ရှင်သန်ခြင်း လျှို့ဝှက်အမှတ်
စိတ်နေသဘောထားနဲ့ အပြုအမူ
စိတ်ပညာရှင်တစ်ဦးက လူရဲ့ စိတ်နေသဘောထားဟာ အပြုအမူကို ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေကြောင်းကို သိချင်တာနဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။
ပထမဦးဆုံး စိတ်ပညာရှင်ဟာ လူ(၁ဝ)ယောက်ကို သူ့ဦးဆောင်မှုနဲ့ မှောင်မည်းနေတဲ့ အိမ်တစ်အိမ်ထဲ ဖြတ်စေခဲ့တယ်။ လူ(၁ဝ)ယောက်လုံး အောင်အောင်မြင်မြင် ဖြတ်ကျော်ခဲ့ကြတယ်။ အဲဒီနောက် စိတ်ပညာရှင်ဟာ အိမ်ထဲမှာရှိတဲ့ မီးတစ်လုံးကို ဖွင့်လိုက်တယ်။ ဝါကျင်ကျင် မီးမှိန်မှိန်အောက်မှာ အိမ်ထဲက အရာဝတ္ထုတွေကို တွေ့မြင်ပြီးနောက် လူ(၁ဝ)ယောက်လုံးဟာ ကြက်သီးဖြန်းဖြန်း ထသွားမိကြတယ်။ အကြောင်းက အိမ်ရဲ့အောက်မှာ ရေကန်တစ်ကန်ရှိပြီး ကန်ထဲမှာ မိကျောင်းတွေကိုမွေးထားတယ်။ ကန်ပေါ်မှာ တံတားငယ်လေးတစ်ခုရှိပြီး သူတို့က အဲဒီတံတားကို ဖြတ်လျှောက်ခဲ့လို့ဖြစ်တယ်။
စိတ်ပညာရှင်က “အခု မင်းတို့(၁ဝ)ယောက်ထဲက ဒီတံတားကို ဖြတ်လျှောက်ရဲတဲ့သူရှိလား”လို့ မေးတယ်။ ပြန်ဖြေတဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။ အချိန်အတော်ကြာမှ လူ(၃)ယောက်က သတ္တိရှိရှိ ရှေ့ထွက်ရပ်တယ်။
တစ်ယောက်က သတိနဲ့ တံတားပေါ် ဖြေးဖြေးချင်း တက်လျှောက်တယ်။ သူခြေလှမ်းက အရင်ခြေလှမ်းထက် ပိုနှေးနေခဲ့တယ်။ နောက်တစ်ယောက်က တုန်တုန်ချိချိနဲ့ တံတားပေါ်တက်လိုက်တယ်။ ဒါပေမယ့် တံတားတစ်ဝက်ရောက်တာနဲ့ ဆက်မလျှောက်ရဲတော့ဘဲ တံတားပေါ် တွားသွားခဲ့တယ်။ နောက်ဆုံးတစ်ယောက်က ခြေသုံးလေးလှမ်း လှမ်းပြီး ရှေ့ဆက်မလှမ်းရဲတော့ဘူး။ နေရာမှာတင် ထိုင်ချလိုက်တယ်။
ဒီအချိန်မှာ စိတ်ပညာရှင်က အိမ်ထဲမှာရှိတဲ့ မီးအားလုံးကို ဖွင့်လိုက်တယ်။ တစ်အိမ်လုံး လင်းထိန်သွားတဲ့မီးရောင်ကြောင့် တံတားအောက်မှာ ဘေးကင်းအောင် ဖြန့်ခင်းချည်နှောင်ထားတဲ့ ပိုက်ကွန်ကို လူတွေတွေ့လိုက်ကြတယ်။
“အခု တံတားကို ဖြတ်လျှောက်ရဲတဲ့သူရှိလား” လို့ စိတ်ပညာရှင်က မေးပြန်တယ်။ ဒီအချိန်မှာ လူငါးယောက် ချက်ချင်းရှေ့ထွက်ရပ်ပါတယ်။
“ကျန်တဲ့လူနှစ်ယောက် ဘာဖြစ်လို့ မဖြတ်ရဲတာလဲ”လို့ ကျန်လူနှစ်ယောက်ကို စိတ်ပညာရှင်က မေးတော့ “ပိုက်ကွန်ချည်ထားတာ ခိုင်ပါ့မလား” လို့ သူတို့သံပြိုင်ပြန်မေးခဲ့ကြတယ်။
အောင်မြင်ခြင်းက ဒီတံတားလေးကို ဖြတ်ကျော်တာနဲ့တူခဲ့ပါတယ်။ များသောအားဖြင့် လူတွေကျရှုံးရတဲ့အကြောင်းရင်းက အင်အားနည်းလို့၊ ဉာဏ်ပညာမဲ့လို့ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ အနှောင့်အယှက်၊ အတားအဆီး၊ ပိတ်ပင်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအရာတွေက လူတွေရဲ့ စိတ်တည်ငြိမ်မှုကို ပျက်ပြားစေပြီး ဦးတည်ရာကို ပရမ်းပတာဖြစ်စေခဲ့တာဖြစ်တယ်။
လူနဲ့ယုံကြည်မှု
နယူးယောက်မှာ Ashirလို့ခေါ်တဲ့ ရဲတစ်ဦးရှိခဲ့တယ်။ တစ်ခါမှာ လူဆိုးတွေကို လိုက်ဖမ်းရင်း လူဆိုးတစ်ယောက် ပစ်လိုက်တဲ့သေနတ်ကြောင့် သူ့ရဲ့ဘယ်မျက်လုံးနဲ့ ညာဒူးခေါင်း ထိခိုက်ဒဏ်ရာ ရသွားခဲ့တယ်။
(၃)လနေပြီးနောက် ဆေးရုံဆင်းလာတဲ့ Ashirဟာ အရင်ကလို သန်မာထွားကြိုင်းပြီး လှပတဲ့ မျက်လုံးတစ်စုံရှိတဲ့အစား အခုတော့ မျက်လုံးတစ်ဘက်ကန်းတဲ့ မသန်မစွမ်းသူတစ်ဦး ဖြစ်သွားခဲ့ရတယ်။
အစိုးရနဲ့တခြားအဖွဲ့အစည်းက သူ့ကိုကူညီထောက်ပံ့မှုတွေ လုံလုံလောက်လောက် ပေးခဲ့ပါတယ်။ နယူးယောက် အသံလွှင့်ဌာနတစ်ခုရဲ့ သတင်းထောက်တစ်ဦးက သူ့ကို “အခုတွေ့ကြုံရတဲ့ အဖြစ်ဆိုးတွေကို ဘယ်လို ရင်ဆိုင်သွားမလဲ”လို့ မေးခဲ့တယ်။
“ကျွန်တော့်ကိုပစ်သွားတဲ့လူဆိုးကို မဖမ်းမိသေးဘူး။ ကျွန်တော်ကိုယ်တိုင် သူ့ကိုဖမ်းမယ်။ ဒါပဲ ကျွန်တော်သိတယ်”လို့ Ashirဟာ ခက်ထန်တဲ့အပြုအမှုနဲ့ တစ်လုံးတည်းသာကျန်တော့တဲ့ မျက်လုံးထဲမှာ ဒေါသငွေ့တွေ လွှမ်းရင်းဆိုခဲ့တယ်။
အဲဒီနောက် Ashirဟာ လူတွေရဲ့တားမြစ်ချက်ကို ဂရုမစိုက်ဘဲ လူဆိုးဖမ်းတဲ့အဖွဲ့ထဲ ပါဝင်ခဲ့တယ်။ အမေရိကန်နေရာအနှံ့ သူရောက်ခဲ့တဲ့အပြင် မဖြစ်စလောက် သဲလွန်စလေးတစ်ခုနဲ့ တစ်ယောက်ထဲ လေယာဉ်စီးပြီး ဥရောပအထိ သူရောက်ခဲ့တယ်။
(၉)နှစ်နေပြီးနောက် သူ့ကိုပစ်ခဲ့တဲ့လူဆိုးကို အာရှတစ်နေရာက နိုင်ငံငယ်တစ်ခုမှာ ဖမ်းမိခဲ့တယ်။ ဒါဟာ Ashirပေးတဲ့ ကွင်းဆက်တွေကြောင့်လည်း ဖြစ်တယ်။
ဂုဏ်ပြုပွဲမှာ Ashirသူရဲကောင်းဖြစ်ခဲ့ပါတယ်။ သတင်းဌာနတော်တော်များများက သူ့ကိုဇွဲလုံ့လအရှိဆုံး၊ သတ္တိအရှိဆုံးလူလို့ ချီးကျူးခဲ့ကြတယ်။
ဒါပေမယ့် နှစ်ဝက်အကြာမှာ Ashirဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ သူထားခဲ့တဲ့ သေတမ်းစာမှာ သူ့ကိုယ်သူ အဆုံးစီရင်ရတဲ့ အကြောင်းကို ဒီလိုရေးထားခဲ့ပါတယ်။
“ဒီနှစ်တွေအတွင်းမှာ ကျွန်တော့်ကို အသက်ရှင်စေတဲ့အကြောင်းက လူဆိုးကိုဖမ်းမိနိုင်စေမယ့် ယုံကြည်ချက်ကြောင့်ပဲဖြစ်တယ်။ အခု ကျွန်တော့်ကို နာကျင်ထိခိုက်အောင်လုပ်ခဲ့တဲ့ လူဆိုးကို ဖမ်းမိခဲ့ပြီ။ ကျွန်တော်ရဲ့ အမုန်းရန်ငြိုးလည်း ပျက်ပြယ်သွားခဲ့ပြီ။ ကျွန်တော့်ကို အသက်ရှင်စေတဲ့ ယုံကြည်ချက်လည်း ပျောက်ကွယ်သွားခဲ့ပြီ။ မသန်စွမ်းတဲ့ကိုယ့်အဖြစ်ကိုကြည့်ပြီး ကျွန်တော်ဒီလောက်ထိ မျှော်လင့်ချက် မမဲ့ခဲ့ဖူးပါဘူး…..”
ဘဝမှာ ဘာမဆိုကင်းမဲ့လို့ရတယ်။ မျက်လုံးတစ်လုံး ကင်းမဲ့သွားတာပဲဖြစ်ဖြစ်၊ သန်စွမ်းတဲ့ခြေတစ်ချောင်း မဲ့သွားတာပဲဖြစ်ဖြစ် ဒါပေမယ့် ယုံကြည်မှုတော့ လုံးဝကင်းမဲ့လို့ မရနိုင်ပါဘူး။
ရေးသားသူ– Jiang Xiao Fei (蒋骁飞)
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
7 comments
unclegyi1974
December 13, 2010 at 2:46 pm
လူမှာရည်မှန်းချက်ပန်းတို်င်ရှိရမယ်ဆိုတာ
ဒါဘဲလေ
nwelinoo
December 13, 2010 at 3:51 pm
အရမ်းကောင်းပါတယ်၊ လူတွေဟာ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့အတွက် ယုံကြည်မှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ယုံကြည်မှုမရှိရင် ပန်းတိုင်နဲ့ ဝေးနေမှာပါပဲ။
etone
December 14, 2010 at 4:02 am
ယုံကြည်ချက်က ဘဝမှာ အရမ်းအရေးပါတယ်လေ …. ။ တွန်းအားတစ်ခုကိုလည်းဖြစ်စေတယ် …မယုံမကြည်နဲ့ လုပ်ရတဲ့အလုပ်ဆိုရင် တွန့်ဆုတ်တွန့်ဆုတ်နဲ့ အောင်မြင်မှူလမ်းကြောင်းကို တိုက်ရိုက်မရောက်ပဲ သွေဖီသွားတတ်တယ် ။
နွယ်ပင်
December 14, 2010 at 4:28 am
ယုံကြည်ချက်တစ်ခုကို ခိုင်ခိုင်မာမာချပြီး ဆောင်ရွက်ရင် အောင်မြင်မူရဖို့ဆိုတာ သေချာသလောက်ရှိသွားပြီလို့ ထင်ပါတယ် . လူတစ်ယောက်အတွက် ရည်မှန်းချက်နဲ့ ပန်းတိုင်ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ် ။
tell U later
December 15, 2010 at 7:08 pm
တက်နိုင်ဖျားရောက်
တောင်ကြီးဖဝါးအောက်
လှိုုင်းကြီးလှေအောက်
အာဖျံ ကွီး
December 16, 2010 at 8:15 am
ဒါက အနောက်နိင်ငံသားတွေ (ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေ) ရဲ.ဘဝနေနည်းတွေပေါ့။ ပန်းတို်င်တစ်ခုခု / အောင်မြင်မှုတစ်ခုခု / မျှော်လင့်ချက်တစ်ခုခု နဲ.အသက်ရှင်ကြတရ်။ အဲဒါတွေ မရှိတော့ရင် ပြိုလဲသွားတရ်။
(မပြည့်စုံသော ဘဝနေနည်းအဓိပ္ပါယ်)
ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ကို မေးကြည့်လိုက် ~~~
“ဘာကြောင့် အသက်ရှင်တာလဲ” လို. ~~~~
သေချာကိုဖြေလိမ့်မရ် ~~~
“ရခဲတဲ့ဘဝမှာ တရားထူးရဖို. ကြိုးစားရင်း အသက်ရှင်တရ်” လို. ~~~
(ပြီးပြည့်စုံသော ဘဝနေနည်းအဓိပ္ပါယ်)
အခုတော့ Ashir ကကိုယ့်ကိုကိုယ်သက်သေလိုက်တရ် …
ထိုက်ပေတော့ ပါဏာတိပါတာကံ …
ပါဏာတိပါတာကံဆိုတာ သူများအသက်သတ်မှ ထိုက်တာမဟုတ်ဘူး။ ကိုယ့်အသက်ကိုယ်ပြန်သတ်ရင်လဲ ထိုက်တရ်။
သူသာ ပြီးပြည့်စုံသော ဘဝနေနည်းအဓိပ္ပါယ် ကိုသိခဲ့ရင် … သေချာတရ် … အခုလိုလုပ်ခဲ့မှာမဟုတ်ဘူး။ 🙁
MaMa
December 16, 2010 at 11:30 pm
နိုင်းနိုင်းစနေရဲ့ စာတွေဖတ်ဖူးတယ်။ သဘောကျတယ်။ ဒါပေမယ့် ခုမန်းလေးဝက်ဆိုဒ်ဘဲ ဝင်ဖြစ်တော့ မဖတ်ဖြစ်တာကြာပြီ။ နိုင်းနိုင်းစနေ အကြံပေးဖို့တောင်းထားတဲ့ အစီအစဉ်ကို `အိမ်ရှင်မရဲ့သော့ချက်´လို့ ခေါင်းစဉ်ပေးချင်ပါတယ်။ ကြိုက်ရင်လည်း သုံးပေါ့နော်။ အဲဒီမှာ မေးလ်ဘယ်လိုပြန်ပို့ရမှန်းမသိလို့ ဒီမှာကြုံတုန်း ပြောလိုက်တာပါ။