“ မလွမ်းစကောင်း လွမ်းစကောင်း ရှေးရှေးက မန္တလေး-အပိုင်း(18)“
ပြီးခဲ့တဲ့နေ့ကတင်လိုက်တဲ့ အပိုင်း(17)မှာ စကားအသုံးမှားတာလေးတွေကို ထောက်ပြလာသူရှိတဲ့အတွက်ကျနော်အရေးမှားခဲ့တာကို ပြင်ပေးလိုက်ပါတယ်။
ကျနော်က ဆွမ်းလောင်းတာကို ဆွမ်းတန်းလို့ သုံးတာမှားပါတယ်။
အမှန်က “တန်းဆွမ်း “ဖြစ်ပါတယ်။နောက်သံဃာတော်များကို အိမ်မှာထို်င်ကိုယ်တော်အဖြစ်လာဘို့ ဒကာ ဒကာမကနေလျှောက်ထားတာကို “ဆွမ်းဖိတ်”တယ်လို့ပြောပြီး
သံဃာတော်က တောင်းဆိုရင်တော့ “ဆွမ်းရပ် “တယ်လို့ သုံးပါမှ မှန်ပါတယ်။
အခုလိုလွဲမှားသွားတာလေးတွေကိုထောက်ပြပေးတာကိုကျေးဇူးအထူးတင်ပါတယ်။
အရင်ကကျနော်တို့မန်းလေးမြို့ဟာ အေးဆေးသော ဆိတ်ငြိမ်သော မြို့လေးတစ်မြို့ဖြစ်ပါတယ်။
ဒါကြောင့်လဲကျနော်တို့မန်းလေးသားများ ရန်ကုန်ရွှေမြို့တော်ကြီးကိုရောက်ခဲ့ရင် ကြာကြာမနေနို်င်ဘဲပြန်ပြေးကြတာပါဘဲ။
ရန်ကုန်မြို့ကြီးက လူတွေအားလုံးကလဲ သုတ်သုတ်သုတ် ဘတ်စကားတွေ သုံးဘီးကားတွေကလဲ တဝူးဝူးတဝေါဝေါနဲ့ အပြေးအလွှား။
အချိန်အတွက် ဘာမှ စိုးရိမ်ကြောင့်ကြစရာမလိုတဲ့ မန်းလေးမြို့ကလာတဲ့လူတွေနဲ့ကြတော့ ကြည့်ရမြင်ရတာကိုက ရင်မောစရာဖြစ်နေတာကိုးဗျ။
မန်းလေးမှာတော့ နေ့စဉ်မြင်တွေနေရတဲ့ မြင်ကွင်းကလည်းခပ်အေးအေး ဘတ်စကားအိုကြီးတွေကလဲ လမ်းပေါ်မှာသွားနေတာ ခပ်လေးလေး တအိအိနဲ့။
လမ်းတွေကလဲခပ်ကျဉ်းကျဉ်း တွေပေါ်မှာခပ်ဖြည်းဖြည်းဘဲမောင်းတဲ့ မြင်းလှည်းတွေကထွက်လာတဲ့ မြင်းခွာသံလေးက လမ်းပေါ်မှာတခွပ်ခွပ်။
တစ်ခါတစ်လေ မြင်းလှည်းဆရာက ကြာပွတ်အဖျားကို မြင်းလှည်းဘီးထဲ့လို့ထွက်လာတဲ့ ” တတောက်တောက်”အသံလေးကလဲ နေပူပူမှာကြားရတာလွမ်းစရာ။
လမ်းမပေါ်က ဖြတ်သွားတဲ့ စက်ဘီးလေးကလဲ ဘဲလ်သံလေးကလဲ “ကလင်လင် “နဲ့ ပြောရင်းတောင် နားထဲမှာ ပြန်ကြားလာသလိုပါဗျာ။
ကျနော်တို့ငယ်ငယ်က မန်းလေးမြို့ကတော့ စက်ဘီးမြို့တော်လို့နာမယ်ကြီးပါတယ်။
စက်ဘီးမစီးတတ်ရင် မန်းလေးသား မစစ်ဘူးလို့တောင်ပြောလို့ရပါတယ်။
အိ်မ်တစ်အိ်မ်မှာ မရှိဘူးဆိုရင် အနည်းဆုံးစက်ဘီးတစ်စီးတော့ရှိပါတယ်။
မန်းလေးသား မန်းလေးသူတွေစက်ဘီးဘယ်လိုစီးတတ်သလဲလို့မေးရင် လူကြီးတွေအလစ်မှာ သော့ခတ်မထားတဲ့စက်ဘီးကို
ကြားထိုးစီးပြီး ဂျောက်ဂျက် ဂျောက်ဂျက်နင်းရင်းတတ်သွားကြတာများပါတယ်။
ကြားထိုးစီးတယ်ဆိုတာကတော့ စက်ဘီးထိုင်ခုံပေါ်ထိမတက်ဘဲ ခြေနင်းတံကြားထဲကို ခြေထောက်နှစ်ဖက်ထဲ့ပြီး စက်ဘီးကို နင်းတာပါ။
စက်ဘီးခြေနင်းက တစ်ပါတ်ပြည့်အောင်မလည်ဘဲ ဂျောက်ဂျက် ဂျောက်ဂျက်နဲ့ အသံတွေထွက်နေတာပါ။
ဒါကတော့ စက်ဘီးစအစီးသင်စမှာစီးတာပါ။
နောက်စက်ဘီးကိုခြေထောက် မမှီသေးဘူးဆိုရင် စက်ဘီးပေါ်ကိုခွတက် ဘေးကနှစ်ယောက်က ဝိုင်းထိန်းပေးပြီး နောက်ကနေ တစ်ယောက်က တွန်းပေးရင်းအရှိန်ရတော့
လက်လွှတ်ပေးလိုက်ပါတယ်။
စက်ဘီး သုံးခါလောက်လဲပြီး ဒူးနှစ်ခါလောက်ကွဲပြီး ခြေသလုံးမှာ အစင်းရာ အခြစ်ရာတွေထင်ပြီးရင် သင်တန်းဆင်းအောင်လက်မှတ်ရလို့ စက်ဘီးစီးတတ်ပါပြီ။
နောက်မန်းလေးသူ မန်းလေးသားဟုတ်မဟုတ် ရပ်ထားတဲ့ စက်ဘီးကို နေရာရွှေ့တာကို ကြည့်တာနဲ့ သိနိုင်ပါသတဲ့။
မန်းလေးသူမန်းလေးသားမှန်ရင် စက်ဘီးကိုနေရာရွှေ့တယ်ဆိုရင် ဘယ်တော့ မှ ” မ”ပြီးမရွှေ့ပါဘူး။
စက်ဘီးကို ရှေ့တိုးနောက်ငှင်လုပ်ပြီးရွှေ့တတ်ပါတယ်။
မန်းလေးသူမန်းလေးသားမှန်ရင် စက်ဘီးပေါ်တက်တဲ့ အခါ စက်ဘီးကို ရပ်ထားတာကနေ ဘယ်တော့ မှ ခွမတက်ပါဘူး။
စက်ဘီး ကို အရှိန်လေးရအောင် တွန်းရင်းကနေ ခြေနင်းပေါ်ကတစ်ဆင့် စက်ဘီးပေါ်အလိုက်သင့်လေးရောက်သွားအောင် တက်ကြတာပါ။
ကျနော်တို့ငယ်ငယ်က လူကြီးတွေက ဟိုဟာဝယ်ခိုင်းဒီဟာဝယ်ခို်င်းမယ်ဆိုတာကိုအမြဲနားစွင့်နေတာပါ။
ခိုင်းလိုက်တာနဲ့ ရှိတဲ့စက်ဘီးကို ကောက်စီးလို့ သွားတော့တာပါဘဲ။
လူကြီးတွေကလဲ သူတို့ခိုင်းစရာရှိမှဘဲ စက်ဘီးပေးစီးတယ်ဆိုတော့ သူတို့ခိုင်းတယ်ဆိုရင်ကိုပျော်နေတာပါ။
ကျနော်တို့ငယ်ငယ်က စက်ဘီးတွေက “ရလေး”အမျိုးအစားများပါတယ်။
နောက်တစ်မျိုးကတော့ “ဟမ်းဘား”အမျိုးအစားပါ။
နောက်ဘောင်တန်းပါတာကယောကျာ်းစီး ဘောင်တန်းမပါတာက မိန်းမစီးပါ။
ယောက်ျားစီးက ကယ်ရီယာခေါ်တဲ့နောက်က ထိုင်ခုံပါရင် အပိုထွက်နေသလိုကြည့်မလှသလို မိန်းမစီးက ကယ်ရီယာမပါရင် တုံးတိတိနဲ့ ကတုံးကြည့်ရသလို မလှပါဘူး။
အရင်ကတော့ စက်ဘီးဆိုရင ်အနက်ရောင်ဘဲလာတာများပါတယ်။
နောက် တော့ အစိုးရထုတ်”မောင်ဗမာ”စက်ဘီးလေးတွေပေါ်လာပါတယ်။
မောင်ဗမာစက်ဘီးက ယောကျာ်းစီးဆိုရင်အနက် မိန်းမစီးကတော့ အပြာရောင်ရော အနက်ရောက်ရော နှစ်မျုးိလာပါတယ်။
မောင်ဗမာ စက်ဘီးကတော့ အစိုးရဝန်ထမ်းတွေဘဲစီးကြတာများပါတယ်။
အဲဒီစက်ဘီးက သိပ်မခိုင်ပါဘူး။နောက်စက်ဘီးတာယာဆိုက်တွေကလည်း မိန်းမစီးက 26လက်မ စကဆိုက်ဆိုတော့ ရှားပါတယ်။
အဲဒီတုံးက စက်ဘီးလက်ကိုင်မှန်သမျှဟာအဖြောင့်ပါ။
နောက်တော့ ဘတ်တာဖလိုင်းဆိုတဲ့ လက်ကိုင်အကွေးလေးတွေနဲ့ မိန်းမစိးစက်ဘီးလေးတွေပေါ်လာပါတယ်။
အနက်ရောင် အညိုရောင် အစိမ်းပုတ်ရောင်ပါ။
သူ့နောက်မှတော့ မိချောင်းစက်ဘီးပေါ်လာပြန်ပါတယ်။ သူကတော့ အနက်ရောင်နဲ့နီညိုရောင်ပါ။
သူ့နောက်မှာတော့ ဖီးဆင့်လို့လဲခေါ် ပန်းတွေနဲ့ဝေလို့လဲ အမည်တွင်တဲ့ စက်ဘီးလေးပေါ်လာပါရော။
သူကတော့ နီညိုရောင်နဲ့ အစိမ်းရောင် ထူးတာက စက်ဘီးရှေ့မှာခြင်းလှလှလေးပါတယ်။
ရွှေမန်းသူမမများ ကြွကြွလေးစီးလိုက်ရင် ရှိသမျှအလှတွေထင်းကနဲ့ပေါ်လာအောင် အထောက်အကူပြုတဲ့ စက်ဘီးလေးပါ။
အတော်လေးကို လူကြိုက်များခဲ့တဲ့ လူရာဝင်ခဲ့တဲ့စက်ဘီးလေးပါ။
နောက် တော့ ပိုက်ဆံတတ်နိုင်သူများက ရလေးစက်ဘီးမှာ အနင်းရသက်သာအောင် ဂီယာပြောင်းစီးလို့ရတဲ့ “ရလေးစပုတ်”ဆိုတဲ့ စက်ဘီးလေးက တတ်နိုင်သူများ ကြွယ်ဝသူများကြားမှာ
ကြွားစရာ စက်ဘီးလေးဖြစ်လာပါတော့တယ်။
စက်ဘီးချိန်းက ထွက်တဲ့ ” တစ် တစ် တစ် တစ် “ဆိုတဲ့ အသံလေးထွက်တတ်တဲ့ “ရလေးစပုတ်”ကို စီးနို်င်ရင် ဂုဏ်ရှိတယ်လို့ထင်ကြတဲ့ခေတ်ပေါ့။
အဲဒီအချိန်မှာကို မန်းလေးမြို့က စက်ဘီးမြို့တော်ဖြစ်နေပါပြီ။
ဒါပေမယ့်လဲ လူတိုင်းစေ့တော့ စက်ဘီးမစီးနိုင်သေးပါဘူး။
မန်းလေးသူမန်းလေးသားတော်တော်များများ က စက်ဘီးစီးတတ်သလို ဘယ်သွားသွား စက်ဘီးကို ဘဲ အားကိုးလို့သွားကြပါတယ်။
ကျနော်တို့ ငယ်ငယ် ကျောင်းသားဘဝမှာလဲ ဘယ်သွားသွားစက်ဘီးနဲ့ပါဘဲ။
စက်ဘီးတစ်စီးကိုလူနှစ်ယောက်ကတော့ သေချာပေါက်စီးလို့ ရပါတယ်။
အဲတော့ စက်ဘီးမရှိသူကို ရှိသူကခေါ်လို့ အတူတူလယ်ကြပါတယ်။
ညနေခင်းမှာဆိုရင် မန်းလေးသူလေးတွေက ကျုံးနံဘေးမှာ စက်ဘီးလေးတွေနဲ့လေညှင်းခံကြတာကို နောက်ကစက်ဘီးတွေနဲ့နောက်ကလိုက်ရတာလဲ အလုပ်တစ်ခုပါဘဲ။
ရှေးကတော့ မသိဘူး ကျနော်တို့ခေတ်မှာတော့ ရွှေခြေချင်းဝတ်လို့ စက်ဘီးစီးသူမရှိပါဘူး။
နောက်ပြီးအားလုံးကလဲ ထမီဝတ်လို့ လုံလုံခြုံခြုံပါဘဲ။
စက်ဘီးနင်းလိုက်တဲ့ အခါ သနပ်ခါးလိမ်းထားတဲ့ ခြေသလုံးသား ဝင်းဝင်းလေးမြင်ရတာကို က အနုပညာမြောက်လို့ အလှတရားတစ်ခုလို့ထင်မိပါတယ်။
နောက်တော့ ပြိုင်စက်ဘီးလေးတွေကိုယ်စီနဲ့ ကျုံးပါတ် မန်းလေးတောင်ကို ပါတ်လို့ အုပ်စုလိုက်စက်ဘီးစီးလေ့ကျင့်ကြတာလဲ ခေတ်တစ်ခေတ်ပေါ့။
အဲဒီအထဲမှာ “ပြိုင်ဘီး” ကို မီးလုံးတွေ ရေဘူးတွေ တိုင်တွေနဲ့ အလှဆင်လို့ သူများထက် ထူးအောင် အလှအပတွေဆင်လို့ စီးခဲ့ဘူးသူတစ်ယောက်ရှိခဲ့ဘူးပါတယ်။
မန်းလေးသားများကတော့ သူ့ကို မှတ်မိကြသူများမယ်ထင်ပါတယ်။
ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာလည်း စက်ဘီးနဲ့ဘဲကျောင်းတက်ခဲ့ကြ သူငယ်ချင်းတွေ စုပြီး မန်းလေးတောင် ၊တောင်သမန်အင်းတင်မကဘဲ အင်းဝ တို့စစ်ကိုင်းတို့ထိရောက်အာင် ခြေရှည်လို့ မမောမပန်းလည်ခဲ့ကြပါဘူးပါတယ်။
အမှတ်အရဆုံးအဖြစ်ကတော့ ကပ်ကျော်ဘုရားရဲ့နောက်ဘက်မှာရှိတဲ့ဇီးသီးပေါတဲ့ “ရှမ်းကလေးကျွန်း”ကိုသွားကြတာပါ။
အဲဒီတုံးက အခုလိုလမ်းမပေါက်သေးတော့ လယ်ကန်သင်းရိုးပေါ်မှာ စက်ဘီးကို မရရအောင်စီးလို့ လဲလိုက် ပြိုလိုက်နဲ့သွားကြရတာပါ။
ဟိုရောက်တော့ ဇီးပင်တောထဲမှာ ဇီးသီးတွေ မြေခနေတာကို အလုအယက်ကောက်စားကြ အပြန်ကျတော့ လွယ်အိတ်ထဲမှာ ဇီးသီးအပြည့်ထည့်လို့ပြန်လာကြတာပါ။
အဲဒီတုန်းက ဇီးသီးများ က ဘာဆေးမှမပါ သဘာဝအတိုင်းချိုတဲ့ အသီးတွေကို စားခဲ့ရတာကတော့ မမေ့နိုင်စရာ ကျောင်းသားဘဝများထဲက တစ်ခုပေါ့။
ချစ်သူရှိတဲ့ ဘဝမှာတော့ ချစ်သူကိုယ်စက်ဘီးပေါ်တင်နင်းတဲ့အခါတိုင်း စိုင်းထီးဆိုင်ရဲ့ နာမယ်ကျော် ” မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူး “ဆိုတဲ့စာသားလေးက အားဆေးပါဘဲ။
မန်းလေးသူ မန်းလေးသားနဲ့ စက်ဘီးကတော့ ခွဲမရတဲ့ သင်္ကေတ လေးဆိုရင်လဲမမှားပါဘူး။
နောက်တော့ 8888အပြီးလောက်မှာ တရုပ်ပြည်က” ဆိတ်ငါးကောင် “ဆိုတဲ့စက်ဘီးလေးတွေလဲပေါ်လာရော ဈေးသက်သာတော့ လူတိုင်းနီးပါးလောက်စက်ဘီးစီးနိုင်တဲ့ အနေအထားကို ရောက်လို့လာပါတယ်။မန်းလေးမှာ မီးမကြာခဏလောင်တော့ အိ်မ်အသစ်တွေဆောက် ကန်ထရိုက်တိုက်ခန်းတွေ အများကြီးဆောက်လာတဲ့ အခါမှာ ဆောက်လုပ်ရေးလုပ်ငန်းက တွင်ကျယ်လို့လာပါတယ်။ ဒီဆောက်လုပ်ရေးလုပ်ငန်းမှာ မရှိမဖြစ်လူတန်းစားဖြစ်တဲ့ ပန်းရံခံကြွေးတွေက မြို့သစ်မှာနေကြတာများပါတယ်။
နောက်မြို့သစ်မှာ နေလို့ မြို့ထဲကို နေ့စဉ်သွားလို့အလုပ်လုပ်ကြတဲ့ သူတွေမှာ ဘတ်စကားကိုအားမကိုးဘဲ စက်ဘီးကို နေ့ပေးနဲ့ ငှားစီးကြပါတယ်။
တရုပ်စက်ဘီးတွေပေါ်လာတဲ့အခါမှာတော့ မြိုသစ်နေသတော်တော်များများက စက်ဘီးကိုယ် ကိုယ်ပိုင်ဝယ်လို့ စီးလာနိုင်တဲ့လူများလို့လာပါတယ်။
ဒါကြောင့်လဲ မနက် (7)နာရီကျော်ပြီဆိုတာနဲ့ သိပ္ပံလမ်းပေါ်မှာ စက်ဘီးတပ်ကြီးက မန်းလေးမြို့ထဲကို လုပ်ငန်းခွင်ဝင်ဘို့ ချီတက်လာလိုက်ကြတာ လမ်းအပြည့်ပါဘဲ။
မနက်ပိုင်းမှာဆိုရင်တော့ ရန်ကုန်မန်းလေးလမ်းမကြီးဖြစ်တဲ့ 78လမ်းမပေါ်မှာ လုပ်ငန်းခွင်ဝင်ကြတဲ့ စက်ဘီးတွေနဲ့ပြည့်နှက်နေသလို ညနေစောင်းဆိုရင်လဲ
အိပ်တန်းပြန် စက်ဘီးငှက်ကလေးတွေက လမ်းအပြည့် ဆိုတာကတော့ မန်းလေးမြို့ရုံးပိတ်ရက် ဥပုဒ်နေ့ကလွဲရင် မြင်နေကြ မြင်ကွင်းလေးပါ။
မန်းလေးမှာ အရင်က ဆိုင်ကယ်စီးနိုင်တယ်ဆိုတာ ပိုက်ဆံတတ်နိုင်ရုံတင်မကဘူး စီးတတ်ဘို့လဲလိုပါသေးတယ်။
ဆိုင်ကယ်က စက်တတ်ပစ္စည်းဖြစ်နေတော့ စီးတတ်ဘို့ဆိုတာက အတတ်ပညာလဲပါတယ် ကြံခိုင်ဘို့လဲလိုတယ်လေ ဆိုင်ကယ်ကြီးတွေ အကြီးကြီးတွေကိုဗျ။
အဲဒီတုန်းကတော့ နာမယ်အကြီးဆုံးကတော့ ဒုတိယကမ္ဘာစစ်လက်ကျန်အမွေဖြစ်တဲ့ BSA ဆိုင်ကယ်တွေပါဘဲ။
(အခုခေတ်မှာတောင် ရှိပါသေးတယ် သူ့ကို သံမြင်းကြီးတွေ လို့ တင်စားထားကြပါတယ်။
ဆိုင်ကယ်နဲ့ ပါတ်သက်လို့ မန်းလေး မှာအထူးခြားဆုံးလို့ပြောရရင် ဝင်းဦးနဲ့ စံရှားတင်တို့ ပါတဲ့ (မောင်မောင် နဲ့သိင်္ဂီ)
ဆိုတဲ့ရုပ်ရှင်ကားထဲမှာ ပြင်ဦးလွင်နဲ့ မန်းလေး အသွားလမ်းပေါ်မှာ မန်းလေးကို ဆိုင် ကယ်သူရဲကောင်းတွေနဲ့ ဝင်းဦးပေါင်းလို့ ဆိုင်ကယ် အစီးရေ 80 လောက်နဲ့ရုပ်ရှင်ရိုက်ပြသွားတာကို ခုချိန်ထိပြောစမှတ်ပြုနေကြတုံးပါ။
နောက် 1978ခုနှစ်လောက်မှာတော့ အရင် ကလပ်ဘီးလို့ ခေါ်တဲ့ ဆိုင်ကယ်အကြီးကနေ ဂီယာသုံးချက်ဘဲ ပါတော့တဲ့ စီးရလွယ်ကူတဲ့ စူပါကပ်လို့အမည်တွင်တဲ့ မီးခွက်အဝိုင်းလေးနဲ့ အင်ဂျင်ပါဝါ 70ဆိုတဲ့ ဂျပန်လုပ် ဟွန်ဒါဆိုင်ကယ်လေးတွေပေါ်လာပါတော့ တယ်။အဲဒီဆိုင်ကယ်ကလဲ အခုခေတ်လို ရောင်းဂီယာလို့ခေါ်တဲ့ ဂီယာကိုရှေ့ဆက်နင်းသွားရင ်နောက်ဆုံးမှာ “ဖရီးဂီယာ” ကိုရောက်သွားတဲ့အဆင့်ကို မရောက်သေးပါဘူး။
နောက်ကို တစ်ချက်ခြင်းနင်းပြီးဖြုတ်မှ “ဖရီးဂီယာ” ရောက်တဲ့ စနစ်ဘဲရှိပါသေးတယ်။
ဒါပေမယ့်လဲ အဲဒီတုန်းက လူတိုင်းမစီးနိုင်သေးပါဘူး။
နောက်တော့ မှ စူဇူကီးတို့ ယာမာဟာတို့ကပေါ်လာပါတဲ့။
စူပါကပ်တွေသိပ်ခေတ်မစားခင်မှာ ကလပ်ဘီးတွေဖြစ်တဲ့ ဂျာဝါးတို့ ကာဝါစကီတို့ကလဲ အင်ဂျင်သံလေး တတုတ်တုတ်ပေးလို့ လူတွေကိုမြူဆွယ်ခဲ့ပါသေးတယ်။
ဟွန်ဒါ90ဆိုတဲ့ ဘဲခေါင်းစိမ်းမီးခွက်အဝို်င်းလေးတွေ ကလမ်းပေါ်မှာအပြေးအလွှားတွေ့ရပါတယ်။ သူ့နောက်မှာ တော့ စက်ဘီးနေရာမှာ မီးခွက်လေးဒေါင့်ရွှေမန်းသူရွှေမန်းသားတွေက ရွှေရောင်ဟွန်ဒါစူပါကပ်ကလေးတွေနဲ့လမ်းသလားပါတော့ တယ်။
နောက်တော့ ခိုပြာ ဇီး အစိမ်းပုတ် ကျောက်စိမ်းကနေ ခဲရောင် တရောင်ပြီးတရောင်ပြောင်းလို့ ဆိုင်ကယ်ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွဲကြပါတယ်။
အဲဒီအချိန်မှာ သူ့လောက် ဈေးမရှိတဲ့ ယိုးဒယားဘက်က ဝင်လာတဲ့ ဒရင်းမ်(အိပ်မက်)လို့ အမည်တွင်တဲ့ ဖင်ထိုင်ခုံအရှည်နဲ့ဂီယာလေးချက် နဲ့ အင်ဂျင်ပါဝါ 110 ရှိတဲ့ဆိုင်ကယ်တွေဝင်လာပါတယ်။
ဒီဒရင်းတွေပေါ်လာတော့ လူတော်တော်များများဆိုင်ကယ်ကိုလက်လှမ်းမှီလာသလို လူငယ်တော်တော်များများကတော့ မြင်းနဲ့တူတဲ့ ယာမာဟာဆိုင်ကယ် ဒိုလို့ အမည်တွင်တဲ့ အင်ဂျင်ပါဝါ 125 ရှိလို့ လေထဲမှာ မြောက်တက်သွားမလောက်ကို ဆွဲအားကောင်းတဲ့ ဆိုင်ကယ်တွေ ကိုမက်မက်စက်စက်စီးနေကြတာ အခုတိုင်ပါဘဲ။
ဒီနောက်မှာတော့ တရုပ်ပြည်ကနေ မြန်မာပြည်နယ်စပ်ကို တောလမ်းကနေတစ်ဆင့်ဝင်လာတဲ့ ဝစ်သောက်လို့ ခေါ်တဲ့ ဆိုင်ကယ်မျိုးစုံရောက်လာတဲ့အခါမှာ
လူတိုင်းနီးပါးလောက် ဆိုင်ကယ်နဲ့ဖြစ်ကုန်ပါတယ်။
အဲဒီအခါမှာတော့ လူတိုင်းနီးပါးလောက် လက်ထဲမှာဝစ်သောက်ဆိုင်ကယ်တွေရှိနေတဲ့အချိန်မှာ ပေါက်တဲ့နဖူး မထူး ဆိုတဲ့ စကားပုုံလို ဒီတရုပ်ဆိုင်ကယ်တွေကို တရားဝင်ဖြစ်အောင်
အခွန်ဆောင်လို့ လမ်းဖွင့်ပေးလိုက်တဲ့အချိန်ကစလို့ စက်ဘီးမြို့တော် မန်းလေးဟာ ဆိုင်ကယ်ရွှေမြို့တော်ကြီးအဖြစ် ပြောင်းလဲလိုက်ပါတော့တယ်။
အခုအချိန်မှာတော့ ဟွန်ဒါဆိုတဲ့ ဂျပန်ဆိုင်ကယ်တွေနေရာမှာ ဟွန်ဒါပုံစံ အဘိုးကြီးစီး(ဂျာလင်းတို့ ဟိုင်းဘတ်)တို့လိုနာမယ်အစုံနဲ့တရုပ်ဆိုင်ကယ်တွေ။
သူဘာသာသူ ပေးချင်တဲ့နာမယ်ပေးခဲ့ နာမယ်ပြောင်းပေးရာမှာ အလွန်တော်တဲ့မြန်မာလူမျိုးများကတော့ ရုပ်ဆိုးတို့ ဆိတ်ခေါင်းတို့ ပုစင်းခေါင်းတို့ ငါးရိုးတို့ ဆိုင်ကယ်ပုံစံကို ကြည့်ပြီးအမည်ပေးလို့ မန်းလေးသူ မန်းလေးသား အပါအဝင် မြန်မာပြည်သားတို့ ရဲ့ဖင်အောက်ကို ဒီဆိုင်ကယ်တွေရောက်လို့ လိုရာခရီးကို အရောက်နှင်ကြပါတော့တယ်။
ဂီယာဘာညာ သာရကာတွေ နားမလည်သူများအတွက် ကတော့ လီဘာတစ်မျုးိတဲ့ပါတဲ့ “ဖီနို်”ဆိုင်ကယ်၊
ပုံမှန်ကြိုက်သူများအတွက်ကတော့ ရှေးရိုးရာမပျက် စူပါကပ်ပုံစံ ဆိုင်ကယ်နာမယ်ဆို ရောင်စုံ
အလှအပကြိုက်သူများအတွက် နဲ့ ချစ်သူများအတွက်ကတော့ နာမယ်မျိုးစုံပေးထားတဲ့ ထိုင်ခုံဖင်ရှည် ဒီဇိုင်းစုံ
အမြန်ကြိုက်သူများအတွက်ကတော့ ဂီယာခြောက်ချက်နဲ့ နတ်ပြည်တောင် တက်ချင်ရင်းငရဲပြည်ကိုလမ်းမှားရောက်သွားနိုင်တဲ့အင်ဂျင်ပါဝါအမြင့်နဲ့ကလပ်ဘီးတွေ
အဆန်းကြိုက်သူများအတွက်ကတော့ ဘော်ဒီကြီးကြီး ခပ်ထွားထွား ခပ်ကြွားကြွားနဲ့ ဆင်ပေါ်တက်ထိုင်ရသလိုခံစားရမယ့် ထရပ်ကာလို့ ဆိုင်ကယ်မျိုးစုံ က
မြန်မာပြည်သူပြည်သားများအတွက် စူပါကော်ဖီမစ်ထက်သာတဲ့ ဝန်ဆောင်မူ့တွေ ပေးထားကြပါတယ်။
အခုအချိန်မှာတော့ သမီးရီးစားများ လမ်းပေါ်မှာသွားရင် နောက်ကနေခါးဖက်ထားဘို့ ကျနော်တို့ခေတ်ကလို တိုက်တွန်းစရာမလိုပါဘူး။
နောက်ကထိုင်နေတဲ့ကောင်မလေးက ရှေ့ကဆိုင်ကယ်မောင်းနေတဲ့ကောင်လေးရဲ့ကျောကို အရာထင်အောင် တံဆိပ်ကပ်နှိပ်လို့ လွတ်မသွားအောင် အရမ်းဖက်ပြီး ဝန်ဆောင်မူ့တွေပေးတာကို လမ်းပေါ်က မထူးဆန်းတဲ့မြင်ကွင်းပါ။
ဟိုအရင် က စက်ဘီးစီးလို့ ခြေသလုံးလေးပေါ်တာကို ကဗျာဆန်လှချည့်ရဲ့လို့ဆိုပြီးခိုးကြည့်ရတဲ့ခေတ်က အတိတ်မှာကျန်ခဲ့ပါပြီ။
ပေါင်ဖြူဖြူ ပေါင်ညိုညို ပေါင်တိုတို ပေါင်ရှည်ရှည် မီးမီလေးတွေက စကပ်တို ဘောင်းဘီတိုလေးတွေနဲ့ လေလာရင်အေးအောင်လေညှင်းခံသလို ဆိုင်ကယ်ကိုယ်တိုင်စီးတာ နောက်ကထိုင်လိုက်သွားတာက တော့ 2010 ဆိုင်ကယ်ယဉ်ကျေးမူ့အသစ်ပါ။
ရှေးရှေးတုံးက အမှတ်တမဲ့ လက်မြောက်လိုက်လို့ ပေါ်သွားတဲ့ မမြင်သာ မြင်သာခါးသားဝင်းဝင်းလေးတွေက ခိုးကြည့်ရတယ်ဆိုတာ ပုံပြင်လေးဖြစ်သွားပါပြီ။
ဆိုင်ကယ်ပေါ်မှာထိုင်လိုက်သွားတဲ့ကလေးမလေးများက” လူလူခြင်းဘဲ မထူးဆန်းဘူး” ဆိုတဲ့တရားကို အသံတိတ်ပြသလိုမျိုး ပြထားကြတဲ့ ခါးဖော် ဖင်ပေါ် ဝတ်ထားတဲ့ ဘောင်းဘီးအရောင်တို့ တံဆိပ်တို့ကို ကြည့်ချင်ကြည့် မကြည့်ချင်နေဆိုပြီး နေကြတာကလဲ ခေတ်ရေစီးပါဘဲ။
အခုတော့ မန်းလေးသားတွေနေတတ်သွားပါပြီ။
ဒါမျိုးလေးတွေမြင်စကတော့ “ဘာလဲဟ” ဆိုပြီး အပြစ်တင်သလိုလိုနဲ့ ရှိုးကြပါတယ်။
အခုတော့လဲ ရိုးသွားပါပြီ မလှရင်မသိသလိုနေပြီး အလန်းဇယားလေးတွေကိုမြင်မှ အားပေးမယ်လို့ စိတ်ဖြတ်နိုင်လောက်အောင် သမာဓိအာားကောင်းလာကြပါပြီ။
ဒီလိုဆိုင်ကယ်တွေ ကားတွေ လမ်းပေါ်မှာ အပြည့်အသိပ်ဖြစ်လာတဲ့အခါ လမ်းတွေက လဲပိတ်ညပ် ယဉ်တိုက်မူ့တွေကလဲ ခဏခဏဖြစ်လာတဲ့အခါ။
လူနေထူထပ်ပြီး ယာဉ်တွေများလာတဲ့မန်းလေးမြို့က ကျဉ်းမြောင်းတဲ့လမ်းတွေကိုချဲ့ဘို့ စဉ်းစားကြရပါတော့တယ်။
ဒီအခါမှာ ဟိုအရင် အင်္ဂလိပ်ခေတ်က ဆွဲထားခဲ့တဲ့ မြို့မြေပုံကို ပြန်လှန်ကြည့်လိုက်တဲ့ အခါမှာတော့ လမ်းဘယ်လိုချဲ့မယ်ဆိုတဲ့အဖြေကိုတွေ့သွားပါတော့တယ်။
အဲဒီအဖြေကတော့ ……………………………………………………………………….
10 comments
KoNyeinChan
November 4, 2010 at 3:00 am
ဟိုးရှေးရှေးတုန်းက ရန်ကုန်ဆိုတဲ့ ရွှေမြို ့တော်ကြီးမှာလည်း ဆိုင်ကယ်ဆိုတဲ့စက်တပ်ဘီးတွေ များပြားခဲ့လေရဲ ့။ ပြောရရင် အခုတော့အိပ်ယာဝင်ပုံပြင်တစ်ပုဒ်လိုဖြစ်နေပြီ။
Maung Dae`
November 4, 2010 at 4:33 am
လမ်းချဲ့တာကိုစိတ်ဝင်စားတယ်… ကျွန်တော်တို့အိမ်တောင် ပေ ၂ဝ လောက်ပါမယ်လို့ကြားတယ်.. အိမ်ကို သေချာဖုန်းဆက်မေးရဦးမယ်.. လမ်းထောင့်ရောက်နေတဲ့အိမ်တွေကတော့ နားကား တာပဲ.. ဟိုဘက်လမ်းကလဲ ပေ၂ဝချဲ့… ဒီဘက်လမ်းကလဲ ပေ၂ဝချဲ့တော့ ကုန်ပီပေါ့…
မိုက်ကယ်ဂျော်နီအောင်ပု
November 4, 2010 at 9:49 am
(ကျနော်တို့ငယ်ငယ်က စက်ဘီးတွေက “ရလေး”အမျိုးအစားများပါတယ်)
ကျွန်တော်တို ့ငယ်ငယ်တုန်းကလည်း ကိုပေါက်ပြောတဲ့ Raleigh “ရလေး” တို ့ hercules “ဟာကြူလီ” တို ့
အဲ့သည်စက်ဘီးတွေကို မန်းလေးပို ့ကြတာကို မြင်ဘူးပါတယ် အင်္ဂလန်ဘီးတွေပါ မလေးရှား ပီနမ်ကနေ ရေကြောင်းနဲ ့မှောင်ခိုဝင်ပါတယ်
အသစ်မဟုတ်ပါဘူး used တွေပါ ခြေနင်းပြားက germani ပါ အင်္ဂလန်ဘီးမှာ ဂျာမဏီ ခြေနင်းပြား တတ်ထားတာတော့ ကျွန်တော်လည်းနားမလည်ပါဘူး
3speed ဆိုရင် မန်းလေးသားတွေ တော်တော် crazy ဖြစ်ကြပါတယ်
မန်းလေးဆိုတာ အင်္ဂလန်ဘီး အများဆုံးလို ့ ကြားဘူးပါတယ် ဟုတ်မဟုတ်တော့ တိဝူး
mandalaythar
November 4, 2010 at 10:02 am
စက်ဘီးအကြောင်း၊ ဆိုင်ကယ်အကြောင်း ပြောတာတော့ မန္တလေးက စီးတော်ယဉ်လေးကို သတိရမိတယ်ဗျာ။
အရင်အဖေ လူပျိုဘဝတုန်းက စီးတဲ့ စက်ဘီးအိမ်မှာရှိသေးတယ်။ ဘောင်တန်းနဲ့ သားရေထိုင်ခုံနဲ့ ဘီးလေ။ ငယ်ငယ်တုန်းကတော့ တွန်းရတာကို အလေးကြီးဘဲ။ အဖေပြောပြဘူးတယ်။ သူတို့ လူပျိုဘဝတုန်းက အဲဒီဘီးနဲ့ မေမြို့တတ်ကြတဲ့အကြောင်း အဲဒီတုန်းက အမျိုးထဲက လူပျိုတွေရယ်၊ ရက်ကွက်ထဲဟာ သူတို့ အရွယ်တွေ စုစုပေါင်း ၁၃ ယောက်လောက်၊ စက်ဘီးဆရာတွေ ဘာတွေခေါ် လေထိုးတံတွေ၊ ဂွတွေ ယူပြီး အားလုံးအဲဒီလို ယောကျားစီးဘီးတွေနဲ့တတ်ကြတာ ကန်တော်ကြီးထိရောက်တယ်တဲ့။
မနက်ကို ၄ နာရီလောက်ထ သွားကြတာ။ စက်ဘီးနဲ့ နင်းလို့မရတဲ့ အတတ်တွေကျ ဆင်းတွန်းကြတာတဲ့။ အဆင်းကျ အေးဆေးဘဲတဲ့။ ကန်တော်ကြီးရောက်တော့ သူတို့တွေ သူတို့ ဘီးကြီးတွေနဲ့ ဓါတ်ပုံရိုက်ထားကြတာ အခုထိရှိသေးတယ်။
ကျွန်တော်တို့ ဆိုက်ကယ်ခေတ်ကျ ကျောင်းက လစ်ပြီး မေမြို့ ဆိုက်ကယ်နဲ့ ခိုးတတ်ကြတာပေါ့။ အချိန်မှီ အိမ်ပြန်ရောက်ပေမဲ့ အိမ်က မေမြို့ ခိုးတတ်တာတန်း သိတယ်ဗျာ။ သိမှာပေါ့ဗျာ… တာယာတွေမှာ မြေနီတွေ ကပ်ပြီးနီနေတာကိုး။ ဘယ်လိုမှ ညာလို့မရတော့ဘူး။
kopauk mandalay
November 4, 2010 at 4:04 pm
ကျနော်ကတော့ မောင်ဗမာနဲ့ဘဲ ကျောင်းတက်ခဲ့ရတာပါဗျာ။
မောင်ဗမာ စက်ဘီးလက်ကိုင်က မတ်စောက်စောက်ဆိုတော့ အမှတ်တမဲ့များ ကပ်ကွေ့လိုက်ရင်
လက်ကိုင် ထောက်လို့ လဲ ဒူးကွဲ ပုဆိုးပြဲခဲ့တာကလဲ ဘဝအမှတ်တရများထဲမှာ တစ်ခုပါ။
kai
November 4, 2010 at 10:41 pm
မန္တလေးသူတွေ ..ကိုယ့်ကိုယ်ကိုယ်… ဘာလို့ ကျွန်တော်လို့သုံးကြတာလည်းဗျ..။
ကျွန်တော်ဆိုတာ ..ကျေးတော်မျီုးကျွန်တော်မျီုးကလာတာဆိုပေမဲ့ .. အမျိုးသမီးဆို.. ကျွန်မပဲသုံးရတာမဟုတ်လား..။
—
မင်းတုန်းမင်းတရားကြိးကြောင့်ဆိုတာ အမှန်လား.. 🙂
kopauk mandalay
November 5, 2010 at 3:12 pm
ကျနော်ကြားဘူးတာပြောရရင် သာမန်အရပ်သားအရပ်သူကကပြောရင် ကျွန်တော်မျိုး ကျွန်တော်မျိုးမ လို့ သုံးရတယ်လို့ တော့ ကြားဘူးပါတယ်။
အဲဒီကနေ ဘယ်အချိန်က စလု့ိ မန်းလေးသူ က ကျွန်တော်လို့ ပြောင်းသုံးလိုက်တယ်ဆိုတာ အတိအကျမသိပေမယ့်
ဒုတိယကမ္ဘာစစ်ပြီးခေတ်လောက်က စသုံးတယ်လို့ တော့ အကြမ်းဖျဉ်းအားဖြင့် သိရပါတယ်။
သေချာစွာသိသူများက ပြောပြပေးစေလိုပါတယ်။
winkyawaung
November 5, 2010 at 5:11 pm
ဆရာကိုပေါက် (မန္တလေး) ရေးထားတဲ့ “ချစ်ခြင်းရဲ့အဆုံးဟာ အမုန်းလားကွယ်” ဆောင်းပါးလေးကို မန်းတောင်ရိပ်ဂျာနယ်မှာ ဖတ်လိုက်ရတယ်။ ကောင်းတယ်ဆရာ။ ဒီဂေဇက်မှာ ပြန်တင်ပေးစေလိုပါတယ်..။
tunaung
November 6, 2010 at 4:29 am
စက်ဘီးခေတ်ကနေဆိုင်ကယ်ခေတ်ထိအဆင့်ဆင့်ပြောင်းလွဲလါတာကိုရေးပြသွားတာ နှောင်းလူတွေအတွက်အင်မတန်မှတန်ဘိုးရှိလှပါပေတယ်….အားပေးသွားပါတယ်။။
naywoonni
November 6, 2010 at 5:58 am
ကျွန်တော်မန္တလေးတက္ကသိုလ်ရောက်တော့85/86ဗျ
အိမ်ကဟီရိုးစက်ဘီပဲဝယ်ပေးနိုင်တယ်။အဲဒိဘီးနဲ့တောင်သမန်အင်းကိုသွားတယ်
ရန်ကင်းတောင်လည်းရောက်တယ်။မန္တလေးတောင်ဘက်လည်းခဏခဏရောက်တယ်။
အဲဒိတုန်းကပထမနှစ်နဲ့ဒုတိယနှစ်ကိုရတနာဘုမ္မိမှာထားတာလေ………….။35×80 က
မြို့ထဲလို့ပြောလို့ရတယ်။ဘူးသီးကြော်ဆိုင်းဘုတ်တွေမများသေးပါဘူး။ရှိတော့ရှိနေပြီဗျ
နောက်ကျောင်းတွေအကြာကြီးပိတ်ပြီးပြန်ဖွင့်တော့အားလုံးမိန်းထဲပို့လိုက်ရော…………
ကြပ်ညှပ်နေတာပဲ…..။အဲဒါလည်းပျော်စရာတော့ကောင်းသားပဲ
ရာဇာတ်ခမ်းမ(စာကြည့်တိုက်ထဲ)သွားပြီးကျောင်းသားကဒ်ပေးထားရင်ဖတ်ချင်တဲ့စာအုပ်ကိုအထဲမှာဖတ်ခွင့်ပေးတယ်
အဲကိုပေါက်ရေ…….စိတ်တော့မဆိုးနဲ့ကြုံတုန်းပြောစရာလေးရှိလို့ပြောလိုကချင်သေးတယ်
မန္တလေးမှာကျွန်တော့သူငယ်ချင်းကဗျာဆရာတွေရှိဗျ……..အဲဒိထဲကကိုအောင်ဂျမ်းဆိုတဲ့တစ်ယောက်ကကျွန်တော်နဲက
နှစ်တူပြီးဘာသာ…သာမတူတာတော်တော်လေးတွဲဖြစ်တယ်………1991ကျောင်းတွေပြန်ဖွင့်တော့သူကပြောတာလေး
ပြန်ပြောမလို့……”ငါတိုမန္တလေးကိုကျောင်းတွေပိတ်ထားတုန်းကနဂါးကြီးတစ်ကောင်ဝင်လာတယ်တဲ့”
ကျွန်တော်ကအံ့ဩသွားပြီး”ဟုတ်လား”ဆိုတော့”ဟုတ်တယ်ကွနဂါးကြီးဝင်လာလို့မန္တလေးတောင်မှာတောင်
မြွေကြီးနှစ်ကောင်မရှိတော့ဘူး..တစ်ကောင်ကမြို့သစ်ဖက်ဆင်းပြေးသွားပြီ..ကျန်တဲ့တစ်ကောင်ကရှာမတွေ့သေးဘူး”
တဲ့။။။ကျောင်းလေးသုံးနှစ်လောက်ပိတ်လိုက်ပါတယ်။မြို့ထဲမှာဘူးသီကြော်ဆိုင်းဘုတ်တွေအစီအရီဖြစ်ကုန်ပြီး
အဲဒိနေရာမှာနေခဲ့တဲ့သူတွေမြို့သစ်ကိုရွှေ့ကုန်တာကိုပြောတာပါ
နောက်ရောက်တဲ့အခါတွေမှာလည်းတစ်ကြိမ်ထက်တစ်ကြိမ်ကျောင်းတက်ခါစကမန္တလေးကိုလွမ်းရပါတယ်
ခုတော့မရောက်ဖြစ်တာလေးငါးနှစ်မှာပိုကောင်းလာမယ်လို့မထင်ရဲပါဘူး
ကျွန်တော်လည်းခင်ဗျားနဲ့အတူမန္တလေးကိုလွမ်းပါတယ်………ကိုပေါက်