ငါးမျှားချိတ်ကို မမြင်သော ရွေးကောက်ပွဲဝင်ပါတီများ – ၂

Good IdeaNovember 16, 20101min924

ရွေးကောက်ပွဲနေ့ရောက်တဲ့အခါမှာတော့ ပြည်သူတွေက NLD ခွဲထွက် NDF အပါအဝင် စစ်တပ်နဲ့ အဆက်အသွယ်ကင်းတဲ့ အရပ်သားပါတီတွေကို ပုံအောပြီး မဲပေးခဲ့ကြပါတယ်။ ဒါကြောင့် အရပ်သားပါတီ အမတ်လောင်းတွေက ရပ်ကွက်၊ ကျေးရွာရုံးတွေမှာ တိုက်ရိုက်ပေးတဲ့ မဲနဲ့ အစောပိုင်းမှာ နိုင်နေခဲ့ကြပေမယ့် ဘောလုံးပွဲစကားနဲ့ ပြောရရင် ပွဲပြီးခါနီးအချိန်မှာ ဒိုင်လုပ်တဲ့ မဲရုံမှူးတွေ၊ ကော်မရှင်တွေ အကူအညီနဲ့ ကြံ့ဖွံ့က ကြိုတင်မဲဆိုတဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ မဲတွေနဲ့ ပယ်နယ်တီတွေ တလုံးပြီးတလုံး သွင်းပြီး အောင်ပွဲခံသွားတဲ့ အခါမှာတော့ ပါတီတွေ အမော့ဆို့ပြီး အသက်ထွက်မတတ် ဖြစ်သွားပါတော့တယ်။
ကဲ ပြည်သူတွေကတော့ သူတို့ရဲ့ အသည်းကြားက မဲတပြားကို ပုံအောပေးခဲ့ပြီးပြီ။ ကြံ့ဖွတ်နဲ့ ခွေးယှဉ်ပြီး အရွေးခံရင်တောင် ခွေးကိုပဲ  ပေးခဲ့ကြမယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။ ဒီမိုကရေစီ အင်အားစု အမတ်လောင်းများ နိုင်ကြပါရဲ့လား။

ပါတီဥက္ကဋ္ဌတဦးနဲ့ ကျနော် အလွတ်သဘော စကားပြောဖြစ်တဲ့အခါမှာသူက “ဒီအစိုးရ ဒီလောက်အောက်တန်းကျ ယုတ်မာ၊ ညစ်ပတ်လိမ့်မယ်လို့ ကျနော်မထင်ခဲ့မိဘူးဗျာ”တဲ့။ သူ့အတွက် နိုင်ငံရေးသင်္ခန်းစာတခု ရခဲ့ပါတယ်တဲ့။ ဝန်ခံသွားရှာပါတယ်။ သနားစရာ သွပ်..သွပ်…သွပ်
နဂိုကတည်းက ပြည်သူ့ဆန္ဒကို အလေးမထားသော နအဖသည် ဤ ၂၀၁ဝ ရွေးကောက်ပွဲမှာရော အလေးထားပါ သလား။ ပြည်သူတို့၏ အသည်းကြားက မဲပြားတွေ ရေနှင့်အတူ မြောသွားကြပြီ။ လေနှင့်အတူ လွင့်သွားကြပြီ။ ပြည်သူ့အကျိုး လုပ်ပါမည်ဟု ဆိုသော အမတ်လောင်း အနည်းစုသာ လွှတ်တော်ထဲရောက်မည်။ သူတို့ ဘာများ လုပ်နိုင်မည်နည်း။

သူတို့ အစိုးရမဖွဲ့နိုင်ကြပါ။ ပြည်နယ်ဝန်ကြီးတွေကိုလည်း သမ္မတကသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်ဝန်ကြီးလည်း မဖြစ်နိုင်ပါ။ ပြည်သူအကျိုး ရည်ရွယ်လျှင်တော့ အတိုက်အခံ ပါတီသာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် လူများစုဖြစ်တဲ့ ကြံ့ဖွံ့နဲ့ စစ်တပ်က အချောင်သမား စစ်သားကိုယ်စားလှယ်တွေကို ဘယ်လို အံတုနိုင်ပါမည်နည်း။

ဥပမာပြောရလျှင် ပြည်သူကို အကျိုးပြုမည့် ဥပဒေတခုကို အတိုက်အခံအနည်းစုက လွှတ်တော်အတွင်း တင်သွင်းလာပြီ ဆိုပါစို့။ လူများစု ကြံ့ဖွံ့နဲ့ စစ်တပ်က ကန့်ကွက်လျှင် သဘောမတူလျှင် အဲဒီဥပဒေက စာရွက်ထဲမှာပဲ ရှိနေမှာဖြစ်ပါတယ်။ အတည်ပြု ပြဌာန်းဖို့ မဖြစ်နိုင်ပါ။

ထိုနည်းတူစွာပဲ ကြံ့ဖွံ့နဲ့ စစ်တပ်က တင်သွင်းချင်တဲ့ ဥပဒေကို အတိုက်အခံ အရပ်သား အမတ်တွေက ကန့်ကွက်ပါစေ။ သူတို့အချင်းချင်း ထောက်ခံရင် ပွဲပြီးသွားပါပြီ။ ပြဌာန်းနိုင်ပါပြီ။ သူတို့မှာ လုံလောက်တဲ့ အင်အား ရှိနေပြီကိုး။

လွှတ်တော်ထဲမှာ အချောင်သမား စစ်သားကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း၊ စစ်ဗိုလ်ထွက်တွေ ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီက ၅၅ ရာခိုင်နှုန်းကျော်။ အဲဒီ လူယုတ်မာ အုပ်စုနှစ်ခုပေါင်းတော့ လွှတ်တော်ထဲမှာ ၈ဝ ရာခိုင်နှုန်းကျော်။ ကဲ ဘယ်မှာလဲ အပြောင်းအလဲ။ ကုလားကြီးနဲ့ ဘာဘူကြီးဖြစ်နေတယ် မဟုတ်ပါလား။

ရွေးကောက်ပွဲဝင်ပါတီတွေ နွားမရွံ့ပိတ် အရောင်းခံလိုက်ရပါပြီ။ ဘယ်တုန်းကမှ ကတိမတည်တဲ့ အစိုးရကို ထပ်ယုံကြတာကိုး။ တခါသေဖူးလည်း ပျဉ်ဖိုးနားမလည်။ ၂ ခါသေဖူးလည်း ပျဉ်ဖိုးနားမလည် ဖြစ်နေပါပြီ။

အခု ပါတီတွေက ကြိုတင်မဲကြောင့် ရှုံးရလို့ နအဖကို တိုင်နေကြပါတယ်။ ပါတီတွေရဲ့ တိုင်စာတွေဖတ်ပြီး ဗိုလ်သန်းရွှေက ဝါးလုံးကွဲ ထိုင်တောင်ရီနေပါလိမ့်ဦးမယ်။ နအဖကိုယ်တိုင် မဲတွေခိုးဖို့၊ ကြိုတင်မဲတွေနဲ့ ညစ်ဖို့ စီစဉ်ညွှန်ကြားထားတဲ့ဟာကို “ကြိုတင်မဲကိစ္စဟာ မတရားပါဘူး။ အဖြစ်မှန်ပေါ်ပေါက်အောင် ဖြေရှင်းပေးပါ”လို့ ပြောနေတော့ သူခိုးတဲ့အမှုကို သူ့ဘာသာပြန်ဖော်ခိုင်းသလို ဖြစ်နေမှာပေါ့။

ပါတီများအတွက် ခုမှတော့ ဘွာတေးလုပ်လို့ မမှီတော့ပါ။ ပွဲကပြီးသွားပါပြီ။ အခုကတော့ သူတို့ကို အကာအကွယ်ပေးထား၊ ဗိုလ်ကျခွင့်ပေးထားတဲ့ အခြေခံဥပဒေကြောင့် အရင်ထက် ပိုဆိုးသွားပြီ။

ဒါကြောင့် ရွေးကောက်ပွဲမှာ နိုင်ခဲ့တဲ့ပါတီတွေရော၊ ရှုံးခဲ့တဲ့ပါတီတွေရော တခုတိုက်တွန်းချင်ပါတယ်။ လူမိုက်ကို အပေါင်းအသင်းမလုပ်ခြင်းဟာ မင်္ဂလာတပါးလို့ ဗုဒ္ဓမြတ်စွာဟောကြားတော်မူပါတယ်။

နအဖဟာ “လူမိုက်” ဖြစ်ပါတယ်။ လူမိုက်တောင်မှ ကမ္ဘာ့အကြီးဆုံး လူမိုက်ဂိုဏ်းကြီးပါ။ ဒီလို လူဆိုးလူမိုက်တွေနဲ့ တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံနေရင် ရေရှည်မှာ အကျိုးမဲ့ ပျက်စီးကြပါလိမ့်မယ်။

အနီးစပ်ဆုံး ဥပမာပေးရရင် အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုပဲ ကြည့်ပါ။ ၁၉၉၄ ကနေစပြီးတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကစလို့ ငြိမ်းချမ်းရေးလုပ်လိုက်တာ ၂၀၀ဝ ခုနှစ်ရောက်တော့ ၁ရ ဖွဲ့ဖြစ်သွားပါပြီ။

အပစ်အခတ်ရပ်စဲရေး စလုပ်ကာစ အချိန်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သူတို့နယ်မှာ ဘုရင်တဆူလိုကို လုပ်ပိုင်ခွင့်ပေးထားပါတယ်။ စီးပွားရေးလုပ်ခွင့်တွေလည်း ရလိုက်တာမှ မနည်းမနောပါ။ အဲဒါက အဆင်ပြေနေတဲ့ အချိန်ပေါ့။

ဟော အခုကျတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိမယ့် နယ်ခြားစောင့်တပ်ဖွဲ့ဖို့ အတင်းအကြပ်လုပ်နေပါပြီ။ ဒါကြောင့် စစ်ရေးတင်းမာမှုတွေ ဖြစ်နေတာပါ။ ဒါကြောင့် နအဖဟာ လိုရင်တမျိုး၊ မလိုရင်တမျိုး လုပ်တတ်တယ်ဆိုတာ အသိသာကြီးပါ။

ထိုနည်းတူစွာပဲ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ သူတို့ချည်းပဲ လုပ်လို့မဖြစ်တဲ့အတွက် လူစည်သွားအောင် ပါတီတွေကို ခေါ်၊ ဝင်ပြိုင်ခိုင်းပြီး၊ ဟန်ပြရွေးကောက်ပွဲလုပ်၊ နောက်ဆုံးတော့ သူတို့ပဲ အနိုင်ယူလိုက်ပါတယ်။

ဒါကြောင့် ပါတီတွေကို တိုက်တွန်းချင်တာကတော့ နအဖနဲ့ပေါင်း၊ သူတို့ခင်းပေးတဲ့လမ်းကို လျှောက်ရင်တော့ ခရီးဆုံးက ချောက်ကမ်းပါးပဲ ဖြစ်သွားပါလိမ့်မယ်။ လူမိုက်ကို ဆက်မပေါင်းပါနဲ့တော့။

ပညာရှိ သူတော်ကောင်း လူလိမ္မာများနဲ့ ပေါင်းကြပါ။ အဲဒီ လူလိမ္မာများ ဘယ်မှာရှိသလဲ မသိရင် ပြည်သူများကို မေးလိုက်ပါ။ သူတို့ လမ်းညွှန်ပေးကြပါလိမ့်မယ်။

အားလုံးကို လေးစားလျှက်…

Good Idea

4 comments

  • tun

    November 16, 2010 at 2:35 pm

    စစ်အစိုးရကို အမည်ပြောင်းထားတာပဲဖြစ်မှာပါ ။

  • The Reds

    November 16, 2010 at 2:51 pm

    ဒါ က အ ရှင်း ကြီး ပဲ ကို ………. ဗျာ ။

  • unclegyi1974

    November 16, 2010 at 2:58 pm

    မှန်လိုက်လေဗျာ ကိုအိုင်ဒီယာရေ
    သာမာန်ပြည်သူတွေသိနေတဲ့အသိမျိုးမရှိတဲ့
    အာဏာငန်းဖမ်းနေတဲ့ဒီလိုပါတီတွေ
    ဘယ်လိုအားကိုးရမလဲဗျာ

  • timothy

    November 16, 2010 at 4:33 pm

    ကျွန်တော်တို့သပိတ်မှောက်တဲ့အဖွဲ့တွေဘယ်လောက်တားတား၊ ရွေးကောက်ပွဲအတုအကြိုကာလကလဲသန်းသန်းရွှေတို့မိန်းမရွှင်များအဖွဲ့က အရိပ်မကဘူးအကောင်လိုက်ကြီးပြူးပြဲနေအောင်ညစ်ပတ်ပြနေတာလဲတကယ်မမြင်လို့ဘဲလား၊မြင်ရက်နဲ့မျက်ကန်းဝင်တိုးလားဘဲ။ဘယ်သူမှတားလို့မနိုင်ဘူး။ခုတော့ဒီမိုကရေစီအတုအယောင်တွေလူထုဒဏ်၊အာဏာရှင်ဒဏ်ခံရတာကောင်းတယ်။

Leave a Reply