“ကျွန်တော့်ကြောင့် မစ္စတာဘီးန်ဟာ ရယ်စရာမကောင်းတော့”
မစ္စတာဘီးန်ရဲ့ဟာသတွေလည်း မရယ်ရတော့ပါ။
လွန်လေပြီးသောခုနှစ်တစ်ခု မျက်စိရှေ့မှာ ခပ်တည်တည် ပြန်ရောက်လာပြီးနောက် …
ကီးဘုတ်မှတဆင့် ကွန်ပျူတာမျက်နှာပြင်ပေါ်သို့ ပို့လွှတ်သော
ကိုယ်/ ဟာသ၊ ကိုယ် (ကိုယ်တိုင်) ဟာသ၊ အထွေအထူးတော့ မဟုတ်ပါဘူး။
“မတွေ့ကြတာအတော်ကြာပြီနော်” ဆိုတာက အရမ်းကိုရယ်ရတာ။
ဒီလိုလေ … မစ္စတာဘီးန်က မရယ်ရတော့ဘူး၊ ဆိုပြီးတော့ ကျွန်တော် ဟာသတစ်ခုပြောပြလိုက်တယ်။
“ဒီမယ် မမခရေရဲ့ … အချစ်ဆိုတာ ရိတ်ချင်တိုင်းရိတ် နှုတ်ချင်တိုင်းနှုတ်ရအောင်
မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး မဟုတ်ဘူး” ဘယ်လိုလဲ မမခရေ … ရယ်ရတယ်မဟုတ်လား။
တွန်းကန်လိုက်တဲ့ကောင်က ပြန်ပြီး လွင့် လွင့် လ ွ င ် ့ စ ဥ ် လ ာ ။
ခရမ်းရောင်ဟာ သင်္ကေတတစ်ခု၊ ဂစ်တာကြိုးပြတ်နေတဲ့ နိမိတ်ပုံက ရိုးသွားပြီဆိုရင် ဘာထပ်ဖြည့်မလဲ။
၂၀၀ရ ခုနှစ်ရဲ့ မိုးရာသီတစ်ခုလုံးဟာ ဟာသဇာတ်လမ်းပဲ၊ ကျွန်တော့် ဒိုင်ယာရီထဲက စကားလုံးတွေဟာ
သိပ်ရယ်ရတဲ့ စကားလုံးတွေအပြည့်ပဲ၊ လှလှပပ မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ နာဇီတံဆိပ်ကြီး ကပ်ထားမယ်လို့
ဘယ်သူက ထင်မှာလဲ။ အဲဒါ ဟာသပဲပေါ့ မမခရေ။
ဟာသဆိုတာ … ကြည့်နေသူအဖို့ ရယ်ရပေမယ့် ဟာသဖြစ်နေတဲ့သူအဖို့တော့ ငိုစရာပဲ၊ ဒုက္ခပဲတဲ့။
လူသားဖြစ်တည်မှုရဲ့ တလွဲတချော် ကိစ္စတွေထဲ မစ္စတာဘီးန်ဟာ စနစ်တကျကူးခတ်ပြတော့ ဟာသဖြစ်သွားတယ်။
ဒါပေမယ့် မစ္စတာဘီးန်က ကျွန်တော့်လိုတော့ မျက်ရည်တွေကျနေတာကို ရယ်စရာဖြစ်သွားအောင် မပြုလုပ်နိုင်
ပြောရမယ့်စကားတွေနဲ့ အချိန်ကာလဟာ တေ့လွဲကလေးလွဲနေတာ။
ဘယ်လိုလဲ … ရယ်ရတယ်မဟုတ်လား မမခရေ။
၂၀၁ဝ ရောက်တဲ့အချိန်မှာ မစ္စတာဘီးန်ဟာ ဘယ်လိုမှ ရယ်စရာမကောင်းတော့ဘူး။
သူရဿဝါ
နိုဝင်ဘာ ၂ရ ရက် ၊ ၂၀၁ဝ ခုနှစ်