အသူရကယ်ဆိုတာဂျိုနဲ ့လား

တစ်ခုသောနေ ့တွင်ဖြစ်ပါ၏ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် အထက်ပါလင့်ပေးထားသော သီချင်းတစ်ပုဒ်ကို ထန်းရည် ခပ်ထွေထွေလေးဖြင့် ဘာမှန်းညာမှန်းမသိ ခံစားနေရင်း
(ကျွန်ုပ်တို ့ ရွာ၏ ထန်းတက်သမား အမည်မှာ ခြောက်ပြား ဟူ၍ ခေါ်ဝေါ်သမုတ်ကြကုန်ပြီးလျှင် ခြောက်ပြား ထန်းရည် ဆိုလျှင် အလွန်နာမည်ကြီး၏ ခြောက်ပြားသည် ထန်းရည်ကို အချို နှင့် အပြင်းဟူ၍ နှစ်မျိုး စီမံလေရာ အချိုကိုသောက်ပြီး၍ ကျင်ငယ်ရေကို ခွက်တစ်ခုတွင် ထည့်ထားပါက ပျားကောင်တို ့သည် လာရောက်၍ အချိုရည်တို ့ကို စုပ်ယူကြပါကုန်ပြီးလျှင် ကျွန်ုပ်တို ့အကြိုက် အပြင်းရေကို သောက်ပြီးမူက မစင်စွန် ့၍ ခွေးတို ့အား စားသုံး စေကြကုန်လျှင် ခွေးတို ့သည် ဒယီဒယိုင် မူးကြလေကုန်၏) ထူးဆန်းလှစွာသော ကမ္ဘာလောကကြီးနှင့် အတူ ဖြစ်ပေါ်နေကြကုန်သော သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့တို ့၏ သဘာဝတရားများကို ဆင်းစားနေရင်းမှသည် ရဟန်းဝတ်ဖြင့် ပျံလွန်တော်မူနှင့်ပြီဖြစ်သော ဘကြီးဘုန်းကြီးအား သတိတရ ရှိလှခြင်းနှင့်အတူ ဤ အသူရကယ်ဆိုတာဂျိုနှင့်လား ဟူသော အသပြာတစ်ရာတန် စာကြောင်းများကို ဟိုနှိပ်ဒီနှိပ်၍ စာရေးခြင်းသမှုကို ပြုလေတော့သတည်း။
၈-၈-၈၈ ထိုနေ ့သည် မြန်မာနိုင်ငံ၏ အထင်ကရ နေ ့များတွင် တစ်နေ ့ အဝင်ပါဖြစ်ပေလိမ့်မည်ထင့်။ ရက်စွဲကိုမူ အတိကျမမှတ်မိခြင်းမှာ ကျွန်ုပ်၏ ကြီးစွာသော ဉာဏ်ပညာ ဖြစ်၏ ဆိုခြင်းကို စာရှုသူတို ့ ရိပ်စားမိကြမည်ပင်လျှင်။ ရက်တိုး ရက်လျှော့ပင် ရှိပေလိမ့်မည် ထိုနေ ့နံနက် ဆယ်နာရီဝန်းကျင်တွင် ကျောင်းတက် ခေါင်းလောင်းခေါက်ပြီးသည်မှ အစပြု၍ ဆရာ ဆရာမတို ့သည် တစ်ဦးတစ်ယောက်မျှ အတန်းတွင်းသို ့ မရောက်ရှိလာကြသေးသောကြောင့် ကျွန်ုပ်နှင့်တစ်ကွသော အလွန်လိမ္မာကြကုန်သောပညာသင်သား လေးငါးခြောက်ယောက်တို ့ သည် အချိန်ကိုတန်ဘိုးထား၍ စာကြိုးစားခြင်းသမှု ့ကို ပြုနေကြသည်မှာ ဤသို ့ဖြစ်၏
“အခုနောက်တခါ ချစ်လိုက်မိပြီလား ခုတော့သိပြီလား ပြောင်းလဲ သိပ်လွယ်သော နှလုံးသား အချစ်မသိတဲ့ မိန်းကလေးတစ်ယောက်တွက်များ…..” စသည်စသည် လွှမ်းမိုး၊ ခင်မောင်ထူး၊ ကိုင်ဇာ၊ ဘိုဘိုဟန် အလုံးစုံသော သီချင်းပေါင်းစုံကို ယ္ခုခေတ် IC တီးဝိုင်းကြီး နှင့်မခြား ဖျော်ဖြေတင်ဆက်နေကြသည်မှာ အလွန်ပင် မြိုင်မြိုင်ဆိုင်ဆိုင် ရှိနေလေတော့၏။ အားလုံးပင် လက်ဂီတာကိုယ်စီဖြင့်ရှိကြကုန်ပြီး ကျွန်ုပ်မှာ ခဲတံတစ်ဘက် ဘောပင်တစ်ဖက်ဖြင့် ဒရမ်မာ ဖြစ်ပြီးလျှင် ကွန်ဘာဘူးများကို တချဲချဲရိုက်ခြင်းဖြင့် ဇာတ်ရှိန်တက်နေစဉ် ကျွန်ုပ်တို ့ အတန်းများ၏ အရှေ ့ဘက် အပေါ်ထပ်ဆောင်မှ ဆယ်တန်း ကျောင်းသားကြီးများသည် စာရွက်များကို ရွှေမိုးငွေမိုး ရွာသကဲ့သို ့ သံပြိုင်တစ်ဟေးဟေး အော်၍ ကျဲချကြကုန်သည်တွင် ကျွန်ုပ်တို ့၏ တီးဝိုင်းကြီးအား ရပ်တပ်သမှု ့ ကိုပင်ပြုစေလေတော့၏ ဘာတွေဖြစ်ပါလိမ့်ဟူ၍ စူးစမ်းနေကြစဉ်တွင် လွန်စွာခြေပေါ့ လက်ပေါ့ရှိကြကုန်သော ကျောင်းသားများမှာ စာရွက်များကို ကောက်ယူ ဖတ်ရှု ့ ကြလေလျှင် ရှစ်လေးလုံး နေ ့တွင်သပိတ်မှောက်ကြပါမည်ဟု လောဆော်ခြင်းဖြစ်ကာ အသံဗလံများဖြင့် ဆူညံလွန်းနေသည်မှာ ကျောင်းတစ်ကျောင်း၏ စာသင်ချိန်နှင့် လွန်စွာ မလိုက်ဖက်လျှက်ရှိနေရလေတော့၏။
မကြာမီ ကျွန်ုပ်တို ့ ၏ အတန်းပိုင်ဆရာသည် ရောက်ရှိလာသောအခါ အားလုံး ငြိမ်းပိကြလေကုန်၏။ ဆရာသည်ကား ကြိမ်လုံးကို လက်နောက်ပြစ် ကိုင်ထားပြီးလျှင် တစ်ဖက်ရှိ တစ်ဟေးဟေး ဖြင့် အော်နေသည်လား ပျော်နေသည်လား မသိနိုင်သော ကျောင်းသားများကို မှုန်ကုပ်ကုပ်ဖြင့်ချက်နေလေရာ ကျွန်ုပ်တို ့မှာလည်း ပြတင်းပေါက်မှ ချောင်းကြည့်ချောင်းကြည့် ရှိနေကြကုန်စဉ်တွင် တစ်ဖက်အောက်ထပ်ရှိ အခန်းတွင်းမှ တစ်ယောက်သော ကျောင်းသားသည် ကျွန်ုပ်တို ့ အတန်းများဘက်လှည့်၍ ကုန်းပြီးလျှင်
ဖင်လှန်ပြလေတော့ရာ ချောင်းကြည့်နေသော ကျွန်ုပ်တို ့မှာ ဝါးကနဲ ့ပင် ပွဲကြသွားရတော့၏ အကယ်စင်စစ် ကြိမ်လုံးကိုင်ထားသော ဆရာတစ်ယောက် ရှိပါလျှက် တော်ရုံ ရီဖြစ်မည်မထင် အချို ့မှာလည်း ရီသံများကြောင့် စုပြုံ၍ ချောင်းကြည့်ပြီးလျှင် တစ်သောသော ရယ်မောနေကြခိုက် ဒေါင်ဒေါင်ဒေါင် ဟူသော ခေါင်းလောင်းသံ ပေါ်လာလျှင် ဆရာသည် အခန်းတွင်းသို ့ ဝင်လာ၍ ( အားလုံးအိမ်ကိုရောက်အောင်ပြန်ကြ ကျောင်းပိတ်လိုက်ပြီ ) ဤမျှပင်ပြော၏ ဘာ့ကြောင့်လည်း ဘယ်နှစ်ရက်လည်း မပြော ကျွန်ုပ်အလွန်နှစ်သက်သောစကားမှာ ကျောင်းပိတ်ခြင်း ဖြစ်သော်လည်း ထိုနေ ့ ကျောင်းပိတ်ခြင်းသည် ကျွန်ုပ်၏ ခုနစ်တန်း ကျောင်းတော်သားဘဝ မှသည် ယနေ ့ထိ စာသင်ကျောင်းဟူသည် ကျွန်ုပ်နှင့် လုံးဝမသက်ဆိုင်ဖြစ်ရခြင်းကို နောင်များမှ သိခွင့်ရခြင်းနှင့်အတူ ဤ အသူရကယ်ဆိုတာဂျိုနှင့်လား အကြောင်းအား ရေးသားခြင်း၏ အစပထမ ကိုဖြစ်ပေါ်စေရန်အထောက်အပန် ့ ကိုဖြစ်ထွန်းစေခြင်းတည်း။
ကျောင်းပိတ်ပြီး ဆယ်ရက်ခန် ့ရှိပေလိမ့်မည် လူအများလည်း ဆန္ဒပြနေကြချိန်တွင် ကျွန်ုပ်ကို အလွန်ချစ်သောဘကြီးသည် မြို ့ကိုတက်လာ၍ လာပြန်ခေါ်သွားသော အချိန်မှ နောင်တွင် ဘကြီးဆေးကုရာ နောက်သို ့ တစ်ကောက်ကောက်လိုက်ရပါသော အလုပ်ကိုရရှိခဲ့ရလေတော့၏။ ထိုအချိန်ထိုနေ ့ပင်ဟု အလွယ်ဆိုခြင်ပါသည် အကြောင်းမှာ ရက်စွဲတို ့ကို မမှတ်မိခြင်းကြောင့်ပင်။ ထိုနေ ့က ဘကြီးသည် တစ်စုံတစ်ခုကို တွေးစ နေဟန်ရှိခြင်းနှင့်အတူ စောင့်မျှော်နေပုံလည်းရ၏။ (ဘယ်မှ လိုက်သဝေထိုးမနေနဲ ့ မွန်းလွဲလောက် သွားစရာရှိတယ် ) ထုံးစံတိုင်း သူ ့ စကားတိုတိုတုပ်တုပ်ပင် ဘာမှပြန်မပြောဘဲနေတတ်တာကလည်း ကျွန်ုပ်၏အကျင့်ပင် ဟိုယောင်ဒီယောင်နှင့် ယောင်တောင်ပေါင်တောင်ဖြစ်ပင်နေလိုက်၏။ နေ ့ခင်း နှစ်နာရီ ဝန်းကျင်လောက်တွင် လူတစ်ယောက် ခြံဝတွင် ရပ်၍နေလေလျှင် ( သွားမယ်သွားမယ် ) ဤမျှပြောခြင်းဖြင့်ပင် ကျွန်ုပ်မှာ နှီးထိုးနေရာ ရုပ်ချည်ကြီး အသင့်ပြင်ထားသော လွယ်အိတ်ကိုယူ၍ နောက်မှ လိုက်ရတော့သည်။ သည်တစ်ခါလူနာရှင်မှာ တော်တော်ထူးသည် ခြံထည်းသို ့ပင်မဝင် ဘာမျှပင်မပြော ခြံဝမှာ လာရပ်နေရုံဖြင့်ပင် ကိုယ်က ကမန်းကတန်း ထသွားရသည် ထိုကပင် ကျွန်ုပ်၏ဘကြီးအား လူသူ လေးစားကြကုန်သောအကြောင်းတစ်ရပ်ဖြစ်တန်မည်လိ်မ့်။
ရွာမှ ကားလမ်းသို ့ သုံးမိုင်ခန် ့ ဝေးသည့်အလျှောက် လှည်းကြုံရ၍ တက်စီးကြမည် ပြုစဉ်တွင် နွားတို ့သည် တဖျဉ်းဖျဉ်းဖြင့် ပေကပ်ကုန်ကြသောအခါ ဘကြီးမှ လှည်းဦးတွင် တစ်စုံတစ်ခုကို ရည်ရွတ်ပြီးသည့်နောက် သက်တောင့်သက်သာပင် ကားလမ်းမကြီးစီသို ့ ရောက်ကြပြီး ကားစီး၍ ခရီးနှင်လေကြတော့၏။ မုဒုံမြို ့ကိုလွန်ပြီး ကမာဝက် ရွာကိုလွန်၍ ကလော့သော့ (မွန်ပြည်နယ်) ရွာလမ်းမသို ့ရောက်ကြလေလျှင် ရွာအဝင်လမ်းအတိုင်း လမ်းလျှောက်ကြသည်မှာ တစ်နာရီမျှပင်ခရီးပေါက်အောင် သွားကြရပြီး မည်သည့်ရွာဟူ၍ ကျွန်ုပ်မခေါ်တတ်တော့ပေ အကြောင်းမှာ ကလော့သော့ ရွာလမ်းဝသို ့ ရောက်ရှိချိန်သည် ညနေ ခြောက်နာရီ ဆယ်မိနစ်ဖြစ်သည်မှာ ကျွန်ုပ်၏ အလွန်အချိန်တိကျသော casio ဓာတ်ခဲနာရိကြောင့်သိရခြင်းဖြစ်ကာ နောင်အခါ သွားရင်းဖြင့်ပင် ညအမှောင်ချိန်ကို ရောက်ရှိသွားသောကြောင့်ပင်။ မှတ်မိသည်မှာ ကျွန်ုပ်တို ့ သည် ရာဘာခြံများရှိသည့် လမ်းအတိုင်း လျှောက်ကြခြင်းဖြစ်ပြီး အတန်ကြာသောအခါ မီးအိမ်များထွန်းထားသော အိမ်တန်းကလေးကို တွေ ့ ကြရလေတော့၏ ထို၌ ကျွန်ုပ် သတိထားမိသည်မှာ ခွေးတစ်ကောင် ကြောင်တစ်မီး (တိရိစ္ဆာန်) တို ့၏ အသံကို မကြားရပေ အကယ်စင်စစ် ရွာထဲသို ့ ဝင်တိုင်း ခွေးဟောင်သံတို ့ သည် ကြားရစမြဲ ဖြစ်သော်လည်း ဤအချက်ကိုမူ ကျွန်ုပ်သတိအနည်းငယ် ထားခဲ့မိ၏ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ဘကြီးနှင့် လိုက်သွားတိုင်း အထူးဆန်းများကို တွေ ့ ရတတ်သည်ဖြစ်ခြင်းကြောင့် သတိထားတတ်လာသည်မှာ အလေ့အကျင့်လည်း ရှိခြင်းလည်းဖြစ်ရ၏
သို ့နှင့် ထိုသူသည် ခြံစည်းရိုးမရှိသော အိမ်မမည် တဲမမည်သော လယ်တောအိမ်ကြီး ကဲ့သို ့ ဝါးတဲကြီးကိုရောက်၍ အထည်းဝင်လေလျှင် ဘကြီး နှင့်ကျွန်ုပ်လည်း လိုက်ဝင်ရတော့၏ အလင်းရောင်ရရန်ထွန်းထားသည်မှာ မီးခွက်လည်းမဟုတ် မီးအိမ်လည်းမဟုတ် မီတုတ်ဟု ခေါ်ရသော ဖက်ရွက်တို ့ဖြင့် ကြပ်စည်း၍ ထွန်းညှိထားသော မီးတုတ်ဟူ၍ပင် လွယ်လွယ် ခေါ်ဆိုရပေလိမ့်။ အလင်းရောင်ဖျော့ဖျော့တွင် ကျွန်ုပ်အရွယ် လူငယ် (ယောက်ျားလေး) တစ်ယောက်သည်
ပိုက်ကွန် တစ်ခုဖြင့် လုံးထွေးနေပြီးလျှင် ဝေဒနာတစ်ခုကို ခံနေရသည့်အလျှောက်မှ ဖြစ်ပေါ်တတ်သော ညီးတွားသံဖြင့် တဟီးဟီးရှိနေလေသည်။ သူတို ့၏ဘေးတွင် အသက်သုံးဆယ် ဝန်းကျင် မိန်းမ တစ်ယောက် ကျွန်ုပ်နှင့်မတိမ်းမရိမ်း မိန်းခလေး နှစ်ယောက်တို ့သည် ရှိနေကြလေကုန်လျှင် ကျွန်ုပ်၏ ဘာသာဘာဝအတိုင်း ကောင်မလေး နှစ်ယောက်ကို တစ်စိုက်စိုက်ကြည့်၍ ရှူနေလေစဉ်အတွင်း (အေးအေးအေး ရတယ်ရတယ်) ဟုဆိုကာ ဘကြီးသည် ပိုက်ကွန်ကို လူငယ်လေးထံမှ ဖြုတ်လေတော့၏
ကျွန်ုပ်မှာ စည်းကမ်းအတိုင်း အလုပ်ချိန်အတွင်း ဘကြီးမှ ဘာမှမပြောသ၍ ဘာမှပြောခွင့်မရှိသည့် အလျှောက် ငြိမ်သက်စွာပင် စိုက်ကြည့်နေတော့၏ ထိုတွင်ပင် ကျွန်ုပ်သည် တစ်စုံတစ်ခုကို ရိပ်စားမိပြီဖြစ်၏။ ဤမျှသောပိုက်ကွန်လေးဖြင့် ညိတွယ်ခြင်းကို ဖြုတ်ရန်မှာ ဘာမျှ အပန်းမကြီးသော ကိစ္စဖြစ်၏ အေကန်စင်စစ် ထိုအခြင်းရာသည် ပြုစားခြင်း သို ့မဟုတ် အတိုက်ခံရခြင်းသာ ဖြစ်မည်မလွဲပေ ဟု တတ်အပ်သိလေပြီတည်း။
ပိုက်ကွန်ကိုဖြုတ်လိုက်ပြီးသည်နှင့် လူငယ်လေးသည် ဘေးရှိအဒေါ်ကြီးထံသို ့ ပြေးသွားလေသည် ထိုအချိန်သည် တစ်ခဏမျှသာ ဖြစ်သည်ဟု ဆိုနိုင်၏ ပိုက်ကွန်ကိုဖြုတ်ပြီးသည်နှင့် ဘကြီးသည် အသင့်ပါလာသော အိတ်အလွတ်ထဲကို ထည့်လိုက်ပြီး (သွားမယ်) ဟုဆိုကာ တဲအပြင်သို ့ထွက်လေလျှင် ထိုလူသည် ငွေစက္ကူအချို ့ကိုပေးလေသောအခါ (မည်မျှမသိပါ) ဘကြီးမှ အိမ့်ကျုံ ့ ကလေးတွင်ထည့်လေ၏ ။ ထိုသူပင်လျှင် ရှေ ့မှ ဦးဆောင်၍ သွားသောနောက်သို ့ လိုက်ရင်း အတန်သွားမိသောအခါ (နာရီဝက်ခန် ့) ဘုန်းကြီးကျောင်း တစ်ခု၏ အဝင်ဝကိုရောက်ကြလေလျှင် ကျောင်းတွင်းရှိခွေးတို ့သည် ထွက်၍လာကြပြီးလျှင် အုတ်အော်သောင်းနင်း ဟောင်ခြင်း၊ အူခြင်းများမှ အသံတို ့သည် ကြက်သီးမွေးညှင်းများပင် ထရလေတော့၏ (ရပြီသွားတော့) ဟု ဘကြီးမှ ပြောလိုက်သောအခါ ထိုလူမှာ ဘာမျှမပြော ဘဲ လှည့်ပြန်သွားတော့၏။ မကြာမီ ခွေးများ၏ ဆူညံသံများကြောင့် ကျောင်းတွင်းမှ ဓာတ်မီးထိုး၍ ကပ္ပိယနှင့် ကျောင်းသားဖြစ်ဟန်ရှိသူတို ့ ရောက်လာကြသောအခါ ဘကြီးမှ ခရီးလွန်လာ၍ တည်းခိုပါမည်အကြောင်း ပြောသောအခါ (ဆရာတောကို ပြောရမဲ) ဟုု မွန်သံဝဲဝဲဖြင့် ပြောပြီး ကျောင်းပေါ်သို ့ရောက်လေလျှင် ဘကြီးမှ ထိုအရပ်ဘက်ကို လက်ညှိုးထိုး၍ ပိုက်ကွန်ကို ပြကာ ပြောဆိုလျှောက်ထားနေ၏ (စကားသံကိုကောင်းကောင်းမကြားရပေ အကြောင်းမှာ ကျွန်ုပ်သည်ခပ်ဝေးဝေးမှ သာ နေခွင့်ရသောကြောင့်တည့်)။ ထိုစဉ်တွင် အချိန်သည် ည ရှစ်နာရီ ရှိပြီဖြစ်၏။ ကျွန်ုပ်မှာ ဘကြီးအသင့်စီမံလာသော ကောက်ညှင်းထုပ် သုံးခုကို ဝါးပြီးလျှင် မတင်းတိမ်သော်လည်း ထိုည ထိုကျောင်း၌ပင် ညအိပ်ခဲ့ရပြီး နောက်နေ ့ ဘုန်းကြီး အာရုံဆွမ်းတီးပြီးသောအခါ မနေ ့ညက ငတ်ထားသမျှကို အတိုးချ၍ အပီအုပ်ပြီး မိုးချင်းချင်းလင်းသောအခါ ဆရာတော်ကို ဦးချကြ၍ လာရာလမ်းအတိုင်းဒိုးကြစဉ် ၌ ကျောင်းဝ သို ့ရောက်သောအခါ ဘုန်းကြီးကျောင်းဆိုင်းဘုတ်မှာ မွန်ဘာသာဖြင့်ရေးသားထားသောကြောင့် ကျွန်ုပ် ဘာသာပြန်၍ မရခဲ့ပေ။
( နောင်များ သိခွင့်ရခဲ့သည်မှာ ထိုကျောင်း၏ အမည်မှာ ပေါကြွိမ် (စိန်) ဟူ၍ခေါ်ပြီးလျှင် ကျွန်ုပ်တို ့ရောက်ခဲ့သော အိမ်များမှာ ရွာများ မဟုတ်ဘဲ အသူရကယ်ဟုခေါ်သော ဘုံသားဟုခေါ်မည်လော ထိုသူသည် သူ၏သားအား ပိုက်ကွန်ဖြင့် အုပ်မိခြင်းကို ဖြုတ်နိုင်စွမ်းမရှိရကာ ကျွန်ုပ်၏ဘကြီးမှ ကူညီဖြုတ်ပေးခြင်းဖြစ်ပြီးလျှင် ထိုပိုက်ကွန်မှာ ကျွန်ုပ်တို ့ရွာ၏ မြစိမ်းေတောင်ဘုန်းကြီးကျောင်းတွင် ယနေ ့တိုင်အောင်ရှိနေပြီး ထိုစဉ်က ထိုသူပေးခဲ့သော ငွေတို ့မှာ ရွာသို ့ရောက်သောအခါ မြရာရွက်အစိမ်းများ ဖြစ်နေကြပြီးလျှင် ထိုအရွက်များကို ဘကြီးမှ သထုံ ဇင်းကျိုက်ဘက်မှ တပည့်လာခံသူ ဆရာ တစ်ယောက်အား ကိုယ်ကျင့်တရားကောင်း၍ ဆုအဖြစ်ပေးလိုက်လေတော့ ခြင်းနှင့်အတူ ထိုစဉ်က ထိုသတင်းသည် ထိုနယ်တွင် ဟိုးလေးတစ်ကျော်လည်းဖြစ်ခဲ့ရလေတော့၏)
ကျွန်ုပ်ဆိုခြင်သည်မှာ ကျွန်ုပ်တွေ ့ဘူးသော အသူရကယ်သည် ဂျိုမရှိခြင်းသည်သာလျှင်တည့်။  အောက်လင့်တွင်အသံဖိုင်ယူပါကုန်ကြ။

What_A_Wonderful_World_(feat._Stevie_Wonder) -သီချင်း လင့်ယူရန်

5 comments

  • PaukPhaw

    November 3, 2010 at 12:26 pm

    စိတ်ဝင်စားစရာပါပဲလား
    ဒီညတော့ စောစောပြန်မှရမယ်..

    ဒို ့က အသဲ နုတယ်..ရဘူး..
    ခုထိ မတွေ ့ဖူးသေးပေမဲ့ ခုထိလဲ မကြီးမငယ်နဲ ့ကြောက်နေတုန်းပဲ
    တားတားကြောက်ကြောက်
    ဒါနဲ ့..
    Rod stewart က ဘာတွေဆိုနေတာလဲ..ဟင် ?

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 3, 2010 at 2:02 pm

    တိဝူး
    မဲရုံကို မဲရုံကို မဲရုံကိုသွားကြစို ့
    ကြက်ဖွတ်ကိုမဲပေးစို ့
    အဲလိုလည်း ဖြစ်ခြင်ဖြစ်မှာပေါ့

  • ်fatty

    November 3, 2010 at 2:57 pm

    နှိပ်စက်တဲ့နေရာမှာတော့ မိုက်ကယ်ပုတို့က နှစ်ယောက်မရှိပေဘူး … သူ့စာကိုအစအဆုံး မဖတ်ချင်ဖတ်ချင်အောင်
    ရေးနိုင်တယ်။ ရွှေဥဒေါင်းနဲ့ နင့်သားငါ့သားဘဲ။

  • ဆူး

    November 4, 2010 at 2:54 am

    ဘကြီးပုညာတယ်.. ဆူးနေတဲ့ ရွာကိုလည်း ရောက်ဘူးဘဲနဲ့..
    ဘကြီးပု ကောက်ညှင်းထုတ် ၃ထုတ် ဆက်တိုက် ဝါးလို့.. ဝမ်းချုပ်ပြီး ပိုစ်တင်ရတဲ့ အထိ ဖြစ်တာ ဖြစ်မယ်

  • bigcat

    November 4, 2010 at 5:37 am

    ဆြာပုကွ။ ပုလည်းပု ကွလည်းကွဆိုတော့ အင်း.. ကောင်မလေးတွေခိုက်မဲ့ရုပ်ပဲ။

Leave a Reply