Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တွန်ဘွိုင်းများနှင့် ကျမ

PhyoNovember 6, 20101min2190

၂၀၁ဝခုနှစ် စက်တင်ဘာလထဲမှာ ကျမ တစ်ခါမှ မကြားခဲ့ဖူးတဲ့ သင်တန်းတစ်ခုကို ကြားခဲ့ရပါတယ်။ အမျိုးသမီးချင်း ချစ်သူများ သီးသန့်သင်တန်းတဲ့။ ကြားခါစက တော်တော်အံ့ဩခဲ့ရတယ်။ ကျမအတွက် ပိုပြီးအံ့ဩစရာ ဖြစ်စေတာက အမျိုးသမီးချင်း ချစ်သူတွေနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေဆိုတာက ကျမတို့ မြန်မာ့လူမှု အသိုင်းအဝိုင်းမှာ တော်တော်လေးကို မရှိသလောက် ရှားပါးတာမို့လို့လေ။ မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး ပြုလုပ်လေ့ရှိတဲ့ လိင်တူချစ်သူများ အခွင့်အရေး သင်တန်းတွေတော့ ကျမကြားသိခဲ့ဖူးတာပေါ့။ ပြီးတော့ ၂၀၁ဝခုနှစ် မေလ ၁ရ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အခမ်းအနားကိုလည်း လိင်တူချစ်သူ တယောက်ဖြစ်တဲ့ ကျမကိုယ်တိုင် တက်ရောက်ပါဝင် ဆင်နွှဲခဲ့တာပဲလေ။ အခုက ထူးထူးခြားခြား လိင်တူချင်းချစ်တဲ့ သူတွေထဲကမှ အမျိုးသမီးချင်း ချစ်သူများသီးသန့် အခွင့်အရေးသင်တန်းတဲ့လေ။

ကျမလည်း နာမည်ကြားကတည်းက ဒီသင်တန်းကို ဖြစ်အောင်ကို သွားကြည့်မယ်လို့ စိတ်ထဲက ဆုံးဖြတ်ချက် ချလိုက်မိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမကိုယ်တိုင်က အမျိုးသားချင်းချင်းကိုသာ ချစ်ခင်စွဲလမ်း နှစ်သက်တဲ့ လိင်တူချစ်သူ တယောက်လေ။ အဲလိုဆိုတော့ ကျမနဲ့ အကြိုက်ချင်း မတူပေမယ့် လိင်စိတ်ခံယူမှုချင်း တူညီတဲ့ ကိုယ့်ရဲ့ ဘက်တော်သားတွေကို သွားပြီးတော့ ကြည့်ရှုအားပေးရဦးမှာပေါ့။

အဝတ်အစားတွေကို ကောက်ညှင်းထုပ်လို ကျပ်ညှပ်နေအောင်ဝတ်၊ စလင်းဘက်အိပ် အကြီးကြီးကို ခပ်ချေချေနဲ့ လွယ်ပြီး ဖင်ကို လိမ်ကျစ် လိမ်ကျစ်နဲ့ လမ်းလျှောက်ပြီးလာတဲ့ ကျမကို ဟိုတယ်အဝင်ဝ ပန်းခြံကြီးထဲက ခုံကလေးမှာ ထိုင်နေတဲ့ ကောင်လေးတယောက်က ကျမ လမ်းလျှောက်သွားရာနောက်ကို မလွတ်တမ်း စူးစိုက်ပြီးတော့ လိုက်ကြည့်နေတာကို ကျမ သတိထားမိလိုက်တယ်။ ကောင်လေးက ဂျာကင်အနက်လေးကို ဘောင်းဘီအကျပ် အနက်လေးနဲ့ စမတ်ကျစွာ ဝတ်စားထားပြီး နေကာမျက်မှန်လေးကို တပ်ထားတော့ အိုး ကျမစိတ်ထဲမှာ ဘယ်ပြောကောင်းမလဲ။ ဗြောင်းဆန်သွားတော့တာပေါ့။ နဂိုကတည်းကကိုမှ ခပ်ကဲကဲ ကျမက အခုလို ကောင်လေး ချောချောလေးက အကြည့်ခံလိုက်ရတယ်ဆိုတော့ အိုး မရှိတဲ့ဖင်ကို ပိုပြီးတော့ လိမ်ကျစ် လိမ်ကျစ်နဲ့ လျှောက်ပြမိတော့တာပေါ့။

အီလို့မှ မဆုံးသေး ဟိုတယ်ရဲ့ အခန်းထဲကနေ ခပ်ချောချော ကောင်မလေးတယောက် ပြေးထွက်လာပြီး ကောင်လေးရှိရာကို တည့်တည့်မတ်မတ် လျှောက်သွားနေတာကို ကျမတွေ့လိုက်ရတယ်။ ပြီးတော့ ကောင်လေးထိုင်နေတဲ့ ထိုင်ခုံမှာ ကောင်မလေး ဝင်ထိုင်လိုက်တော့ ကောင်လေးက ကောင်မလေးရဲ့ ဖခုံးလေးကို သိုင်းဖက်ပြီး ဘာတွေပြောနေကြမှန်းမသိဘူး။ ကျမလည်း အင်မတန်လိုက်ဖက်တဲ့ သူတို့စုံတွဲလေးကို အားကျတဲ့ အကြည့်တွေနဲ့ ခဏရပ်ကြည့်နေမိသေးတယ်။

ပြီးတာနဲ့ ကျမ ဟိုတယ်ရဲ့ ခမ်းမဆောင်ကြီးတစ်ခုထဲကို ဝင်လာလိုက်တယ်။ ကျမဝင်လိုက်တယ်ဆိုရင်ပဲ အမျိုးသမီးတွေရော အမျိုးသားတွေပါ ကော်ဖီသောက်ရင်း စကားပြောသူကပြော ရယ်မောနေသူတွေက ရယ်မောနဲ့ ပျော်ရွှင်နေကြတဲ့ လူအုပ်စုကြီးကို တွေ့လိုက်ရတယ်။ ကျမစိတ်ထဲမှာ သိလိုက်ပါပြီ။ အော် ယောက်ျားလေးလို ဝတ်စားဆင်ယင်ထားတဲ့ သူတွေက ကိုယ့်ကိုယ်ကို ယောက်ျားလေးတယောက်လို ခံယူပြီး ပြောင်းလဲဝတ်စားဆင်ယင်တဲ့ လိင်တူချင်းချစ်သူ အမျိုးသမီးတွေဆိုတာ။ သူတို့တွေထဲက တချို့ကလည်း ကျမကို စိတ်ဝင်တစားနဲ့ စိုက်ကြည့်နေတာကို ကျမသတိထားမိတယ်။ ကျမလည်း အားလုံးကို ပြုံးပြပြီး ကျမအခုလာရောက်တဲ့ အမျိုးသမီးချင်း ချစ်သူများ သီးသန့်အခွင့်အရေး သင်တန်းကို ဦးဆောင် ကမကထပြုလုပ်တဲ့ ကျမ သူငယ်ချင်းဆီကို တန်းပြီးတော့ သွားခဲ့ပါတယ်။ သူငယ်ချင်းကလည်း ကျမကိုမြင်တော့ လာနှုတ်ဆက်ပြီး စကားပြောမယ် မကြံသေးဘူး အခုဏက ဟိုတယ်အဝင်ဝမှာ မြင်ခဲ့ရတဲ့ စုံတွဲလေးက လက်ချင်းချိတ်ပြီး ခန်းမထဲကို ဝင်လာတော့ ကျမဖြင့် မျက်လုံးတွေ ပြူးကြောင်ကြောင်နဲ့ ဖင်ကို လိမ်ကျစ်လိမ်ကျစ်နဲ့ ပဲများခဲ့တဲ့ ကိုယ့်ဟာကိုပဲကျိတ်ပြီး ပြုံးလို့သာ နေလိုက်ရတယ်။ ဘာဖြစ်လို့လဲဆို အခုနကတွဲလေးက ဒီသင်တန်းထဲက လက်စဘီယံ စုံတွဲလေး ဖြစ်နေလို့လေ။

အခုလို အမျိုးသမီးချင်း ချစ်သူများသီးသန့် သင်တန်းကို ပြုလုပ်ရခြင်းနဲ့ ပတ်သက်ပြီးတော့ “ကျနော်တို့ မြန်မာလူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းတွေကြားထဲမှာ လိင်တူချင်းကို ချစ်ကြိုက်တဲ့ အမျိုးသမီးတွေ လိင်တူလိင်ကွဲ နှစ်မျိုးစလုံးကို ချစ်ခင်နှစ်သက် စွဲလမ်းတဲ့ အမျိုးသမီးတွေရဲ့ ဘဝမှာ ကြုံတွေ့ဖြတ်သန်းလာခဲ့ရတဲ့ အခက်အခဲတွေ သူတို့ဘဝတွေမှာ လူ့ပတ်ဝန်းကျင်ရဲ့ ခွဲခြားဖိနှိပ် စော်ကားခဲ့တာတွေ အသိအမှတ်ပြုပေးမှုမရှိပဲ ဝိုင်းဝန်းဖယ်ကျဉ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ ရင်တွင်းခံစားချက် စကားသံတွေဟာ ဘယ်တော့မှ ထွက်ပေါ်လာခြင်း မရှိခဲ့သလို လူမှုအသိုင်းအဝိုင်းရဲ့ မျက်ကွယ်ပြုခြင်းကိုလည်း ဟိုးရှေးယခင်ကတည်းက ခံစားလာခဲ့ကြတာ ဖြစ်ပါတယ်။ တဖက်ကလည်း သူတို့ရဲ့ အသံတွေ သူတို့ရဲ့ အခွင့်အရေးတွေကို ဘယ်လိုတောင်းဆို ရယူရမယ် ဆိုတာကိုလည်း နားလည်သဘောပေါက်ခြင်း မရှိခဲ့ကြသလို သူတို့တွေမှာလည်း အဲဒီလို အခွင့်အရေးတွေ ရှိတယ်ဆိုတာကိုလည်း မသိခဲ့ကြပါဘူး။ လိင်တူချစ်တဲ့ အမျိုးသမီးတွေကြားထဲမှာ အုပ်စုလိုက် စည်းလုံးမှုမရှိပဲ သီးသန့်နေဖြစ်ကြတာတွေ များနေတယ် ဆိုတာကိုလည်း မြင်တွေ့ကြရမှာပါ။ ဘယ်သူကမှလည်း စတင်ပြီးတော့ အုပ်စုဖွဲ့စည်းရုံးလုပ်ဆောင်ပြီး သူတို့တွေရဲ့ ခံစားချက် အသံတွေ အခွင့်အရေးတွေကို တောင်းဆိုမှုတွေ မပြုလုပ်လာကြဘူး။ အဲဒီအတွက် လိင်တူချစ်သူ အမျိုးသမီးတွေရဲ့ ကြားထဲမှာ သူတို့တွေရဲ့ အခွင့်အရေးတွေကို သူတို့ကိုယ်တိုင် တောင်းဆိုလာနိုင်စေရန်နဲ့ တိတ်ဆိတ်နေတဲ့ သူတို့တွေရဲ့ အသံတွေကို မြန်မာ့လူမှု အသိုင်းအဝိုင်းက ကြားလာအောင်၊ ပြီးတော့ သူတို့တွေ အချင်းချင်း စည်းရုံးလုပ်ဆောင်ပြီး အဖွဲ့လေးတွေ ပေါ်ပေါက်လာစေရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီသင်တန်းကို လုပ်ဆောင်ရခြင်း ဖြစ်တယ်”လို့ သင်တန်းကို ကမကထ ဦးဆောင်မှု ပြုလုပ်ခဲ့သူတွေက ကျမကိုပြောပြခဲ့ပါတယ်။

အမျိုးသမီးချင်း ချစ်သူများ သီးသန့်သင်တန်းမှာ ဦးဆောင်ပြီး ဆွေးနွေးသွားသူတွေကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေကို မြန်မာ့လူမှု အဖွဲ့အစည်းနဲ့အတူ လက်တွဲလုပ်ဆောင်နေတဲ့ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ အမျိုးသမီးတစ်ဦးနဲ့အတူ ပွင့်ပွင့်လင်းလင်း မြန်မာ့လိင်တူချစ်သူ အမျိုးသမီးတွေအားလုံးက အားကြိုးမာန်တက် ပူးပေါင်းပါဝင် လုပ်ဆောင်သွားခဲ့ကြတာကို တွေ့ရပါတယ်။ နောက်ပြီး နိုင်ငံတကာ အမျိုးသမီးအခွင့်အရေး စာချုပ်တစ်ခုဖြစ်တဲ့ CEDAW စာချုပ်ကို အသုံးပြုပြီး လိင်တူချစ်သူ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ဘယ်နည်းလမ်းကနေ ချဉ်းကပ်ပြီး အကာအကွယ် ယူနိုင်ကြမလဲ ဆိုတာကိုပါ ဆွေးနွေးသွားခဲ့ကြတယ်လို့လည်း ကျမ စိတ်ဝင်စားဖွယ် ထပ်ပြီးတော့ သိလိုက်ရပြန်တာပေါ့။

ယောက်ျားလေးလို ဝတ်စားဆင်ယင်ထားတဲ့ လိင်တူချင်းချစ်သူ အမျိုးသမီး တယောက်အနား ချဉ်းကပ်ပြီး ဘာတွေများ ဆွေးနွေးဖြစ်ကြလဲလို့ မေးကြည့်တော့ လူမှုအသိုင်းအဝိုင်းက အမျိုးသမီးတွေအပေါ် ပုံစံသတ်မှတ်ချက်တွေ၊ အမျိုးသမီးတွေကိုယ်တိုင် မိမိကိုယ်ကို မိမိ ပုံစံသွတ်သွင်းနေမှုတွေ၊ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိစ္စတွေ၊ အမျိုးသမီးချင်း ချစ်သူတွေအနေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ လိင်ခံစားမှုအရသာကို ရှာဖွေလို့ ရနိုင်တယ် ဆိုတာတွေ၊ လူမှုအသိုင်းအဝိုင်း အတွင်းမှာ လိင်တူချစ်တဲ့ အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်မှုတွေ၊ လိင်တူချစ်တဲ့ အမျိုးသမီးတွေရဲ့ လုပ်ငန်းခွင်တွေထဲမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ အမျိုးသမီးချင်း ချစ်သူတွေနဲ့ ပတ်သက်တဲ့ အထွေထွေ ကျန်းမာရေး ကိစ္စရပ်တွေနဲ့ အခက်အခဲတွေကို ထဲထဲဝင်ဝင် ဆွေးနွေးသွားခဲ့ကြတယ်လို့လည်း သူကပြောပြပါတယ်။

နေ့လည် ထမင်းစား နားချိန်ရောက်တော့ ခန်းမထဲကနေ သင်တန်းသူတွေ တဖွဲဖွဲနဲ့ ထွက်လို့လာခဲ့ကြပါတယ်။ အဲဒီမှာ ခုဏက ကျမနဲ့ စကားပြောနေခဲ့တဲ့ သူငယ်ချင်းက သင်တန်းသူတွေ တချို့နဲ့ မိတ်ဆက်ပေးပါတယ်။ အဲဒီမှာ ပြည်တွင်းမှာ နေထိုင်တဲ့ အမျိုးသမီးတွေ အပါအဝင် ပြည်ပမှာ နေထိုင်တဲ့ အမျိုးသမီးတွေ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးချင်း ချစ်သူတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ သူတို့တွေထဲမှာ လိင်အမှတ်လဏာပိုင်ဆိုင်မှု အမျိုးမျိုးနဲ့ လိင်စိတ်ခံယူမှုပုံစံ အဖုံဖုံကို တွေ့မြင်ရပါတယ်။ တချို့က ယောက်ျားလေးပုံစံနဲ့ ဝတ်စားဆင်ရင် နေထိုင်သလို မိမိကိုယ်ကိုမိမိ ယောက်ျားတယောက်လို ခံယူထားတဲ့ သူတွေလည်း ပါဝင်ပါတယ်။ တချို့ကျပြန်တော့ မိန်းကလေးလိုပုံစံ ဝတ်စားဆင်ယင်တယ် မိန်းကလေးလိုပဲ ခံယူတယ် ဒါပေမယ့် အမျိုးသမီးချင်းပဲ ချစ်တဲ့သူတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းမှာ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေနဲ့ ထိစပ်မှုရှိတဲ့သူ လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေ အခွင့်အရေးအတွက် မဟာမိတ်အနေနဲ့ အားပေးနေတဲ့ လိင်ကွဲချင်းချစ်သူ အမျိုးသမီး အနည်းအငယ်လည်း ပါဝင်နေတာကို တွေ့ရပါတယ်။ တချို့ကြပြန်တော့လည်း ဘာလာလာ အကုန်ရတယ် ငါ့ကိုတော့ ဘာတံဆိပ်မှ လာမခတ်နဲ့ ကျမတို့က Gender Blender (လိင်အမျိုးမျိုးကို ချစ်ကြိုက်လို့ ရနိုင်တယ်ဆိုတဲ့သူ)တွေ၊ လိင်တူလိင်ကွဲ နှစ်မျိုးစလုံးကို ချစ်ကြိုက်တဲ့ အမျိုးသမီးတွေလည်း ပါဝင်နေတာကို တွေ့ရပြန်ပါတယ်။

သူတို့လေးတွေနဲ့ နည်းနည်းပါးပါး စကားပြောပြီးတဲ့ နောက်မှာတော့ သင်တန်းဦးဆောင်တဲ့ သူတွေက ပြောပြပါတယ်။ ဒီအကြောင်းကိုဘယ်သူမှ အပြင်မှာ ထုတ်မပြောဖို့နဲ့ ပြီးတော့ ဒီသင်တန်းကိုလည်း ဘယ်ယောက်ျားလေးကိုမှ လာခိုင်းတာ မဟုတ်ဘူး ကျမကိုတော့ ဂျီမမို့လို့ မျိုးတူသာသနာတူမို့လို့သာ လာလည်ခွင့်ပြုတာလို့ ရှင်းပြတော့ ကျမဖြင့် အမလေး တော်ပါသေးရဲ့ပေါ့ ဘောပြားမတွေ ဆွဲထိုးမခံရတာလို့ ပြန်နှောက်မိလိုက်ပါသေးတယ်။

သင်တန်းဦးဆောင်သူ ပြောပြတာကတော့ လူမှုဘဝထဲမှာ ဖြတ်သန်းခဲ့ရတဲ့ လိင်တူချစ်သူ အမျိုးသမီးတွေရဲ့ ဘဝအတွေ့အကြုံတွေက အလွန်ကို ဆိုးဝါးနေခဲ့ကြတယ်လို့ ဆိုပါတယ်။  မြန်မာနိုင်ငံအနေနဲ့ဆိုရင် လိင်တူချစ်သူ အမျိုးသားတွေထက် လိင်တူချစ်သူ အမျိုးသမီးတွေက ပိုမိုလို့တောင် အခွင့်အရေးတွေ မရရှိကြဘူးလို့လည်း သိရပါတယ်။ သူတို့ ဆွေးနွေးခဲ့တဲ့ ရင်တွင်းခံစားချက် အသံတွေကို ကြားခဲ့ရတော့ စိတ်ထဲမှာ အရင်က မတွေးခဲ့ဖူးတဲ့ အတွေးတွေ တော်တော်လေး ဝင်ရောက်လာခဲ့တယ်လို သူကဆိုပါတယ်။ မြန်မာပြည်မှာနေထိုင်တဲ့ အမျိုးသမီးချင်း ချစ်သူတွေဟာ မိသားစုဝင်တွေရဲ့ လက်ခံကြိုဆိုမှုတွေ မရှိတာတွေ၊ မိသားစုဝင် အချင်းချင်းအတွင်းမှာ လိင်တူချစ်တာကို ရောဂါတစ်ခုဖြစ်တယ်လို့ လက်ခံယုံကြည်ပြီး မိမိရဲ့ သမီးဖြစ်သူက ယောက်ျားလေးတယောက်လို ဝတ်စားဆင်ယင်ပြီး မိန်းကလေးကိုသာ စိတ်ဝင်စားတာကို ပျောက်ကင်းအောင် ယောက်ျားလေးကို စွဲလမ်းချစ်ခင်လာအောင် ယောက်ျားလေးနဲ့ လိင်ဆက်ဆံရတဲ့ အရသာကို ကြိုက်နှစ်သာလာအောင် မုဒိမ်းကျင့်ခိုင်းတဲ့ မိဘတွေလည်း ရှိခဲ့တယ် ဆိုတာကို ရင်နင့်ဖွင့် ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပြပါတယ်။

တချို့ မလွဲရှောင်သာလို့ မုဒိမ်းကျင့်ခံလိုက်ရတဲ့ လက်စဘီယံ (လိင်တူချစ်သူ အမျိုးသမီး) တွေ၊ မုဒိမ်းကျင့် ခံလိုက်ရတဲ့အတွက် မတော်တဆ ကိုယ်ဝန်ရလာတဲ့အခါ အတင်းအကျင် ကလေးမွေးခိုင်းတာတွေ၊ အတင်းအဓမ္မ ယောက်ျားလေးနဲ့ အိမ်ထောင်ချပေး လိုက်တာတွေဟာ အမျိုးသမီးချင်း ချစ်သူတွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာကို ချိုးနှိမ်ဖျက်ဆီးလိုက်သလို သူတို့တွေရဲ့ ဘဝတလျှောက်လုံးမှာ နားကျဉ်းစရာ သူတို့ကိုယ်သူတို့ ရွံ့ရှာစက်ဆုပ်စရာ ဝေဒနာတွေများစွာနဲ့ နောက်ဆုံး မိမိကိုယ်မိမိ အဆုံးစီရင်သွားတဲ့ အမျိုးသမီးချင်း ချစ်သူတွေဟာလည်း လူမှုအသိုင်းအဝိုင်းကြားမှာ အများကြီး ရှိခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ ဘယ်သူတဦးတယောက်ကမှ အရေးတယူနဲ့ ဂရုတစိုက်နဲ့ သူတို့ရဲ့ ခံစားနေရတဲ့ ဝေဒနာတွေ သူတို့တွေရဲ့ အခက်အခဲတွေကို ထုတ်ဖော် ပြောဆိုပေးတဲ့သူတွေ မရှိခဲ့ဖူးဘူးလို့လည်း ရင်နင့်ဖွယ် ကြားသိရပြန်ပါတယ်။ လိင်တူချစ်သူ အမျိုးသမီးတွေ စာသင်ကျောင်းတွေမှာရော မိသားစု ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းမှာ အပါအဝင် ခွဲခြားဖိနှိပ်ခံရတာတွေ အနိုင်ကျင့်စော်ကားခံရတာတွေ အတင်းအဓမ္မ မုဒိမ်းကျင့်ခံရတဲ့ အမှုတွေ စသဖြင့် အဖြစ်အပျက်တွေ အတော်များများက ဘယ်သူမှ မသိလိုက်ပဲ ပျောက်ဆုံးနေခဲ့တာတွေ အများကြီး ရှိခဲ့တယ်လို့ ဆိုပါတယ်။

လူမှုအသိုင်းအဝိုင်းရဲ့ အတင်းအကျပ် ပုံစံသွတ်သွင်းမှုတွေကြောင့်လည်း အမျိုးသမီးချင်း ချစ်သူတွေဟာ သူတို့ရဲ့ လိင်စိတ်ခံယူမှုကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟထုတ်ဖော် ပြောဆိုခွင့် မရရှိပဲ ကြိတ်မှိတ်မြိုသိပ် ဟန်ဆောင်ဖုံးကွယ် နေခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။ လူမှုအသိုင်းအဝိုင်းရဲ့ အမြင်မှာ အမျိုးသမီးချင်း ချစ်သူလို့ မြင်လိုက်တာနဲ့ ယောက်ျားလေးပုံစံ ဝတ်စားဆင်ယင် နေထိုင်တဲ့သူတွေ ယောက်ျားလေး တယောက်လို နေထိုင်မှ အမျိုးသမီးချင်း ချစ်သူဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေတာတွေကိုလည်း သိရတယ်လို့ ဆိုပါတယ်။ အမှန်တကယ်တော့ အမျိုးသမီးချင်း ချစ်ကြိုက်တယ်ဆိုတာ သူတို့တွေ့ရဲ့ ဝတ်စားဆင်ယင်မှုတွေ သူတို့တွေရဲ့ နေထိုင်ပြုမူတဲ့ ပုံစံတွေကို ကြည့်ရုံနဲ့ သတ်မှတ်ပေးလို့ မရပါဘူး။ လိင်တူချင်းကို ချစ်ကြိုက်တယ် ဆိုတာဟာ လူတစ်ဦးတယောက်ချင်းစီရဲ့ လိင်စိတ်ခံယူမှု အပေါ်မှာပဲ အဓိက အခြေခံကျတာ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေမှာ ဆိုရင်လည်း အမျိုးသမီးတယောက်က ယောက်ျားလေးလို ဝတ်စားဆင်ယင်မယ် အမျိုးသမီးချင်း အချင်းချင်းကိုပဲ ချစ်ကြိုက်မိမယ် ဆိုတာနဲ့ ကျောင်းက ဆရာ ဆရာမတွေ ကျောင်းသူ ကျောင်းသားတွေရဲ့ ကဲ့ရဲ့လှောင်ပြောင်ခြင်းတွေ၊ ဝိုင်းဝန်းဖိနှိပ် ဖယ်ကျဉ်ခြင်းတွေ၊ မဝတ်ချင်တဲ့ အမျိုးသမီး အဝတ်အစားကို အတင်းအကျပ် ဝတ်စားဆင်ယင်ခိုင်းတာ ဆံပင်ပုံစံတွေကို ပြောင်းလဲပစ်ခိုင်းတာတွေ နောက်ဆုံး အမျိုးသမီးချင်း ချစ်တဲ့သူတွေ ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ခဲ့ရပဲ ကျောင်းမှ နှုတ်ထွက်သွားရတဲ့ အဖြစ်အပျက်တွေလည်း အမျိုးသမီးချင်း ချစ်သူတွေကြားထဲမှာ ဒုနဲ့ဒေး ရှိနေခဲ့တယ် ဆိုတာကို သူတို့ရဲ့ ရင်ဖွင့်သံတွေ ကနေတဆင့် ကြားခဲ့ကြရတယ်လို့ သိရပြန်တော့ ဪ ကျမတို့ ဂျီမတွေရဲ့ဘဝနဲ့ ထူးမခြားနားပါလား။ လူတွေရဲ့ တံတွေးခွက်တွေမှာ လွန့်လူးရင်းနဲ့ ဒီနေ့ ဒီအသက်အရွယ်အထိ ဘဝကို ရဲရဲရင့်ရင့် ပင်ပင်ပန်းပန်းနဲ့ ခရီးဆက်နေကြရတာ ပါလားဆိုပြီး သူတို့လေးတွေကို ကိုယ်ချင်းစာ ဂရုဏာသက်မိပြန်ပါတယ်။

နောက်ထပ် သိရပြန်တာတွေကတော့ လုပ်ငန်းခွင်မှာ ဆိုရင်လဲ လိင်ကွဲချစ်သူတွေနဲ့ လိင်တူချစ်သူ အမျိုးသမီးတွေ ဘယ်လောက်ပဲ အရည်အချင်း တူညီနေပါစေ သူတို့ရဲ့ ပုံစံ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် အလုပ်က လက်မခံတာတွေလည်း အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲကမှ အမျိုးသမီးချင်း ချစ်သူတယောက်က ဥပမာ ယောက်ျားလေးလိုပုံစံ ဝတ်စားဆင်ယင်ထားမယ် ဆိုပါစို့ သူလျှောက်တဲ့ နေရာကို သူဘယ်လောက်ပဲ အရည်းအချင်း ပြည့်မှီနေပါစေ လုပ်ငန်းခွင်ကနေပြီး အတင်းအကျပ် ဝတ်စားဆင်ယင်မှု ပုံစံပြောင်းခိုင်းတာတို့ ဝတ်စားဆင်ယင်မှု ပုံစံအနေထား မပြောင်းနိုင်ရင် အလုပ်မပေးဘူးလို့ စိန်ခေါ်တော့ သူ့ရဲ့ လိင်အမှတ်လက္ခဏာခံယူမှု (Gender Identity) ကိုလည်း မစတေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆို အဲဒါ သူရဲ့ မွေးရာပါ ကိုယ်ပိုင်အမှတ်လက္ခဏာ ဘယ်လိုမှ မစွန့်လွှတ်နိုင်ဘူးဆိုပြီး လစာအရမ်းကောင်းတဲ့ အလုပ်တခုကို လက်လွတ်ဆုံးရှုံးခဲ့ဖူးတဲ့ လိင်တူချစ်သူ အမျိုးသမီးတယောက် အကြောင်းလည်း ပြောပြရှာပါတယ်။

ကျန်းမာရေးပိုင်းမှာလည်း အမျိုးသမီးချင်း ချစ်သူတွေအတွက် အရေးတယူနဲ့ တသီးတသန့် ပြုလုပ်စီစဉ် ပေးထားတာတွေ မရှိတဲ့ အကြောင်းတွေ၊ ယောက်ျားလေးလို ဝတ်စားဆင်ယင် နေထိုင်တဲ့ အမျိုးသမီးတွေဟာ Public အိမ်သာတွေ အသုံးပြုတဲ့ အခါမှ ပြဿနာ ပေါင်းစုံ အခက်ခဲပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ မိသားစုတွေ အတွင်းမှာလည်း လက်မခံနိုင်ပဲ မိသားစု အသိုင်းအဝိုင်းမှ ဖယ်ကျဉ်တာတွေ၊ အိမ်ပေါ်မှာ နှင်ထုတ်တာတွေ၊ လက်စဘီယံတွေနဲ့ တွဲတဲ့ တချို့ယောက်ျားလေး သူငယ်ချင်းတွေကလည်း ထိကပါး ရိကပါးနဲ့ ကာအိန္ဒြေကို ထိခိုက်ပျက်ပြားအောင် လုပ်တာ၊ ဖင်ပုတ်လိုက် နို့နှိုက်လိုက် ခေါင်းပုတ်လိုက်နဲ့ လက်သရမ်းတာ တွေကိုလည်း အမြဲလိုလို ခံရတဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့တွေရဲ့ အခွင့်အရေးတွေ သူတို့တွေရဲ့ ရင်ဖွင့်သံတွေ သူတို့တွေ လူမှုအသိုင်းအဝိုင်းမှာ ကြုံတွေနေရတဲ့ အခက်ခဲတွေကို ရင်ဖွင့်ပြောဆိုပြီး သူတို့တွေရဲ့ အခွင့်အရေးတွေကို တောင်းဆိုဖို့အတွက် CEDAW စာချုပ်ကနေ အမျိုးသမီးချင်း ချစ်သူတွေရဲ့ အခွင့်အရေးတွေကို တောင်းဆိုလာဖို့ အတွက်လည်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြတယ်လို့ သိရပြန်ပါတယ်။

တချို့ အမျိုးသမီးချင်း ချစ်သူတွေက ဒီလိုမျိုး အမျိုးသမီးချင်း ချစ်သူတွေနဲ့ ပတ်သက်တဲ့ သီးသန့် အခွင့်အရေး သင်တန်းကို သူတို့ဘဝမှ တစ်ခါမှ မကြားခဲ့ဖူးဘူး၊ တက်ရောက်ဖို့ မပြောနဲ့ အိမ်မက်တောင် မမက်ဖူးခဲ့ဖူးဘူးလို့လည်း ဆိုကြတယ်လို့ သိရသလို ဒီသင်တန်းဟာ သူတို့အတွက် ဘဝမှ ပထမဦးဆုံးအကြိမ် လွတ်လွတ်လပ်လပ် ရင်ဖွင့်ခွင့် ရခဲ့တဲ့သင်တန်း အမျိုးသမီးချင်း ချစ်သူတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပထမဦးဆုံးအကြိမ် သိခွင့်ရခဲ့တဲ့ သင်တန်းဖြစ်တဲ့အတွက် ဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့ သင်တန်းတစ်ခု ဖြစ်ခဲ့ကြောင်း နောက်ထပ်လည်း အမျိုးသမီးချင်း ချစ်သူတွေဟာ သီးခြားစီမနေပဲ အားလုံး စုစုစည်းစည်းနဲ့ အဖွဲ့လေးတွေ ပေါ်လာပြီး သူတို့ရဲ့ အခွင့်အရေးတွေကို သူတို့ကိုယ်တိုင် ဖွင့်ဟတောင်းဆိုကြမယ် အားလုံးပူးပေါင်းပြီး လက်တွဲလုပ်ဆောင် သွားကြမယ်လို့ ဆုံးဖြတ်ကြပြီး သင်တန်းကို အောင်မြင်စွာ အဆုံးသတ် ခဲ့ကြပါတယ်လို့ ဆိုပါတယ်။

လိင်တူချင်း အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အမျိုးမျိုး၊ အဖြစ်အပျက်မျိုးစုံကို နားထောင်လို့ အပြီးမှာတော့ ကျမ အပြေးပြိုင်ပွဲတခုကို အဆုံးသတ် ခဲ့ရသလိုမျိုး မောဟိုက် နွမ်းလျလို့ သွားခဲ့ပါတယ်။ ဒါပေမယ့် ကျမပြန်တော့မယ်ဆိုပြီး စလင်းဘက်လည်းအဆွဲ “Lesbian Rights in Burma- မြန်မာနိုင်ငံက လိင်တူချစ်သူ အမျိုးသမီးများအတွက် အခွင့်အရေး” ဆိုပြီး တညီတညွတ်တည်း အော်လိုက်တဲ့ အသံကို ကျမ ကြားလိုက်ရတဲ့ အချိန်မှာတော့ ကျမတကိုယ်လုံး ကြည်သီးတွေထသွားပြီး ပြောပြလို့ကို မတတ်တဲ့ ခွန်အားလိုင်းလုံးတခု ကျမရဲ့ ခန္ဓာကိုယ်ထဲကို အလုံးအရင်းနဲ့ စီးဝင်လို့သွားခဲ့တာကို ကျမကောင်းကောင်းကြီး ခံစားလိုက်ရပါတယ်။ ပြီးတော့ ကျမရဲ့ ခြေလှမ်းတိုင်းဟာလည်း ပေါ့ပါးလို့ တလှမ်းချင်းလှမ်းရင်း ဟိုတယ်ထဲကနေ ထွက်လို့ လာခဲ့ပါတော့တယ်။

ကျမ အတွေးထဲမှာတော့ အနာဂတ်မှာ မြန်မာ့အမျိုးသမီးချင်း ချစ်သူလေးတွေ သက်တံရောင် အလံကို ကိုင်ဆွဲရင်း ကိုယ်တိုင် ဦးဆောင်ကာ အမျိုးသမီးအခွင့်အရေးနဲ့ လိင်တူချင်းချစ်တဲ့ သူတွေရဲ့ အခွင့်အရေး လှုပ်ရှားမှုတွေအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နေကြတာကို စိတ်ကူးပုံဖော်ရင် ကျမရဲ့ နှုတ်ခမ်းတစုံ ကွေးညွတ်သွားအောင်အထိ အားရပါးရပြုံးလိုက်ရင်း ကျမ စိတ်ထဲမှာ ဝမ်းသာကျေနပ်ပီတီ ဖြစ်ခဲရပါတော့တယ်။

အုတ်အော်သောင်းနင်း

www.coloursrainbow.com