“စစ်ဘောင်ကျယ်လာရာမှ ဒီမိုကရေစီဘောင် ကျဉ်းကျုတ်သွားရသွားခဲ့ရသည်”
ဒီတပတ်ထုတ် The Voice ဂျာနယ်မှာ “ရွေးကောက်ပွဲလွန် ရယ်ဒီကယ်အငွေ့အသက်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြထားတဲ့ ဆောင်းပါးရှင်ကျော်ဝင်းရဲ့ ဆောင်းပါးကို ဖတ်ပြီးတော့ ဒီဆောင်းပါးထဲမှာကိုးကားထားတဲ့ ဝိဒူရသခင်ချစ်မောင်ရဲ့ “စစ်ဘောင်ကျယ်လာရာမှ ဒီမိုကရေစီဘောင် ကျဉ်းကျုတ်သွားရသွားခဲ့ရသည်” ကို ၂၀၁ဝ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တဲ့ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေရော၊ နည်းမျိုးစုံနဲ့ အနိုင်ရခဲ့တယ်ဆိုတဲ့ ကြံ့ဖွတ်ပါတီက စစ်မိန့်ခံ အရပ်ဝတ် (ခါတော်မှီ စစ်ဗိုလ်ပြုတ်) ကိုယ်စားလှယ်တွေပါ ဖတ်ရှုနားလည်သဘောပေါက်လာကြပါက ကျနော်တို့ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို လှမ်းကိုင်နိုင်ပြီလို့ ဝမ်းသာအားရပြောနိုင်ကြပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ “စစ်ဘောင်ကျယ်လာရာမှ ဒီမိုကရေစီဘောင် ကျဉ်းကျုတ်သွားရသွားခဲ့ရသည်” ဆိုတဲ့စကားဟာ သိပ်ကို လက်တွေ့ကျပြီးမှန်ကန်တဲ့စကားဖြစ်နေကြောင်းကို တိုင်းပြည်ကို ကာကွယ်မယ့် ကာကွယ်ရေးတပ်မတော်ကြီးဟာ ၆၂ ခုနှစ် စစ်အာဏာသိမ်းခဲ့တဲ့ အချိန်က စပြီး တလှမ်းချင်း ပြည်တွင်းဖက်ကို တိုးချဲ့လာခဲ့လိုက်တဲ့ စစ်ဘောင်ကြီးဟာ အခုဆိုရင် ပြည်တွင်းမှာ အရပ်ဖက်ပြည်သူတွေ လှုပ်လို့ကိုမရတော့လို့ ဒီမိုကရေစီဘောင်လုံးဝကို မရှိတော့တာကို လက်တွေ့ ရင်ဆိုင်နေရလို့ပါပဲ။
အမှန်တကယ်ဆိုရင် ကိုယ့်အိမ် ကိုယ့်ခြံထဲမှာ မိသားစု ညီအစ်ကို မောင်နှမချင်း တယောက်ကိုတယောက် အနိုင်ကျင့်တာ မခံကြရအောင် မိသားစုအားလုံးလက်ခံနိုင်တဲ့ စည်းကမ်း(ဥပဒေ)ချမှတ်ပြီး၊အဲဒီစည်းကမ်း ဥပဒေကိုချိုးဖောက်သူတွေကို ဆုံးမဖို့ ရွေးချယ်တာဝန်ပေးထားတဲ့ လူ(ရဲနဲ့တရားရေးတာဝန်ယူသူ)တွေကို ထားပြီး၊ကိုယ့်အိမ် ကိုယ်ခြံကို ကာကွယ်စောင့်ရှောက်မယ့်သူတွေဟာ ခြံစည်းရိုးမှာနေပြီး အပြင်ဖက်ကို လှဲ့နေရမှာ ဖြစ်ပြီးပေမယ့် အခုတော့ ကိုယ့်အိမ် ကိုယ်ခြံကို ကာကွယ်စောင့်ရှောက်မယ့်သူတွေဟာ ခြံစည်းရိုးမှာနေပြီး အိမ်ထဲဖက်လှဲ့ကာ ကိုယ့်အိမ်ထဲမှာ သစ်ပင်ပန်းမာလ် စားပင် တွေ စိုက်ပျိုးတဲ့နေရာမှာလည်း ကျည်ဆန် ဘက်နက်နဲ့၊ ထင်းခွဲ ရေခတ်ရမယ့်နေရာမှာလည်း ကျည်ဆန် ဘက်နက်နဲ့၊ ချက်ပြုတ်စားသောက်မယ့်နေရာမှာလည်း ကျည်ဆန် ဘက်နက်နဲ့၊ စာသင် စာဖတ် စာရေးတဲ့ နေရာမှာလည် ကျည်ဆန် ဘက်နက်နဲ့၊ နောက်ဆုံး ဘုရားခန်းမှာ ဘုရားရှိခိုးရာမှာလည်း ပန်း ရေချမ်း လက်အုပ်အစား ကျည်ဆန် ဘက်နက်နဲ့ဆိုတော့ ရှိခိုးခံမယ့် ဘုရားတောင် ကျည်ဆန် ဘက်နက်နဲ့ ထိရှရတဲ့ အနေအထားရောက်အောင်ဖြစ်နေလို့ လွတ်လွတ်လပ်လပ်မနေရ ကျည်ဆန် ဘက်နက်မထိအောင် ရှောင်ရှားနေရတဲ့ အနေအထားဖြစ်နေပြီး၊ အဆိုးဆုံးက ခြံစည်းရိုးမှာ နေကြတဲ့ ကာကွယ်ရေးသမားတွေက ခြံအတွင်းဖက်ကို လေးဖက်ထောက်ပြီး သေနတ်မောင်းတင်ကာ ချိန်ရွယ်ပြီး စောင့်နေတာကို ဘေးပတ်ဝန်းကျင် အိမ်တွေက လူတိုင်းလဲ သိနေ မြင်နေကြလို့ ကျနော်တို့အိမ်ရဲ့ ကာကွယ်ရေးနည်းစနစ်ကို တွေးတောကာ သဘောကျ အားပေးနေကြတော့တာပေါ့။
အခုရွေးကောက်ပွဲပြီးလို့ ကျန်တဲ့ လမ်းပြမြေပုံ နှစ်ခုကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ၊လက်ရှိကာကွယ်နေရေးစနစ်နဲ့ပဲ ဆက်လက်အကောင် အထည်ဖော်ကြမယ်ဆိုရင်တော့ မတွေးဝံ့စရာ ကျား ကျား မီးယပ် ဖြစ်တော့မှာ မြင်ယောင်နေမိကြောင်းပါခင်ဗျာ။ ကာကွယ်ရေးတပ်မတော်သား ဗိုလ်ချုပ် ဗိုလ်ပြုတ် အားလုံးကို ဘေးမှ ရပ်ကြည့်သူတစ်ယောက်ဦးရဲ့ စိုးရိမ်သောက တွေပါဗျာ။
One comment
maungmoenyo
December 7, 2010 at 4:14 am
စစ်ကာလမဟုတ်ရင်လူမြင်ထင်ရှားစစ်ဝတ်စစ်စား၊စစ်လက်နက်နဲ့သွားလာလှုပ်ရှားခွင့်မရှိတာ = ဒီမိုကရေစီ
ရုံးပြင်ကမ်းနား၊အရပ်ထဲမှာစစ်ဝတ်စစ်စား၊သံချပ်ကာဟန္တယားတွေသွားခွင့်မရှိတာ = ဒီမိုကရေစီ
ရဲနဲ့ဥပဒေကိုကာကွယ်တဲ့ဥပဒေဘက်တော်သားတွေရဲ့အထက်မှာစစ်တပ်မရှိတာ = ဒီမိုကရေစီ
အုပ်ချုပ်ရေးအာဏာရဲ့အထက်မှာမရှိတာ = ဒီမိုကရေစီ
ညဘက်အိပ်မက်မက်ပြီးနောက်တနေ့မိုးအလင်းမှာဗိုလ်ချုပ်မှူးကြီးသန်းရွှေကဥပဒေပြဌာန်းခွင့်မရှိတာ = ဒီမိုကရေစီ
ရှိသမျှသယံဇာတနဲ့နိုင်ငံဥစ္စာတွေကိုကိုယ်ထင်တိုင်းသုံးခွင့်မရှိတာ = ဒီမိုကရေစီ
ကိုယ်ခံစားခွင့်ထင်မြင်ယူဆခွင့်အပြည့်ရှိတာ = ဒီမိုကရေစီ
ယုတ်စွအဆုံးအရပ်ထဲမှာယူနီဖေါင်းကြွကြွလေးဝတ်ပြီးလက်နက်တကားကားနဲ့နိုင်ထက်စီးနင်းလုပ်ခွင့်မရှိတာကလဲ = ဒီမိုကရေစီမို့…
ဘယ်မှာလဲ…သူတို့ရဲ့ ဒီမိုကရေစီ Road map?