ကြည့်နေရုံမှ တစ်ပါးအခြားမရှိ
သူကြည့်နေတာကြာပြီ။ လမ်းမကြီးတလျှောက် ဥဒဟိုသွားလာနေသော ကားတွေ ဆိုင်ကယ်တွေကြားထဲက သားအဖနှစ်ယောက်။ သားဆိုတာထက် သမီးဆိုလျှင်ပိုမှန်မည်ထင်သည်။ အဖေဖြစ်သူက ခြေမပါ။ လက်နှစ်ဖက်အားပြုပြီး ပေါင်ရင်းက တာယာဘတ်ကြီးခံက သွားနေရသည်။ သမီးကလေးကတော့ သီချင်းကလေးဆိုရင်း ရှေ့က သွားလိုက် နောက်ပြန်လှည့်ကြည့်လိုက်နှင့်။ ခဏကြာလျှင် အဖေဖြစ်သူကုိုပြေးဖက်လိုက်။ စကားတွေပြောလိုက်နှင့်။ အေးအေးလူလူပင်။ ဆိုင်ကယ်နှင့်ကား အလွန်ရှုပ်သော ဖားကန့် -လုံးခင်း ကားလမ်းပေါ်မှာတော့ သူတို့ သားအဖနှစ်ယောက်က ကိုယ့်ရည်ရွယ်ရာလမ်းကို ကိုယ်သွားလျှက်။ သူကြည့်နေရင်းမှာပဲ ဘယ်သူမှန်းမသိသော သူတစ်ယောက်က ထိုသားအဖနှစ်ယောက်နားသို့ ချဉ်းကပ်သွားသည်။ သူလည်း လက်ဘက်ရည်သောက်ရင်း စူးစူးစိုက်စိုက်ကြည့်နေမိသည်။ ထို့နောက် သူတို့တွေအပြန်အလှန်ပြောနေကြသောစကားတွေကို လက်ဘက်ရည်ဆိုင်ကဖွင့်ထားသော သီချင်းကို ကျော်လွန်၍ နားစွင့်နေမိသည်။
အမည်မသိ ထိုလူက –
“ သမီး“
ကလေးက ဘာမသိ ညာမသိ လူတစ်ယောက်က ခေါ်တော့ ကြောင်ပြီးကြည့်နေ၏။
“သမီး လာပါဦး ဦးနားကို“
ကလေးကမသွားရဲ။ ကလေး၏ အဖေက ထိုလူကို ခက်မာမာကြည့်နေသည်။
“ သမီးက ဦးကိုကြောက်နေတာထင်တယ် မကြောက်ပါနဲ့ သမီးရဲ့ ဦးနားကိုလာပါဦး“ထိုလူက ကလေးနားတွင်ထိုင်ချလိုက်သည်။ ပြီးနောက် ကလေး၏ အဖေကို ကြည့်ပြီး
“ကလေးကိုချစ်လို့ပါ အစ်ကို “ ကလေးအဖေကဘာမှမပြော။
“ အစ်ကို့ကို တစ်ခုလောက်ခွင့်တောင်းချင်ပါတယ် ကလေးကို မုန့်ဖိုးပေးချင်လို့ပါ ခွင့်ပြုပါအစ်ကို ဒီအတိုင်းပေးရင်လည်း အစ်ကို့ကို စော်ကားရာရောက်မှာစိုးလို့ပါ“
ကလေး အဖေက တွေတွေကြီးစိုက်ကြည့်နေ၏။ နောက်မှ-
“ရပါတယ် ဗျာ ခွင့်တောင်းစရာမလိုပါဘူး…သမီးသွားလိုက်လေ လူကြီးခေါ်နေတယ် “
ကလေးကကြောက်ကြောက်ရွံ့ရွံ့နှင့် ထိုလူနားကပ်သွားသည်။
“သမီး အဖေဘာပြောထားလဲ လူကြီးရှေ့မှာလက်ပိုက်ထားရမယ်လို့ မမှတ်မိတော့ဘူးလား“
ကလေးက လက်ပိုက်၏။ ထိုလူက –
“ သမီး ရော့ မုန့်ဖိုး “ပိုက်ဆံ သောင်းဂဏန်းထက်မလျှော့သော ပိုက်ဆံတွေကို ကလေးကကြည့်ရင်းမယူရဲ။
“ ယူပါသမီးရဲ့ ဦးကမုန့်ဖိုးပေးတာပါ အစ်ကို ကျနော်မှာက မောင်နှမသားချင်းမရှိပါဘူး ကလေးတွေကိုမြင်ရင် ချစ်တတ်တာ ကျနော့်ရဲ့ အကျင့်လိုဖြစ်နေပါပြီ။ အစ်ကိုတို့က ဘယ်ကိုသွားမှာလဲ ဘယ်မှာနေတာလဲ“ ထိုအဖြေကို ကလေးအဖေက ချက်ချင်းမဖြေနိုင်။
မျက်ရည်တွေဝေ့သီစွာဖြင့် “အစ်ကိုတို့မှာ သွားစရာကတော့ သတ်သတ်မှတ်မှတ်မရှိပါဘူး၊ ဘယ်မှာနေလဲဆိုတာတော့ တွေ့ရာ ကင်းတဲ မြောင်းဘေး တံတားအောက်တွေမှာနေတာပါပဲ။ အစ်ကိုက ဘယ်မှာနေနေပါ ဘဝကဆုံးနေပါပြီ။ သမီးအတွက်သာ“
အသံတို့ တိုးလျှသွားသည်။ ထိုလူက ဘာမှပြန်မပြောနိုင်။ ဪဟူသော အံ့ဩသံလေးလိုက်ပြီး သက်ပြင်းလေးချလျှက်။ ကလေးအဖေက “သွားတော့မယ် သမီး ဦးကို ကန့်တော့လိုက်ဦး“ကလေးက မြေကြီးပေါ် ထိုင်ချလျှက် ထိုလူကို ကန့်တော့နေရှာသည်။ ထို့နောက်တော့ လမ်းမကြီးအတိုင်း အဆုံးမရှိဆက်လက်ထွက်ခွာသွားတော့သည်။ ခပ်လှမ်းလှမ်းရောက်တော့ ကလေးက ထိုလူဖက်လှည့်ကာ လက်ကလေးပြ ဘိုင့်ဘိုင်လုပ်နေပြန်သည်။ ထိုလူလည်း လာလမ်းနှင့်ဆန့်ကျင်ဖက်အရပ်ဆီသို့ ထွက်ခွာသွားတော့သည်။
ကျနော်ကတော့ လက်ဘက်ရည်ဆိုင်အတွင်းမှာ အတွေးတွေဆက်လက်ပွားနေမိပြန်သည်။ ဒီ သားအဖ နေ့စဉ်နေ့တိုင်း ဒီလိုပဲ သွားနေကြတာလား။ မှော်ထဲကလမ်းတွေက ကြမ်းကကြမ်းပါဘိနှင့်။ တစ်ခါတစ်ရံ မိုးများရွာထားလိုက်လျှင် ဗွက်တော့ပေါက်ပြီး ဆိုင်ကယ်တွေလူတွေ ဒုက္ခရောက်ကြရသည့်နေ့တွေမှာရော?။တွေးရင်းရင်မောမိပြန်သည်။ ဖခင်က မည်သို့သောအကြောင်းတရားတွေကြောင့် သည်လို ဘဝကိုပိုင်ဆိုင်ခံရသည်ကို မသိပေမယ့် တွေးပူမိသည်က ကလေး၏ အနာဂတ်။ လမ်းပေါ်မှာ ဘဝကို အဆုံးသတ်လိုက်တော့မည်လား။ ကလေးကိုကြည့်တော့ အလွန်ဆုံးရှိမှ ရ နှစ်။ ကျောင်းနေအရွယ်။ ကျောင်းနေရမည့် အရွယ်မှာ ဖခင် ဒုက္ခိတကို အဖော်ပြုရင်း လမ်းမပေါ်မှာစား လမ်းပေါ်မှာ အိပ် ရရာ ဘဝကိုပျော်နေရသည်။ လှပသည့် အိပ်မက်တွေကိုရော မက်မှမက်တတ်ပါမည်လား။
ဖားကန့်လမ်းတွေပေါ်မှာ ထိုသားအဖကို နေ့တိုင်းနီးပါးတွေ့နေရသည်။ ဘဝပေးအခြေအနေကြောင့်ဆိုပေမယ့်လည်း စိတ်ထဲတော့ ချည့်နဲ့အောင် ခံစားရသည်။ တစ်ချို့က ခြေလက်အင်္ဂါစုံလင်ပေမယ့် လိမ်လည်စားသောက်နေကြသည်။ ထိုလူတွေထက်စာရင်တော့ ဒီသားအဖအဖြစ်က တော်ပါသေးသည်။ သဘောရိုးရိုးနှင့် ကြည်လင်နေသည့်သူတို့၏ မျက်ဝန်းတွေက သူတို့၏ အကျင့်တွေကို လှစ်ဟပြနေသလို။ တဘက်သတ်အမြင်စောင်းနေတတ်သော လူတွေကတော့ ထိုအတိုင်းမြင်မည်မဟုတ်။ လမ်းမပေါ်ရောက်နေကြသောကလေးသူငယ်တွေ ဘယ်လောက်တောင်များနေမလဲ ဟု တွေးမိလိုက်ပြန်လျှင် ရင်မောရပြန်သည်။ အတိတ်ကံမကောင်းလို့တာ သည်ဘဝကိုပိုင်ဆိုင်ရသည်ဟု ဖြည့်တွေးရန်မှ တစ်ပါး အခြားစိတ်သက်သာရာမရှိတော့။ စောစောက စာနာစိတ်ရှိသော အမည်မသိသူတစ်ယောက်တော့ သူလုပ်နိုင်တာကို လုပ်သွားခဲ့သည်။ သောင်းဂဏန်းထက်ကျော်သောပိုက်ဆံတွေကို မုန့်ဖိုးဟု ပြောပြီးပေးသွားသည်။ ထို့ထက်ပို၍ ကလေး၏ ဘဝကို တာဝန်ယူ အနာဂါတ်ကို လှပအောင်ပြုလုပ်ပေးလျှင် ဘယ်လောက်တောင်ကောင်းမလဲဟု တွေးကြည့်သေးသည်။ လူတိုင်းကိုယ့်အပူနှင့် ကိုယ်ဆိုတော့လည်း ဘယ်မှာ စိတ်ကောင်း အမြဲထားနိုင်ပါမည်လဲ။ လူတစ်ခု ပူမိရယ်တဲ့ ဆယ်ကုဋေ ဆိုသည့်စကားအတိုင်း ကိုယ်ဝမ်းကိုယ်သာ အနိုင်နိုင်ကျောင်းနေကြရသည်။ ကျနော်တောင် စောစောက ကလေးကို တစ်ထောင်လောက်တောင် မပေးကမ်းနိုင်ခဲ့သေးတာပဲ။ ထိုလူက ကျနော့်ထက် သတ္တိပိုရှိပါသည်။ မှော်ထဲမှာ ဝက်သား တစ်ပိဿာဖိုးလောက်ရှိသော ငွေပမာဏကို ထိုလူက ရက်ရက်ရောရော ပေးသွားခဲ့သည်ပဲ။
ဝက်သားစားနိုင်ဖို့ သောင်းဂဏန်းလောက်အကုန်ခံပြီးမစားနိုင်သည့် ကျနော့်ထက်တော့ ထိုလူက သာပါသေးသည်။ ထိုင်ကြည့်နေရုံသာ သက်နိုင်သော ကျနော့်အဖို့ သနားသည်ဆိုတာလည်း စိတ်ထဲ၌သာရှိပါသည်။ စိတ်ကောင်းထားသည်ဆိုတာကို စိတ်ထဲ၌တသာ ကောင်းကောင်းထားနိုင်တော့သည်။ ထို့ကြောင့် လက်ပိုက်၍သာကြည့်နိုင်နေရုံမှ တစ်ပါး….အခြားမရှိတော့ပြီ။
သော်
8 comments
ဆူး
December 11, 2010 at 2:19 pm
အားပေးသွားပါသည်
winkyawaung
December 12, 2010 at 2:25 am
အင်း မြန်မာပြည်မှာက လူတန်းစားနှစ်မျိုးသာ ရှိပါတော့မယ်..။ စားစရာမရှိတဲ့ လူတန်းစားရယ်၊ ထားစရာမရှိတဲ့ လူတန်းစားရယ်..။ ရင်မောစရာလေးပါကွယ်..။
ကြယ်လေး
December 12, 2010 at 3:36 am
ကြည့်မနေပါနဲ့ အကို
အဖေ လုပ်တဲ့ သူ ကို ရင်းနှီးအောင်လုပ်ပြီး ကလေးငယ်လေး နောင်ရေး အတွက် တရားချသင့်တယ်အကို
စာရေးစာဖတ်သင်ရုံလောက်တော့ သူ့အဖေသင်ပေးနိုင်မှာပေါ့
စာအုပ်နဲ့ခဲတန်လောက်တော့အကိုလှူနိုင်မှာပါ
အတိုင်းတာတခုထိ ရေး ဖတ်တတ်နေပြီဆိုရင်လဲ
အရွယ်နဲ့လိုက်မည့် ပညာဗဟုသုတ စာအုပ်တွေလှူရင်း ဖတ်ရှူလေ့လာသင့်ကြောင်းတိုက်တွန်: ပေးပါ
ရပ်ကွက်ထဲက ကိုယ့်နည်းစပ်သူထဲက ကလေးမ အတွက် အခမဲ့ စာသင်ပေးနိုင်သူ ရှာ ပေး ပြီး
တပတ် တနာရီ လောက် သင် လို့ ရမည့် နည်းလမ်းရှာကြည့်ပါ
ကိုယ့် အချိန်ထဲက နဲ နဲဖဲ့ပေးမယ်
ကိုယ်စားမည့် ထမင်းတနပ် အငတ်ခံလိုက်ရင် ကလေးတယောက် ဘဝ အလင်းရောင်လမ်းစလေးရမှာပါ
ထိုင်ကြည့်မနေပါနဲ့ သူတို့ သားအဖနဲ့ အင်တာဗြူး လိုက်ပါ
ပြီး ဂေဇက်မှာ post လာတင်လိုက်ပါအကို
ဘာလုပ်ပေးရင် ရမလဲ ဆိုတဲ့ အဖြေရလာပါလိမ့်မယ်
weiwei
December 12, 2010 at 8:59 am
ရန်ကုန်မှာ တခါကြားလိုက်မိပါသေးတယ် … သူတောင်းစားတွေကို စည်ပင်က နေ့စားအလုပ်ပေးတယ်ဆိုတဲ့သတင်း … ဒါပေမယ့် သူတို့က တောင်းစားတာက ပိုလွယ်ပြီး ပိုက်ဆံပိုရလို့ အလုပ်မလုပ်ပဲ တောင်းစားတာကိုပဲ ပြန်လုပ်ကြတယ်တဲ့ …
တစ်ခါလဲ ကျွန်မနေတဲ့မြို့မှာ ခပ်ငယ်ငယ်တောင်းစားနေတဲ့ကောင်လေးတွေ အားလုံးကို စည်ပင်ကခေါ်ပြီး လူငယ်လေ့ကျင့်ရေးစခန်းလိုမျိုး ကျောင်းအိပ်ကျောင်းစား လုပ်ပေးတာ တစ်ယောက်ပြီး တစ်ယောက်ထွက်ပြေးပြီး တခြားမြို့သွားပြီး တောင်းစားကြတာပဲ …
nyimalay
December 12, 2010 at 10:26 am
ရေးတဲ့သူအရမ်းတော်ပါတယ် တကယ်ကိုယ်တွေ့ဖြစ်ရသလိုခံစားရပါတယ်….ဒုက္ခိတဦးလေးကြီးကိုရော သူသမီးလေးကိုပါ အရမ်းသနားမိလို့ မျက်ရည်တောင်လည်ပါတယ်….. နောက်ဘဝဆိုတာများရှိခဲ့ရင် ဒီလိုအဖြစ်ဆိုးတွေနဲ့မကြုံတွေ့ကြပါစေနဲ့လို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲဆုတောင်းပေးပါတယ်………
ဆူး
December 12, 2010 at 2:11 pm
တောင်းစားတာ လွယ်တာတော့ အမှန်ဖြစ်ပေမဲ့.. သေချာ စဉ်းစားကြည့်ရင် တောင်းတဲ့လူကလည်း တောင်းတာနဲ့ ကာမိ ညီမျှတဲ့ ပေးဆပ်မှုတော့ လုပ်ရတယ်။ တောင်းရမ်းစားသောက်ခြင်းကို ရှက်တတ်အောင် သင်ပေးဖို့ နဲ့ အလုပ်ကို ကြိုးစားလုပ်ရင် ထိုက်သင့်တဲ့ တန်ကြေးငွေ ရှာနိုင်ကြောင်း သင်ပေးဖို့ လိုမယ်ထင်တယ်။ သင်ပေးတာနဲ့ ညီတူညီမျှ တကယ်လက်တွေ့ ဘဝကြီးမှာလည်း တကယ်လုပ်ရင် တကယ်ရတယ် ဆိုတာ ကြုံတွေ့ရရင်တော့ တောင်းရမ်း ကလေးငယ်များ ဘဝ တိုးတက်လာလေမလား
manawphyulay
December 13, 2010 at 3:03 am
လူတိုင်းမှာ ဘဝရှိသလို သူတို့လည်း ဒီလိုဘဝကို ဘယ်ဖြစ်ချင်ပါ့မလဲ ဖြစ်လာတဲ့ဘဝမှာ ကြံ့ကြံ့ခိုင်နေနိုင်ဖို့ စိတ်ဓာတ်အင်အားတော့ မွေးမြူသင့်ပါတယ်။
etone
December 13, 2010 at 5:17 am
ဇာတ်လမ်းလေးက တော်တော်လေးကောင်းပါတယ် ။ ဖတ်ပြီးရင်ထဲမှာတောင် တစ်ခုခုကျန်ခဲ့တယ် သူတို့အတွက်စိတ်မကောင်းဖြစ်တာလား ။ ကိုယ်ချင်းစာမိတာလား မပြောတတ်ဘူး ။ တစ်ချို့တောင်းစားသူတွေက တကယ် အလုပ်လုပ်ဖို့ မနိုင်လို့ လုပ်ရတာ အဲ့ဒါမျိုးဆိုရင်လှူလိုက်ရတာ ပီတိဖြစ်မိတယ် ..ဒါပေမဲ့.တစ်ချို့က အချောင်လိုချင်လို့တောင်းတာ ..ကလေးတွေမွေးပြီး တောင်းစားခိုင်းတဲ့မိဘတွေရှိပါတယ် … ။ အဲ့ဒါမျိုးဆိုရင် တော့ စေတနာကို မရှိဘူး ။ နေ့စားတောင်းခိုင်းတဲ့လူတွေလည်းရှိပါတယ် …။ လူတိုင်း လူစိတ်ရှိပြီး ကိုယ်ချင်းစာတတ်ရင် သိပ်ကောင်းမှာပါပဲ ။