ပဋ္ဋိစ္စသမုပ္ပါဒ်ဘယ်ကစ Beginning
ဒီတခါတော့ ကျနော်တို့ မြန်မာဗုဒ္ဓဘာသာဝင်များကြားမှာ ရေပန်းစားတဲ့ ပဋ္ဋိစ္စသမုပ္ပါဒ်စက်ဝန်း တရားတော်ကို သဲအင်းဂူဆရာတော်ကြီး ပြောတဲ့အတိုင်း တင်ပြပါ့မယ်။ မိုးကုတ်ဆရာတော် ဘုရားကြီး ဟောခဲ့တဲ့ နည်းကတော့ ပညာရှိများ တရားစာပေနဲ့ ရင်းနှီးကျွမ်းဝင်သူများ အတွက် လို့ မှတ်ယူနိုင်ပြီး သဲအင်းဂူနည်းကတော့ စာနဲ့ဝေးတဲ့ လက်တွေ့ ပိုအားသန်သူများအတွက် လိုရင်းတိုရှင်းလို့ အလွယ် သတ်မှတ်နိုင် ပါတယ်။ စာလိုပြောရင်တော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဘဝ ဇာတိ ရုပ်နာမ် သင်္ခါရ စသဖြင့် အစဉ်လိုက် ကြောင်းကျိုးစပ်ဆက်မှုတွေနဲ့ပါ။ အလွယ်နည်း မှာတော့ သိမှုနာမ်ကလေးက ပဋ္ဋိစ္စသမုပ္ပါဒ် လည်တာပါ။ ရုပ်နာမ်နှစ်ပါး တိုက်ဆိုင်လို့ဖြစ်ရတဲ့ ခံစားမှု ဝေဒနာအပေါ်မှာ ငါဆိုတဲ့ စွဲလန်းခြင်း ကြောင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ အကုသိုလ် ဥပါဒါန်တရားတွေဖြစ်ပြီး သေခါနီး စုတေစိတ်ချိန်မှာ ပြိတ္တာခန္ဓာ ၊ ငရဲခန္ဓာ၊ တိရိစာ္ဆန်ခန္ဓာ တွေရ၊ ဒီတော့ အပ္ပါယ်လေးဘုံမှာ သက်ဆိုင်ရာ ရုပ်နာမ်တွေနဲ့ ဇာတိဖြစ်ကြ ပျက်ကြ နဲ့ အဆုံးအစမရှိ ဓမ္မစက်ဝန်းကြီး လည်ပါတော့တယ်။
ဒီနေရာမှာကြုံလို့ ဂျပန်ဇင်ဗုဒ္ဓဘာသာ သင်ကြားချက်တခုကို ကောက်နုတ်ပါရစေ။ သီလရှင် တပါးဟာ လသာညတခုမှာ နှီးရေပုံးနဲ့ ရေခပ်လာတုန်း လမ်းမှာနှီးပတ်ပြေ ပုံးဖင်ပွင့်ပြီး ရေတွေအကုန် ထွက်ကြကုန်ပါတယ်။ ရေလည်းကုန်ရော ပုံးထဲမှာ ပေါ်နေတဲ့လလည်းပျောက် သီလရှင်ကြီး လည်း ညဏ်အလင်းပွင့်သွားပါသတဲ့။ အဲဒီဖြစ်ရပ်ဟာ ရှိခြင်းမရှိခြင်း၊ ဖြစ်ခြင်းပျက်ခြင်း ပရမတ်သစ္စာတရားကို ရည်ညွှန်းတယ်လို့ ခံစားမိ ပါတယ်။ ကျနော်တို့ပြောနေတဲ့ ကောင်းတယ်ဆိုးတယ်၊ ချောတယ်လှတယ်၊ နာတယ်ကိုက်တယ် ဆိုတာ ရှိတယ်လည်း မဟုတ် မရှိတယ် လည်း မဟုတ်၊ ဖြစ်တယ်လည်း မဟုတ် ပျက်တယ်လည်းမဟုတ်၊ ရှိလိုက်မရှိလိုက် ဖြစ်လိုက်ပျက်လိုက် အစဉ်ပြောင်းလဲခြင်း သင်္ခါရသဘောသာ ရှိပါတယ်။ အလှူတခုကိုပြုလို့ စိတ်ကောင်းဝင်လိုက် စိတ်ရိုင်းဝင်လိုက် မေ့သွားလိုက် ပြန်သတိရလိုက် ဖြစ်လိုက်ပျက်လိုက် သဘောတရားသာ ရှိပါတယ်။ နာမ်သည် ဇာတိတရားကို ဖြစ်စေသော တရားခံလို့ ပြောရမှာပါ။
ရုပ်တရားတွေဖြစ်တဲ့ ဥပမာ- အဆင်းပသာဒရုပ်နဲ့ အမြင်ရုပ်တို့မှာ သိမှုခံစားမှုသဘော မရှိ၊ အဆင်းရုပ်ကလည်း ဖြစ်ပြီးပျက်တဲ့သဘော၊ အမြင်ရုပ်ကလည်း မြင်တတ်တဲ့ သဘောပဲရှိပါတယ်။ သိမှု နာမ်ကနေပြီး ယောက်ျား မိန်းမ မွှေးတယ် နံတယ် ကောင်းတယ် ဆိုးတယ် စသဖြင့် မရှိတဲ့ပညတ်ချက် တွေတင်လိုက်လို့ အကုသိုလ်စိတ်တွေ ဖြစ်ပြီး ခန္ဓာအစဉ်လည်ရတာပါ။ တကယ်သိရမှာ ဖြစ်ပြီးပျက် သွားတဲ့သဘော၊ ဘယ်တော့မှမဆုံးမဲ့ ရုပ်ဖောက်ပြန်ခြင်း၊ နာမ်၏ခံစားခြင်း သင်္ခါရသဘောကိုပါ။ မရှိတဲ့ စိတ်တွေကနေ လွတ်မြောက်သွားရင် ကာလဝိမုတ္တိ စိတ်ကျပြီး သောတ္တာပတ္တိဖိုလ် အရသာ ခံစားနိုင် ကြပါတယ်။ စိတ်ကျပုံ ဆိုတာကလည်း တခဏ၊ မကြာခဏနဲ့ အမြဲထာဝရ ဆိုပြီးသုံးမျိုးရှိလို့ အဲဒီလို စိတ်ပေါ်တိုင်း အရိယာဖြစ်ပြီလို့တော့ မယူဆနိုင်၊ ဒါပေမဲ့ ခဏဖြစ်ရင် ခဏငြိမ်းမယ်၊ အမြဲဖြစ်ရင် အမြဲ အေးငြိမ်းမယ်။ အနည်းဆုံးတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို သူများပြောမဟုတ် ကိုယ်တိုင်ခံစားရလို့ ယုံကြည်မှု သဒ္ဒါတက်ပြီး ဆထက်တပိုး အားထုတ် နိုင်ကြပါလိမ့်မယ်။
ရှုမှတ်သူဟာ ဖောက်ပြန်တဲ့ ဝေဒနာပေါ်တိုင်း အဝိဇ္ဇာ ခံစားမှုတွေဖြစ်တဲ့ နာတယ်၊ ကျင်တယ်၊ အကောင်း၊ အဆိုး၊ ယောက်ျား၊ မိန်းမ စတာတွေကို ဖယ်ပြီး ဖောက်ပြန်တဲ့ ရုပ်ဝေဒနာရယ်လို့ ပညာနဲ့ သိရပါမယ်။ ဝေဒနာမှာ အပြင်ရုပ်နဲ့အတွင်းရုပ် တိုက်ဆိုင်လို့ဖြစ်တဲ့ ဖဿဝေဒနာ (ဥပမာ မိန်းမရုပ်နဲ့ အမြင်ရုပ်) နဲ့ ခန္ဓာအတွင်းက ဓာတ်ကြီးလေးပါး ဖောက်ပြန်လို့ဖြစ်တဲ့ ဝေဒနာ ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီနှစ်မျိုးစလုံးကို ဝိဇ္ဇာပညတ်ချက်ဖြစ်တဲ့ ရုပ်ဖောက်ပြန်လို့ဖြစ်တဲ့ ဝေဒနာလို့ ပြောင်းမှတ်နေနိုင်ရင် လည်နေတဲ့ ပဋ္ဋိစ္စသမုပ္ပါဒ် စက်ဝန်းရပ်လို့ သွားပါတယ်။ ရပ်နေတဲ့အချိန်မှာ သေခဲ့ရင် ကုသိုလ်စိတ်နဲ့ မိုလို့ သုဂတိဘုံကို ရောက်ပါလိမ့်မယ်။ ဒါပေမဲ့ မလွတ်သေးလို့ နိဗ္ဗာန်ကိုတော့ မရောက်သေးပါဘူး။
ဒါကြောင့် ရပ်တာကနေ လွတ်အောင် ရှုမှတ်နေတဲ့ ဝေဒနာဆိုတဲ့ ပညတ်ချက်ကို သိမှုသဘော နာမ်အဖြစ်သို့ ပြောင်းရပါတယ်။ ရုပ်သက်သက်ကို၌မှာ ခံစားခြင်း သဘောမရှိ၊ နာမ်ကလိုက်သိနေတာ ဝေဒနာသည်နာမ်လို့ ခံစားမှုကို ပြောင်းရပါတယ်။ ရုပ်နဲ့နာမ်သည် ခွဲလို့ရကောင်းသော အရာမဟုတ်၊ နာမ်ကြီးပဲ သက်သက် မတည်နိုင်၊ တွေးတယ်ဆိုတာ ကလည်း အခံဓမ္မရုပ် (ပြီးခဲ့သောဖြစ်ရပ်) မရှိဘဲ မဖြစ်နိုင်၊ ရုပ်ပဲသက်သက် တည်မယ်ဆိုလည်း အသုဘရုပ်ကြီးဖြစ်လို့ ပုပ်ပွယိုယွင်း သွားမယ်ဆိုတာ သိနေသင့်ပါတယ်။ ဒါဆိုရင် ဘာကြောင့် ရုပ်ကဖြစ်တဲ့ ခံစားမှုဝေဒနာကို နာမ်ကိုပြောင်းရသလဲဆိုတာ စိတ်ရှင်းသွားပါပြီ။
နောက်ဆုံးအဆင့်ကတော့ သိမှုနာမ်ကို မတည်မြဲ၊ ခံစားပြီး ပျက်တယ်လို့ ဝိဇ္ဇာပညတ်ချက် အဖြစ်ကို ပြောင်းလိုက်ခြင်းပါပဲ။ ပြန်ချုပ်ရရင် ရုပ်ဖောက်ပြန်လို့ ဝေဒနာဖြစ်တယ်၊ ဝေဒနာသည်နာမ်၊ ခံစားပြီးပျက်ဆိုတဲ့ ဖြစ်စဉ်ပါ။ စိတ်ကလေးက အမြဲတည်သွားနိုင်ရင် နာမ်ချုပ်လို့ ဖောက်ပြန်မှု ဝေဒနာ တိုင်းဟာ ရုပ်ဓမ္မ နာမ်ဓမ္မ သင်္ခါရ ပြောင်းလဲခြင်း ဖြစ်စဉ်သဘောလေးမျှသာ ရှိတော့ပါတယ်။ တနည်း ပေါ်ဆဲရုပ် ပေါ်ဆဲနာမ် ကိုပဲ စိတ်ကျပြီး ရုပ်ဖောက်ပြန်တိုင်း နာမ်က ခံစားတယ်၊ ခံစားပြီးပျက်တယ်ဆိုတဲ့ ပြောင်းလဲခြင်း ပစ္စုပ္ပန်ဆတ်ဆတ်ကလေး သဘော၌သာ ရုပ်နာမ် နှစ်ပါးစလုံး တည်နေခြင်းဖြစ်ပါတယ်။ ဖြစ်တာပျက်တာ အကောင်းအဆိုး ခံစားတာ မရှိတော့ဘဲ သူ့သဘောသူဆောင် ပြောင်းလဲခြင်း သင်္ခါရ သက်သက်ပဲ ကျန်ကာ ဒုက္ခဝေဒနာမရှိတော့၊ အကုသိုလ် စိတ်စေတသိက်တွေ ချုပ်ပြီး ဝိမုတ္တိကုသိုလ် စိတ်တွေချည်းပဲဖြစ်လို့ အောက်မဂ် ဖိုလ်ကို အာရုံပြုသွားပါတယ်။ ဒါကြောင့်မို့ ပဋ္ဋိစ္စသမုပ္ပါဒ် တရားကို အလွယ်အားဖြင် လည်စေတာ နာမ်လေးကလို့ သိထားပြီး နှလုံးသွင်း မှန်မှန် နဲ့ ရှုမှတ်သွားရင် လိုရာကို မပင်ပန်း မကြာရှည်ဘဲ ရောက်နိုင်လို့ လက်ဆင့်ကမ်း ဝေမျှလိုက်ပါရစေ။
အကျယ်လေ့လာလိုပါလျှင် www.theinngu.org ဖြစ်ဖြစ် http://www.mediafire.com/kotseikkosit သွားဖို့ တိုက်တွန်းအပ်ပါတယ်။
3 comments
weiwei
December 24, 2010 at 8:03 pm
စာနဲ့ရှင်းပြတာကိုဖတ်ရတာတော့ ခက်သလိုထင်ရပါတယ် …
ဖတ်မိတော့လဲ အနဲနဲ့အများတော့ အကျိုးရှိလို့ ကျေးဇူးတင်ပါတယ် ….
maungmoenyo
December 24, 2010 at 8:25 pm
ပဋိစ္စသမုပ္ပါဒ် အစ ဓမ္မစက္ကပဝတ္တန ကပါ…။ ဖြစ်ပျက်သမျှအားလုံးဟာစက္ကန့်မပြတ်တရစပ် ဖြစ်ပျက်နေကြပါတယ်။ တခုပြီးတခုဖြစ်တာမဟုတ်ပါ။ တပြိုင်တည်းဖြစ်နေတာပါ။ ပြီးခဲ့တဲ့စက္ကန့် (ဒိထက်သေးတဲ့ ပရမာသဘောနဲ့ပြောလိုလဲရပါတယ်) ကဖြစ်ခဲ့တာခုစက္ကန့် မှာပြောက်သွားပါတယ်။ ပေါ်ပြီးသမျှ ချုပ်သွားပါတယ်။ မတည်ပါဘူး။ မမြဲတာကိုမမြဲဘူးလို့သိဘို့လိုပါတယ်။ ဒွိဟဖြစ်စရာအကြောင်းမရှိပါဘူး။ ဒီဖြစ်ပျက်စက်၉ိုင်းကိုရှည်စေတာက ‘ငါ’ ဆိုတဲ့အတ္တပါ။ “ငါ”ဆိုတာရဲ့နောက်မှာ ကိလေသာ ကအားပေးခွင့်ကြုံလိုက်လို့ကတော့ သံသရာမှာတပါတ်လည်ပြည်ရောပေါ့။ ဒါကိုကိစ္စတိုင်းမှာ apply လုပ်နိုင်ရင် ပဋိစ္စသမုပ္ပါဒ် ရဲ့သဘော ကြောထောက်နောက်ခံကိုပုံပေါ်သွားပါလိမ့်မယ်။
အပြောလွယ်သလောက် နားလည်ရခက်ပါတယ် နော်။
maungmoenyo
December 24, 2010 at 8:34 pm
ဓမ္မေ – တရား၌၊
ဌိတော – တည်သော၊
ကော – အဘယ်သူသည်၊
မရဏဿ – သေခြင်းတရားကို၊
ဘာယေ – ကြောက်ရအံ့နည်း။
မမြဲတဲ့သဘောရဲ့အနှစ်သာရကိုနားလည်ပြီး သံသရာရဲ့ကြောက်မက်ဖွယ်ရာအကောင်းဆုံး သေခြင်းသဘောအထိကို တကယ်နားလည်ကြအောင် ကြိုးစားနိုင်ကြပါစေ၊ လက်တွေ့ဘဝမှာအသုံချနိုင်ကြပါစေ….လို့…နှစ်သစ်လက်ဆောင်အဖြစ်ပါးလိုက်ရပါတယ်။
(Mandalay Gazette ဝိုင်းတောသားရွာသူရွာသားအပေါင်းတို့အတွက် မောင်မိုးညို ရဲ့ဘဝခရီးဆောင်လေးတခု)