အလုပ်အကိုင် —– ကျောင်းသား Student
ဒီရွာထဲမှာ အငယ်ဆုံးတောင် တက္ကသိုလ်ကျောင်းသားအရွယ်တော့ ရှိမယ်ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ခောတ်တွေ စနစ်တွေမတူကြဘူးဆိုတော့ ကိုယ်ကြုံခဲ့ရတဲ့ ခောတ်ကလေးတစ်ခုကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါသေးတယ်။
ဘွဲ့မရသေးခင် အရွယ်အထိဆို အလုပ်အကိုင်မေးရင် ကျောင်းသားလို့ပဲ ဖြေရမှာပေါ့နော် …
ကျွန်မက စာတော်တဲ့ကျောင်းသားတစ်ယောက်အနေနဲ့ လွယ်လွယ်ကူကူပဲ ဆယ်တန်းအထိ ရောက်လာခဲ့ပါတယ်။ ၁ဝ တန်းရောက်တော့ ရည်ရွယ်ချက်တွေ အများကြီးနဲ့ စာလဲပိုကြိုးစားခဲ့တယ် … အရမ်းလဲတက်ကြွပါတယ် … ဘာသာစုံကျူရှင်မယူပေမယ့် လိုအပ်တဲ့ဘာသာတွေကျူရှင်ယူပြီး အသဲအသန်စာကြိုးစားနေစဉ်မှာပဲ ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်လာပါတယ် … ကျောင်းအကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ကြော်ငြာလိုက်တဲ့အချိန်မှာ အရမ်းစိတ်ဓါတ်ကျသွားပါတယ် … အခြေအနေကလဲ တဖြည်းဖြည်းဆိုးလာပြီဆိုတော့ ကျောင်းဖွင့်ဖို့လမ်းမမြင်တော့ဘူး … အရွယ်က ကိုးလို့ကန့်လန့်၊ နေတာကလဲ နယ်မြို့လေးတစ်မြို့မှာ … အဲဒီတော့ မိရိုးဖလာအလုပ် ဈေးထဲထွက်ပြီး ဈေးရောင်းရပါတော့တယ် … ဝတ္ထုစာအုပ်မျိုးစုံဖတ်ရင်းနဲ့ပဲ အချိန်တွေကုန်ခဲ့ရတယ်။ ကျွန်မတစ်သက်မှာ တစ်ခါပဲကြားဖူးတဲ့ ၁ဝ တန်းစာမေးပွဲမရှိတဲ့ ၁၉၈၉ ကို တိုက်တိုက်ဆိုင်ဆိုင်ပဲ ကြုံတွေ့ခဲ့ရပါတယ်။ ရည်ရွယ်ချက်တွေလဲပျောက်ခဲ့ပါတယ်။ စာတွေနဲ့လဲ အဆက်ပြတ်ခဲ့ပါတယ်။ ၁၉၈၉ အောက်တိုလာလောက်မှာမှ ဆိုင်းမဆင့် ဘုံမဆင့်ကျောင်းဖွင့်လိုက်ပါတယ်။ ၁ဝ တန်း စာအုပ်မှာ အခန်း (၁၂) ခန်းပါပေမယ့် အချိန်မလောက်လို့ အခန်း (၈) ခန်းပဲ သင်ပြီး စာမေးပွဲစစ်ပါတယ်။ အဲဒီတုန်းက ၉ တန်းစာကို အမှတ် ၄ဝ ဖိုး ထည့်မေးပါတယ်။ တစ်နှစ်အတွင်းမှာ တစ်ချို့ကလဲ အိမ်ထောင်တွေကျကုန်တယ်။ ဆရာ ဆရာမတွေလဲ အပြောင်းအလဲတွေဖြစ်ကုန်တယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲလားတော့မသိဘူး ကျွန်မအမှတ်က ရန်ကုန်စက်မှုတက္ကသိုလ်ကို တက်နိုင်ခဲ့ပါတယ်။
၁၉၉ဝ မှာ ဆယ်တန်းအောင်ထားပေမယ့် တက္ကသိုလ်ဖွင့်တာက ၁၉၉၃ ဖေဖော်ဝါရီမှ ဆိုတော့ ၃ နှစ် နားလိုက်ရပါသေးတယ်။ အဲဒီခောတ်ကတော့ ခောတ်မှီနေပြီဆိုတော့ အင်္ဂလိပ်စာသင်တန်းတွေနဲ့ ကွန်ပျူတာသင်တန်းတွေ စတင်ခောတ်စားနေပါပြီ။ အဲဒီသင်တန်းတွေတက်ရင်း ဈေးထဲကအလုပ်ကိုလဲကူရင်းနဲ့ ဗဟုသုတဖြစ်စေမယ့် စာပေတွေကို ရွေးပြီးဖတ်ပါတယ်။ တရားရိပ်သာတွေလဲ ဝင်တယ်။ တရားစာအုပ်တွေလဲ လေ့လာဖြစ်တယ်။ အိမ်အလုပ်တွေဝိုင်းကူလုပ်ရင်းနဲ့ ကျောင်းတက်ဖို့ စောင့်နေရပါတော့တယ်။
ကျောင်းဖွင့်တော့ ကျောင်းသားတွေက အသက်ကြီးနေပြီ … အတွေ့အကြုံအမျိုးမျိုးလဲ ရှိနေပြီးသားဖြစ်နေပြီ … ဒါပေမယ့် ကျောင်းစာနဲ့ဝေးနေတော့ စာသင်ရတာ စိတ်ဝင်စားမှုတော်တော်အားနဲပါတယ်။ တစ်တန်းကို (၄) လပဲ စာသင်ပြီး စာမေးပွဲစစ်မဲ့စနစ်နဲ့တိုးမိတော့ စာသင်ချိန်တွေတအားများ၊ စာတွေကလဲခက်နဲ့ ပျော်စရာဆိုတာ ဘယ်ကရှာရမှန်းတောင်မသိပါဘူး။ ဒါပေမယ့် ဒီလိုပဲ အတင်းနင်းကန်ကြိုးစားရင်းနဲ့ (၆)တန်းလို့ခေါ်တဲ့ နောက်ဆုံးနှစ်ကို ၁၉၉ရ မှာ ရောက်လာပါတယ်။ စာတွေက အရှိန်တော်တော်ရနေတော့ စာကိုတော်တော်စိတ်ဝင်စားနေပြီ။ နောက်ဆုံးနှစ်ဆိုတော့ အမှတ်ကောင်းကောင်းနဲ့လဲ အောင်ချင်တယ်ဆိုပြီး စာကြိုးစားနေပြီ … အဲဒီအချိန်မှာပဲ ကျောင်းသားအရေးတော်ပုံတဲ့ … အားလုံး စိတ်ပျက်လက်ပျက်နဲ့ အထုတ်ဆွဲပြီး အဆောင်ကနေ အိမ်ပြန်ကြရပါတော့တယ် … အကန့်အသတ်မရှိတဲ့ … အိမ်မှာ အဖေ့လုပ်စာထိုင်စားရင်း ဘာလုပ်ရမလဲဆိုတာကို ခေါင်းအငွေ့ပြန်လောက်အောင်စဉ်းစားရပါတော့တယ်။ ဘွဲ့ကလဲ မရသေးဘူး … အလုပ်ရှာဖို့ကလဲ အရမ်းခက်တယ် … အသက်ကလဲ ကြီးနေပြီ … မိဘလုပ်စာလဲ မစားချင်တော့ဘူး .. ကျောင်းကလဲ ဘယ်နေ့မှ ပြန်ဖွင့်မယ်မသိဘူး … စိတ်တွေပျာယာခတ်ပြီး စိတ်ဒုကရောက်ခဲ့တယ်။ တစ်နှစ် (၈) လကြာသွားပါတယ် … အဖေ့ဆိုင်မှာပဲ ဈေးထိုင်ရောင်းနေရတယ် … ဒါပေမယ့် အလုပ်အကိုင်မေးရင်တော့ …. ကျောင်းသား …
(ဒီအဖြစ်အပျက်နဲ့ ထပ်တူဖြစ်မဲ့သူ အယောက် ၆၀ဝ ပတ်ဝန်းကျင်လောက်တော့ ရှိမှာပါ) ဒီအဖြစ်အပျက်တွေမှာ ကျွန်မအပြစ် တစ်ခုမှ မပါခဲ့ပါ။ ကျွန်မအနေနဲ့လည်း ဘာမှ မပြောင်းလဲနိုင်ခဲ့ပါ။ ခောတ်စနစ်တစ်ခုရဲ့ သားကောင်တစ်ခုသာလျှင်ဖြစ်ခဲ့ရပါသည်။ ဒါပေမယ့် တစ်ခုတော့ ကြံဖန်ပြီး ဂုဏ်ယူခဲ့ပါတယ် … ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျွန်မတို့က နောက်ဆုံးနှစ်အထိ တက်ခဲ့ရသော နောက်ဆုံးမျိုးဆက်ဖြစ်ခဲ့ပါတယ် … သိပ်မဝေးတဲ့အတိတ်ပေမယ့် အခုခောတ်က ကလေးတွေကို ပုံပြင်တစ်ခုလို ပြန်ပြောပြရလောက်အောင် သမိုင်းတစ်ခု ဖြစ်ခဲ့ပါတယ် …
13 comments
weiwei
November 29, 2010 at 3:39 pm
ဒီပို့စ်ကိုရေးရင်းနဲ့ သမိုင်းဝင်းထဲက သဇင်ဆောင်ရယ်၊ စက်မှုတက္ကသိုလ်ထဲက ဂျီဟောလ်ရယ်၊ အတူတူကျောင်းတက်ခဲ့တဲ့ သူငယ်ချင်းတွေရယ် ထိုင်နေကျ ကန်သာယာနဲ့ နွေးအေးရယ် …. အားလုံး အားလုံးကို အရမ်းသတိရ လွမ်းဆွတ်မိပါတယ် …
kai
November 29, 2010 at 6:59 pm
ဦးချစ်လက်ဖက်ရည်ဆိုင်ရယ်..။ မေတ္တာပေါင်းကူးရယ်…။
ဩဘာလမ်းရယ်.. မပါဘူးပေါ့နော..။
လွမ်းတတ်ရင်တော့ … LCR ရယ်။ lab လုပ်တဲ့စက်ကြီးတွေရယ်လည်း လွမ်းလို့ရပါသေးတယ်..။ 🙂
fatty
November 29, 2010 at 3:47 pm
ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများအသင်းသို့ ဆက်သွယ်စေလိုပါသည်။ တလောကမှ အာစရိယ
ပူဇော်ပွဲပြီးသွားပါသည်။ Singapore မှာလဲ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ၏ အာစရိယ ပူဇော်ပွဲကျင့်ပကြောင်းသိရပါသည်။ သတိရ လွမ်းဆွတ်ရင်ဖြင့် … ဆက်သွယ်လိုက်ပါ …။
weiwei
November 29, 2010 at 3:54 pm
ကျွန်မက မကြာခင် ရန်ကုန်ရောက်မှာပါ … ကျောင်းကို သွားအုံးမှာပါ …
weiwei
November 29, 2010 at 7:14 pm
လွမ်းတာကတော့ အများကြီးပေါ့ … နာဂစ်ပြီးတော့ ကျောင်းထဲကိုတစ်ခေါက်ရောက်တော့ အနိစ္စသဘောကိုတောင် မြင်လိုက်မိသေးတယ် …
2000 ပတ်ဝန်းကျင်မှာ အဲဒီမှာ ၂ နှစ် မာစတာသွားတက်ဖြစ်သေးတယ် … အဲဒီတုန်းကတော့ ပျင်းစရာကြီးပေါ့ … တစ်နေ့တစ်နေ့ မေတ္တာပေါင်းကူးဆိုင်မှာပဲ စာအကြောင်း ဘဝအကြောင်း ဆွေးနွေးရင်း အချိန်ကုန်ခဲ့ရသေးတယ် …
အဲဒီကျောင်းမှာ အတန်း (၈) တန်း တက်ခဲ့ရလို့ သူများထက်တော့ နဲနဲပိုလွမ်းတယ် … Lab လုပ်တဲ့စက်ကြီးတွေကတော့ ထိုင်ရှိခိုးရလွန်းလို့ အလိုလိုဘိုးတော်တွေဖြစ်ကုန်ကြပြီ … ဩဘာလမ်းလဲ ကြိုက်သလောက် အမုန်းလျှောက်လို့ရနေပြီ … လိုချင်တဲ့စာအုပ်ဘာမှရှာလို့မရတဲ့ စာကြည့်တိုက်အသစ်ကြီးလဲရှိနေတယ် … ဆရာ ဆရာမအိမ်တွေလဲ တောထဲက ကမ္မဌာန်းကျောင်းထက်တောင် တရားအားထုတ်လို့ကောင်းနေတာ တွေ့ခဲ့ရတယ် … စာသင်ဆောင်ထဲက စားပွဲနဲ့ခုံတွေကတော့ အရင်အတိုင်းပဲ …
ရေးရင်းနဲ့ပိုလွမ်းလာပြီ ….
unclegyi1974
November 29, 2010 at 3:47 pm
အဲဒီအကျိုးဆက်တွေအခုဖြစ်နေပြီလေ
စာသင်နှစ်ကို ၄ လနဲ့စာသင်ပြီးအောင်လာတဲ့ကလေး
တွေ အခုလူကြီးဖြစ်ကုန်ပါပြီ တကယ်ကြိုးစာတဲ့
ကလေးတွေကလွဲလို့အများစုကသိတဲ့အတိုင်း
အောင်လာကြတာဆိုတော့
အခုပညာရေးဘာကြောင့် ဘာဖြစ်နေတယ်ဆိုတာ..
kopauk mandalay
November 29, 2010 at 4:52 pm
ကျနော်တို့ 75တုန်းကလဲ ကျောင်းတက်လိုက်ပိတ်လိုက်နားလိုက်ပါဘဲ။
ဒါက ဘယ်သူကြောင့်လဲဆိုတာကိုတော့ ပြောရခက်နေပြန်ပါရော။
zawana
November 30, 2010 at 2:49 am
ပြောရ မခက်ပါဘူး ကိုပေါက်ရဲ့ ။ ဦးနေဝင်း တို့လို အာဏာရှင်တွေကြောင့်ပေါ့ဗျ။ နိုင်ငံရေး တည်ငြိမ်မှုမရှိဘူး ဆိုကတည်းက အုပ်ချုပ်တဲ့လူကို ပြည်သူတွေ သဘောမကျတာ ထင်ရှားနေတာပဲ။
ကျနော်ကတော့ ကျောင်းသက်ရှည်ခဲ့ ရတာထက် ကျောင်းပြီးတဲ့အထိ ရည်မှန်းချက် ပန်းတိုင် ပျောက်နေရတဲ့ ကိစ္စကို ပိုစိတ်ပျက်တယ်ဗျာ။ ကိုယ်သင်ထားတဲ့ ပညာနဲ့ ပြည်တွင်းမှာ အသက်မွေးဖို့ကို ခက်ခဲနေတာ ပြောတာပါ။ ကျနော်ကတော့ အခုထက်ထိ အလုပ်အကိုင်ဆို ကျဘမ်းပါပဲ။
Cuper
November 30, 2010 at 6:03 am
ညီမတော့ ဒီဟာတွေနဲ့ ကင်းဝေးပါစေလို့ပဲဆုတောင်းတယ်။
bigcat
November 30, 2010 at 7:02 am
ခင်ဗျားတို့က အာရ်အိုင်တီတို့ ဝိုင်အိုင်တီတို့မှာ တက်ခဲ့ရုံသာတက်ခဲ့ကြတာပါ။ ကိုကြောင်ကြီးက အင်းစိတ်ကြို့ကုန်းက စက်မှုတက္ကသို်လ်ကြီးကို ဆောက်ခဲ့တဲ့ ရုရှားက အင်ဂျင်နီယာကြီးလေ။ ကိုယ်ဆောက်ခဲ့တဲ့ ကျောင်းကိုလွမ်းလို့ မြန်မာပြည်မှာ ပြန်ဝင်စားခဲ့တာ။
ဆူး
November 30, 2010 at 9:41 am
ဖတ်ဘဲ ဖတ်ရတယ်.. ရေးစရာ ခံစားချက်မရှိဘူး.. ဒါမျိုးတွေ ဝေးးးးးးးးးးးးးးးးးးး လို့….
ဘယ်လို ဘွဲ့ ရမှန်းတောင် မသိဘူး..
ကြယ်လေး
November 30, 2010 at 11:20 am
ဟိုက် ::D
သူတို့ ရေး တာ တွေ ဖတ် ပြီး သူတို့ အသက်တွေ တွက်ကြည့်လိုက် တော့
ဟီး 😀 ပြစ်မှားခဲ့တာတွေ ရှိရင်တောင်းပန်ပါတယ် ဦးကြီး တို့ ဒေါ်ကြီး တို့ ရေ 😛
ဆူး
November 30, 2010 at 11:29 am
ဦးကြီး ဒေါ်ကြီးတွေမှန်း သိပြီလား.. ကြယ်လေး.. လူကြီးတွေနဲ့ တည့်အောင်ပေါင်း လမ်းမှ တွေ့ရင် လူကြီးတွေက မုန့်ဝယ်ကျွှေးတယ်။ အလကား စားရတဲ့ နည်းဘဲ။ ဆူး ဆို ဒီလိုဘဲ.. အလကား မုန့်စားရအောင် လုပ်နေကျ.. ဘယ်သူမှ မပြောနဲ့နော်.. သူတို သိရင် နောက်တခါ လမ်းမှာ တွေ့ရင် မုန့်မဝယ်ကျွှေးဘဲနေမယ်။