ကြံ့ခိုင်ရေးပါတီကို မေးပါရစေ (နေမျိုးဝေ)

Good IdeaNovember 12, 20101min1300
ကျနော် နေမျိုးဝေကို မကြိုက်ပါ။ လူတတ်ကြီးလုပ်လွန်းသည်ဟု မြင်သည်။ စကားပြောလျှင်လည်း အချိုးမပြေ။ သူရေးတဲ့ဆောင်းပါးတွေ ကျနော့်ဆီ အမြဲပို့ပေးလေ့ရှိပေမယ့် မအားတာရော၊ မတိုက်ဆိုင်တာရောကြောင့် သိပ်မဖတ်ဖြစ်။ သို့သော် ဒီတခေါက်တော့ ကြံ့ခိုင်ရေးပါတီကို မေးပါရစေ လို့ ခေါင်းစဉ်ပေးထားတော့ ကျနော့်ကို ဖမ်းစားနိုင်ခဲ့သည်။ ဖတ်ကြည့်လိုက်တော့လည်း လယ်ယာမြေကိစ္စတွေနဲ့ ပတ်သက်ပြီး သူတင်ပြထားတာ အတော်ကောင်းသည်။

ဒီလယ်ကိစ္စတွေကို သူက ပိုနားလည်ပေမပေါ့။ သူက တောကတက်လာတဲ့ လယ်သမားပေကိုး။ ကဲ နေမျိုးဝေကတော့ လယ်ကိစ္စကို သူနားလည်သလောက် ကြံ့ခိုင်ရေးကို မေးခွန်းထုတ်ထားပြီ။ မိတ်ဆွေတိုပလည်း ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေကို မိတ်ဆွေတို့နယ်မှာ အနိုင်ရသွားတဲ့ လွှတ်တော်အမတ်တွေကို အကြံပြု၊ တင်ပြ၊ တောင်းဆိုကြဗျာ။

လွှတ်တော်အမတ်ဆိုတာ ကိုယ်ပေးတဲ့ မဲကြောင့်နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ ဒီနယ်ကလူတွေအားလုံးက ဖြစ်ချင်တာ။ ဖြစ်လိုတာတွေကို  အဲဒီလွှတ်တော်အမတ်က ကိုယ့်ရဲ့ ကိုယ်စား လွှတ်တော်ထဲမှာ တင်ပြပေးရမယ့် တာဝန်ရှိတယ်လေ။

ကဲ နေမျိုးဝေက ကြံ့ခိုင်ရေးပါတိကို  ဘာတွေ မေးခွန်းထုတ်ထားသလဲ ဖတ်ကြည့်လိုက်ပါဦး။

ကြံ့ခိုင်ရေးပါတီကို မေးပါရစေ
(နေမျိုးဝေ)

(၁)    နိုင်ငံတော်ရ/သုံးငွေများကို အများပြည်သူကိုထုတ်ပြန်တာ ကောင်းပါသလား။ (ပွင့်လင်းမြင်သာမှု)

(၂)     လယ်ယာမြေဂရန် ထုတ်ပေးတာ ကောင်းပါသလား။ ( ပုဂ္ဂလိကလက်ကိုင်ခွင့် )( စက်မှုလယ်ယာ )
( အမြောက်အများထုတ်လုပ်ခြင်း ) (စက်ရုံစိုက်ပျိုးရေး)
(၃)     ငွေလဲနှုန်းနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဆက်စပ်ပါသလား။ ( အလုပ်အကိုင်အခွင့်အလမ်း )
(၄)     တက္ကသိုလ်တွေ အကွဲကွဲအပြားတည်ရှိနေတာ နဲ့ တစ်နေရာတည်းမှာ ကျောင်းသားတွေ စုဆုံနိုင်တာ ဘယ်ဟာကပိုကောင်းပါသလဲ ( ယဉ်ကျေးမှုများ ဖလှယ်ခြင်း )

မပြောင်းလဲက ဆယ်စုနှစ်တစ်ခုကျော်လျှင် နိုင်ငံမွဲတေလိမ့်မည်။ ဤနေရာတွင် ကျွန်တော်၏အမြင်သာဖြစ်ပါသည် ။ အမှန်တကယ် တိုင်းပြည်မွဲနိုင်မမွဲနိုင် စာဖတ်သူစဉ်းစားရန်သာဖြစ်ပါသည်။

ကျွန်တော်တို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးပေါ်တွင် အခြေစိုက်နေရသေးသောအဆင့်သာ ရှိပါသည်။ လူဦးရေ ၅ဝ ရာခိုင်နှုန်းခန့်သည် မြေကြီးကိုတကယ်နှိုက်နေရမှ ထမင်းစားရသည်။ နောက်ထပ် ၂ဝ ရာခိုင်နှုန်းခန့်က
မြေကြီးနှိုက်သူ ၅ဝ ရာ ခိုင်နှုန်းရှိမှ ထမင်းစားရသည်။

နိုင်ငံတခုတွင် မြေကြီးဧရိယာသည် ကိန်းသေဖြစ်သည်။ လူတွေတိုးလာသည်။ လိုအပ်သော စားနပ်ရိက္ခာကို လယ်ယာမြေတွေဧရိယာ တိုးချဲ့စိုက်ပျိုးပြီး ဖြေရှင်းခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ လယ်တွေတိုးဖို့ သစ်တောတွေကို
ဖြုတ်ခဲ့ရသည်။ (ရောင်းစားဖို့ ခုတ်တာကသပ်သပ်ဖြစ်သည်)

ယခု ၂၀၁ဝ ပြည့်နောက်ပိုင်းမှာတော့ တိုးပွါးလာသည့် လူဦးရေအတွက် စားနပ်ရိက္ခာကို လယ်မြေဧရိယာတိုးပြီး ဖြေရှင်းဖို့မဖြစ်နိုင်တော့။ သစ်တောကလည်း သဘာဝရေထိန်းတော ၊ သဘာဝလေကာတော၊ အသက်ကယ်ရန် တောသာ ကျန်တော့သည်။ လယ်မြေတိုးရန် နေရာ ကုန်ပြီဖြစ်သည် ။ (ယနေ့မှစပြီး လယ်ယာမြေ ကိန်းသေဖြစ်ပြီ)

အခြားနိုင်ငံများ လွန်ခဲ့သော ရာစု နှစ်များကတည်းက ယခုအခြေအနေမျိုးစိုက်ခဲ့ပြီးပြီ။ ကျွန်တော်တို့ စက်မှုခေတ်ကြီးကို ဖြတ်နိုင်မဖြတ်နိုင်ထက် ထမင်းမငတ်ရေးခေတ်ကို ကြိုတွေးရတော့မည်။ လယ်ယာမြေဧရိယာမတိုးနိုင်လျှင် ဘာလုပ်ရမည်နည်း။ ဧရိယာချင်း အတူတူမှာ တိုးတက်ထုတ်လုပ်နိုင်ဖို့ ပြင်ရမည်။

အပြောသာလွယ်သည်။ တိုးတက်ထုတ်လုပ်ဖို့က ခက်သည် ။ စက်မှုလယ်ယာပြောင်းမည်။ မရ။ အကြောင်းက …..

စက်မှုလယ်ယာဆိုသည်မှာ
တချို့က စက်မှုလယ်ယာဆိုတာကို နားလည်မှုလွဲနေသည် ။ ကျွဲတွေနေရာ စက်တွေဝင်လာလျှင် စက်မှုလယ်ယာဖြစ်ပြီဟု ထင်သည်။ လုံးဝမဟုတ်။ ကျွဲနှစ်ကောင်နေရာကို ဒေါင်ဖန်း ၁၈ ကောင် တစ်စီးဝင်လာတာသည် စက်မှုလယ်ယာမဟုတ်သေး။ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းနှင့် အမြောက်အများထုတ်လုပ်ခြင်း၏ အကျိုးစီးပွါးကို နားလည်ဖို့ လိုသည်။
စက်မှုလယ်ယာဆိုသည်မှာ –
(၁)     အလုပ်ခွဲခြားလုပ်ကိုင်ခြင်း
(၂)     အမြောက်အများထုတ်လုပ်ခြင်း
(၃)     စနစ်ကျသော စီမံခန့်ခွဲမှု ၏ အကျိုးကို ခံစားတတ်ခြင်း
အဲဒါတွေကို ရည်ညွှန်းလိုတာဖြစ်သည် ။

ဥပမာပြရသော် –
ပိုက်ဆလပ်ရွာက ကရင်ကြီး ဦးနီ ထွန်စက် ပီနီယံကြွေသွားသည်။ ဒါလေးတစ်ခုအတွက် မြို့ကိုတက်လာသော လမ်းစရိတ်။ အချိန်နှောင့်နှေးကြန့်ကြာမှု။ သူ့ လယ်တစ်ကန့်ကျော်က ဦးကုလားကြီး ကွန်နက်တင်း ဂန်ဂျီပင် ချောင်နေ၍ စက်ဖြုတ်ပြီး သူ့ဘာသာသီးသန့် မြို့တက်လာရသည် ခရီးစရိတ်အချိန် ။ ဒါတွေသည် အကွဲကွဲအပြားပြား
စီမံခန့်ခွဲမှု နှင့် သေးသေးကွေးကွေး စနစ်မကျမှုတို့ ကြောင့်ပေါ်လာသော ဆုံးရှုံးမှုများဖြစ်သည် ။
အင်ကြီးအားကြီး နှင့် အမြောက်အများထုတ်လုပ်သော ဧကထောင်ချီစိုက်ကွင်းကြီး၏ စီမံခန့်ခွဲမှုကို လေ့လာမှန်းဆရသော် …
စက်ပစ္စည်း စတို ရှိမည်။
အင်ဂျင်ဝိုင် နှင့် ဆီဂိုဒေါင်ရှိမည်။
ဝပ်ရှော့ရှိမည် ။ ( ခုဏစရိတ်တွေ မလေလွင့်တော့ )
စက်များပြုပြင်ထိန်းသိမ်းသော စနစ်ဇယားရှိမည်။
စက်ပြင်လုပ်သားများရှိမည်။
စက်မောင်းလုပ်သားများရှိမည်။
ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဂိုဒေါင်ရှိမည်။
ပညာရှင် အနည်းဆုံး တစ်ယောက်ရှိမည်။

မျိုးစေ့ မလေလွင့် ၊ ရိတ်သိမ်းမလေလွင့် ၊ ဓါတ်မြေဩဇာ ရေထဲမြောမသွားသောစနစ် ဒါတွေ ရှိမည်။
ဝန်ထမ်းသားသမီးများအတွက် ကျောင်းဖယ်ရီ ပေါ်လာမည်။ ဝန်ထမ်းမိသားစုများအတွက် အသက်အာမခံနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကျစ်လစ်လာမည်။

ဒါတွေကို မြင်ကောင်းမြင်မည်။ တဆက်တည်း မြေရှင်အရင်းရှင်စနစ်ကို ကြောက်တဲ့ရောဂါ ပါတွဲရလာသည်။ မြေရှင်တွေ အရင်းရှင်တွေ ဂုတ်သွေးစုတ်မည်လို့တွေးပြီး ကြောက် လာသည်။ (လက်ဝဲသူငယ်နာ)

အမှန်က အရင်းရှင်စနစ်ကို ကျွန်တော် အသက်သွင်းနေတာမဟုတ်ပါ ။ အရင်းရှင် စီမံခန့်ခွဲမှုစနစ်ရဲ့ တစ်ခုတည်းသော ကောင်းမွန်မှုအမွေကိုသာ ဖော်ထုတ်တင်ပြနေတာ ဖြစ်ပါသည်။ စက်ရုံစီမံခန့်ခွဲမှု အလုပ်ခွဲခြားလုပ်ကိုင်တတ် ခြင်းသည် အရင်းရှင် စီမံခန့်ခွဲမှု၏ တစ်ခုတည်းသော အမွေကောင်းဖြစ်ပါသည်။

(ဒီနေရာမှာ လက်ဝဲ အစိုးရတွေ လုပ်တတ်သော နိုင်ငံတော်ပိုင်စိုက်ကွင်း၏ စီမံခန့်ခွဲ မှုနှင့် ကွာပေလိမ့်မည်။ ရေသာခိုမှု ၊ ခြစားမှု ၊အကျိုးခံစားခွင့် ကွာမည်။)

ဂုတ်သွေးစုတ်ဖို့ တိုက်တွန်းမည်မဟုတ်ပါ။ အလုပ်သမား အခွင့်အရေး ၊ မိသားစုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ၊ အလုပ်သမား မိသားစုများ၏ ကလေးပညာရေးစောင့်ရှောက်မှုများကို နိုင်ငံတော်က ကြပ်မတ်ပေးယုံသာ။  ကြပ်ပေးရမည်သာ။ လုပ်ငန်းရှင်ကြီးကို ကြပ်ပေးရမည်သာ။

ဒီနေရာမှာ ကန်ထရိုက်ဖမ်းမင်း (ကန်ထရိုက် + လယ်သမား) ဆိုပြီး အော်လာတာကလည်း အောင်မြင်မည်မဟုတ်ဟု ကျနော်မြင်သည် ။ အကြောင်းက …
ကန်ထရိုက်ဖမ်းမင်းသည် မြေမဲ့ယာမဲ့မပေါ်ဘဲ စက်မှုလယ်ယာအစစ် ဖြစ်စေပါသည်။ သို့သော် ..ခက်နေသည်က ယုံကြည်မှုဖြစ်ပါသည် ။ လယ်သမားသေးသေးလေးတွေ ပိုင်ဆိုင်သော ဧရိယာကြီးကို ငွေရှင်သူဌေးကြီးနှင့် ကန်ထရိုက်
ဖမ်းမင်း တွဲကြမည် ဆိုပါစို့ —
ငွေရှင်ကြီးက .. ငွေစိုက်၍ လယ်မြေတွေ တာပတ်မည် ။ ကန်သင်း အတစ်အတစ်တွေ ဘူဒိုဇာ နှင့် ထိုးဖြိုမည် ။ ဒီနေရာမှာတင် ပြဿနာကစလေပြီး ။ ယခု နိုင်ငံတော်ရဲ့ လယ်ယာမြေပေါ်လစီက လယ်လုပ်သူ လယ်ပိုင်ခွင့်ဖြစ်သည် ။ ဂရန်ဟူသော စာချုပ်စာတမ်း သက်သေခံလက်မှတ် လယ်သမားတွေမှာမရှိ။ ပေါင်နှံရောင်းချ ငှားရမ်းခွင့်မရှိ။
ဒီတော့ လယ်ိသမားလေးတွေက သူဌေးကြီး ကိုမယုံ တွေးသည်။  (ဒင်းတနေ့သိမ်းသွားမှဖြင့် ပူသည်)
ကမ်ထရိုက် နဲ့ ဖမ်းမင်း မပေါင်း နိုင်တော့ ငှက်ကျီးတောင်သွေး၍ ဂျင်ကလိချွန်တဲ့ လယ်သမားတွေသာ ပေါ်လာမည် ။ ဒါ့ကြောင့် လက်ရှိ လယ်သမားတွေကို ဂရန်ထုတ်ပေးပြီး သက်သေခံရှိသူ ပိုင်ကြေး။ ( လယ်ယာမြေ
ပေါင်နှံရောင်းချခွင့် ဥပဒေပြုပေးဖို့လိုသည် ) တနည်းအားဖြင့် လယ်ယာမြေကို ဈေးကွက်ဘောင်သွင်းပေးတာဖြစ်သည်။
သို့မှသာ လယ်သမားအကြီးကြီး ပေါ်လာနိုင်သလို ကန်ထရိုက်ဖမ်းမင်း (သူဌေးနဲ့လယ်သမားအသေးများ ပူးတွဲစနစ်လဲပေါ်မည်။) သို့မှသာ ထုတ်ကုန် နှစ်ဆ တက်မည် ။ နို့မို့လျှင် ထမင်းငတ်ကိန်းပါဆိုက်မည်ဟု ကျနော် သုံးသပ်ပါသည်။

ဘယ်လိုနိုင်နိုင် အနိုင်ရခဲ့သော ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမတ်တွေကို မေးချင်ပါသည်။
ခင်ဗျားတို့ လက်ကမ်းစာစောင် ကျနော်ရသည် ။ ခေါင်းစဉ်က ပြည်သူ့အကျိုး ပြည်ခိုင်ဖြိုး ဟုပါလာသည်။
ပါတီမူဝါဒများ ဆိုတဲ့နေရာမှာ တောင်သူလယ်သမားရေးဆိုင်ရာ မူဝါဒတစ်ခုကို ထောက်ပြချင်သည်။
တောင်သူလယ်သမားများ၏ လူမှုစီးပွါး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။
လယ်လုပ်သူ လယ်ပိုင်ခွင့်   ကို အာမခံမည် ။ တဲ့ …

ပြည်ခိုင်ဖြိုးကို ရှင်းအောင်မေးချင်သည် ။

လယ်လုပ်သူ လယ်ပိုင်ခွင့်ဆိုတော့ လယ်မလုပ်တော့လျှင် လယ်မပိုင်တော့ဘူးလား။
မြို့ကို ပြောင်းချင်လို့ လယ်ရောင်းချင်ရင်ရမလား။
ဒီနှစ် မလုပ် နိုင်လို့ ( အဖေ မမာလို့ ( နေမကောင်းလို့ ) အငှားချခွင့်ရှိမလား။)
လယ်ရှိကြောင်းစာချုပ်ပြပြီး ငွေချေးခွင့် ရှိမလား။

လုပ်ငန်းခွင်သာယာမှုမရှိဘူး။ တောတွေကကလေးတွေ ၄ တန်းအောင်ရင်ကျောင်းပြီးပြီ။ (ခင်ဗျားတို့ကို ထောက်ခံခဲ့တဲ့ လယ်သမားတွေက လယ်လုပ်သူ လယ်ပိုင်ခွင့်ဆိုတာကို လယ်မလုပ်တော့ရင် လယ်မပိုင်ဘူးဆိုတာ မသိကြသေးပါဘူး ။ (ကျွန်တော်လဲဖွဖို့ မအားဘူး)

နိုင်ငံတော်ကသိမ်းရင် ဘယ်ဈေးနဲလျှော်မလဲ။ မလျှော်တော့ဘူးလား။ အခုကတော့ မလျှော်ဘူးနော်။

ဆယ်စုနှစ် တစ်ခုကျော်ရင် နိုင်ငံအငတ်ဘေးကြုံနိုင်တဲ့ကိစ္စ ဖြစ်နေလို့ လယ်ယာမြေ ဂရန် ထုတ်ပေးရေးကို အရင်ပြောလိုက်ပါတယ်။

ပညာရေး
အလုပ်အကိုင်အခွင့်အလမ်းအရေး
တိုင်းရင်းသား အရေး
ခင်ဗျားတို့စာရွက်ကို ကိုင်ကိုင်ပြီး မေးရပါလိမ့်မယ်

နေမျိုးဝေ
အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
12.11.2010