တော့ ဒီ73လမ်းက ကျောက်ကြမ်းစခင်းလိုက်တဲ့အချိန်ကနေ သက္ကရာဇ်2000ရောက်တာတောင် လမ်းကြမ်းကလမ်းကြမ်းဖြစ်နေပြီး 65လမ်းကတော့ ဈေးကွက်ဝင်လို့ သိန်းရာကြီးဂဏန်းကိုရောက်သွားပါတယ်။အလိုကြီးအရနည်းဆိုတာ ဒါမျုးိလို့ဘဲထင်မိပါတယ်။ ဒီလိုနဲ့ဘဲမြို့သစ်ကမီးတစ်ခါလောင်ရင်းတစ်ခါနေရာအသစ်တွေပေးရင်းနဲ့ လူတွေများလာသလို သိပ္ပံလမ်းနံဘေးမှာကလဲ မြေကွက်အကျယ်ကြီးတွေနဲ့ သီးသန့်လူတန်းစားတစ်ရပ်အတွက် ကွက်သစ်တစ်ခုပေါ်လာသလို သိပ္ပံလမ်းကနေ65လမ်းအဝင်မှာလည်းသာမန်အကွက်ထက်ပိုကျယ်တဲ့မြေကွက်တွေကိုချပေးထားတော့ ပိုပြီးစည်ကားလို့လာပါတယ်။

အခုအချိန်အခါမှာတော့ မြို့သစ်က တကယ်ကိုမြို့သစ်အစစ်ဖြစ်သွားပါပြီ။ လမ်းတွေကလဲ ရှယ်ကောင်းနေပါပြီ။အခုအချိန်မှာတော့ စာသင်ကျောင်းတွေ ဆေးရုံတွေ ရဲစခန်းတွေ ဈေးတွေအစုံရှိတဲ့ မြို့သစ်ဖြစ်သွားပါပြီ။ အရင်မြို့သစ်တည်စကကျပ်ငွေသောင်းဂဏန်းဆိုတဲ့ မြေနေရာတွေက အခုအချိန်2010ခုနှစ်မှာ ကျပ်သိန်းရာဂဏန်း၊ကျပ်သိန်းထောင်ဂဏန်းဖြစ်လို့သွားပါပြီ။နောင်ဆိုရင်ကျပ်သိန်းပေါင်းသောင်းဂဏန်းမဖြစ်ဘူးလို့မပြောနိုင်ပါဘူး။ ဒါပေမယ့်လည်းပေါ့လေ လမ်းမတန်းမှာတော့ မန်းလေးသားတွေမနေနိုင်ပါဘူး။အစက 65လမ်းမတို့ 64လမ်းမတို့ မနော်ဟရီလမ်းမတို့မှာနေခဲ့ဘူးတဲ့ မူလနေထိုင်ခဲ့သူတွေက ဈေးကောင်းရလို့ရောင်းပြီး အတွင်းပိုင်းကဈေးပေါတဲ့အရပ်တွေကိုပြောင်းနေကြပါတယ်။
အခုအချိန်မှာတော့ 62လမ်းမကြီးကလဲအကျယ်ကြီး၊65လမ်းမကလဲအကျယ်ကြီး။အရင်ကမကောင်းခဲ့တဲ့ 66လမ်းတို့ 68လမ်းတို့။73လမ်းတို့ကလဲ ကျောက်လမ်းမတွေဖြစ်လို့လမ်းတွေကောင်းကုန်ပါပြီ။ အဲတော့မြေဈေးတွေလဲကောင်းလာတာဘယ်ဆန်းမလဲနော် ။ဒါပေမယ့် အဆိုတော”်ဇော်ဝင်းရှိန်”ဆိုခဲ့တဲ့ “ပိုင်ရှင်”ဆိုတဲ့သီချင်းလေးထဲကစားသားလေးလိုပါဘဲ “ တစ်ခုမှကိုယ်မပိုင်ပါ” ဆိုတာကတော့ ကျနော်တို့ လိုသာမန်လုပ်ကိုင်စားကြရတဲ့မြန်မာတွေအတွက်တော့ အပိုအလိုမရှိကွက်တိပါဘဲ
ဒီ73လမ်းလေးနဲ့ပါတ်သက်လို့ ကျနော်စိတ်ထဲမှာအမှတ်ထင်ထင်အဖြစ်ကလေးတစ်ခုရှိပါတယ်။ကျနော်ဒီလမ်း လမ်းကြမ်းကြမ်းလေးပေါ်မှာဆိုင်ကယ်နဲ့ရော စက်ဘီးနဲ့ရောနေပူမိုးရွာမရှောင် အကြိမ်ပေါင်းများစွာဖြစ်သန်းခဲ့ဘူးပါတယ်။ဒီလမ်းပုံစံလေးကိုမြင်အောင်ပြောရရင် လမ်းအလည်ခေါင်မှာက အတော်လေးကြီးတဲ့ကျောက်ခဲလုံးကြီးတွေရှိနေတဲ့လမ်း၊လမ်းဘေးနှစ်ဘက်ကတော့ စက်ဘီးနှစ်စီးရှောင်သာရုံလမ်းကလေးပါ။ ကားတွေကတော့လမ်းအလည်ခေါင်ကမောင်းစက်ဘီးတို့ ဆိုင်ကယ်တို့ကတော့ဘေးတစ်ဘက်တစ်ချက်က မြေလမ်းလေးပေါ်ကသွားပေါ.။ဒါပေမယ့်လည်းလမ်းဘေးက ဆူးပင်သစ်ပင်တွေက ကြီးကြီးလာတော့ လမ်းနဲ့မလွတ်တော့ပါဘူး။2008ခုနှစ်လောက်က ဖြစ်မယ်ထင်ပါတယ်။မိသားတစ်စုက ဒီလမ်းလေးကကျောက်ခဲအကြီးကြီးတွေကို တူး၊မြေတွေကို အားလုံးသွားလို့ရနိုင်အောင်ညှိ၊ဘေးနားကဆူးပင်တွေကိုခုတ်၊မြေလမ်းလေးကိုလည်းကျယ်သထက်ကျယ်အောင်ဖို့လို့နေ့စဉ်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။ သူတို့ဒီလိုလုပ်ကို်င်ပေးတာကြောင့်သွားရတာလဲ အရမ်းကိုအဆင်ပြေလာပါတယ်။
အစကတော့ စည်ပင်သာယာကဘဲခိုင်းထားတာကြောင့်၊ဒါမှမဟုတ်တစ်ယောက်ယောက်က အခကြေးငွေပေးပြီးခို်င်းတယ်ထင်ကြပေမယ့် စပ်စုကြည်ု့လိုက်တော့မှာ ဘယ်သူမှမခိုင်းဘဲ သူတို့စေတနာအလျောက်လုပ်တာကိုသိလာရပါတယ်။သူတို့ပြောတာကတော့ ဒီလိုလမ်းကိုစေတနာနဲ့လုပ်ကိုင်ပေးတာကိုသိတော့ ဒီလမ်းကို နေ့စဉ်ဖြတ်နေကြတဲ့သူတော်တော်များများ 200ကျပ် 500ကျပ်အစသဖြင့်စေတနာတုန့်ပြန်လာကြတော့သူတို့မိသားစုလေးရဲ့စားဝတ်နေရေးလဲ အဆင်ပြေလာပါသတဲ့။နောက်လမ်းလေးတွေကောင်းသွားတော့ သူတို့မိသားစုလဲပျောက်သွားပါတယ်။အခု73လမ်းကအတော်လေးကို ကောင်းတဲ့ကျောက်ချောလမ်းမဖြစ်နေပါပြီ။ ကျနော်ကတော့ အခုလိုလမ်းကောင်းပေါ်ကိုသွားနေရတော့လည်းဒီမိသားစုလေးကိုအမြဲသတိရပါတယ်။ နေရာအတော်များများမှာ ဘယ်သူ့ခိုင်းစေချက်မှမပါဘဲ မိမိရဲ့အသိစိတ်ဓါတ်နဲ့ အများအကျိုးအတွက် စေတနာနဲ့ကူညီသူ စိတ်ဓါတ်မွန်မြတ်သူများကိုတွေ့ရပါတယ် ။ ဒီလိုလူများကိုုု ငွေတွေအမြောက်အများအကုန်ခံပြီးလှူဒါန်းသူလိုဘဲတတန်းတစ်စားထဲထားလို့ကျနော်ကတော့လေးစားပါတယ်။ မန်းလေးမှာ ရှောင်လွှဲမရနိုင်တဲ့ မီးလောင်ရာမှာဘဲဖြစ်ဖြစ် ရေကြီးရာမှာဘဲဖြစ်ဖြစ် အမြဲတန်းကူညီစောင့်ရှောက်တတ်တဲ့၊အရေးအကြောင်းဆိုတာနဲ့ သက်စွန့်ဆံဖျား ကူညီတတ်တဲ့ အင်မတန်မှလေးစားစရာကောင်းသောပုဂ္ဂိုလ်များကတော့ ……………………………………………….
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး( www.kopauot.myanmarfriendsday.net)