အတိတ်က ကြောင်ကလေး အမှတ်တရ – ၄
တစ်စတစ်စနဲ့ကြောင်လေးပြန်ကျန်းမာလာသော်လည်း ခေါင်းနင်းခံရတဲ့အရှိကြောင့်ခေါင်းကြီး တခြမ်းမှာ ဘုကြီးကို ကြီးနေပါတယ် …။ ကျမကလည်း နေ့တိုး ဆားကြပ်ထုတ်ထိုးပေးရတာပေါ့ …။ သခင်လုပ်ပေးသမျှကို ခံတဲ့ကြောင်လေးအပေါ်ထားတဲ့သံယောဇဉ်က တဖြည်းဖြည်းကြီးလာပါတယ် …။ ကိုယ်မွေးထားတဲ့ သားသမီးအပေါ်ထားတဲ့ မိခင်တယောက်ရဲ့စိတ်မျိုးထင်ပါရဲ့ ..သေချာတော့မသိသေးပါဘူး ကျမမှာသားသမီးမရှိသလို အိမ်ထောင်လည်းမကျခဲ့ဖူးတာကြောင့်ပါ ။ ဘယ်သွားသွားကြောင်လေးကို ခေါ်သွားပါတယ် … ။ အပြင်သွားရင်တောင် ခြင်းတောင်းလေးနဲ့ ခေါ်သွားတာပါ ..။ သူကလည်း ကျေကျေနပ်နပ်မရုန်းပဲ ခေါ်တဲ့နေရာတိုင်းကိုလိုက်ပါတယ်…။ မနက်ငါးနာရီ ၊ ငါးနာရီခွဲတိုင်း အိပ်ပုတ်ကြီးတဲ့ ကျမကြောင်ကိုအစာထထကျွေးရတာ အလုပ်တစ်ခုဖြစ်ခဲ့ပြီပေါ့… လတွေကြာလာတာနဲ့အမျှ ကျမက ကြောင်လေးကို ကောင်းပေ့ညွှန့်ပေဆိုတဲ့ အစားစာတွေပဲ ကျွေးခဲ့တာပါ .. ခေါင်းလေးတစ်ခြမ်းစောင်းပြီးလမ်းလျှောက်တတ်တဲ့သူကိုမြင်ရင် ရင်တွေနာလွန်းလို့ ကျမအပြစ်အတွက်ပြန်ပေးဆပ်နေတာပါ ။ ကလေးတယောက်လို နို့သောက်တာကြိုက်ပါတယ် ..သို့သော် တခြားကြောင်တွေလို လျှာနဲ့မလျှက်တတ်ပါဘူး ။ နို့ဖြစ်ဖြစ်၊ ရေဖြစ်ဖြစ်ဆာလာရင် လူပေါင်ပေါ်အတင်းတက်ကာ အိပ်ပြီးပက်လက်လေးလှန်ပေးတတ်ပါတယ် … ။ သူ့နာမည်ကိုခေါ်ရင်လည်း ဘယ်နေရာမှာရှိရှိ ပြေးလာတတ်ပါတယ် …။ ကျမတယောက်ထဲခေါ်သံကိုမှတ်မိနေတာပါ ..တခြားအိမ်သားတွေခေါ်ရင် မကြားသလိုလိုမသိသလိုလို ဥပက္ခာပြုကာနေတတ်ပါတယ် ။
ခန္ဓာကိုယ်ဖွံ့ဖြိုးမှူနှေးကွေးတဲ့ကြောင်လေးက တဖြည်းဖြည်းချင်းထွားလာတာ ကျောရိုးတပေနည်းပါးရှိလာပါတယ် …။ ဗိုက်လုံးပတ်ကတော့ ရှစ်လက်မအနေထားလေးပေါ့… ။ ကြောင်လေးက တခြားကြောင်တွေနဲ့မတူပဲ ခေါင်းနင်းခံရတဲ့အတွက် အာရုံခံစားမှူပိုင်းမှာ အားနည်းခဲ့ပါတယ် … ဉာဏ်မမှီတဲ့အဆင့်လည်းရောက်ခဲ့ပါတယ် …။ ကျမသူ့ကို စမ်းသပ်မှူတွေပြုလုပ်ပြီးသူ့ဉာဏ်ရည်ကိုစစ်ဆေးကြည့်မှ ဉာဏ်ရည်မမှီတဲ့ကြောင်လေးတကောင်ဖြစ်နေမှန်းသိရတာပါ … ။ ဒါပေမဲ့လည်း…သခင်အသံကိုမှတ်မိနေတတ်တာကတော့ ကျမတို့ကြားက သံယောဇဉ်ကြောင့်ပဲဖြစ်နေမလားပဲ …။ လပေါင်းများစွာကြာသည်အထိ တစ်ပတ်ခြားတစ်ခါဆေးခန်းပြရပါတယ်… ကျန်းမာရေးကောင်းမွန်ပေမဲ့…တစ်ခါတစ်ခါ အတက်ရောဂါဖြစ်ပါတယ် ..အကြောတွေ တဆက်ဆက်တုန်လို့ သွားရေတွေကျကာ ကြမ်းပေါ်မှာ လူလှိမ့်နေခြင်းပါ …ထိုအခါမျိုးမှာ သူ့ လက်သည်းတွေခြေသည်းတွေနဲ့ခြစ်မိနိုင်တဲ့အတွက် ကျမကတော့ ထမင်းစားပွဲအုပ်စောင်းကြီးနဲ့အုပ်ထားတတ်ပါတယ်… တစ်ခါတစ်လေ…တက်ရင် ကိုယ်ခန္ဓာက ရွှေ့လျားက အနီးနားရှိခုံတွေ စားပွဲတွေအောက်ခြေနဲ့သွားတိုက်မိတတ်တဲ့အတွက် သူ့ကို ထမင်းအုပ်စောင်းကြီးနဲ့အုပ်ထားတာ အလုံခြုံဆုံးလို့ထင်ပါတယ် ..တစ်ခါတက်ရင် 1မိနစ်ကနေ သုံးလေးမိနစ်ခန့်ကြာတတ်ပါတယ် … ချွေးတွေထွက်ပြီးမောမောနေတတ်တဲ့ကြောင်လေးကိုကြည့်ပြီး ရင်နာရပြန်ပြီပေါ့…. ဖြစ်နိုင်လျှင်ကျမကိုယ်တိုင်ပဲ သူ့အစားဝေဒနာတွေခံစားပေးလိုက်ချင်ပါရဲ့… ။ ဉာဏ်မမှီတဲ့ကြောင်လေးဟာ အလေးသွားတဲ့အခါမှာ နေရာသတ်သတ်မှတ်မှတ်မရှိပဲ သူထင်သလို ၊ သူကြိုက်သလို တွေ့တဲ့နေရာမှာသွားပါတယ် … ။ အရမ်းရွံတတ်တဲ့ကျမ ကြောင်လေးရဲ့ဝေယျာဝစ္စတွေသေချာလုပ်ပေးခဲ့ပါတယ် …။ အစာခွက်ထဲအစာထည့်ပေးရင် အသီးရွက်ပါမကျန်အနံ့မခံပဲ ကြောင်လေးက စားတတ်တယ် …။ ခုန်ပေါက် ပြေးလွှားဆော့တတ်ပြီး လက်ကိုပါးစပ်ထဲထည့်ပေးရင် အသည်းယားပြီး ကိုက်တတ်ပါတယ် …။ တခြားကြောင်တွေကတော့ ကျီစားပြီးသွားလေးနဲ့ပဲ ကိုက်တာပါ ..ကျမကြောင်လေးကတော့ အမဲရိုးရသလိုပါပဲ ပါးစပ်ထဲများလက်လေးထည့်ပေးလိုက်ရင် အားမနာတမ်းကိုက်တတ်ပါတယ် တစ်ခါတစ်ခါသွးရာလေးတွေအသားထဲစူးသွားတဲ့အထိ အသည်းယားရင်ယားသလိုသူကိုက်တတ်ပါတယ်..ဒါကိုလည်း တစ်အိမ်လုံးက အပြစ်မမြင်ပဲ ကိုက်ချင်ကိုက်ပါစေဆိုပြီး လက်ချောင်းလေးတွေသူ့ပါးစပ်ထည်ထည့်ပေးနေကြပါ ..။ ကြောင်လေးက တစ်နှစ်ကျော်လောက် ကျမတို့နဲ့အတူနေသွားပြီ း ရောဂါအထွေထူးမရှိပဲ ၊ ရောဂါဝေဒနာမခံစားလိုက်ရပဲ အိပ်နေရင်းနဲ့ ကံကုန်သွားခဲ့ရပါတယ် …။ ကြောင်သေလေးကို ကျကျနနထုပ်ပိုးကာ ရေမျောလိုက်ပါတယ် … ။ သူရဲ့အသုံးဆောင် အိပ်ယာခင်းတွေက အစထည့်ပေးလိုက်ပါတယ် … ။ ကောင်းရာသုဂတိလားစေဖို့လည်း ဆုတောင်းကာ ရေမျောခဲ့ရတာပါ ။
အဲ့ဒီအချိန်ကတည်းက ကျမဘယ်တိရိစာ္ဆန်ကိုမှ မမွေးတော့ဘူးလို့လည်းဆုံးဖြတ်ခဲ့ပါတယ်…။ ကော်နက်ရှင်အခြေနေကြောင့်ကျမကြောင်လေးပုံ မတင်နိုင်ခဲ့ပဲ စာပဲတင်လိုက်ရပါတယ် ။ ကျမရဲ့ကြောင်လေးနာမည်ကိုတော့… ဖိုးကဲလို့ ခေါ်ခဲ့ကြပြီး မိသားစုအားလုံးရင်မှာအခုထက်တိုင် မှတ်မိနေသေးတဲ့ အမှတ်တရကြောင်လေးဖြစ်ခဲ့ပါတော့တယ်…။
(ကြောင်မမွေးတော့ပါဘူးဆိုမှ… ဘေးအိမ်က ကြောင်တကောင် အ ိမ်မှာ စားအိမ်သောက်အိမ်ဖြစ်ပြီး လာလာနေတတ်တယ် …သံယောဇဉ်မထားပါဘူးဆိုမှ အစာကျွေးနေမိတော့ ကြောင်က အခုဆိုရင် အိပ်ယာပေါ်တောင်တိုးဝှေ့အိပ်တဲ့အထိဖြစ်လာပြီလေ…။ သံယောဇဉ်တွေထပ်ချည်နှောင်နေမိပြန်ပြီလား မဝေခွဲတတ်ခင် ဘေးအိမ်က ကြောင်းလေးက အိမ်ကို အပြီးပိုင်ပြောင်းလာပါတော့တယ်)
7 comments
weiwei
November 18, 2010 at 10:24 am
ဖတ်လို့ကောင်းတယ် … အဲဒီလို အတွေ့အကြုံတွေရှိလို့ ကိုယ်ချင်းစာလို့လဲရတယ် …
etone
November 18, 2010 at 10:31 am
ကျေးဇူးတင်ပါတယ် တိရိစာ္ဆန်လည်းနောက်မမွေးတော့ပါဘူး ။
ဆူး
November 18, 2010 at 11:31 am
အိမ်း.. အိမ်း.. တရားသဘောနဲ့ ပြောရရင်..
အီးတုံးလေးရဲ့ ကြောင်လေးက ဝဋ်ရှိလေတော့ အနင်းခံရ…
နောက်တကြော့ ပြန် အီးတုံးလေးက.. ကြောင်လေးကို အကြွေးတင်သွားတော့.. သူသွားအယားပြေ ကိုက်လို့ သွေးထွက်ရင်တောင် မနာနိုင် စိတ်မဆိုးနိုင်လောက်အောင် အကြွေးတွေ ဆပ်နေရပါကကောလား။
အော်.. ဖြစ်ပျက်.. ဖြစ်ပျက်.. 😉 😉 😉 ဖြစ်ပြီး ပျက်လိုက်.. ဇာတိ ဇရာ မရဏာ.. မွေးပြီးတော့ သေ..
bigcat
November 19, 2010 at 5:09 am
ဦးကြောင်ကြီးကိုကြတော့ ဘယ်သူမှ ပြုစုယုယ စောင့်ရှောက်မဲ့သူမရှိဘူး။
char too lan
November 19, 2010 at 9:23 am
ရှိချင်တယ်ပေါ့ !! 🙂 😉
ခေါင်းရှိနေတယ်မလား လွယ်ပါတယ်ဦးကြောင်ရယ် ~~
ဆူး
November 19, 2010 at 5:52 am
တခြားတော့ မသိဘူး.. ဦးကြောင်ကြီး ရောက်နေတဲ့ တိုင်းပြည်မှာတော့ အဲဒီလိုလေးတွေ ရှိတာ တွေ့မိတယ်။ ကာတွန်း ရုပ်ရှင်တွေထဲမှာ.. လမ်းဘေးမှာ လိုင်စင်မရှိဘဲ သွားနေတဲ့ အကောင်တွေကို ကွင်းလေးနဲ့ပစ်ပြီး ပုံးလေးထဲ ထည့်ပြီး.. သီးသန့် တနေရာမှာ ဝယ်သူ လာတဲ့ အထိ စောင့်ရှောက်ပေးတာ မြင်ဘူးတယ်။ Tom & Jerry ကာတွန်းထဲမှာ ခွေးဘီလူး သားအဖ ခဏခဏ အဲဒီ ရောက်သွားတာ မြင်မိလို့..
ထိုထိုသော အကြောင်းကြောင်းတွေ ကြောင့်.. ဦးကြောင်ကြီးကို တာဝန်ရှိသူတွေက စနစ်တကျ စောင့်ရှောက်ပါလိမ့်မယ်။
အာဖျံ ကွီး
November 19, 2010 at 9:34 am
အာဖျံကွီး ငယ်ငယ်တုန်းက အပေါ်ထပ်မှာ တစ်ယောက်တည်းထိုင်နေတုန်း ကြောင်လေးတစ်ကောင် ဘီရိုထက်က ဘုန်းကနဲပြုတ်ကျလာတရ်။ အကျမတော်တော့ ခေါင်းအရင်ကြမ်းနဲ.ထိသွားတရ်။ အဲဒီဒဏ်နဲ.ပဲ ကြောင်းလေးကလှုးလိမ့်နေတာပေါ့။ အာဖျံကွီးလဲ ပြုစုပေးမရ်.အကြံနဲ. ဝရံတာကိုထုတ်ယူလာပီး အောက်ကိုလဲပြန်ချရော … ကြောင်လေးကလှုးလိမ့်လိုက်တာ ဝရံတာကနေတစ်ခါ ပြုတ်ကျပီး သေပါရောလား။ အာဖျံကွီးမှာ ကိုယ့်ကြောင့်သေရတရ်လို. အခုထိကို စိတ်ထဲစွဲနေတုန်းပဲ … မအိတုန်ရယ်။