လှိုင်ထိပ်ခေါင်တင်ရဲ့ အနုပညာ

(1)တောင်းဆုပွေလီ

အပျိုဖော်ရွယ်မစေ့ခင်
ကငယ်ဓလေ့ဂေါရီ။
ဘယ်အတွေ့လောကီကို
ဇော မသီခင်က။
စံပ္ပါယ်ခက်
စုံနှစ်ပြင်မငုံခင်အစ။
ပန်းဒွါဒဿ်
ဆင့်စီငယ်မပွင့်မီကာလ။
ကျင့်ဝသီစာဂနှင့်
ခါပထမသက်ရွယ်၊
ငယ်သွားတွေကြွေမလဲခင်က
မေအမြဲချစ်ဘို့ကြံရွယ်။
ကလေးစိတ်ဇာတ်မပျယ
်ခပ်ငယ်ငယ်စာမတတ်ခင်က။
ကညာနတ် ကောင်းမူ့စေတီ
တောင်းဆုပွေလီ။
စိ်တ်မှန်းနဲ့မေ
ကျောက်ချီတယ်သွေဖောက်ပြီနိုင်ဘဲမို့လေး။

(တေးထပ် 1858ခုနှစ် မြန်မာသက္ကရာဇ်၁၂၂ဝခုနှစ်)
(ဒီတေားထပ်လေးတော့လှိုင်ထိပ်ခေါင်တင်က ကနောင်မင်းသားကိုအပျိူတောင်မဖြစ်သေးတဲ့ အရွယ်ငယ် ငယ်ကလေးတည်းကချစ်ခဲ့ရတယ်ဆိုတာကို
ရေးပြထားတဲ့ တေးထပ်လေးပါ)

(2) ရဲပါပေ့ဘုရား
ညဉ့်ရုံတော် အခြေပျက်အောင်လ
ရွှေလက်နှင့်ဆွဲကာ၊ပွေရက်ပေ့ ပုလဲညှာရယ်
ရဲပါပေ့ဘုရား။
အပါးကရံရွှေတော်ငယ်ပျော့် တပျော် နိုးခိုက်လေလား။
နေနွယ်ညွန့် သတိုးမှန်ရယ်
လူဆိုးဉာဏ်ဝင်စား။မြတ်မယ်တော်ဘုရားနှင့်
အများတို့ သိမည်။မြသလွန်ဗွေအုံးရွှေနှလုံးတုန်လှပါတော့သည်။
ငိုလိုက်လိမ့် ဖုန်းစည်ရယ်
ကြာရှည်ရှည်စံမမြန်းပါနှင့်မှန်နန်းကရွှေနာရီဆော်
လင်းလုပေါ့နော်။
နှစ်ပါးလုံး အရှက်မျှော်လျှင်ထွက်ကြွတော်မူအုံး ဖျ(ဖယာ့)လေး။
(တေးထပ်။ မြန်မာသက္ကရာဇ်1225။1863ခုနှစ်)
(ဒီတေးထပ်လေးကလဲ လှိုင်ထိပ်ခေါင်တင်နဲ့ ကနောင်မင်းသား သမီးရီးစားဘဝမှာ
လှိုင်မင်းသမီးအဆောင်တော်ထဲကိုအချိန်မတော်ရောက်နေတဲ့အင်မတန်လက်ရဲဇက်ရဲနို်င်တဲ့ မင်းသားကို ပြန်ဘို့ရေးထားတဲ့စာလေးပါ)

(လာမချောလာနှင့်)ဆိုတဲ့ အမူဖွဲ့လေးက နှစ်သက်စရာပါ။

လာမချော့လာနှင့်
တန်တော့ဖျာ့း ရွှေကိုယ်
ဘုန်းမိုမိုငယ် မယ်ကလို မောင်မညှာလို့
ရှောင်ခွာစိမ်းရက်တယ်လေး……….။

လှမြတ်စွာငယ် မကြာစေကြောင်း
ရွှေစင်္ကြာ ညောင်းမည်လို့
သောင်းလုံးမှန်ကူ။
ရွှေဗျာငြိမ့်နှင့် ဆင်မိန့်တော်မူခဲ့
ဒါရူလုံ့ ကေဆံငယ်
တစ်ပြည်စံနှစ်ပြည်မွေ့လို့ သူမေ့တယ်လေး။
(ဒီစာလေးကလဲ အကိုတော် မင်းတုန်းမင်းလို့ မိန်းမပွေလွန်းတဲ့ ကနောင်မင်းသားကို
အမူဖွဲ့လိုက်တဲ့ ချစ်စရာကဗျာလေးပါ၊)

“သံဝေဂ”

သူဖြူလျှင်အယူဖြောင့်နိုင်ငဲ့
သူမှောင့်မှာစိုးမိတယ်။
ခွင့်သနားရင်ဖြင့် မြင့်ဖျားမှာဟေမာနှင့်
ချောင်သေလာ ရွှေဝါကွေ့မှာ တောမွေ့တော့မယ်။
မသေရုံရွှေဘုံကြီးမှာလှ
သစ်သီးနှင့်ပွဲတော် တယ်
ဖန်ခြယ်တဲ့ဝတ်လဲ။
မွှေးလို့ရယ်လှိုင် အုပ်လုံးစံပယ်ကြိုင်တဲ့
မြကေခိုင်မင်ရည်လဲ့ကို ရှင်းမယ်ကြံဆဲ။

(ဒါကတော့ မိန်းမများတဲ့ ကနောင်မင်းသားကြောင့်စိတ်ပူပန်ရ
နောက် လှိူင်ထိပ်ခေါင်တင်ပြိုင်ဘက် မောင်းမများက ကုန်းချောတော့ စိတ်ညစ်ရတယ်ဆိုတော့
တောထွက်တာကောင်းမလားလို့ စိတ်ကူးယဉ်တဲ့ကဗျာလေးပါ)

“မယ်ခုမျှော်(ခ) စိန်ခြူးကြာညောင်”

စိန်ခြူးကြာညောင်လရောင်တွေလင်းပါလို့မှန်ရွှေပြူ ပြတင်းရယ်က မယ်ခုမျှော်။
သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး လင်းပြန်လုနော်။
သဇင်သင်းပါတဲ့ခင်းပြန့်ပေါ်လာနိုးငယ်မယ်မျှော်လို့ တကိုယ်တော်ထူး။
ထွေရာစိတ်ကူးပါလို့ ဖူးရွှေလက်တင်ဖြစ်ရှေးကုန်စင် ဘဝင်တုန်ဆွေးတယ်လေး တွေးကြံလိုက်ရင်။
သစ္စာတော်စူးပါစေ့ ဆိုဦးကပင်ခင်လေးကိုမောင်ကြင်ငဲ့ သည်သက်တွင်ဘဲ။
နောင်သွေမလွှဲပါဘု ယုံတော့မေ။
ပြဒုမဘွေသီဟာ တင့်တယ် တယ်လေး မိုးညာမြင့်နေ။
နတ်ဒေဝီဖြားသော်လည်း တပါးမသွေ ရှစ်ဗြဟ္မာချွေပါလို့ အောင်ဇေယျာညွှန်း
မတ်ခြွေရွှေဝန်းငယ်နှင့် ရေသွန်းတော်ခံ။
မဟေသီမှန် ဒေဝီတပ်တယ်လေး ဦးဆယ်ထပ်ရံ။
သည်ထင်စားပါလို့ ကြင်အားငယ်သန်
ခုများမှာတော့ သူတဉာဏ်နှင့် မူဟန်တခြား ပြုတော်မူအားရန်ကော့၊
မျက်ထားတော်သုန် မချစ်ပြင်ပြင် မကြင်ကိုယ်တော်စိမ်းတယ်လေး ပိန်းပိတ်လို့မူန်။
(ဒီဘောလယ်ကတော့ လှိူင်ထိပ်ခေါင်တင်အတွက်လူသိအများဆုံး ဘောလယ်ဖြစ်ပါတယ်။
အင်မတန် မိန်းမရှုပ်တဲ့ ကနောင်မင်းသား ကို ညည စောင့်ရတဲ့ အလွမ်းဖွဲ့လေးပါ)

“စိမ်းရက်သည့်သဇင်ခက်”
ပံသုသေလာ ကွယ်ကာပျောက်ခါမှ သွေခွါဖောက်မယ်ပ အိုသက်လျှာ။
ဆိုဘူးသည့်တာ ကျိန်သစ္စာဖျက်တယ်လေး ယွင်းသွေကွက်ရှာ။

(ဒါကတော့ မိန်းမများတဲ့ ကနောင်မင်းသားကို သစ္စာဖောက်တာကိုထောက်ပြတဲ့ ဘောလယ်ထဲက ပထမ တပိုဒ်ပါ))

“တကယ်မုန်းတော့မှာလား(ခ) နာဂဆဒ္ဒါန်”

နာဂဆဒ္ဒါန် သန္ဓေ မှန်နှစ်ပေပ ချိန်မှူးစစ်ပါတဲ့ တိမ်ညွန့်စံ
စက်သွားသီလဝင် စိန်ရွှေရိုးငယ်နှင့်လေး ဖု်ိးပြည်ထိုက်တန်။
ရွှေကိုယ်တော်ဖုန်းမှာလ လက်သုံးတော်မှန် မခြွင်းချန်ပါနှင့်
ရာသက်ပန်ပေါင်းမြတ်ဉာဏ်ယူ၊လောင်းပါလို့ဆုတောင်းပါတယ်
ရာဇဂုဏ်မာန် ကြိမ်ကြိမ်ထပ်တယ်လေး ပိုင်းသတ်မယ်ရွယ်။
တကယ်မုန်းတော့မှာလား မောင်ဖုန်းကြွယ် ရှောင်လွှဲငယ်သွေဖယ်လို့ မတာတွယ်ဘဲ။
ရွှေရင်ထဲမှာလ ငွေသဲဆိုင်ကျွမ်းခွေလုယိုင်။

(ဘောလယ် မြန်မာသက္ကရာဇ် ၁၂၂၅။1863ခုနှစ်)

(ဒီဘောလယ်ကတော့ ကနောင်မင်းသားနဲ့လှိုင်ထိပ်ခေါင်တင် အချင်းများကြတဲ့အခါ
ကနောင်မင်းသားကစိတ်ဆိုးပြီး လက်သုံးတော်ဓါးနဲ့ပိုင်းမယ်လို့ ဓါးနဲ့ရွယ်လိုက်တာကြောင့်
ဝမ်းပမ်းတနည်းနဲ့စပ်ဆိုထားတာပါ။ ပထမတပိုဒ်ဘဲရှိပါသေးတယ်။)
“ဖူးပွေ့လက်တင်”

ဖူးပွေ့လက်တင် တွေ့မြင်ချင်ရေးငယ်နှင့်
နေ့စဉ်ပင်ဆွေးပါရ ငေးငိုမိမိူင်။
လဲမလို့ သဲညို့ခွေယိုင် မပြေနိုင်မုန်းတယ်လေး ရုံးညာသက်ပိုင်။
လက်သုံးတော်ဓါးကိုလ ယောင်မှာကားကိုင် နိုင်ချင်လို့ဟုတ်ပါကဘဲ
နုတ်အာရဲတယ်လို့ အပြစ်တင်
မချစ်ပြင်ပြင် ချစ်ရင်အကျိုးကိုလေး ငြိုးမာန်ဖွဲ့ဆင်။

နာဂဆဒ္ဒါန်ကိုဖြေသော ဘောလယ်မြင်းစာရေးမောင်မောင်ဘ
(ဘောလယ် မြန်မာသက္ကရာဇ် ၁၂၂၅။1863ခုနှစ်)
(ဒီဘောလယ်ကတော့ ကနောင်မင်းက ရုတ်တရက် အမျက်ထွက်ပြီး လှိုင်ထိပ်ခေါင်တကို ဓါးနဲ့ပိုင်းမယ်လို့ရွယ်လိုက်မိတာကိုတောင်းပန်တဲ့စာလေးပါ။ ကနောင်မင်းက မြင်းစာရေးမောင်မောင်ဘကို သူ့ကိုယ်စားရေးဖွဲ့ခိုင်းထားတာပါ)

တကယ်တမ်းပြောရရင် တော့ ရှေးကမင်းညီမင်းသားတွေကအပျော်အပါးတွေ
မိန်းမကိစ္စတွေနဲ့အချိန်ကုန်နေလို့သာ ဒီလို်အမျှော်စိုက်သီချင်းတွေဖြစ်လာရပါတယ်။
ဒါပေမယ့် အနုပညာမြောက်တယ်လို့တော့ခံစားရပါတယ်။
ဘောလယ်ကို အမျုးိမျုးိအနက်အဓိပ္ပါယ်ဖွင့်ကြပေမယ့်ပြင်သစ်ဘာသာစကား ဘောလက်=ဇာတ်လမ်းပါဝင်သော တေးကဗျာစာစု
ကနေမွေးစားယူတယ်လို့တော့ မှတ်ဘူးပါတယ်။

“ကြောင်းမခိုင်”

အပုပ်ချိန်ကိုယ်တော် ကျပြီမို့
ရုပ်အိမ်တော် ညိုကာကြွသော်လည်း
ငိုသော်မှ မယ်မငို။
မကြံတတ်လေဘုဇရပ်မှာ ဧည့်သည်ဆုံးသည်သို့
ဘုန်းပြုသကို။
ထီးဖြူတော်ရှစ်ချက်ကျင်းပါလို့၊
ကျောက်နီတွင်ရွှေတညင်းရယ်နဲ့
အမယ်မင်းသခင့်ကိုယ်ရွှေဖိုနှင့်တင်ချင်သား။
ကြောင်းမခိုင်
မပေါင်းပိုင်အခြေဆိုက်တာကြောင့်
နှစ်လောင်းပြိုင်သေကာလိုက်ချင်ပေါ့
သောင်းထိုက်ညှာဖွား။

(လေးဆစ်ငိုချင်း မြန်မာသက္ကရာဇ်1228ခုနှစ်။1863ခုနှစ်)
(ဒီကဗျာလေးကတေ့ာကနောင်မင်းသားလုပ်ကြံခံရလို့ကွယ်လွန်ချိန်မှာစပ်ဆိုထားတာပါ။
အိမ်ရှေ့မင်းသား က နန်းတော်အပြင်မှာလုပ်ကြံခံရတော့ နန်းတွင်းထဲကို မသွင်းရဘူးနဲ့တူပါတယ်။
ဒါကြောင့်လည်းဝမ်းပမ်းတနဲစပ်ထားတာလေးပါ။ )

မနောဖြူလေးရဲ့လှိုင်ထိပ်ခေါင်တင်အကြောင်းရေးတာကိုဖတ်ရတော့
ငယ်ငယ်တုန်းကဖတ်မိခဲ့ နှစ်သက်ခဲ့တဲ့
လှိူင်မင်းသမီးနဲ့ ကနောင်မင်းသားတို့ ဘဝနဲ့တိုက်ရိုက်ပါတ်သက်တဲ့
တေးထပ်လေးတွေရယ် အပြန်အလှန်ရေးကြတဲ့ ဘောလယ်တွေကို
သတိရမိတဲ့အတွက် ကျနော်အရင်က ဖတ်ခဲ့တဲ့ ဆရာမြကေတုရဲ့ ကဗျာစာအုပ်လေးကို ပြန်ရှာလို့ စုပြီးပြန်တင်ပေးလိုက်ပါတယ်။
ဒီအထဲမှာပါတဲ့ မယ်ခုမျှော်(ခ)စိန်ခြုးကြာညောင်ဘောလယ်ကတော့ မြန်မာအများစု
သိလဲသိ ကြားလဲကြားဘူးတဲ့ သီချင်းကြီးဖြစ်ပါတယ်။
အဆိုတော်ကြီး ဒေါ်တင်တင်မြ ပြန်လည်သီဆိုထားပါတယ်။
ကနောင်မင်းနဲ့လှိုင်ထိပ်ခေါင်တင်တို့ အဆင်မပြေဖြစ် ချိန်(အဓိကကတော့ ကနောင်မင်းမိန်းမမူ့ပွေတာကြောင့်ပါ) တစ်ယောက်နဲ့တစ်ယောက်အခြေအနေတင်းမာချိန်မှာ
စပ်ဆိုခဲတဲ့ တကယ်မုန်းတော့မှာလား(ခ)နာဂဆဒ္ဒါန်
ဒီအမေးကို ပြန်ဖြေတဲ့ ဖူးပွေ့လက်တင် ဘောလယ် (2)ပုဒ်ကတော့ တစ်ဦးနဲ့တစ်ဦး
အပြန်အလှန်ရေးဖွဲ့ထားကြပါတယ်၊
ဒီနှစ်ပုဒ်ကလဲ သီချင်းကြီးအဖြစ်အနေနဲ့ရှိပါတယ်။
ကွယ်လွန်သူမင်းသား သုမောင်နဲ့သင်းသင်းမြတ်တို့ သီဆိုထားတယ်လို့ထင်ပါတယ်။

အများအားဖြင့် တော့ လှိုင်ထိပ်ခေါင်တင် ကို ဒီလို ကိုယ်ရေးကိုယ်တာနဲ့ ပါတ်သက်တဲ့
အချစ်အဖွဲ့အနွဲ့တွေပဲ ဖွဲ့ဆိုသူထင်ရင်တော့ မှားပါလိမ့်မယ်။
ဒါပေမယ့် လှိုင်မင်းသမီး ရေးဖွဲ့တာတွေကတော့ အလွမ်းဖွဲ့လေးတွေများပါတယ်။
သူ့ဘဝကလဲ အလွမ်းတွေနဲ့ဝေနေရတဲ့ဘဝပါ။
သူမယ်တော် မမြလေးကလဲ မင်းပြစ်မင်းဒဏ်သင့်တယ်။
ခင်ပွန်းက လုပ်ကြံခံရတယ်။
သားတော်ဖြစ်တဲ့ ထန်းတပင်မင်းသားကလဲ ကွပ်မျက်ခံရရှာတယ်။
သူရေးဖွဲ့ခဲ့တဲ့
(စွဲတဲ့စိတ်ထား)(ကြေကွဲအောင်မဖန်ပါနှင့်)(ဆိုင်းရွာပါ့ဘုရား-မိုးဘွဲ့ဘောလယ်)
(ပြည်တော်ပြန်)(ရွက်သစ်လောင်းချိန်)(ဘမ်းပါ့ဖေ)(ဝဋ်လိုက်တတ်တယ်)အစရှိတဲ့ ရာသီဖွဲ့အလွမ်းဖွဲ့
စာသားနုနုရွရွလေးတွေကိုရေးဖွဲ့တတ်သူလဲဖြစ်ပါတယ်။
သူ့စာလေးတွေက အသံထွက်ဖတ်ရင် အင်မတန်ကိုလှပတဲ့ ခံစားမူ့ကိုရတာတော့အမှန်ပါဘဲ။
အသံသာသာတော့ ရွတ်ဆိုလို့အင်မတန်ကောင်းပါတယ်။
ပဒေသရာဇ်မင်းများအကြောင်းတွေဖြစ်ပေမယ့်
ရှေးဟောင်းစာပေအမွေဖြစ်တာကြောင့် ပြန်လည်ဖော်ထုတ်သင့်တယ်လို့ ထင်ပါတယ်ခင်ဗျာ။.

One comment

  • manawphyulay

    December 3, 2010 at 1:17 pm

    သူက လွမ်းလို့ သီချင်းတွေ ကဗျာတွေ ပိုထွက်လာတာလား မပြောတတ်ဘူးနော်…………

Leave a Reply