လူတယောက်ယောက်ကို လက်သီးနဲ့ထိုးဖို့ဆိုတာ ကိုယ့်မှာ မေးရိုးရှိရတယ်

ၾကယ္ေလးDecember 13, 20101min1220

လူတယောက်ယောက်ကို လက်သီးနဲ့ထိုးဖို့ဆိုတာ ကိုယ့်မှာ မေးရိုးရှိရတယ်

မောင်မောင်ဝမ်း

ဒီဇင်ဘာ ၁၂၊ ၂၀၁၀

လူတယောက်ယောက်ကို လက်သီးနဲ့ထိုးဖို့ဆိုတာ

ကိုယ့်မှာ မေးရိုးရှိရတယ် တဲ့၊

ငါ့လက်သီးတွေက

မင်းဆီသက်ရောက်ဖို့၊ ငါ့မှာ မေးရိုးရှိတယ်။

ခုတော့ မင်းမှာ မေးရိုးမရှိဘဲ မင်းလက်သီးတွေ ငါ့အပေါ် လာလာသက်ရောက်နေတာ

အမှန်တရားရေ မင်း တရားလွန်လွန်းပြီ။

(ကဗျာဆရာ – မောင်ချောနွယ်)

အန်တီစု နေအိမ်အကျယ်ချုပ်က လွတ်လာတော့ ကြားလိုက်ရတဲ့စကားတွေက ကြက်သီးမွေးညှင်း ထလောက်စရာ။ “ကျမကို ထိန်းသိမ်းထားတဲ့သူတွေကို ကျမ အာဃာတမထားပါဘူး” တဲ့၊ ကိုယ့်အပေါ် ရက်ရက်စက်စက် လုပ်ထားတဲ့သူတွေအပေါ် ကျနော်တို့သာဆိုရင် ဒီလိုစကားမျိုး ပြောထွက်နိုင်ပါ့မလား စဉ်းစားကြည့်မိတယ်။ သေချာတယ်။ ကျနော် ပြောမထွက်ဘူး ဘာဖြစ်လို့လည်းဆိုတော့ ကျနော် အန်တီစုလောက် စိတ်ထားမကြီးကျယ် မမြင့်မြတ်လို့ဆိုတာ သေချာတယ်၊ အာဃာတ မဟုတ်ရင်တောင်မှ မကျေနပ်မှုလောက်တော့ ရင်ထဲကျန်နေဆဲပဲ။ စိတ်ရဲ့ဖြစ်စဉ်တွေမှာ အာဃာတတို့၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်းဆိုတာတွေဟာ ဒေါသစိတ်တွေပဲလို့ မှတ်သားဖူးတယ်။ ဒေါသကြီးလေ အကြောက်တရား ကြီးလေပဲတဲ့ … ထို့နည်းတူ အကြောက်ကြီးလေ … ဒေါသကြီးလေပဲ တဲ့။

ဒီလိုခံနိုင်ရည်နဲ့ မိမိရဲ့ အာဃာတတရားတွေကို ပယ်ဖျောက်ပြီး မိမိကို ရက်စက်ခဲ့တဲ့သူတွေကို တောင်မှ အကောင်းမွန်ဆုံး ပြန်လည်ဆက်ဆံတတ်တဲ့လူတွေထဲမှာ တောင်ကိုးရီးယားနိုင်ငံမှာ သမ္မတ ဖြစ်ခဲ့တဲ့ ကင်ဒေးဂျုံရယ်၊ အန်တီစုရယ်ကိုတော့ ကျနော့်ဘဝမှာ အလေးစားဆုံးနဲ့ စံနမူနာ အယူထိုက်ဆုံးသူများအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ကင်ဒေးဂျုံဆိုတာ တောင်ကိုးရီးယားနိုင်ငံမှာ တချိန်က အတိုက်အခံ ခေါင်းဆောင်တယောက်ပါ (အခု အန်တီစုလိုပေါ့)။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးဆိုတာ တောင်ကိုးရီးယားနိုင်ငံရဲ့ လျှမ်းလျှမ်းတောက် စစ်အာဏာရှင်ကြီး (အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို)၊ ပတ်ချုံဟီး အာဏာရှိနေစဉ်မှာ အတိုက်အခံတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တာ၊ ဒီအထဲမှာ ကင်ဒေးဂျုံဆို ဘယ်လောက်ခံရသလဲဆိုတော့ သူ့ကို အလုံပိတ်သေတ္တာထဲ ကြိုးတွေနဲ့ တုတ်ထည့်ပြီး ပင်လယ်ထဲကိုတောင် မြှုပ်သတ်ခါနီးဆဲဆဲ အမေရိကန် ထောက်လှမ်းရေး စီအိုင်အေက တဆင့် အမေရိကန်အစိုးရက သိသွားတယ်။ ချက်ခြင်းပဲ လှမ်းပြီး အကြောင်းကြားလိုက်တယ်။ ကင်ဒေးဂျုံကိုသာ သတ်ဖြတ်ခဲ့မယ်ဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ဆက်ဆံရေးဟာ ထိခိုက်နိုင်စရာရှိပါတယ်ဆိုမှ မသတ်တော့ဘဲ နေအိမ်အကျယ်ချုပ်နဲ့ ပြန်ထည့်ထားလိုက်တယ်။

နောက် ဒီထက်ဆိုးတဲ့ အဖြစ်တခုကတော့ ကင်ဒေးဂျုံကို ကားနဲ့တိုက်သတ်တာ၊ ဒါလည်း မသေဘူး။ ဒါပေမယ့် ခြေထောက် ပြင်းပြင်းထန်ထန် ကျိုးသွားတယ်။ သမ္မတဖြစ်တဲ့အချိန်မှာ သူ လမ်းလျှောက်တာ သတိထားကြည့်မိတော့ နည်းနည်း ထော့နင်း ထော့နင်း ဖြစ်နေတယ်။ အဲဒါ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး လက်ချက်တွေပေါ့၊ ဘယ်လောက် ရက်စက်ခဲ့သလဲ စဉ်းစားသာ ကြည့်ကြပါ၊ ကြောက်စရာကောင်းလောက်အောင်ကို ရက်စက်ခဲ့တာပါ။ ပတ်ချုံဟီးလည်း သူပြုသမျှ သူခံဆိုသလို သူ့လက်အောက်က အားအကိုးရဆုံး အရင်းနှီးဆုံး  ထောက်လှမ်းရေးမှူးချုပ်က ဧည့်ခံပွဲမှာ သေနတ်နဲ့ ပစ်သတ်ပစ်လိုက်တယ်။ အဲဒီမှာတင် တောင်ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးဘဝ နိဌိတံ အဆုံးသတ်သွားတော့တာပါပဲ။ ကင်ဒေးဂျုံ နိုင်ငံရေးဘဝ စာမျက်နှာတွေမှာ သေဒဏ်အထိ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ၊ တခြားနိုင်ငံထိ သွားရောက်နေထိုင်နေရတဲ့ ပြည်နှင်ဒဏ်တွေ၊ လုပ်ကြံ သတ်ဖြတ်ခံရမှုတွေ၊ အနိမ့်ဆုံး အိမ်တွင်း နေအိမ်အကျယ်ချုပ်ဘဝတွေနဲ့ ခါးသီးဖွယ်ရာ ကျော်ဖြတ်လာခဲ့ရတာပါ။

သို့သော် ကင်ဒေးဂျုံဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ သမ္မတကြီးဖြစ်လာတဲ့အချိန် တနေ့မှာ ပတ်ချုံဟီးရဲ့ဂူဗိမာန်ကို သွားရောက် ဂါရဝပြုတယ်။ ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးရဲ့ တိုင်းပြည်အပေါ် စွမ်းဆောင်ချက်တွေထဲက ကောင်းတဲ့အချက်တွေကို ထုတ်နုတ်ချီးမွှန်းခဲ့တယ်။ သူဟာ အဆက်ဆက်သော တောင်ကိုးရီးယား ခေါင်းဆောင်တွေရဲ့ တိုင်းပြည်အပေါ် တိုးတက်အောင် လုပ်ဆောင်ထားချက်များကို လက်ဆင့်ကမ်း ဆောင်ရွက်နေသူတယောက်ပါ တဲ့၊ (စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ် ညှဉ်းဆဲမှုတွေကို တလုံးတပါဒမျှ ဖွင့်ဟမသွားခဲ့ဘူး)၊ ပြီးတော့ အလေးပြုတယ်၊ ပတ်ချုံဟီးရဲ့ ဂူဗိမာန် လိုအပ်ချက်အတွက် အလှူငွေ ထည့်ဝင်ပေးခဲ့တယ်၊ ပြန်အထွက် သတင်းထောက်တွေက သူ့ကို မေးတဲ့အခါ … …

“သမ္မတကြီးခင်ဗျား … သမ္မတကြီးကို အခုလို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့သူတယောက်အပေါ် ကလဲ့စားချေချင် စိတ်၊ အဃာတ တရားတွေမရှိဘဲ သဘောထားနိုင်တာဟာ ဘာ့ကြောင့်ပါလဲ” ဆိုတော့

“ကျနော် နိုင်ငံရေးလုပ်တာ.. ကလဲ့စားချေဖို့ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး … တိုင်းပြည် တိုးတက်ဖို့လုပ်တာ ကလဲ့စား အပြန်အလှန် ချေမှုန်းနေခြင်းဖြင့် တိုင်းပြည်တိုးတက်မလာဘူး … ဆုတ်ယုတ်သွားဖို့ပဲ ရှိတယ် … နောက်ပြီး .. ဒီကိစ္စတွေဟာ ဘယ်တော့မှ ပြီးဆုံးသွားမှာ မဟုတ်ဘူး သံသရာလည်နေမှာပဲ”

ဆိုပြီး ပြောအပြီးမှာတော့ သမ္မတကြီး ကင်ဒေးဂျုံဟာ ခြေထောက် ထော့နင်း ထော့နင်းနဲ့ ပရိတ်သတ်ကြီးကို နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တယ်။ ကျန်ရစ်ခဲ့တဲ့ ပရိတ်သတ်တွေအထဲမှာ ပတ်ချုံဟီးရဲ့ ဆွေတော်မျိုးတော်များ ပါရှိတယ်၊ အားလုံး အားလုံးဟာ တိုင်ပင်မထားဘဲ မျက်ရည်တွေ ပါးပြင်ပေါ် စီးကျလာကြတယ်။ ပရိတ်သတ်ကြီးလည်း ထိုနည်းတူစွာပါပဲ။ ချက်ခြင်းဆိုသလို အဲဒီသတင်းကို ထုတ်လွှင့်လိုက်တော့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေဟာ သမ္မတကြီးအပေါ် ကရုဏာတွေ သက်ဝင်သွားပြီး ပြည်သူတယောက်ကဆိုရင် “ကျမ သမ္မတကြီးကို အရင်ကထက်ကို ပိုလို့ လေးစားသွားပါပြီရှင်၊ သူဟာ ကျမတို့ တောင်ကိုရီးယားနိုင်ငံကြီး တိုးတက်ဖို့ကလွဲလို့ ကျန်တဲ့ မကောင်းစိတ်ဆိုတာ လုံးလုံးကိုမရှိတဲ့သူတယောက်လို့ ပြောချင်ပါတယ် .. အငြိုးတွေ၊ အာဃာတတွေနဲ့ တန်ပြန်နေမယ်ဆိုရင် .. အဆိုးသံသရာကြီးထဲက ကျမတို့ ဘယ်လို ရုန်းထွက်ကြတော့မှာလဲ”

ဒါ့ကြောင့် ထူးခြားတဲ့ခေါင်းဆောင်တွေမှာ ထူးခြားတဲ့ အမူအကျင့်တွေ ရှိတယ်၊ သာမန် လူပုဂ္ဂိုလ်တို့ ကျင့်နိုင်ခဲတဲ့ကိစ္စတွေပါ။ အန်တီစုဆို ကျနော်တို့ နိုင်ငံသားအားလုံး သိကြတဲ့အတိုင်း အမျိုးမျိုးလုပ်ကြံမှုတွေနဲ့ သေမင်းထံက အခေါက်ခေါက် ပြန်လာခဲ့ရပြီ၊ (မပြောကောင်း မဆိုကောင်း) နောက်ရော ဘယ်လိုများ ကြုံတွေ့ရပါဦးမလဲ၊ စိုးရိမ်စရာပါ။ လက်ရှိ စစ်ခေါင်းဆောင် အပါအဝင် တော်တော်များများရဲ့စိတ်က ဆတ်ဆတ်ထိမခံ၊ ကိုယ်စိတ်နှလုံးနဲ့ အကြမ်းဖက် တုံ့ပြန်မှုကို ဝန်မလေးတတ်ကြသူတွေပါ၊ ကျနော်ကြုံခဲ့ရတာလေး ဖောက်သည်ချချင်သေးတယ် … ဒီလိုပါ … …။

ကျနော် နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ထောင်တထောင်မှာ နေနေရတဲ့အချိန်၊ စစ်တပ်က အရာရှိကြီးတချို့ ထောင်ကျလာတယ်။ သူတို့ကို သာမန် ရာဇဝတ်သားတွေထားတဲ့ နေရာမှာလည်း ထားလို့က မရ (အရာရှိကြီးကြောင့်ဆိုပြီးတော့ တော့ မဟုတ်ပါဘူး၊ ရာဇဝတ်သားများက ရိုက်သတ်ပစ်မှာ စိုးလို့ပါ) အဲဒါ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများ ထားရာနေရာမှာ လာထားတယ်။ ထောင်ကလည်း အရမ်းသေးဆိုတော့ တခြားနေရာလည်း သွားထားစရာက မရှိဘူးလေ၊ ကျနော်တို့ဆီ လာထားပေမယ့် ကျနော်တို့က မဖွယ်မရာ မဆက်ဆံပါဘူး။ တယောက်နဲ့တယောက် အပြန်အလှန် လေးစားမှုတွေနဲ့ ဆက်ဆံကြပါတယ်။ တနေ့ ထောင်ပိုင် လှည့်လည်စစ်ဆေးတော့ အရာရှိကြီးတယောက်ကို ထောင်ပိုင်က ပြောတယ်…

“ခင်ဗျားတို့ ဒီနေရာ နယ်နမိတ်ကနေကျော်ပြီး အပြင်မထွက်ပါနဲ့ .. အန္တရာယ်ရှိလို့ပါ တဲ့” ပြောသွားတာ ဒါလေးပါပဲ၊ တကယ်တော့ ထောင်ပိုင်အနေနဲ့ ပြောသင့်တဲ့စကားပါ။ ဘာလို့လည်းဆိုတော့ သူတို့က ကျနော်တို့နေရတဲ့ ပရဝဏ်အပြင်ဘက်ကို ထွက်ထွက်ပြီး စကားတွေပြော၊ ပစ္စည်း အပေးအယူတွေလုပ်နဲ့ ဆိုတော့၊ သူတို့ကို မုန်းတဲ့သူတယောက်ယောက်က တခုခုလုပ်လိုက်ရင် ထောင်ပိုင်မှာပါ လာပြဿနာတက်မှာလေ … ထောင်ပိုင်ပြောသွားတာကလည်း လူကြီး လူကောင်းဆန်ဆန် ယဉ်ယဉ်ကျေးကျေး ပြောသွားတာပါ .. ထောင်ပိုင်လည်း ပြန်သွားရော ..

“ဒီကောင် လူပါးဝတယ် … ငါတို့ ဘာ ရာထူးအာဏာမှ မရှိတော့လို့ စော်ကားတာ .. တွေ့မယ် .. ငါတို့မှာ ရာထူးအာဏာမရှိတော့ပေမယ့်လို့ .. အစွယ်တော့ ကျန်သေးတယ် .. တွေ့မယ်” အသားတွေ တောင် တဆတ်ဆတ်တုန်လို့ … ကြိမ်းလိုက် ဝါးလိုက်တာ နေ့စဉ် အစားသောက်တောင် မစားနိုင်လောက်အောင်ကို ဖြစ်သွားတာ .. တော်တော် စိတ်ထိခိုက်သွားပုံရတယ်။ မတော်ဆို ကျနော်တို့ လာပြောကြည့်ပါ့လား … မသွားနဲ့ဆို မသွားဘူးပေါ့ ဒါ စည်းကမ်းပဲ၊ ထောင်ပိုင်ပြန်မသွားခင်တောင် သူပြောတာ သတိရမှာ မဟုတ်တော့ဘူး .. စိတ်ထဲက ပျောက်သွားမှာ အသေအချာပဲ၊ ဘာမှခံစားနေရမယ့် အရာလည်း မဟုတ်ပါဘူး၊ ဒါမျိုးအဖြစ်ပျက်က ဒီတကြိမ်လားဆိုတော့ — မဟုတ်ဘူး ခဏခဏကို တွေ့ဖူးတာ အပြင်လောက ရောက်ပြန်တော့လည်း တွေ့ဖူးတာပဲ၊ သူတို့က သူတို့ အလှည့်ရောက်ရင် မခံနိုင်ဘူး၊ အားလုံးက ပုံစံခွက်ထဲက ထုတ်လိုက်တဲ့ ကုန်ပစ္စည်းများလို .. အတူတူပဲ၊ သူတို့ရဲ့စိတ်တွေက အရမ်း ထိခိုက်ရှနာ လွယ်တယ်၊ စောစောကပြောခဲ့တဲ့ အရာရှိကြီးဆို သူတာဝန်ခဲ့ယူခဲ့တဲ့အချိန်က လူတွေအပေါ် တော်တော်ကို အနိုင်ကျင့်ခဲ့တယ်ဆိုတယ် အသံတွေလည်း ပြန်ကြားရပါတယ်။

ဒေါသကြီးရင် .. အကြောက်လည်း သိပ်ကြီးတယ်တဲ့ .. စိုးရိမ်စိတ်လည်း သိပ်ကြီးတယ်၊ ဒီလိုလူတွေက စိတ်အတက်အကျလည်း သိပ်မြန်တတ်တယ်။

တခါ တလောက ဖေ့ဘွတ်ကနေတဆင့် အုတ်အုတ်ကြွက်ကြွက်ဖြစ်သွားတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဗွီဒီယိုခွေ ပြန့်နှံ့သွားတော့ ကျနော် ကြည့်လိုက်ပါတယ်။ အားလုံး တော်တော်များများလည်း သိနေပြီးသားပါ၊ သူ့ပုံက စိတ်ကျဝေဒနာခံစားနေရတဲ့ လက္ခဏာသွင်ပြင်ပုံသဏ္ဍန်တွေ တွေ့နေရပါတယ်။ တချိန်က ကျနော်တို့ကို သူ့ညွှန်ကြားချက်နဲ့ နှိပ်စက်ခိုင်းခဲ့ပါတယ်ဆိုတဲ့ အာဃာတရားကို ဘေးဖယ်ပြီး လူသားတယောက်အမြင်နဲ့ ကြည့်မယ်ဆိုရင် တော်တော် သနားစရာကောင်းတဲ့ မြင်ကွင်းပါ။ တခြားဟာ သနားတာထက် စိတ်ကျဝေဒနာ ခံစားနေရတဲ့သူ့ပုံစံကိုပါ။ တဖက်ကိုလှည့်ကြည့်ရအောင် အန်တီစုလည်း သူ့လို နေအိမ်အကျယ်ချုပ်နဲ့နေနေရတာ သက်တမ်းအားဖြင့် သူ့ထက် ကြာပါတယ်၊ နေအိမ် အကျယ်ချုပ်ခြင်းအတူတူ ဘာဖြစ်လို့ ဒီလိုကွာခြားသွားတာပါလိမ့် စဉ်းစားကြည့်ရအောင် … စေတနာနဲ့ ယုံကြည်ချက်တွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေက ကွာသွားလို့ပါ၊ အရာရာကို ပေးဆပ်ဖို့ ဆုံးဖြတ်ထားတဲ့ အန်တီစု အနေနဲ့က စွန့်လွှတ်ရတယ်ဆိုတာ သေးဖွဲတဲ့ကိစ္စ ဖြစ်သွားပါပြီလေ၊ စိတ်ဖြစ်စဉ်နဲ့သုံးသပ်မယ် ဆိုရင်ကိုက … လောဘနည်းသွားပြီ … လောဘနည်းတော့ ဒေါသလည်း နည်းသွားပြီ … အဲဒီ ဆင့်ကဲဖြစ်စဉ်တွေအရ စိတ်ဓာတ်ကျဆင်းခြင်းတွေ၊ ဝမ်းနည်းခြင်းတွေ၊ ပူဆွေးခြင်းတွေ၊ အာဃာတ အမုန်းတရားတွေဆိုတာ နည်းသွားတာ သေချာသလောက် ရှိသွားပြီပေါ့ဗျာ။

ဒီပဲယင်း ခရီးစဉ်မှာ မလိုသူတွေက ဝိုင်းရိုက်ကြတော့ အန်တီက ပြန်တုံ့ပြန်ဖို့ ညွန်ကြားခဲ့တာမှ မဟုတ်တာ၊ လုပ်သမျှ ခါးစည်းခံဖို့ပဲ ပြောခဲ့တယ်၊ အဲဒါ အကြမ်းမဖက်လမ်းစဉ်ပေါ့၊ အကြမ်းမဖက်လမ်းစဉ် ဆိုတာ ခရီးရှည်ကောင်း ရှည်နိုင်တယ်၊ ဒါပေမယ့် တိုင်းပြည် အထိနည်းတယ်၊ ကမ္ဘာနဲ့ လူထုက ထောက်ခံတယ်၊ အကြမ်းမဖက်လမ်းစဉ် ကျင့်သုံးဖို့ဆိုတာ တော်ရုံလွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

တလောက ‘ငါးမင်းဆွေ’ ဆိုတဲ့ပုဂ္ဂိုလ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို လာရောက်ပြီး အန်တီစုကို စွပ်စွဲတာ တော်တော်များများ သိပြီးသားကိစ္စတခုပါ။ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှုလုပ်တဲ့အရာပေါ်မှာ အကြမ်းဖက်မှုလို့ သူက တဖက်သတ် ပြောဆိုထားတယ်၊ ကျနော့် အမြင်လေးတခု တင်ပြချင်တယ်၊ sanction ဆိုတာ အရေးယူပိတ်ဆို့ဆောင်ရွက်မှုလို့ အကြမ်းအားဖြင့် မှတ်ထားလို့ရပါတယ်။ (sanction) ကို အမှန်တကယ် ရုတ်သိမ်းလိုတယ်ဆိုရင် နှစ်ဖက်လုံးက တပြိုင်နက်ထဲလုပ်မှ တရားမျှတမှာပေါ့နော၊ sanction ကို တဖက်သတ် ရုတ်သိမ်းခိုင်းမယ်ဆိုရင်တော့ ဘယ် တရားမျှတပါ့မလဲ၊ တကယ်တော့ sanction ကို စစ်အာဏာရှင်များကလည်း အတိုက်အခံ အင်အားစုနဲ့ ပြည်သူလူထုအပေါ် ချမှတ်ထားတာပါပဲ။ ပြည်သူတွေကို နိုင်ငံရေးနဲ့ ကင်းရှင်းခိုင်းတာတို့၊ နိုင်ငံရေးနဲ့ ဆက်နွယ်နေသူများကို အရေးယူတာတို့၊ အဘက်ဘက်က ဖိအားပေး ဆောင်ရွက်တာတို့ ဆိုတာတွေဟာ စစ်အာဏာရှင်အစိုးရက ပြည်သူတွေအပေါ် ချမှတ်ထားတဲ့ sanction တွေ မဟုတ်ဘူးလား၊ ပမာပြောရရင် အန်တီစု အင်တာနက် လျှောက်တာကိုတောင်မှ ပိတ်ဆို့ထားတာဟာ အဲဒါ sanction ပေါ့ဗျာ၊ အဲဒီတော့ တိုးတက်တဲ့ ဖွံ့ဖြိုးတဲ့ နိုင်ငံတခုဆီကို ဦးတည်မယ်ဆိုရင် sanction ကို တဖက်သတ် မဟုတ်ဘဲ နအဖ စစ်အာဏာရှင်တွေဘက်ကရော ဖွင့်ပေးဖို့လိုလိမ့်လေ၊ အဲဒါကို အတိုက်အခံဘက်က လိုက်မလုပ်ဘူးဆိုရင်တော့ အတိုက်အခံဘက်က အဆိုးပေါ့၊ တဖက်သတ်ကြီးကတော့ မသင့်တော်ပါဘူး၊ ဒီလိုလုပ်ဆောင်ခြင်းဟာ တရားမျှတတဲ့ကိစ္စတခုပါ။ ဒါ အကြမ်းဖက်မှုလည်း မဟုတ်ဘူး၊ သူများကိုကျ လက်သီးနဲ့ထိုးချင်ပြီး မိမိကိုယ်တိုင်ကြ မေးရိုးမဲ့ဖြစ်နေတာ လောကဓမ္မတာနဲ့ကြည့်ရင် .. မသင့်တော်ပါဘူး။

ကျနော် ပြောနိုင်တာတခု ရှိပါတယ်။ မြန်မာလူထုရဲ့ စိတ်ဓာတ်တွေဟာ ရုန့်ရင်းကြမ်းတမ်း ခက်ထန်တတ်တဲ့ လူမျိုးတွေ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ခွင့်လွှတ် သည်းခံ၊ စိတ်ရှည်တတ်တဲ့သူတွေ ဖြစ်တယ်။ တကယ်လို့ ဗိုလ်ချုပ်ကြီးများကလည်း တိုင်းပြည်မျက်နှာကို ကြည့်ပြီး အန်တီစုနဲ့ အမှန်တကယ် လက်တွဲဆောင်ရွက်သွားဖို့ အချိန်လေးက သာသာယာယာရှိနေဆဲပါ။ လူထုကရော၊ နိုင်ငံတကာကရော မျှော်လင့်နေဆဲပါ။ အဲသလိုမဟုတ်ဘဲ မုန်တိုင်းထန်တဲ့ အချိန်ရောက်မှ ဆိုလျှင်တော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်မှာ အမှန်ပဲ။ ဘယ်သူကမှလည်း အပြန်အလှန် ခွင့်လွှတ်ချင်တော့မှ မဟုတ်ဘူး။ ကျနော်တို့ လူထုကလည်း နားလည်ပါတယ်။ ဒီအချိန်မှာ အာဏာကို လက်ဆုပ်လက်ကိုင်ယူထားတာ ဗိုလ်ချုပ်ကြီးများပါ။ တချို့ အခွင့်အလမ်းများက တပြိုင်နက်ထဲ တောင်းဆိုလို့ ယူလို့ မရတာရှိတယ် (ဆရာ အောင်သင်း အဆိုအမိန့်ပေါ့) ဥပမာ .. ကော်ဖီ သောက်မလား၊ မုန့်စားမလားဆိုရင် ကော်ဖီလည်းသောက်မယ်၊ မုန့်လည်းစားမယ် နှစ်ခုလုံးသုံးလို့ ရတယ်၊ လူတယောက်ရဲ့ အိုခြင်းနဲ့ ရှင်သန်ခြင်း တခုခုကိုရွေးပါဆိုရင်တော့ နှစ်ခုလုံး တပြိုင်နက်ထဲ ရွေးလို့မရတော့ဘူး၊ မအိုချင်ရင် သေ  (အုဝဲဆိုကထဲက သေလိုက်ရင် .. မအိုတော့ဘူး)၊ မသေချင်ရင် အိုကို အိုရမယ်၊ ဒီလိုပါပဲ၊ တိုင်းပြည်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုးတက်အောင် လုပ်သွားမလား၊ ဗိုလ်ချုပ်ကြီးများရဲ့ ကျူးလွန်ခဲ့တဲ့အရာတွေအတွက် တုံ့ပြန်မလားဆိုတာမှာ တခုခုကိုပဲ ရွေးချယ်ရတော့မှာဆိုတာကို လူထုက သဘောပေါက်ပါတယ်။ ဒီအဆင့်တွေမှာ အချိန်လေး ရနေပါသေးတယ်။ ဒီထက်ကျော်လွန်သွားမယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးများအတွက် ရသင့်တဲ့ အခွင့်အရေးများကို လူထုက အပြီးတိုင် သိမ်းပိုက်ယူသွားပါလိမ့်မယ်။

တကယ်လို့ ခေါင်းမာစွာနဲ့ ၂၀၀၈ အခြေခံဥပဒေအတိုင်း ဆက်သွားမယ်၊ ပုံစံမပြောင်း ဆက်လက်ချီတက်မယ်ဆိုရင်တော့ တိုင်းပြည်စီးပွားရေးဟာ အောက်ဆုံးအထိ ကျဆင်းသွားပြီး အငတ်ဆိုက်ပြဿနာတွေနဲ့ ကြုံလာပါလိမ့်မယ်၊ အခုလည်း ကြုံနေရပါပြီ။ ဒါဆိုရင် လူထုက သည်းခံနိုင်တော့မှာ မဟုတ်တော့ပါဘူး၊ အဆုံးစွန်အထိ ပေါက်ကွဲထွက်လာရင် ဗိုလ်ချုပ်ကြီးများအတွက် ထွက်လမ်း ပိတ်သွားနိုင်ပါတယ်။ နိုင်ငံတကာ မကြည်ညိုသော စစ်ခေါင်းဆောင်ကြီးများ၊ လျှပ်စစ် စွမ်းအင်အား နည်းသောနိုင်ငံ၊ လာဘ်ပေးလာဘ်ယူ ကြီးထွားနေသော ယဉ်ကျေးမှုရဲ့ အောက်မှာရှိနေတဲ့ ကျနော်တို့ လက်ရှိနိုင်ငံ အခင်းအကျင်းကို ဘယ်နိုင်တကာကမှ လာရောက် စီးပွားမြှုပ်နှံမှာ မဟုတ်ဘူးဆိုတာကို သေသေချာချာ ပြောနိုင်ပါတယ်။ အခုမြန်မာပြည်ကို လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံတကာဆိုတဲ့သူတွေက အသေးစားလေးတွေပါ၊ တိုင်းပြည်စီးပွား ဦးမော့လာအောင် မစွမ်းဆောင်နိုင်ပါဘူး၊ တိုင်းပြည်စီးပွား ဦးမော့လာဖို့ တရုတ်လောက် အားကိုးနေရုံနဲ့ မဖြစ်ဘူးဆိုတာ ပြောပါရစေ၊ အမေရိကန်နဲ့ အနောက်အုပ်စုမပါဘဲ တိုင်းပြည်စီးပွား ဦးမော့လာဖို့ဆိုတာ စိတ်ကူးယဉ်မျှသာ ဖြစ်ပါလိမ့်မယ်၊ နအဖ စစ်ဗိုလ်ချုပ်ကြီးများ ဟစ်ကြွေးနေသလို ကျနော်တို့နိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတယ်ဆိုတာ တကယ်တော့ တိုင်းပြည်တပြည်ကို စီးပွားတိုးတက်လောက်အောင်အထိ ပေါကြွယ်ဝတာ မဟုတ်ပါဘူး၊ အရေးကြီးဆုံးက လူသား အရင်းအမြစ်ပါ၊ စင်္ကာပူနိုင်ငံဟာ ဘာသယံဇာတမှ မရှိဘဲ နိုင်ငံတိုးတက်အောင် ထူထောင်သွားနိုင်ပါတယ်။ ဒါဟာ စနစ်ကောင်း၊ ခေါင်းဆောင်ကောင်းနဲ့ လူသားအရင်းမြစ်များကြောင့်ပဲ ဖြစ်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ ဆိုးဝါးလှတဲ့ စစ်အာဏာရှင်များရဲ့ စနစ်ဆိုးဒဏ်ကို ပြည်သူတွေတင် မဟုတ်ပါဘူး၊ တပ်မတော်သားများလည်း ခါးစည်းခံနေရတာပါ၊ တကယ်တော့ နအဖ စစ်ခေါင်းဆောင်များကြီးဟာ မြန်မာ့တပ်မတော်ကို ကျွန်ပြုပြီး ထင်ရာကြဲနေတဲ့သူတွေဆိုရင် ငြင်းကြဦးမှာလား၊ ဒီသဘောတရားကို တပ်မတော်ဟာ နားလည်သဘောပေါက်ပြီး ပြည်သူနဲ့ ပူးပေါင်းလာတဲ့တနေ့ စစ်အာဏာရှင်ကြီးများအတွက် များစွာသော ပေးဆပ်မှုများနဲ့ ကြုံလာရနိုင်ပါတယ်။ အကောင်းဆုံးကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရက်တစ် အတိုက်အခံ ခေါင်းဆောင်တွေရယ်၊ တိုင်းရင်းသား ကိုယ်စားပြု၊ မြေပေါ်မြေအောက် ခေါင်းဆောင်တွေရယ်၊ ဗိုလ်ချုပ်ကြီးများရယ် တိုင်းပြည်ပြဿနာများကို တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆီသို့ ဦးတည်သွားသင့်သောအချိန် ရောက်ရှိနေပါပြီ။

လူတယောက်ယောက်ကို လက်သီးနဲ့ ထိုးဖို့ဆိုတာ ကိုယ့်မှာ မေးရိုးရှိရတယ်

အတိုင်းအတာတခုထိ အချိန်လေး ရနေသေးတုန်းပါပဲ။

အားလုံးကို လေးစားစွာဖြင့်

မောင်မောင်ဝမ်း

http://moemaka.com/index.php?option=com_content&task=view&id=7824&Itemid=1

——————————————————————————————————————

သူကြီးရေ ခွင့်လွှတ်ပါ နော် 🙂