ဒေါ်အောင်ဆန်းစုကြည်ကို မဇ္ဈိမ အယ်ဒိတာ ကိုစိန်ဝင်းက တယ်လီဖုန်းမှတဆင့် ဆက်သွယ်မေးမြန်းချက်

ဂ်စ္စူNovember 18, 20102min1340

ရ နှစ်ကြာ နေအိမ်အချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့က လွတ်မြောက်လာခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ၊ အင်တာနက်နှင့် မီဒီယာသစ် သုံးစွဲမှု၊ တိုင်းရင်းသားအရေး၊ ဂျွန်ယက်ထောကို ဘယ်သူလွှတ်လဲ၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ၊ လုံခြုံရေး အကြောင်းများ မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ကိုစိန်ဝင်းက တယ်လီဖုန်းဖြင့် မေးမြန်းထားသည်။

ကျနော် ပထမဆုံး အိန္ဒိယနဲ့ ပတ်သက်တဲ့ မေးခွန်းမေးချင်တယ်ခင်ဗျ၊ အိန္ဒိယလူထုအနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဘာများလုပ်ပေးနိုင်တယ် အန်တီ ထင်လဲခင်ဗျ။

အန်တီတို့ နိုင်ငံ ၂ နိုင်ငံဟာ လွတ်လပ်ရေးကြိုးပမ်းတဲ့ ကာလကနေစပြီး မိတ်ဆွေတွေလို ရဲဘော်ရဲဘက်တွေလို လုပ်ခဲ့ကြတာ၊ အခုနောက်ပိုင်းမှာတော့ အိန္ဒိယ ပြည်သူတွေက သိသင့်သလောက် မသိဘူးလို့ အန်တီထင်တယ်၊ အဲဒါ ပိုပြီးတော့ သိနိုင်ရင် ပထမဆုံး ခြေလှမ်းပဲ။

အိန္ဒိယ ပါလီမန်၊ အစိုးရက ဘာတွေလုပ်နိုင်တယ် ဘာတွေဖြစ်သင့်တယ်လို့ အန်တီပြောချင်လဲ။

အိန္ဒိယနိုင်ငံက ဒီမိုကရေစီနိုင်ငံဆိုတော့ အခုမေးလိုက်တဲ့မေးခွန်းနဲ့ ခုနတုန်းက ပြောလိုက်တဲ့ကိစ္စနဲ့ ဆက်နွယ်နေတယ်၊ ဒီမိုကရေစီနိုင်ငံဆိုတော့ ပြည်သူလူထုက နိုးကြားတက်ကြွပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်ပေးချင်တဲ့ စိတ်ဓာတ်တွေရှိရင် ပါလီမန်နဲ့ အစိုးရကလဲ လျစ်လျူရှုထားလို့ ရမှာမဟုတ်ဘူး၊ အဲဒါကြောင့်မလို့ ပထမဆုံး ခြေလှမ်းက အိန္ဒိယ ပြည်သူလူထုအနေနဲ့ အန်တီတို့ ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်းကို ပိုပြီး သိဖို့၊ ထောက်ခံလာဖို့လိုတယ်။

အိန္ဒိယဘက်က ပြောလေ့ပြောထရှိတာက တရုတ်က မြန်မာပြည်ထဲကို လွှမ်းမိုးလာတယ်၊ နောက်တခုက မြန်မာပြည်မှာ ဒီမိုကရေစီကို ဖြည်းဖြည်းချင်း ပြောင်းလဲ ဖြစ်ထွန်းလာတာက ပိုကောင်းတယ်ဆိုတဲ့ အယူအဆတွေရှိတယ်၊ အဲဒီအယူအဆနဲ့ ပတ်သက်ပြီးတော့ အန်တီ့အမြင်ကကော ဘယ်လိုလဲခင်ဗျ။

အဲဒါမျိုးဆိုရင် တရုတ်နဲ့ဆက်ဆံရေးကိုပဲ အဓိက စဉ်းစားနေသလို ဖြစ်နေဘူးလား၊ မြန်မာပြည်ရဲ့ အခြေအနေကိုစဉ်းစားတာထက်။ အဲဒီတော့ မြန်မာပြည်ရဲ့ အခြေအနေကို စဉ်းစားတဲ့နေရာမှာ တကယ်ပဲ မြန်မာပြည်အခြေအနေကို စဉ်းစားနေတာလား၊ တရုတ်နဲ့ အိန္ဒိယဆက်ဆံရေးကို စဉ်းစားနေတာလား ဆိုတာ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ကွက်ကွက်ကွင်းကွင်းသိအောင် လုပ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ဒီမိုကရေစီသာ မြန်မာပြည်နဲ့ ကိုက်ညီတယ်၊ မကိုက်ညီဘူးဆိုတာက အန်တီတို့ မြန်မာတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။

တချို့အနောက်နိုင်ငံတွေ ယူဆတာကလဲ မြန်မာအစိုးရ ပြောတာနဲ့ သွားတူတယ်နဲ့တူတယ်၊ ဖြည်းဖြည်းချင်းပေါ့လေ၊ အဲဒီပုံစံက ပိုကိုက်တယ်ဆိုပြီးပြောကြတော့ အဲဒီအပေါ်မှာကော အန်တီ့အမြင်က ဘယ်လိုရှိလဲ။

တဆင့်ချင်းသွားတဲ့ ပုံစံကို ပိုကိုက်တယ်ဆိုတဲ့ အယူအဆကို ခိုင်မာတဲ့အတွေးအခေါ်တွေနဲ့ ပြနိုင်ဖို့ လိုပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ လူမျိုးရေး ပဋိပက္ခတွေဖြစ်ခဲ့တာကြာလို့ ဖြည်းဖြည်းလေး ဒီမိုကရေစီဆီ သွားရမယ်ဆိုတဲ့ဟာက ပြောင်းပြန်ပြောလို့လဲရတာပဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီမရှိလို့ ဒီလူမျိုးရေး ပဋိပက္ခတွေက ပိုပြီးတော့ ဖြစ်နေသေးတယ် ဆိုပြီးတော့လဲ ပြောလို့ရတာပဲ၊ ဒါက ကိုယ်ကြိုက်သလို ကိုယ်ဆွဲပြီးတော့ ပြောလို့ရတာပဲ။ ဒါပေမဲ့ တကယ် အဓိက စဉ်းစားရမှာက အခုအခြေအနေတွေဟာ ပြည်သူလူထုကို ဘယ်လောက်အထိ အကျိုးပေးနေသလဲ၊ အကျိုးပေးအောင်လို့ ဘယ်လိုလုပ်ရင်ရမလဲ ဒါကိုစဉ်းစားရမှာပါ။

အန်တီ့ ကျန်းမာရေး အခြေအနေကော ဘယ်လိုရှိလဲခင်ဗျ။

ကျန်းမာရေးကတော့ ကောင်းပါတယ်၊ အလုပ်ကတော့ ရှုပ်တာပေါ့၊ အသက်ရှုဖို့အချိန်တောင် နည်းနည်း, နည်းနေသလိုပဲ။

သားနဲ့ ဖုန်းပြောဖြစ်တယ်လို့ကြားတယ်၊ သားကော ပြည်ဝင်ခွင့်ဗီဇာ ရပြီလားခင်ဗျ။

အဲဒါကလေ ပေးမယ်လဲ မပြောဘူး၊ မပေးမယ်လဲ မပြောဘူး၊ ဒီလိုပဲ စောင့်နေရတော့မှာပေါ့။

မိခင်တယောက်အနေနဲ့ ဆုံးဖြတ်ရတဲ့အခါကျတော့ ဒီလိုမျိုးစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အန်တီ ဘယ်လိုဖြတ်သန်းလဲ။

ဒါပေမယ့်လဲ အန်တီ့ထက် ပိုခက်ခဲတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတဲ့လူတွေ အများကြီးလေ၊ ဘာပဲပြောပြော အန်တီ့ရဲ့ သားတွေက မတောင့်မတ မကြောင့်မကြနဲ့ နေနိုင်တဲ့အနေအထားပေါ့နော်၊ လူ့အခွင့်အရေးအပြည့်အဝရတဲ့ နိုင်ငံတွေမှာ နေရတယ်၊ စားရေး သောက်ရေး နေရေးထိုင်ရေးအတွက် ပူပင်စရာမလိုဘူး၊ တခြားကလေးတွေ အများကြီးဟာ တနေ့နဲ့တနေ့ ဘယ်လို စားရမယ်၊ သောက်ရမယ်၊ နေရမယ်၊ ထိုင်ရမယ်ဆိုတာ မသိတဲ့အခြေအနေမှာ ရှိနေပါတယ်၊ သူ့တို့မိဘတွေကလဲ သူတို့ကလေးတွေကို မကူနိုင်တဲ့ အနေအထားမှာ ရှိတယ်၊ အဲဒီတော့ အန်တီ့အနေနဲ့ ဆိုးတယ် ပြောရအောင် တခြား မိဘတွေကို ဘယ်လို မျက်နှာနဲ့ သွားပြီးတော့ ကြည့်မှာလဲ။

အန်တီ့လုံခြုံရေးအတွက် စိုးရိမ်ကြတယ်လို့ ပြောကြတယ်၊ အဲဒီအပေါ်မှာ တယောက်ယောက် အနှောက် အယှက် ပေးလိမ့်မယ်လို့ အန်တီ ထင်လား။

ဒါကတော့ အရင်တုန်းက အနှောက်အယှက်ပေးခဲ့တာတွေ ရှိခဲ့ဖူးတော့ မလုပ်ဘူးလို့လဲ ပြောလို့မရဘူးပေါ့၊ ဒါပေမဲ့ ဒါအနှောက်အယှက်ပေးမှာပဲလို့ ဒါကိုပဲ ရှေ့တန်းတင်ပြီးတော့ ကိုယ့်ရဲ့ လုပ်တာကိုင်တာတွေကို အဲဒီအပေါ်မှာ အခြေခံပြီးတော့ လုပ်လို့လဲ မဖြစ်ဘူးလေ။ လူငယ်တွေကော၊ လူကြီးတွေကော အန်တီ့ကို တော်တော်လေး ဂရုစိုက်ကြပါတယ်၊ သူတို့ တတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်ပါတယ်၊ လုံခြုံရေးအတွက်လဲ တတ်နိုင်သလောက် အစီအစဉ်တွေ လုပ်ပြီးတော့ ဆင်ဆင်ခြင်ခြင်နေကြပါတယ်။

မစ္စတာ ယက်ထော လာခဲ့တဲ့အပေါ်မှာကော လူတွေက အမျိုးမျိုးပြောကြတယ်ခင်ဗျ၊ အန်တီ ဘယ်လိုထင်လဲ၊ စစ်တပ်က အကွက်ချလိုက်တယ်လို့ ထင်လားခင်ဗျ။

အန်တီကတော့ အဲဒါကို တကယ်ပဲ ဖြေလို့မရဘူး၊ အန်တီ မသိဘူး၊ ဘယ်ဘက်ကိုမှ အန်တီ မယိမ်းဘူး၊ ဒါ စစ်တပ်ကလွှတ်လိုက်တယ်ဆိုတာလဲ အမှန်အတိုင်းပြောရရင် အန်တီ မထင်ဘူး၊ ဒါပေမယ့်လဲ တကယ့်ကို လွှတ်လိုက်တာ မဟုတ်ဘူးလို့လဲ တိတိကျကျကြီး ၁ဝဝ ရာခိုင်နှုန်းတော့ ပြောလို့မရဘူး၊ အန်တီ့အနေနဲ့တော့ မထင်ဘူးလို့ပဲ ပြောရမှာပဲ။

အန်တီ့ ဟောပြောပွဲကို လူငယ်တွေလည်း အတော်လာကြတယ်၊ အန်တီအနေနဲ့ လူငယ်တွေ အမျိုးသမီးတွေကို ဘာပြောချင်လဲ၊ ဘာလုပ်ပေးချင်လဲ။

အန်တီမြင်ရတဲ့ အင်အားတွေကိုလေ တကယ်ပဲ သေသေချာချာ ထိရောက်အောင် လုပ်စေချင်တယ်၊ အင်အားတွေကတော့ ရှိတယ်၊ စွမ်းရည်တွေကတော့ ရှိတယ်၊ ဒါပေမဲ့လို့ ဒီအင်အားစွမ်းရည်တွေကို မှန်မှန်ကန်ကန် ထိထိရောက်ရောက်နဲ့ တိုင်းပြည်ကောင်းကျိုးအတွက် အများကောင်းကျိုးအတွက် အဲဒါလဲ သူတို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းပေါ့နော်၊ အတ္တဟိတ၊ ပရဟိတ္တ နှစ်ခုလုံးအတွက်ဖြစ်အောင်လို့ မှန်မှန်ကန်ကန် စနစ်တကျ သုံးနိုင်ဖို့ အန်တီ အားပေးချင်တယ်၊ တတ်နိုင်သမျှ အကူအညီပေးချင်တယ်။

ဟုတ်ကဲ့ မှန်မှန်ကန်ကန်ဆိုတာ သူတို့အနေနဲ့ နိုင်ငံရေးထဲမှာ ပါဝင်လာရမယ်လို့ ဆိုလိုတာလားခင်ဗျ။

အဲဒီလိုတော့ မဟုတ်ဘူး၊ အဟောသိကံ မဖြစ်သွားအောင်လို့ပေါ့၊ အင်အားတွေကို အတ္တဟိတ သဘောနဲ့ ကိုယ့်အတွက်ပဲ ကိုယ်သုံးမယ်ဆိုရင်၊ ရေရှည်မှာ ကိုယ်လဲ အကျိုးမပေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင်မလုပ်နိုင်လို့ရှိရင် ကိုယ်တယောက်ထဲ ကောင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ နိုင်ငံရေးလို့ပဲ ပြောပြော၊ လူမှုရေးလို့ပဲ ပြောပြော၊ အန်တီ့ရဲ့ အယူအဆကတော့ နိုင်ငံရေးနဲ့ လူမှုရေးဆိုတာခွဲခြားလို့မရပါဘူး၊ ဒီလို စိတ်ဓာတ်တွေကတော့ ရှိရမယ်၊ နိုင်ငံသားတယောက် ထားသင့်တဲ့ စိတ်ဓာတ်ပေါ့နော်၊ အန်တီတို့ ခေတ်တုန်းကတော့ ပြည်သူ့နီတိ ဆိုပြီးတော့ သင်ရတယ်၊ အဲလို စိတ်ဓာတ်မျိုးတွေပေါ့။

လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အခုတလော စစ်ပွဲတွေ ပြန်ဖြစ်လာတယ်၊ အဲဒီတင်းမာမှုတွေကို ဘယ်လိုလုပ်ပေးနိုင်ရင် ပြေလည်မယ်လို့ထင်လဲ။

အဲဒါက အန်တီစောစောတုန်းက ပြောသလိုပေါ့နော်၊ ဆွေးနွေးလို့မရဘူးလားဆိုတော့ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးပြီးတော့ အေးအေးချမ်းချမ်း အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေး အစဉ်အလာတွေ အန်တီတို့မှာမရှိသေးဘူး၊ အဲဒါကို အန်တီက သိပ်ဖြစ်စေချင်တယ်၊ ဒါကြောင့်မလို့လဲ အန်တီက အကြမ်းမဖက်တဲ့ လမ်းကိုသွားတယ်ဆိုတာ ဒါပဲ၊ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဒီတိုင်းပြည်ဟာ နိုင်ငံရေး ပြဿနာတွေဟာ နိုင်ငံရေးနည်းနဲ့ အေးအေးချမ်းချမ်း ဆွေးနွေးပြီးတော့ ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင်လို့ အန်တီတို့ ဖန်တီးယူရမယ်၊ အဲဒါကတော့ လွယ်တာလဲ မဟုတ်ဘူးပေါ့နော်၊ တိုးလိုက် ဆုတ်လိုက်လဲ ရှိမှာပေါ့၊ အခြေအနေက ဖြေရှင်းဖို့လဲ လွယ်တဲ့အခြေအနေရှိချင်ရှိမယ်၊ တခါတလေတော့လဲ ပိုပြီးခက်တဲ့အခြေအနေဖြစ်မယ်၊ ဒါပေမယ့်လဲ အဲဒီလို အစဉ်အလာတခုဖြစ်အောင်တော့ ကြိုးစားရမှာပဲ၊ မကြိုးစားရင်တော့ အဲဒီ ပဋိပက္ခတွေက ပျောက်သွားမှာမဟုတ်ဘူး။

အန်တီက ဆက်သွယ်ရေး နည်းလမ်းတွေသုံးပြီးတော့ ဒုတိယ ပင်လုံညီလာကို လုပ်ချင်တယ်ဆိုတဲ့ သဘောပေါ့နော်၊ ဒီနေ့ သတင်းတွေထဲမှာတွေ့ရပါတယ်။ Twitter သုံးမယ်လို့လဲ အန်တီ ပြောထားတယ်၊ ဘယ်တော့လောက်သုံးမလဲဆိုတာ စိတ်ဝင်စားနေကြတယ်ခင်ဗျ။

အဲဒါ ဒီနေ့ပဲ အင်တာနက်တွေဘာတွေ သုံးဖို့ လျှောက်လွှာတွေဘာတွေ ကြည့်နေတယ်၊ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာပါရမယ်ဆိုတော့ အန်တီကတော့ လျှောက်တော့ လျှောက်မှာပဲ၊ ဒါပေမဲ့ နိုင်ငံရေး မကင်းရှင်းပါဘူးဆိုတာလဲ အမှန်အတိုင်းတော့ ပြောရမှာပဲ၊ ဒါက ကင်းမှမကင်းရှင်းပဲ ဘယ်လိုပြောရမလဲ၊ လျှောက်တော့ လျှောက်မယ်၊ မှန်မှန်ကန်ကန်ပဲ ပြောပြီးတော့ လျှောက်မှာပဲ။

အန်တီ အင်တာနက် သုံးလို့မရဘူးဆိုရင် တခြားနည်းလမ်းနဲ့ပေါ့လေ Tele Conference လိုဟာမျိုးတွေပေါ့နော် ဘယ်လိုနည်းလမ်းတွေ ရှိနိုင်သေးတယ်လို့ အန်တီထင်လဲ။

အဲဒါကတော့ ရှာရမှာပေါ့လေ၊ ဒါကြောင့်မလို့ အန်တီကပြောတာ၊ ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးနဲ့ လုပ်ရမယ်ဆိုတာ၊ ဒုတိယ ပင်လုံညီလာခံဆိုတာကလဲ အန်တီ အထဲမှာရှိနေတုန်း ထွက်လာတာလေ၊ ရေဒီယိုကနေ ကြားရတာ၊ အဲဒီတည်းက အန်တီစဉ်းစားနေတယ်၊ ၂၁ ရာစုပုံစံနဲ့ လုပ်ရင် ပိုပြီးတော့ အဆင်ပြေမယ်ပေါ့နော်၊ နည်းလမ်းတွေဘာတွေကတော့ အန်တီတို့ လူငယ်တွေက ရှာရမှာပေါ့၊ ကိုစိန်ဝင်းတို့လဲ ဝိုင်းပြီးတော့ အကြံဉာဏ်တွေပေးကြပေါ့။

ဟိုနေ့က မိုဘိုင်းဖုန်းသုံးရတာ တစိမ်းဆန်တယ်ပေါ့နော်၊ အခုအင်တာနက် ကျတော့ကော ဘယ်လိုရှိလဲခင်ဗျ။

အန်တီက အင်တာနက် မသုံးဖူးဘူးလေ၊ ဒါပေမဲ့ ကွန်ပျူတာတော့ အတော်အတန်လုပ်တတ်ပါတယ်။ ကွန်ပျူတာနဲ့ နည်းနည်း ရင်းနှီးနေပြီဆိုရင် အင်တာနက်တွေဘာတွေ သုံးဖို့က မခက်ပါဘူး။

နယ်ကိုခရီးထွက်ဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့တွေ့ဖို့ အစီအစဉ်ရှိလားခင်ဗျ။

လောလောဆယ်တော့ မရှိသေးပါဘူး၊ ရန်ကုန်မှာတောင် အလုပ်တွေမပြီးသေးဘူး။

ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီတွေကို NLD နဲ့ မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် အဲဒီပေါ်မှာ အန်တီ ဘယ်လိုသဘောထားလဲ။

အန်တီကတော့လေ ထွက်လာတဲ့နေ့ထဲက ပြောတယ်ပေါ့နော်၊ ပြည်သူတွေက ပြည်သူ့အတွက် ဒီမိုကရေစီ ကွန်ယက်ကြီးတခုဆောက်စေချင်တယ်၊ အဲဒီတော့ အဲဒီမှာဆိုရင် မဟာမိတ်တွေ အများကြီးရှိရမှာပေါ့၊ လူတိုင်းနဲ့ လက်တွဲနိုင်တာ မဟုတ်ဘူးဆိုရင်တောင် ကိုယ်နဲ့ အဓိကကျတဲ့ ရည်ရွယ်ချက်တူတဲ့လူတွေနဲ့ တွဲပြီးတော့ လုပ်နိုင်တဲ့ အခြေအနေဖြစ်အောင်လို့ အန်တီလုပ်ချင်တယ်။ အန်တီ ပြောထားပြီးပါပြီ၊ ရွေးကောက်ပွဲကိုဝင်တဲ့ ၃ရ ပါတီထဲက ဘယ်ပါတီပဲဖြစ်ဖြစ် တကယ်ပဲ အန်တီတို့နဲ့ ရည်ရွယ်ချက်တူပြီးတော့ ဒီမိုကရေစီအတွက် ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် အန်တီတို့ကလဲ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။

မဇ္ဈိမ ဝိုင်းတော်သားတွေကို အန်တီပြောချင်တဲ့ စကားက ဘာများဖြစ်မလဲခင်ဗျ။

ပြောရမယ်ဆိုရင်တော့လေ သတင်းသမားတွေရဲ့ ကဏ္ဍက အခုအချိန်မှာ အင်မတန်မှ အရေးကြီးပါတယ်၊ အခုခေတ်မှာ အင်မတန်မှ အရေးပါပါတယ်၊ အဲဒီတော့ သတင်းသမားတွေရဲ့ ဩဇာကလည်း မနည်းဘူး၊ အဲဒီတော့ ဒီဩဇာကို အကောင်းအတွက် သုံးပါလို့ အန်တီသတိပေးချင်တယ်။ တချို့သတင်းသမားတွေက ကိုယ်သတင်းထူးဖို့ သတင်းဦးဖို့ အဲဒါကို အဓိက ထားကြတယ်၊ သတင်းထူးတာ သတင်းဦးတာလဲ ကောင်းပါတယ်၊ ဒါတင်မကသေးဘူး သတင်းနဲ့ ပတ်သက်လို့ လုပ်တဲ့နေရာမှာ တိုင်းပြည်ရဲ့ အကျိုးကို ဘယ်လောက် ဆောင်ရွက်ပေးနိုင်သလဲဆိုတာ စဉ်းစားပေးစေချင်တယ်။

နောက်ပြီးတော့ အန်တီစောစောက ပြောဖြစ်လားတော့မသိဘူး၊ ထွက်လာတဲ့အချိန်မှာ ဆက်သွယ်ရေး ကဏ္ဍက ပိုပြီးတော့ ကျယ်ပြန့်လာတယ်၊ ဆဲလ်ဖုန်းလေးတွေပေါ့နော် လူတိုင်းမှာရှိတယ်၊ အဲဒီတော့ သတင်းတွေဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်လို့၊ အဲဒီအရေးကြီးတာကို မမေ့ပါနဲ့လို့၊ ကိုယ်ဟာ အရေးကြီးတဲ့နေရာမှာရှိနေပါတယ်၊ ဒါကြောင့်မလို့ အဲဒီနေရာမှာ မှန်မှန်ကန်ကန်နဲ့ အန်တီတို့ အများစု ကောင်းကျိုးအတွက် လုပ်ပေးပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ တာဝန်သိတဲ့ စိတ်နဲ့ လုပ်သင့်ပါတယ်။
Ref:မြတ်လေးငုံ

ယမန်နေ ့က တောင်ဒဂုံ မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက် အကူပြုအဖွဲ့ ၏ HIV/AIDS နှင့်နေထိုင်သူများ နေရာ သို ့သွားရောက်ကြည့် ရှုအားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်

အေပီ သတင်းဌာန နှင့် ယနေ ့တွေ ့ဆုံမေးမြန်းမှု ဉ် သူမကို နေအိမ် အကျယ်ချုပ် ချထားမှု မှာ တရား
မဝင်သလို ပြန်လွှတ်ပေးမှု မှာလည်း စစ်အစိုးက ပြန်လည် ၍ သဘောထား ပျော့ပြောင်း လာသည့်
လက္ခဏာ မဟုတ် ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။၂၁ နှစ် တာကာလ အတွင်း နေအိမ် အကျယ်ချုပ် ၁၅ နှစ် ကျော် ချမှတ် ခံရသည့် ဒေါ်အောင်ဆန်းစုကြည်
က သူတို ့ကျွန်မ ကို လွှတ်တာ တခြား ဆင်ခြေ ဘာမှ ရှိ ပုံ မရဘူး နေအိမ် အကျယ်ချုပ် သက်တမ်း စေ့သွား
လို ့သာ လွှတ်တာ ဒါကို ပျော့ပြောင်း တဲ့ လက္ခဏာ အဖြစ် ယူဆ လို ့မရဘူး ဟု ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဒုတိယ ပင်လုံညီလာခံ ကို ခေါ်ယူကျင်းပရာ တွင် နိုင်ငံတကာ ရောက်မြန်မာ
များမှ ပါဝင် နိုင်ရန် ခေတ်မှီ နည်းပညာ များ သုံးပြီး ဆက်သွယ် ဆောင်ရွက် နိုင်ရန် စီစဉ် ထားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတွင်း ဉ် ပြည်သူများ တွေ ဆုံနိုင်ရန် အတွက် ခရီး ထွက်ရှိရန် စီစဉ်ထား
သည်။

HIV / AIDS နှင့် နေထိုင်သူများ နှင့် တွေ ့ဆုံစဉ်

HIV / AIDS နှင့် နေထိုင်သူများ နှင့် တွေ ့ဆုံစဉ်

NLD လူမှု အထောက် အကူပြုအဖွဲ့မှ စောင့်ရှောက် ထားသည့် HIV/AIDS နှင့်နေထိုင်သူများ