ပင်လယ်နှင့် လူတို့၏ဝသီ
(၁)
ဆောင်းဦးနံနက်ခင်းက ကိုယ်ပိုင်ရနံ့နဲ့ ရှင်းသန့်နေတယ်။ မြို့လေးရဲ့ လူအစည်ကားဆုံး လက်ဖက်ရည်ဆိုင် ထဲမှာပါ။ ရှုပ်ထွေးဆူညံနေတဲ့ စားပွဲဝိုုင်းတွေကြား….ကျွန်တော်တို့ဝိုင်းက ကျယ်လောင်ထင်ရှားနေရဲ့။
ထုံးစံအတိုင်း တစ်ခုခုကိုငြင်းခုံးနေကြတဲ့ ကျွန်တော်တို့ထဲမှာ ကျွန်တော်ရယ်၊ မိတ်ဆွေကဗျာဆရာရယ်၊ ပန်းချီဆရာရယ်၊ တေးရေးဆရာရယ် ပါဝင်ကြတယ်။
ဒီနေ့ငြင်းခုံနေကြတာကတော့ ပင်လယ်ကိုဗဟိုပြုပါတယ်။ ဘာရယ်တော့ မဟုတ်ဘူး။ ရာသီအေးအေးကြီး ထဲမှာ တောင်စဉ်ရေမရ လျှောက်ပြောနေမိကြတာပါပဲ။ ဟိုရောက်လိုက်၊ ဒီရောက်လိုက်ပေါ့။
ပထမတော့ ဒီလိုဆောင်းမနက်အေးအေးမှာ ပင်လယ်ပြင်က ပြန်ဝင်လာကြမယ့် “ဆန်တီယာဂို” နဲ့ သူမိလာတဲ့ ငါးကြီးအကြောင်းရောက်သွားတယ်။ ပန်းချီဆရာက ပင်လယ်ရဲ့ အရောင်ဖွဲ့စည်းပုံတွေကို ဖောဖောသီသီဝင်ပြောတယ်။ ကဗျာဆရာကလည်း သူရေးထားတဲ့ “ ပင်လယ်မြို့လေးရဲ့ အကျင်္ီ” ဆိုတဲ့ ကဗျာကို ဝေဝေဆာဆာကောက်ရွတ်တယ်။ တေးရေးဆရာကပါ အားကျမခံ “ရွှေပင်လယ်ကြီး” သီချင်းကို ထညည်းတယ်။ အဲ့ဒီလို…၊
နှင်းတွေတော့ကွဲသွားပြီ။ စကားတွေက မစဲသေးဘူး။ ဈေးသွားဈေးလာတွေတောင် လမ်းတစ်လျှောက် ရွေ့ လျားလာကြပြီ။ အရှေ့ရောင်နီက မြူခိုးတွေကို ထိုးခွဲပြီး မထီတရီနဲ့ ဖြာကျလာရဲ့။
(၂)
ရေနွေးသုံးအိုးကုန်ကာစမှာ ဆိုင်ထဲကို လူတစ်ယောက်ဝင်လာပါတယ်။ ကျွန်တော်တို့ဝိုင်းမှာ ခပ်တည်တည်ပဲ ဝင်ထိုင်တယ်။ ခပ်တည်တည်ပဲ ကျွန်တော်ငှဲ့ထားတဲ့ ရေနွေးအိုးကို ကောက်မော့တယ်။ ပြီးတော့ စကားပြော ဖို့အတွက် ခပ်တည်တည်ပဲ ချောင်းဟန့်တယ်။
“အဟမ်း”
ကျွန်တော်တို့ကတော့ နားနဲ့မဆံ့တဲ့ အတည်ပေါက်ဒဿနတွေ ကြားရတော့မယ်ဆိုတာ သိလိုက်ကြပါတယ်။ အဲ့ဒီလူက ကျွန်တော်တို့မြို့လေးရဲ့ ရှားပါးလှတဲ့ တက္ကစီသမားတွေထဲက တစ်ယောက်ပါ။ သူ့နာမည်က ကိုညီလေးလို့ခေါ်တယ်။ အဲ့ဒီနာမည်ကြီးကတော့ တစ်ခါတစ်လေ ခေါ်ရပြောရတော်တော်ထောင့်ပါတယ်။ အစ်ကိုလည်းမဟုတ်၊ ညီလည်းမဟုတ်။ ကိုညီလေး…ဆိုတော့ သူကပဲ ခပ်တည်တည်နဲ့ နှစ်ကိုယ်ခွဲပြီး ကိုယ့်ရှေ့လာထိုင်နေသလို ခံစားရတယ်။
အဲ… အဲဒီ ကိုညီလေးက ကျွန်တော်တို့ကို ထိုင်လျက်ကြီးက ထမေးတယ်။ (ကိုယ်ကိုကုန်းကုန်းကွကွကြီး လုပ်ပြီး မေးလာတာပါ)။
“ပြောပါဦးကွ… စောနက မင်းတို့စကားထဲမှာ ပင်လယ်အကြောင်းကြားလိုက်သလားလို့”
“ပင်လယ်ကို တချို့လူတွေက ကြောက်ကြတယ်။ တချို့လူတွေက ပင်လယ်နဲ့ ပျော်ပါးကြတယ်။ တချို့လူတွေက ပင်လယ်ကို နာကြည်းကြတယ်။
ပင်လယ်ဟာ မာယာများတယ်လို့တောင် ပြောကြတယ်…”
ကိုညီလေးက ကျွန်တော်တို့ကို တစ်ချက်ကြည့်ပြီး ပန်းချီဆရာရှေ့ကနေ ရေနွေးခွက်ကို ယူမော့တယ်။
“ မင်းတို့သိလား”
“မသိဘူး အစ်ကို”
“မသိဘူး ညီလေး”
“ ဖွီး … ထားပါတော့ … ငါပြောတာက တကယ်တမ်းမှာ ပင်လယ်ရဲ့ ဘဝဟာ သနားစရာပါကွာ”
“ဪ”
သူ့ခမျာ ကမ္ဘာကြီးကိုပတ်ပြီး ရည်ရွယ်ချက်မရှိ၊ မျောချင်တိုင်း မျောနေရရှာတယ်။
“အင်း”
ကိုညီလေးစကားကြောင့် ကျွန်တော်တို့ နားရွက်တွေ ထောင်ရာကနေ မတ်သွားကြတယ်။
“အဲ့ဒီတော့…”
တေးရေးဆရာက စကားဝင်ထောက်ပေးတယ်။ ကျွန်တော်ကလည်း ခွက်တွေထဲကို ရေနွေးလိုက်ဖြည့်လိုက်တယ်။
“အဲ…အဓိက သော့ချက်တစ်ခုက … ပင်လယ်ဟာ မျောတော့ မျောနေတာပဲ ဒါပေမယ့် ပက်လက်ကြီး မျောနေတာလား မှောက်ခုံကြီး မျောနေတာလား … ဆိုတာ …အဲ…အဲဒါ ”
ဆိုင်အပြင်ဖက်က လက်ကျန်နှင်းစလေးတွေကို ဘာရယ်မဟုတ် ငေးကြည့်နေမိကြတယ်။ ဒီဇင်ဘာရဲ့ နဂါးငွေ့တန်းဖြုဖြုကြီးဟာ ရောင်နီဝင်းဝင်းအောက်မှာ ဝပ်စင်းငြိမ်သက်…။
(၃)
စတုတ္ထမြောက် ရေနွေးအိုးကို လက်စသတ်ပြီးတဲ့အချိန်မှာ ကိုညီလေးက ရှေ့ကပြောသွားတဲ့ သူ့စကားကို ပြန်ဖြည်ချလိုက်တယ်။
“အမှန်တော့…
ပင်လယ်ဆိုတာ ပေါလောကြီး မျောနေတာပါကွာ”
“ အဲ ”
ဒဿနက အစကဟုတ်မလိုလိုနဲ့ ပေါတောတောကြီး ဖြစ်သွားတော့တယ်။
“အဲဒီလို ပေါလောကြီးမျောနေတဲ့ ပင်လယ်လိုပဲ …”
အဲ … ပင်လယ်နဲ့ … လူနဲ့ ..ဘဝနဲ့ ကိုရောသမမွှေပြီး တရစပ်ပြောတော့တာ။
စောစောက ကျွန်တော်တို့ တောင်မြောက်လေးပါး လျှောက်ပြောနေတာတောင် သူ့လောက်အရည်မရ အဖတ်မရ မဖြစ်ဘူး။ ကျွန်တော်တို့ကသာ စိတ်ပျက်နေတာ။ သူကတော့ သူ့စကားနဲ့ သူ့ဝသီနဲ့ သူမျောလို့။ သူ့ပင်လယ်နောက် သူ့ဘာသာ လိုက်ပါစီးဆင်းလို့ …။
“ အီး …အီး…” တဲ့
အဲဒါကိုကြည့်ပြီး ပန်းချီဆရာက မှတ်ချက်ပြုတယ်။
“ အင်း …ပင်လယ်ကတော့ ဘယ်လိုမျောတယ် မသိဘူး၊ သူမျောတာကတော့ အီးပေါလောကြီးပါလား ”
ပန်းချီဆရာ့စကားကို ကျွန်တော့တိုးတိုးလေး လိုက်ရွတ်ကြည့်တယ်။
“ အီး…ပေါ…လော… ကြီး ”
သံဝေဂလည်း တော်တော်လေးရသွားပါတယ်။
(၄)
အဲဒီနောက်မှာတော့ ကျွန်တော်တို့ သုံးဦးသဘောတူညီချက်ဆန္ဒအရ… ပဉ္စမမြောက် ရေနွေးတစ်အိုးကို ထပ်မှာလိုက်ကြပါတော့တယ်။
ဥက္ကာကိုကို(သံတွဲ)
FASHION ,August, 2008.