နိုဝင်ဘာဆိုတော့ နေ့တာတိုတယ် အေးငြိမ့်ငြိမ့်မွန်

Written by – ဥက္ကာကိုကို(သံတွဲ)

(၁)

မိုးတွေ အရမ်းသွန်ကျနေတဲ့ ရန်ကုန်မြို့လယ်ညနေခင်းတစ်ခုတုန်းက အေးငြိမ့်ငြိမ့်မွန် ကျနော့်ကို နှုတ်မဆက်ခဲ့ပါ။ ထို့အတူ နွေမိုးဆောင်းဥတုသုံးပါးစလုံး ကျနော့်ကိုနှုတ်ဆက်လိမ့်မည်မဟုတ်ပါ။
ထိုနေ့က ကဗျာဆရာဝိုင်ချို ကဗျာဆုတစ်ခုရသည်။ သမ္မတရုပ်ရှင်ရုံဘေးက သမ္မတအရက်ဆိုင် လေးမှာ ကဗျာဆရာတွေ ကဗျာသိုင်းကွက်နင်းကြသည်။ ကဗျာအရက်တွေသောက်ပြီး ကဗျာ စကားပြောကာ ကဗျာလိုဆဲရေးကြသည်။
အရက်ဝိုင်းထဲ အအေးတစ်လုံးနှင့် လာထိုင်နေသောကျနော့်ကိုလည်း သိပ်ကြည်ကြပုံမရချေ။ ဘာမှတော့မပြောသာကြ။ ကျနော်ကတော့ အဲသည်အချိန်မှာ အေးငြိမ့်ငြိမ့်မွန်ကိုသာ သောက်ချင် နေခဲ့လေသည်။

(၂)

အချိုးအကွေ့များလွန်းတဲ့ လောကဓံကြား
ဓားသွားထက်ထက်နဲ့ ကိုယ့်ရင်ကိုယ်ထိုးစိုက်
ချစ်မိပြီဆိုမှတော့ မိုက်ရဲရတော့မပေါ့
အဲဒီလိုနဲ့ပဲ
စံပယ်ဖူးတွေ
အကြိမ်ကြိမ် ဝေခဲ့တယ်…….

အေးငြိမ့်ငြိမ့်မွန်က စံပယ်ပန်းကိုမကြိုက်ပါ။ စံပယ်ပန်းကိုသာမက မည်သည့်ပန်းရနံ့ကိုမှ မနှစ်ခြိုက်သော မိန်းမထူးဆန်းတစ် ယောက်ပင်။ သို့သော်လည်း ယောက်ျားတန်မဲ့ ပန်းရနံ့ကို ကြိုက်သောကျနော်က သူမ၏ကိုယ်သင်းရနံ့ကိုပင် အမည်မသိသောပန်းရနံ့ အဖြစ် တိတ်တ ဆိတ်ရှိုက်မောမိလေသည်။
ရန်ကုန်ညများ ရှုခင်းပျက်နေတာ ကြာပါပြီ။ အေးငြိမ့်ငြိမ့်မွန်၏ ဆံနွယ်များ ရှုခင်းပျက်ထဲ လွင့် တဝဲဝဲဖြစ်နေသည်။ ပွင့်လင်းရဲ တင်းသော လမ်းများအတိုင်း ကျနော်တို့နှစ်ဦးလျှောက်လာစဉ်က သူမ၏ နုထွားထွားလက်တစ်ဖက်ကို ကျနော်အုပ်ချုပ်ခွင့်ရခဲ့သည်။ အဲဒီ ညက အင်းလျားကန် ပေါင် စောစီးစွာပိတ်သွား၏။ လတ်ဆတ်ချင်ပုံရသော လေထုကလည်း ရှုရှိုက်ခွင့်အကန့်အသတ် ဖြင့် တိုက်ခတ်နေ သည်။
ကျနော့်သွေးကြောတွေ ဆူတပွက်ပွက်။ ဘယ်ဖက်ရင်အုံက ပရမ်းပတာ။ အကာလည။ အေးငြိမ့်ငြိမ့်မွန်။ ငါချစ်ရတဲ့ယုန်ဖြူမ။

(၃)

ဖုန်းနံပတ်တစ်လုံးကို အလွတ်ကျက်မှတ်ဖို့ ပျင်းရိခြင်းအတွက် ကျနော်နောင်တမရမိပါ။ လေလှိုင်းတလျှောက်စီးဆင်းလာသော အသံချိုချိုလေးနောက်မှာ လိုင်းပြတ်တောက်မှု တဂျစ် ဂျစ်နှင့် ဧရိယာပြင်ပကိစရပ်များ ရှိနေခဲ့သည်။ 09 550 —- ဟဲလို…ဟဲလို….. လူကြီးမင်း ခေါ်ဆိုသော ဘာညာဘာညာ။ စောက်ရေးကိုမပါဘူး။ ယုန်စုတ်မ။

စိတ်ပျက်စရာကောင်းလိုက်တာ….
ငါတို့ရဲ့ တွေ့ဆုံခြင်းတွေကလည်း
အလွမ်းစစ်စစ်တွေသာဆောင်ကျဉ်း
နီယွန်မီးတွေလင်းနေတဲ့ ပတ်ဝန်းကျင်ထဲ
ငါ့ကိုယ်ငါ ထိုးထိုးသွင်း
အဲဒီညနေခင်းအိပ်မက်တွေထဲ
ငါက စိတ်လိုလက်ရပြိုကျ ……..

သူမ ရေးသားသော ကဗျာတစ်ပိုဒ်ပိုဒ်ကို ဖတ်မိတိုင်း ကျနော့်အိပ်မက်တွေ ဆွံ့အသွားရသည်။ အဲဒီ ဆွံ့အသွားသော ညနေခင်း အိပ်မက်တွေထဲကိုပင် အေးငြိမ့်ငြိမ့်မွန်က စိတ်လိုလက်ရ ပြိုကျလာသည်။

“လမ်းလျှောက်ထွက်ရအောင် ဥက္ကာ´´

“ ငါထမင်းမစားရသေးဘူး ယုန်´´

အမြဲဆာလောင်နေသော ကျနော့်ညနေခင်းတွေက မိန်းမတစ်ယောက်ရဲ့ဖြစ်တည်မှုအပေါ် မလွှမ်း မိုးနိုင်ခဲ့ပါ။ ယုန်သားမီးကင် စားချင်တယ်လို့ စနောက်တိုင်း သူမက သဘောတကျ ရယ်တတ် သည်။ ကျနော့်ကိုတော့ လုံးဝကြောက်ရွံ့ပုံမရ။

နေပြည်တော်ရုံမှာ နိုင်ငံ ခြားဇာတ်ကားတစ်ကား ကြည့်ဖြစ်ကြသော နိုဝင်ဘာနောက်ဆုံးပတ်၏ တနင်္ဂနွေနေ့လည်ခင်းမှာတော့ ကျောလယ်လောက်ဆံပင်ရှည်ကို လေးလက်မခန့်ဖြတ်ပစ်လာ သည့် အေးငြိမ့်ငြိမ့်မွန်က သနပ်ခါးဘဲကြားနှင့် ကပိုကရိုလှပနေခဲ့သည်။
အသက် ၂၅ နှစ်အရွယ်မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ ဘာတွေရှိသလဲဆိုတာကျနော်မသိပါ။ လှည်းတန်းဦးထွန်းလင်းခြံလမ်း ထဲမှ ကော်ဖီဆိုင်မှာ ကော့တေးတစ်ခွက်သောက်သည့်ညတုန်း က သူမအပြုံးတွေနှင့် ကျနော်မူးသည်။

“နင်လွှတ်တော်အမတ်ဝင်ပြိုင်ရင်တော့ ခွက်ခွက်လန်အောင်ရှုံးမှာပဲ…. ငါ့တစ်ယောက်တည်း ကိုတောင် နင်မစည်း ရုံးနိုင်ဘူး´´

အဲသလိုပြောပြီးအေးငြိမ့်ငြိမ့်မွန်က တခစ်ခစ်ရယ်သည်။ မနေနိုင်သောကျနော်ကလည်း ဓာတ်တိုင် တစ်တိုင်အောက်အရောက် မှာ ပါးဖြူဖြူလေးကို ဖက်နမ်းပစ်လိုက်ရလေသည်။
ကြယ်တွေက ကောင်းကင်မှာ တလက်လက်ဖြင့် ကျဲကျဲတောက်အေးမြနေ၏။ ပြည်လမ်းမပေါ်မှာ ကားတွေက မီးရောင်တဝင်း ဝင်းဖြင့် အရှိန်ပြင်းစွာမောင်းနှင်နေကြသည်။ လမ်းဘေး ပလက် ဖောင်းပေါ်က ခရေပွင့်များ ကောက်သူမရှိပါ။ ရှက်ဝါးဝါးဖြစ်နေသော အေးငြိမ့်ငြိမ့်မွန်၏ ဆောင်းဦးပေါက်အကြည့်တစ်ချက်မှာ ကျနော့်မေတ္တာတွေ ထုထည်ကြီးမားလာသည်။
စည်ပင်အမှိုက်ကားတစ်စီးက “ဂွလောင်… ဂွလောင်´´ဟုအသံပေးကာ ကျနော်တို့နှစ်ဦးဘေးမှ မခို့တရို့ဖြတ်မောင်းသွား၏။ ကျနော်တို့အိမ်အပြန်ညတွေ တိုတောင်းလွန်းခဲ့သည်။ နိုဝင်ဘာ။

(၄)

သံယောဇဉ်တွေ အထပ်ထပ်နဲ့
ငါ့ရင်ကို ရစ်ပတ်ချည်နှောင်
ကဝေယောင်ဆောင်တဲ့ လိပ်ပြာလေး
ငါ့အချစ်နဲ့ နွေးထွေးပါစေ……

ဆုတောင်းတွေ မပြည့်မြောက်ပါ။ လောကီအာဟာရများက စိတ္တဇဆန်စွာ ခုန်ပေါက်နေသည်။ နိုဝင်ဘာတံခါးကိုဆွဲဖွင့်လိုက် တော့ ဆောင်းဦးပေါက်မြူခိုးများနှင့်အတူ အရက်ခိုးဝေသော အလွမ်းများ လျှံကျလာသည်။ ယုံကြည်မှုချင်း အပြန်အလှန်နားလှည့်ပါးရိုက် လုပ်နေကြသော အွန်လိုင်းကမ္ဘာမှာ ကျနော်တို့ရှိနေပါသည်။

“နင့်ကိုငါ ချစ်တယ်လို့မပြောမိတာ ခွင့်လွှတ်ပါယုန်´´

“ မချစ်ပါနဲ့ဟာ…. အနှောင့်အဖွဲ့တွေ မထားချင်စမ်းပါနဲ့… ဒီတိုင်းလေးနေနေတာ ဘယ်လောက်လွတ်လပ်သလဲ´´
မျက်စိရှေ့မှ ကွန်ပျုတာကို ဆယ်ပေါင်တူဖြင့်ရိုက်ထုပစ်ချင်စိတ်တွေကို ကိုယ့်တရားကိုယ်မှတ်ကာ ဖြေသိမ့်ထားလိုက်သည်။ ကွန်ပျုတာကီးဘုတ်ပေါ်မှ ကကြီးခခွေး…အေဘီစီဒီ စသော ခလုတ် များက ကျနော့်ကိုလှောင်ရယ်နေကြ၏။

“နင်တို့ယောက်ျားလေးတွေက ဒီလိုနေရတာ အီနေရတာကို ကြိုက်တယ်မလား ´´

တောက်…။ ငါ့မေတ္တာကို ဖုန်းမတ်ဆေ့ချ်တစ်ခုလောက်တောင် အရေးမထားတဲ့မိန်းမ။ ဆောင်းရာသီမပီသသော ဆောင်းလယ် ညလေပူတွေက အုံကြွနေသော ကျနော့်နှလုံးသားကို ချွေးမသိပ်ပေးနိုင်ခဲ့ပါ။ မိန်းမတစ်ယောက်ရဲ့စိတ်ကို ဘယ်လိုမှနားမလည်နိုင် လောက်သော အကြောင်းခြင်းရာများက ကျနော့်ခံစားမှုအား တစ်ချက်တစ်ချက်တွင် ရေခဲမှတ်အောက် ရောက်ရှိစေခဲ့သည်။

(၅)

“နင့်လက်ကို ငါကိုင်ထားချင်တယ် ယုန်´´

“ရပါတယ်…. ငါက ဒါလောက်တော့ရိုးနေပါပြီ´´

“နင့်ကိုငါ ချစ်တယ်ယုန်´´

“နင့်ကောင်မလေးကိုပဲ နင်ချစ်စမ်းပါဟာ´´

“နင့်ကိုတွေ့ချင်တယ်ယုန်… ငါအရမ်းသတိရနေတယ်´´

“တော်စမ်းပါ… ငါအလုပ်မအားဘူးဥက္ကာ…. ပြီးတော့……..´´

“ ——- — — –  —– –´´

ဖန်ကြိုးမျှင်ဆက်သွယ်မှု အွန်လိုင်းပေါ်မှာ အေးငြိမ့်ငြိမ့်မွန် ကျနော့်ကိုထားရစ်ခဲ့သည်။ ယဉ်ကျေးမှုတစ်ခုစာ ဝေးကွာမှုတွေက ကျနော့်ကို မျက်နှာသာမပေးခဲ့ပါ။ လွမ်းသည်။
ပုံမကျပန်းမကျတည်ဆောက်ထားသည့် လွမ်းဆွတ်ခြင်းပြတင်းပေါက်ထဲမှာ ဖုန်းနံပတ်ကိုးလုံး ရှိသည်။ ဂျီမေးလ်အကောင့် တစ်ခုရှိသည်။ အေးငြိမ့်ငြိမ့်မွန်နှင့်တွေ့လျှင်ပေးရန် ကဗျာတစ်ပုဒ် ရေးဖြစ်သည်ဟု မက်သောအိပ်မက်များ ကျနော့်လွယ်အိတ်လေးထဲ အပြည့်ရှိသည်။ ပရမ်းပတာ ဖြစ်နေသော သစ္စာတရားသက်သက်ဖြင့် သူမ၏ဆံနွယ်များကို ကျနော်လွမ်းနေပါသည်။
ဆီကုန်ရေခမ်းအလွမ်းများဖြင့် ခြေကုန်လက်ပမ်းကျနေသော ကျနော့်ရဲ့အိမ်မပြန်ညများစွာမှာ အဘယ်ဓမ္မတေးတွေမှ နာပျော် ဖွယ်ရာမဖြစ်ခဲ့။ ရုပ်ရှင်လက်မှတ်နှစ်စောင်၊ တာရာမင်းဝေ ဝတ္တုတစ်အုပ်၊ ရင်ဘတ်ဟောင်းလောင်းတစ်ခု၊ ရေးလက်စကဗျာတစ်ပုဒ်နှစ်ပုဒ် ခန့်ဖြင့် ကျနော် ဒရွတ်တိုက် ရွေ့လျားနေခဲ့သည်။

မဖြစ်ထွန်းမအောင်မြင်သေးတဲ့ ကဗျာရိုင်းတွေကြားက
မည်းညို့သော တိမ်စိုင်တိမ်ထုများ
နားဝင်ခါးသီးသော စန္ဒရားကြွက်လျှောက်ဂီတများ
တနင်္ဂနွေသားဖြင့် ထုဆစ်ထားသော သချို င်္င်းမှတ်တိုင်များ
တစ်နေ့မှာ ငါသွားရမယ် ချစ်သူရယ်……

ရန်ကုန်ညများ ရှုခင်းပျက်နေဆဲဖြစ်ပါသည်။ ပြည်လမ်းမကြီးပေါ်က ပိုင်ရှင်မဲ့ဆောင်းဥတုကို ကျနော်ကောက်ယူမွေးစားထား သည်။ ဆောင်းခိုကဗျာဆရာတစ်ယောက် အသိုက်ပျောက်ခြင်း ဇာတ်ဝင်ခန်းက ကြည့်ပျော်ရှုပျော်ရှိမည်မဟုတ်ပါ။ ရင်နာဖွယ်ရာ မှိုချိုး မျှစ်ချိုးလမ်းသွယ်တွေက ရိုးသားမှုကို အသံမဲ့စေပါသလား။ သူမ ထားရစ်ခဲ့သော ညနေခင်းများ ခါးသီးလေစွ။ အေးငြိမ့်ငြိမ့်မွန်။ ငါချစ်ရ သော ယုန်ဖြူမ။ လားရာသုဂတိ ကောင်းစေသား……..။

(၆)

သံယောဇဉ်ဖြတ် တေးတွေညည်းဆို
ငါ့ရင်ကို ခြေစုံကန်တဲ့မိန်းကလေး
ငါ့နွေးထွေးမှုနဲ့ ဝေးရာမြေမှာ
လင်းလင်းပပ ပျော်ပါစေကွယ်….

ငါကတော့ အလွမ်းတွေကို ထွန်ယက်ပျိုးစိုက်
ညကြီးမိုးချုပ် ဆက်မိုက်နေဦးမယ်…..။        ။

ဥက္ကာကိုကို(သံတွဲ)
29 ၊ နိုဝင်ဘာ၊ 2010.

2 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 30, 2010 at 2:55 pm

    (ကဗျာအရက်တွေသောက်ပြီး ကဗျာ စကားပြောကာ ကဗျာလိုဆဲရေးကြသည် )
    မိုက်တယ် ရေရေလယ်လယ် ရေလယ်ခေါင်မှာ သင်္ဘောမှောက်တာထက် မိုက်တယ်
    ပိုက်ကျော်ခြင်းကို သီချင်းဆိုးရင်း ခတ် တဲ့သူတွေထက်မိုက်တယ်
    (အလွမ်းတွေကို ထွန်ယက်ပျိုးစိုက် ညကြီးမိုးချုပ် ဆက်မိုက်နေဦးမယ်…..။ ။)
    မိုက်မိုက် ကြိုက်သလောက်မိုက်
    အသေဝနာစ ဗာလာနံ ဘိုင်းဘိုင်

  • kai

    November 30, 2010 at 9:43 pm

    – သူမ၏ နုထွားထွားလက်တစ်ဖက်ကို ကျနော်အုပ်ချုပ်ခွင့်ရခဲ့သည်။
    – နီယွန်မီးတွေလင်းနေတဲ့ ပတ်ဝန်းကျင်ထဲ ငါ့ကိုယ်ငါ ထိုးထိုးသွင်း
    – ကော်ဖီဆိုင်မှာ ကော့တေးတစ်ခွက်သောက်သည့်ညတုန်း က သူမအပြုံးတွေနှင့် ကျနော်မူးသည်။
    – ယုံကြည်မှုချင်း အပြန်အလှန်နားလှည့်ပါးရိုက် လုပ်နေကြသော အွန်လိုင်းကမ္ဘာ
    စာလေးတွေလှတယ်ဗျာ..။

Leave a Reply