တစ် နှစ် သုံး မင်းကို အချစ်ဆုံး(၁)

naywoon niDecember 1, 20101min101

ဒီစာကို ကျွန်တော်အွန်လိုင်းပေါ်မှာပဲ ရေးဖြစ်တာပါ။ လို့လဲဆိုတော့ကျွန်တော်က စာရေးပျင်းပါတယ်။ ပြိးတော့စာရေးဖို့ နေရာ စာအုပ် ဘာညာနဲ့ မျက်စေ့အတွက်လည်းအဆင်မပြေလို့ပါ။

(၁)

၁၉၈ဝ ကျော်လောက်က ကွယ်လွန်သူစာရေးဆရာမ တစ်ဦးရဲ့ ” မရဲတရဲ ဘာဝယ်မလဲရှင့်” ဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကို သတိရတယ်။ ဘာအကြောင်းရေးထားထာလဲ ဆိုတော့ ဝန်ထမ်းတွေလစာ တိုးပေးမယ် ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာပြီး ကုန်ဈေးနှုန်းတွေတက်သွားလို့ စာရေးကြီးကတာ် တစ်ယောက် ဈေးထဲမှာ ဟိုဟာမေးကြည့်လိုက်ပြန်ချထားခဲ့လိုက် ဒီဟာဈေးမေးလိုက် လက်ထဲကပိုက်ဆံက အခြားဦးစားပေးဝယ်ရမှာသတိရပြီး ထားခဲလိုက်ရနဲ့ ဘာမှမဝယ်ဖြစ်ပဲ ဈေးခြင်းဆွဲပြီး အစဉ်းစားလွန်ပြီး အိမ်ကိုဒီအတိုင်းပြန်ရောက်လာတာလေးကို ရေးဖွဲ့ထားတာလေးပါ။
ကျွန်တော်ရဲ့ဇာတ်လိုက်ကတော့ ဈေးဝယ်ဖို့ထွက်အလာမှာ ဈေးပေါက်ဝအရောက် နေ့ပြန်တိုး နှစ်ရက်စာ အတောင်းခံလိုက်ရလို့ ဈေးခြင်းဟောင်းလောင်းနဲ့ အိမ်ကိုပြန်ရောက်လာလေရဲ့။
“ဟင် အမေ ဈေးသွားတာ ဘာမှလဲမပါဘူး”
သားဖြစ်သူကို စူးစူးရဲရဲကြည့်လို့
“နင့်ယောက္ခမက ဈေးပေါက်ဝကနေ ကြွေးစောင့်တောင်းလိုက်လို့ဟေ့ သိပြီလား နေ့ပြန်တိုးလေး တစ်ရက်ပျက်မိပါတယ် ကမ္ဘာပျက်မလားအောင့်မေ့ရတယ် ညနေမှပေးရမဲ့ ပိုက်ဆံကိုတောင်မနက်ခင်းထဲက တောင်းယူသွားတယ်”
“သီတာတို့အမေလား”
“ဟဲ့ ဘယ်သူရှိမလဲ ရပ်ကွက်ထဲမှာ သူပဲ နေ့ပြန်တိုးပေးတာ”
“အမေတို့က ယူထားတာကိုးဗျ”
“ဟဲ့ မရှိလို့ယူတာပေါ့ မရှိရင်မစားဘူး မဝတ်ဘူးပြောကြပါ့လား အမလေးတော် ငါ တစ်ယောက်ထဲ စားပစ်တာကြနေတာပဲ နင့်အဖေလစာက ရက်နှစ်ဆယ်တောင် အနိုင်နိုင်ရယ်”
“အဖေကလည်း နေ့တိုင်းသောက်နေတာပဲ မနေ့ကလည်း ခွေးလိုက်ဆွဲလို့တဲ့ ပုဆိုးကြီးပြဲလာသေးတယ်”
“အေး ကောင်တယ် အပိုရတာလေးကြတော့ အရေသောက် မူးလာတော့ ပုဆိုးပြဲ ငါတော့ တောတွက်ရရင်ကောင်းမလား မသိဘူး”
ဒေါ်နွယ်နွယ်က သူ့သားရဲ့ စကားကြောင့် ယောက်ျားကိုပါ အပစ်တင်ရင်း စိတ်ညစ်ညူးစွာနဲ့ တောထွက်ချင်တယ်လို့ ပြောနေပါတော့တယ် အဲဒိမှာပဲ ဒေါ်နွယ်နွယ်ရဲ့ အိမ်ဦးနတ် နိူးလာပြီး
“အဲဒိလို တောထွက်လိုက်ရုံနဲ့ ဒီဒုက္ခတွေ ပျောက်သွားမယ်ထင်လို့လားကွ ဒီဒုက္ခတွေပျောက် နောက်ဒုက္ခတွေရောက် ဟားဟား”
“ဒီမှာ ကိုသိန်း အမူးမပြေသေးရင်လည်း ပြန်အိပ်နေဦး တော့အတွက် ထမင်းပဲရှိတယ် ဒီနေ့ထမင်းချိုင့် ဟင်းမရှိဘူး ”
“ဒါများကွယ် စောစောကပြောရောပေါ့ ရော့ ကြက်ဥ သုံး လုံးလောက်ဝယ် ဆီလည်းဝယ်ခဲ့ သွား ဖိုးသား ပိုတာတော့ပြန်ပေးဦး သိလား”
ကိုသိန်းကသူ့သားကိုအစိတ်တန်တစ်ရွက်ထုတ်ပေးလိုက်ပြီး ကြက်ဥဝယ်ခိုင်းလိုက်ပါတယ်။ ဖိုးသားက မီးဖိုထဲကဆီပုလင်းလေးဆွဲလာပြီး
“အဖေ့ ကြက်သွန်လည်း မရှိဘူးဗျ”
“အေး ဝယ်ခဲ့ကွာ ဟေ့ …….မင်းကိုတစ်လစာ ဝယ်ခိုင်းတာမဟုတ်ဘူးနော်”
ဖိုးသားက
“ကြက်ဥကဈေးကြီးတယ်ဗျ ဘဲဥပဲဝယ်ခဲ့မယ်”
ဟုတ်ပါတယ်။အဲဒိအချိန်ကဒီလို ဥစားကြက်ခြံတွေ မွေးရကောင်းမှန်းမသိသေးပါ ဒိုက်ဦးဘက်က ဘဲဥတွေသေတ္တာနဲ့မှာပြီး ဈေးထဲမှာ ချရောင်းကြတာပါ။ တစ်လုံးမှ ပြားခြောက်ဆယ် တစ်ခါတစ်လေလည်း စေးနဲနဲတက်လို့ နှစ်ကျပ်ဖိုး သုံးလုံးဖြစ်တတ်ပါတယ်။ကြက်ဥက ဘဲဥထက်စာရင် သေးပါတယ် ။မွေးတဲ့ခြံတွေ တည်ခါကာစကိုး
ဒီတော့ မလုပ်တတ် မကိုင်တတ် မကျွေးတတ် မမွေးတတ် ကြက်ဥလေးတွေက သေးနေတာဘာလိုနေတယ် ဆိုတာ မသိကြသေးဘူး။
ပြောပြောဆိုဆိုထွက်သွားပါတော့တယ်။ အချိန်က မနက် 7း30 ဆိုတော့ကျောင်းသွားဖို့ ရုံးသွားဖို့ စောနေပါသေးတယ် ။ဒေါ်နွယ်နွယ်က လကုန်ရက်နီးပြီမို့ ရှိတဲ့လက်ကျန်ငွေလေးကို ခြစ်ခြုပ်ပြီး သုံးစွဲနေရတာပါ ။ ကိုသိန်းအိပ်ယာကနိုးမှပဲ ညနေ ပိုက်ဆံနဲနဲလောက် ရှာကြံခဲ့ဖို့ ပြောတော့မယ်ဆိုပြီး လက်ထဲရှိတဲ့ ပိုက်ဆံလေး တစ်ဆယ်ကျော်ကျော်လေး ကိုင်ပြီး ဈေးဝယ်သွားခဲ့တာပါ။ မနေ့က ပေးစရာရှိတဲ့ နေ့ပြန်တိုးခြောက်ကျပ်ကို ညနေမှပေါင်း ပေးမယ်ဆိုပြီး စိတ်ချလက်ချ ဈေးဝယ်ထွက်လာကာ မှ ဈေးပေါက်ဝမှာကြွေးရှင်နဲ့တိုးပြီး အတောင်းခံလိုက်ရလို့ ကျန်တဲ့အကြွေလေး တစ်ကျပ်မပြည့်တစ်ပြည့်ကို ကိုင်ပြီးအိမ်ပြန်လာခဲ့တာပါ
“ဒီမှာ ကိုသိန်း ရှင်ကလည်း ရတဲ့ဟာလေးတွေ သောက်သောက်မပစ်နဲ့ဦး ကျုပ်မှာ နေ့ပြန်တိုးဆွဲသုံးနေရတာ သိရက်နဲ့ ခုပိုတာလေးလည်း နဲနဲပေးထားခဲ့ဦး တော်တို့က အပြင်မှာထွက်နေရတာ ပိုက်ဆံဆွဲလို့ရတယ် ကျုပ်က အိမ်ကနေ ဘာမှမလုပ်တတ်ဘူး ရှာရင် အတိုးနဲ့ ဒီငွေလေး တစ်ရာ့ငါးဆယ် လောက်တောင်မှ မနဲ တောင်းတောင်းပန်ပန် နဲ့ရှာထားရတာ ”
ကိုသိန်းက ရုံးတစ်ရုံးမှာ ငွေကိုင်ပါ ။ဒီတော့သူ့ဆီမှာ ငွေယားလေးက မပြတ်တတ်ပါဘူး။ ဒီလိုလေ ရုံကးက ငွေကိုသုံးနေတာ မဟုတ်ပါဘူး ။သူ့ရုံးကို ငွေလာသွင်းတဲ့သူ သူ့ဆီကနေငွေလာထုတ်တဲ့သူတွေ က သွင်းငွေထုတ်ငွေတွေက အတိအကျ မဟုတ်ပဲ ပြားစွန်းလေးတွေ ရှိတတ်ပါတယ်။ ဥပမာ -သူ့ဆီကိုငွေလာသွင်းတဲ့ သူက တစ်ရာ့နှစ်ဆယ်နဲ့ ပြားငါးဆယ် သွင်းရမဲ့ကိစ္စမျိုး မှာ တစ်ရာနှစ်ဆယ်တစ်ကျပ်ပေးသွားပြီး ပိုတဲ့ပြားငါးဆယ် ကိုထားခဲ့လေရှိပါတယ်။ နောက်တစ်ကြိမ် ဆက်ဆံရေး အဆင်ပြေအောင်လို့ပါ(ဒါကို sub-plus cash စာလုံးပေါင်းတာမှာရင်ပြင်ပေးကြပါလို့ခေါ်ပါတယ်။ /ဆိုရှယ်လစ်ခေတ်မှာလာဒ်မစားပါ ပြိးတော့ ဒီလိုပိုငွေထားခဲ့တာမျိုးကလည်း ဒီနေ့ထိရှိနေပါတယ် သွင်းတဲ့ငွေပိုရင်ထားခဲ့ ထုတ်မဲ့ငွေ အစွန်းထွက်လျော့ယူ ဆိုတဲ့စနစ်ပါ အကျင့်ပါနေကြတာ အလေ့အထကောင်းလေးကို ထိန်းသိမ်းထားကြတာပါ အတိအကျသွားလုပ်ရင်လည်း နောက်တစ်ကြိမ်ကျအဆင်မပြေတတ်ပါဘူး )အဲဒိတော့အဲဒိလိုပိုငွေလေးတွေနဲ့ တစ်ခါ တစ်လေများဆို ကိုသိန်းတို့ ပိုကာဝိုင်းတွေဘာတွေ တက်နိုင်လောက်အောင် ရတတ်ပါတယ်။ အရက်ကလည်း အဲဒိကနေသောက်တတ် လာတာပါ။ အပေါင်းအသင်းဝင်ဆန့်အောင် စားကောင်းသောက်ကောင်း သောက်တတ်ရပါတယ် ။ဒါကအဲဒိအချိန်ကဝန်ထမ်းအချို့ရဲ့ခံယူချက်လေးတွေပါ။
“အေးပါကွာ ဒါကျေသွားရင် မယူနဲ့တော့”
“တော်ကလည်း ရတဲ့ငွေလေး သောက်သောက်မပစ်နဲ့”
“ဟာကွာ မင်းကလည်း ငါသောက်တာပဲ ပြောနေ ဒါက လူမှုရေးကွ အပေါင်းအသင်း ကဏ္ဍ ကရှိသေးတယ် မင်းကဘာမှမသိဘဲနဲ့”
နေ့ပြန်တိုးမယူတော့နဲ့ဆိုတော့ သူကပေးမှာပဲလို့တွက်ထားလိုက်ပြီး ဒေါ်နွယ်နွယ်ဘာမှ ဆက်မပြောတော့ပါဘူး ။ဟုတ်တယ်လေ ကြွေးလေးကင်းနေရင် ပြီးတာပဲ ။ ဒီတော့ အသာလေးပဲအလျော့ ပေးလိုက်ပြီး
“အေးပါ ကျုပ်ကတော့ ကြွေးမတင်ရင်ပြီးတာပဲ။ ကျုပ်ကိုပေးပြီးပိုတာ တော့လူမှုရေးကဏ္ဍ ပေါ့ ဟုတ်ပြီလား။ ကျုပ်ကတော့ တော်ပေးတာမလောက်ရင် ဒါကလွဲပြီး မရှာတတ်ဘူး ဒါပဲ”
ဒေါ်နွယ်နွယ်ကစကားစဖြတ်လိုက်ပြီး သူသားလည်းပြန်လာပြီမို့ ထမင်းချိုင့်နှစ်ယောက်စာ ရုံးတစ်ချိုင့် ကျောင်းတစ်ချိုင့် ထည့်ပေးရမှာမို့ ဘဲဥနဲ့ကြက်သွန်ကိုမွှေပြီးကြော် နေပါတော့တယ်။ ကိုသိန်းရတဲ့လစာက သုံးရာမပြည့် တတ်ပါဘူး။ အသက်အာမခံနဲ့ ဆန်ဖိုး ဘာညာ နှုတ်လိုက်ရင် နှစ်ရာ့ငါးဆယ်ကျော်ကျော်လေး ကျန်တော့တာ ဒါလေးနဲ့ မိသားစု သုံးယောက်ကို လောက်ငှအောင်သုံးစွဲနေကြတာ။ ဆန်က တစ်ပြီမှ နှစ်ကျပ်ခွဲလောက်ရှိသေးတာ ဆေးပေါ့လိပ် ကတစ်လိပ် ဆယ့်ငါ့းပြား စီးကရက်လည်း များများစားစားမရှိသေးဘူး။ ပြည်တွင်းဖြစ်ပဲများတယ်။ အရက်ဖြူကလည်း တစ်ပုလင်း သုံးကျပ်ခြောက်ဆယ်လောက်ရှိသေးတာ။ တစ်ပက် ပြားခြောက်ဆယ်။ ဒါတွေပြောနေရတာက နှစ်နှစ်ဆယ်ကျော် ကျော်လေးမှာ ပြောင်းလဲကုန်တာ ကိုတွက်မိအောင်လို့ပါ။
“ကဲ ဖိုးသား ကျောင်းသွားဖို့ ပြင်တော့”
ဖိုးသားတစ်ယောက်ကျောင်းလွယ်အိပ်ကိုလွယ်လာပြီးသူ့အတွက် ထမင်းချိုင့် ဆွဲလို့ ခေါင်းငိုက်စိုက်ချပြီး ထွက်သွားပါတော့တယ်။
“တယ် …….ဒီကောင်လေး အောက်ငုံသွားလို့ ဘယ်သူမှ အကြွေထွက်ကျခဲ့မှာ မဟုတ်ဘူး လုပ်ပုံ ကိုင်ပုံကိုက အချိုးကိုမကျဘူး ဘယ်နေရာမှစိတ်ပါလက်ပါမရှိဘူး”
” အဲဒိလောက်ဖြစ်နေလည်း ဆယ်တန်း ပြီးရင်တော့ မအောင်လည်း ကျောင်းသာထုတ်လိုက်တော့ ငါ့ရုံးမှာပဲ ရတဲ့ နေရာသွင်းထားရရင်ကောင်းမယ်”
” ကိုသိန်းရယ်အဲဒိလောက် ရည်မှန်းချက်ကြီးကြီးမထားစမ်းပါနဲ့”
“အံမယ် နင့်သား ကိုဆယ်တန်းအောင်လို့ ဆက်ထားရအောင်လည်း ဆရာဝန်ဖြစ်မှာလည်းမဟုတ် အင်ဂျင်နီယာလည်းမဖြစ် ရိုးရိုးတန်းတန်းဘွဲ့လေးကတော့ အပြင်မှာ အလုပ်လက်မဲ့တွေ ရိုက်သတ်လို့ မကုန်ဘူး သိလား ငါက ငါ့သားကို ထားချင်တာပေါ့ မတတ်နိုင်လို့သာ နှစ်ဘာသာ ဆယ့်ငါးကျပ်တန် ကျူရှင်လေးထားနေရတာ ဖြစ်နိုင်ရင် ပြင်ဦးလွင်လောက် ပို့ထားချင်တာ သိလား?”
သားဖြစ်သူထွက်သွားတဲ့ပုံကိုမိဘနှစ်ပါးက ဝေဖန်သုံးသပ် ပေးနေတာလေ……..။

(၂)
ဖိုးသားကျောင်းရှေ့ကို ရောက်တော့ သီတာနဲ့တွေ့တယ်။ တွေ့တွေ့ချင်းပဲ သီတာက
“ဟဲ့ နင့်အမေ မနေ့ ပိုက်ဆံလာမပေးလို့ဆိုလား အဲဒါဘယ်လောက်ပေးရမှာလဲ ငါ့အမေကိုမေးလို့ မရဘူး ညည်းနဲ့ဘာဆိုင်လဲလို့ ပြောလွှတ်တယ်။ငါလည်းနင့်အမေဆီ လာမမေးရဲဘူးဟ ဘယ်လောက်တဲ့လဲ ငါ့ဆီက ကျောင်းဆင်ရင် ယူသွားဟာ ဖျစ်တောက်ဖျစ်တောက်နဲ့ နားငြီးတယ်။ ”
“အော် …..နင်က နားငြီးတာနဲ့ ငါ့အမေကြွေးကို ဆပ်ပေးမလို့ပေါ့လေ”
“ဟဲ့ တစ်ခြားလူ ဆိုပေးမလား နင့်အမေမို့နော် နင်စကားကိုကြည့်ပြော စေတနာကို…………………”
“အေးပါဟာ ……..မနက်ကငါ့အမေကို ဈေးပေါက်ဝ ကနေစောင့်တောင်း ပြီးပါပြီတဲ့ နင့်အမေက ငါ့အမေ ဘာမှတောင်ဈေးထဲကဝယ်မလာရဘူး ဒီအတိုင်းခြင်းတောင်းအလွတ်နဲ့ပြန်လာရတယ် သိလား နင့်အမေချစ်တီး ကောင်းချက် ကတော့ ”
” ဟယ် …..အဲဒါ နင်ဟင်းမပါဘူးပေါ့ ငါနဲ့အတူလာစား ဟာနော် ဒီအမေနဲ့တော့ ခက်ပါသေးတယ်”
“အေး သိရင်လည်း နင့်အမေနင့် ဆုံးမထား သိလား ငါသွားပြီ”
“မသာကောင် နေ့လည်ကျမှတွေ့မယ်”
သီတာလည်း ဖိုးသားနောက်ကျောပြင်ကို ကြည့်ရင်း လိုက်သွားပါတော့တယ်။ဒီကလေးတွေဘာရှိဦးမှာလဲ ဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ် ။
ဖိုးသားအခန်းထဲဝင်လိုက်ပြီး ထိုင်ခုံရှိရာသွားလိုက်တော့ သူ့နေရာရှေ့မှာ စာအုပ်တစ်အုပ်ကပွင့်လျှက်သား…….
“ငါတို့ ကျောင်းမတက်တော့ဘူး ငါးမျှားသွားမှာ လိုက်ချင်လိုက်ခဲ့”တဲ့
သူငယ်ချင်းတွေထားခဲ့တဲ့စာလေးပါ..။
လိုက်မသွားချင်တာနဲ့တစ်မနက်လုံးစာသင်ခန်းထဲက ဖိုးသား အပြင်မထွက်ပဲနေလိုက်ပါတယ် ။အတန်းပိုင်ဆရာကတောင် ငြိမ်နေတဲ့ ဖိုးသားကို တစ်အံ့တစ်ဩ။
အရင်ကဒီလို ငြိမ်နေတာမှ မတွေ့ဖူးတာ ဖိုးသားဘာတွေးနေတယ်ဆုတာက သူကိုယ်တိုင်မှပဲသိမှာလေ………….