ကျွန်မနှင့် computers
ကွန်ပျူတာဘယ်တုန်းကထဲက ပေါ်နေလဲမသိပေမယ့် 1990 မှာ စမြင်ဖူးပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂ဝ ပေမယ့် ခောတ်မှီတိုးတက်တာမြန်တော့ သမိုင်းတစ်ခုကို ပြန်ပြောသလိုတောင် ဖြစ်နေမလားပဲ။ ၁၉၉ဝ မှာ ဆယ်တန်းစာမေးပွဲဖြေပြီးတော့ ကွန်ပျူတာသင်တန်းကို စတက်ဖြစ်ပါတယ်။ အဲဒီတုန်းက သင်တန်းကြေးက ၈၀ဝ ကျပ်ပဲ ပေးရတယ်။ ဒါပေမယ့် သင်တန်းတစ်ခုမှာ ကွန်ပျူတာ ၃ လုံးပဲရှိပြီး စာသင်ချိန်မှာ စာသင်ခန်းထဲမှာ ဒီအတိုင်းသင်ပြီး စက်ချိန်ဆိုပြီး သီးသန့် အချိန်နဲနဲလေးပဲ ပေးပါတယ်။
အဲဒီတုန်းက စက်တွေက 286 အမျိုးအစား ကွန်ပျူတာတွေဖြစ်ပြီး floppy drive အကြီးကြီးတွေကို သုံးရပါတယ်။ တစ်ချို့ကွန်ပျူတာတွေဆို harddisk တောင် မပါဘူး။ A:\ ကနေ DOS နဲ့ ဖွင့်ရပါတယ်။ mouse လဲ မပေါ်သေးဘူး။ Widow လဲ မပေါ်သေးပါဘူး။ DOS (disk operating system) နဲ့ သုံးရပါတယ်။ Word Perfect လို့ခေါ်တဲ့ software လေးကတော့ အခု Microsoft word ရဲ့ အခြေခံပါပဲ။ Lotus 123 ဆိုတာကတော့ အခု Microsoft excel လိုမျိုး၊ Dbase ဆိုတဲ့ software ကလဲ ပရိုဂရမ်ဆန်ဆန်ရေးပြီး သုံးလို့ရပါတယ်။ ပရိုဂရမ်ကိုတော့ BASIC (Beginnerဒျ All Purpose Symbolic Instruction Code) ကို သင်ရပါတယ်။ typing tutor နဲ့ typing ကို လေ့ကျင့်ရပါတယ်။
ကျွန်မကတော့ အလွန်စိတ်ဝင်စားပါတယ်။ အထူးသဖြင့် BASIC ပရိုဂရမ်ကိုပါ။ အိမ်မှာထိုင်ပြီး စဉ်းစားလိုက် လက်နဲ့ရေးထားလိုက်နဲ့ စက်ချိန်ရောက်ရင် run ကြည့်ပါတယ်။ အောင်မြင်သွားတဲ့ ခံစားချက်က ဘာနဲ့မှ မလဲနိုင်အောင် ပီတိဖြစ်ခဲ့ရပါတယ်။ သင်တန်းဆိုတော့ ထုံးစံအတိုင်း နဲနဲလေးသင်ပြီး ပြီးသွားပါတယ်။
ကွန်ပျူတာကို အရမ်းလိုချင်ပေမယ့် အဲဒီအချိန်တုန်းက အဲဒီကွန်ပျူတာက တော်တော်ဈေးကြီးပါတယ်။ မဝယ်နိုင်ပါဘူး။ အဲဒါနဲ့ အဲဒီသင်တန်းမှာ အလကားမတ်တင်း ဆရာမဝင်လုပ်ရပါတယ်။ လစာမပေးပါဘူး။ လမ်းစရိတ်နဲ့ မုန့်ဖိုးကို ကျွန်မ အဖေက ပေးပါတယ်။ တစ်နှစ်နီးပါးလောက် အဲဒီသင်တန်းမှာ ဆရာမလုပ်ခဲ့ပါတယ်။ ပရိုဂရမ်တွေလဲ လျှောက်ရေးခဲ့ဖူးတယ်။ အဲဒီသင်တန်းမှာသင်တဲ့ Autocad ကိုလဲ အဲဒီအချိန်ကထဲက ရင်းနှီးခဲ့ပါတယ်။ အဲဒီတုန်းက version 10 လို့ ထင်ပါတယ်။
Window ကို ပထမဆုံးမြင်ဖူးတာကတော့ 1992 မှာဖြစ်ပါတယ်။ အထူးအဆန်းတစ်ခုကို မြင်ရသလိုမျိုး စိတ်လှုပ်ရှားခဲ့ဖူးတယ်။ အဲဒီအချိန်မှာ mouse လဲ စသုံးကြပါပြီ။ အဲဒီနောက်ပိုင်းမှာတော့ ကျောင်းတက်ရတာနဲ့ ကွန်ပျူတာနဲ့ ၃ နှစ်လောက် အဆက်ပြတ်သွားတယ်။ 1996 မှာ 486 ကွန်ပျူတာတစ်လုံး (အဟောင်း) ကို ဗမာငွေ တစ်သိန်းပေးပြီး ဝယ်သုံးခဲ့ဖူးတယ်။ 1997 မှာတော့ Pentium I , CD rom က 4x, Harddisk က 1.8 GB, memory က 8 M, Processor က 133 ပဲ ရှိတဲ့ ကွန်ပျုတာကို ဒေါ်လာ ၁၀၀ဝ နဲ့ ဝယ်သုံးခဲ့ဖူးတယ်။ အဲဒီအချိန်မှာ window 95 ကို သုံးနေပါပြီ။ Pagemaker 6.5 ကို အဲဒီအချိန်မှာ စသုံးဖြစ်ပါတယ်။ Autocad ကတော့ version 12 သုံးပါတယ်။ Laptop computer ကိုတော့ 1997 မှာမှ မြင်ဖူးတာပါ။ အသိတစ်ယောက် နိုင်ငံခြားကဝယ်လာလို့ မြင်ဖူးတာ။ ကျွန်မရဲ့ ကွန်ပျူတာသင်ခဲ့တဲ့ ဆရာကြေးကတော့ ၈၀ဝ ကျပ်ပဲ ကုန်ခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း ယနေ့အထိ ကိုယ့်ဟာကိုယ်ပဲ သင်ပါတယ်။
Pentium I, II, III, IV စသဖြင့် တစ်လုံးပြီး တစ်လုံး ပျက်သွားလိုက် လွှင့်ပစ်လိုက် အသစ်ဝယ်လိုက်နဲ့ လိုက်လို့ကို မဆုံးနိုင်တော့ပါဘူး … software တွေကလဲ version တွေ မြင့်လာလိုက်တာ အသစ်တင်ရင်း သုံးရင်းနဲ့ မဆုံးတော့ပါဘူး … ပေါ်လာလိုက်တဲ့ software အသစ်တွေနဲ့ programming အသစ်တွေကလဲ မဆုံးတော့ဘူး။ လိုက်ရတာ မောလွန်းလို့ ရပ်ကြပါတော့လို့တောင် တောင်းပန်လိုက်ချင်ပါတော့တယ် …
အင်တာနက်ကို 2002 မှာ စမြင်ဖူးပြီး 2004 မှာတော့ စတင်အသုံးပြုဖြစ်တယ်။ အင်တာနက်ကြောင့် ရခဲ့တဲ့ ဗဟုသုတတွေ ပညာရပ်တွေ အများကြီးပါပဲ။ ဆိုးကျိုးအနေနဲ့တော့ မျက်စိလဲမနားရ ခေါင်းလဲမနားရ စိတ်လဲမနားရနဲ့ လုံးပါးပါးနေပါပြီ … အခုတော့ အင်တာနက်မရှိတဲ့ ရှေးခောတ်ကိုပဲ ပြန်သွားနေလိုက်ချင်ပါတော့တယ် …
14 comments
zawana
December 14, 2010 at 1:35 am
ဟုတ်ပဗျာ … နောက်ပိုင်း ပေါ်လာတဲ့ Operating System တွေ Software တွေကလည်း Hardware တောင်းဆိုချက် မြင့်မားလာလိုက်တာများ … Hardware company တွေနဲ့ Software company တွေ ပေါင်းပြီးတော့များ ရိုက်စားလုပ်နေကြသလား အောက်မေ့မိပါရဲ့….
အခုနောက်ပိုင်းထွက်တဲ့ အချို့ ကွန်ပြူတာ တွေဆိုရင် Window XP အတွက်တောင် Driver Software မပေးတော့ဘူးဗျ။
etone
December 14, 2010 at 1:48 am
ပရိုဂရမ်လေးတစ်ခု ကိုယ့်ဘာသာရေးလို့ အောင်မြင်သွားရင် ဘာနဲ့မှမတူတဲ့ပီတိကို ကိုယ်ချင်းစာမိပါတယ် … ကျောင်းတက်တုံးက ပထမဆုံးစရေးဖြစ်တာ အလီပရိုဂရမ်လေ ..ဘာမှမဟုတ်ပေမဲ့ အရမ်းပျော်ခဲ့တယ် ။ အခုတော့လည်း ဘာပရိုဂရမ်မှ မရေးချင်တော့ဘူး ။
bigcat
December 14, 2010 at 2:01 am
တောက်.. ကိုယ်သုံးခဲ့တဲ့ ကွန်ပြူတာအကြောင်းတင်မလို့ မနေ့ညကပဲ စာကြမ်းပြီးသွားတယ်။ အခုတော့ ကြောင်စားမဲ့ကြွက်ကို လူဦးသွားပြီ။ မဝေစာက အိုးလ်ဒ်မော်ဒယ် ကွန်ပြူတာနဲ့ ပတ်သက်တဲ့ ပိုစုံနေတော့ ပြန်ပြင်ရမဲ့ သဘောရှိတယ်၊ ဒါမှမဟုတ်လည်း လုံးဝအသစ်တခု ထပ်ရေးရတော့မှာပဲ။ အခုတလော အကြားအမြင် ပေါက်နေလားမသိဘူး၊ ကိုယ်ရေးမဲ့ ခေါင်းစဉ်နဲ့ပို့စ်လိုမျိုး သူများလည်းတင်မယ်လို့ စိတ်ထဲမှာ ထင်နေတယ်။ လွန်ခဲ့တဲ့ ှတပတ်ကျော်လောက်ကလည်း မန်းဂေဇက်ပုံပြင် ရေးထားပြီး မတင်သေးဘဲ သိမ်းထားတာ မှော်ဆရာက အဲဒီလိုစာမျိုး တင်လိုက်လို့ သူဦးသွားတယ်။ ဒါကြောင့် မနေ့က နာမည်ပေးတာနဲ့ ပတ်သက်တဲ့ပို့စ်ကို မြန်မြန်တင်လိုက်ရတယ်။ အခုလည်း ကြိုပြောမယ် ဒီအပတ်ထဲ အသည်းကွဲကဗျာ တပုဒ်တင်မယ်၊ နေရာဦုးကြပါနဲ့လို့၊
weiwei
December 14, 2010 at 4:43 am
ဆောရီးပဲ ကိုကြောင်ကြီးရေ … ကျွန်မက အားတဲ့အခါပို့စ်တွေကို ၄ – ၅ ခုလောက် တစ်ခါထဲ ရေးထားပြီး တစ်ရက်တစ်ခု ကောက်တင်ဖြစ်တယ် … ကွန်ပျူတာပို့စ်က ရေးထားတာကြာပြီ .. တော်သေးတာပေါ့ … လက်ဦးသွားလို့ .. 🙂
ရွာသူရွာသားတွေ တသားထဲဖြစ်နေလို့ အကြံတွေတူနေတာဖြစ်လိမ့်မယ် … ကျွန်မလဲ အလွမ်းကဗျာရေးမလို့ကြံနေတာ မရေးတတ်လို့ … တရုတ်ဆောင်းတွင်းက လွမ်းစရာကောင်းလို့ … 😛
လင်းဝေကျော်
December 14, 2010 at 3:01 am
၉ဝခုနှစ်ဆယ်တန်းဖြေပြီးတော့ ဆိုတော့ ၇၂ လား ၇၃လားပဲ
moethidasoe
December 14, 2010 at 4:32 am
လင်းဝေကျော်က ဝေဝေ့ အသက်ကို တွက်ကြည့်နေတာလား ..
ကိုကြောင်ကြီး .. အားမလျှော့ပါနဲ့ .. အကြံတူရင် နောက်လူ သာစမြဲပါ .. ပိုကောင်းအောင် ရေးနိုင်သွားတာပေါ့ ..
သူများတွေ ပရိုဂရမ် အကြောင်းပြောကြတော့ .. ယူဇာ အဆင့်က မတက်သေးတဲ့ သူတွေ အားငယ်သွားပြီ ..
အခုအထိတော့ ပုံမှန် သုံးနေကျ microsoft ထဲက ဟာတွေတောင် အပြည့် မသုံးနိုင်သေးဘူး ..
အသုံးတည့်တာလေးတွေ များများ တင်ပြရင် လိုက်သုံးကြည့်ချင်တယ် ..
kai
December 14, 2010 at 9:25 am
ယူအက်စ်မှာတော့ … ပရိုဂရမ်မာတွေ အလုပ်ကောင်းလစာကောင်းပါတယ်..။
ကောင်းဆို ..ဆရာဝန်ထက်လည်း အများကြီးကောင်းလာတာမို ့… အချိန်ဦးဏှောက်စားမှာခြင်းအတူတူဆိုရင်… ကွန်ပြူတာလိုင်း ရွေးကြစေချင်တာပါပဲ..။
ယူအက်စ်လာဖို့ ခက်ကောင်းခက်နေနိုင်ပေမဲ့… သိပ်မကြာတဲ့နှစ်တွေမှာ … အင်တာနက်ကနေလုပ်လို့ရတာတွေအများကြီးဖြစ်လာမှာမို ့.. ပြည်တွင်းကထိုင်ရမထ .. လစာကောင်းကောင်း ရနိုင်ကြမယ်လို့ထင်မိပါတယ်..။
မြန်မာပြည်ကဆရာဝန်က .. ယူအက်စ်ရောက်ရင် .. ၃နှစ်လောက်ရင်းပြီး စာမေးပွဲတွေဖြေရပါတယ်..။ ဖြေပြိးအောင်ရင်လည်း..၃နှစ် လစာ၃ထောင်လောက်နဲ့.. ရက်စီဒင်စီထပ်သွားရတာမို ့.. ၆နှစ်စာအချိန်ကိုကြည့်ရင်..အဲဒီအချိန်မှာ ပုံမှန်လိုက်နိုင်တဲ့ပရိုဂရမ်မာက ..တနှစ် ၈သောင်း-၁သိန်း ရောက်နေပြီမို ့ဖြစ်ပါတယ်..။
မြန်မာလူငယ်တွေဟာ … ဖတ်အား..လုပ်နိုင်အားက တခြားလူမျိုးတွေထက်သာတာမို ့.. အစိုးရကသာ..အင်တာနက်လောကကို အတင်းတွန်းတင်ပေးရင်… မြန်မာပြည်ကြီးချမ်းသာတဲ့အထိ ဖြစ်သွားနိုင်ပါတယ်..။
weiwei
December 14, 2010 at 9:42 am
ဗမာပြည်မှာလဲ အရမ်းတော်တဲ့ ပရိုဂရမ်မာတွေအများကြီးရှိပါတယ် … ဒါပေမယ့် ဦးနှောက်စားသလောက် အကျိုးအမြတ်ကမရတော့ တဖြည်းဖြည်းနဲ့ ဦးနှောက်မစားကြတော့ပဲ သက်သာသလို နေနေကြတယ် …
တချိန်မှာတော့ ဖြစ်လာအုန်းမှာပါ … ဗမာတွေ မညံ့တာကတော့ အလွန်သေချာကြောင်းပါ …
ဆူး
December 14, 2010 at 12:36 pm
ပြောသာ ပြောရတာ ပရိုဂရမ်မာတွေ ပိုက်ဆံ ကောင်းကောင်းမရပါ။ ဂိုဏ်းချုပ်ကြီးက ပိုက်ဆံ လက်ခံပြီး တပည့်တွေကို ခိုင်းတယ်။ လစာ ၂ပဲ ၁ပြားနဲ့ လုပ်ရင်း ခေါင်းဖြူကြတော့.. စိတ်ပျက်လို့.. ဉာဏအားတွေ မတရားစိုက်ထုတ်ပြီး အလုပ်မဖြစ်တော့.. ကာယ ဉာဏ သမ မျှ တတဲ့ အလုပ်တွေ လုပ်လာကြတယ်။ လူငယ်တွေ ဒီလောကထဲက ရုန်းထွက်သွားကြတာ များတယ်။
unclegyi1974
December 14, 2010 at 2:51 pm
အနာခံမှအသာစံရမတဲ့ ဆူးရဲ့
လစာ ၂ပဲ၁ပြား ကိုစိတ်ထဲမထားနဲ့ကျွမ်းကျင်သထက်
ကျွမ်းကျင်အောင်ကျင့်နေတယ်လို့သဘောထား
အခွင့်အရေးပေါ်လာတဲ့တနေ့အပိုင်ပေါ့ကွယ်
ဝန်ဇင်းဘိုးရာဇာကိုသတိရလိုက်ပါ
tell U later
December 15, 2010 at 6:13 pm
ကျမ ဖတ်မိတဲ့ ဟာက ကာတွန်းလေး တစ်ပုဒ်ကိုပြောပြပါ့မယ်
ပထမလူ- ကျနော်ကတော့ ကွန်ပျူတာမကြိုက်တော့ဘူး
ဒုတိယလူ-ဘာလို့လဲ
ပထမလူ-ဘယ်နှယ့်ဗျာ ကိုယ်ကခိုင်းချင်လို့ သူ့ကိုခိုင်းပါတယ်
သူကပြန်ပြန်ခိုင်းနေတယ်
ဒုတိယလူ-ဘယ်လိုခိုင်းတာလဲ
ပထမလူ-အယ်ရာပြလို့ ရီလုတ် လုပ်လိုက်ရ၊ ခနစောင့်ပါဦး ဆို
စောင့်လိုက်ရနဲ့ဗျာ
intro
December 17, 2010 at 12:58 pm
ကိုယ်တောင်မှ microsoft Windows ကို ခိုးသုံးနေတာ၊ Office 2010 လိုချင်လား၊ Photoshop CS4 လိုချင်သလား တစ်ချပ်မှ 500၊ Kaspersky လို ဈေးသက်သက်သာသာနဲ့ ရနေတဲ့ AntiVirus Program တောင်မှ ဝယ်သုံးဖို့တော်တော်စဉ်းစားနေရတာ၊ ကျွန်တော်တို့ နိုင်ငံမှ Programmer တွေ၊ Software Developer တွေ ဝင်ငွေမကောင်းတာ အဲ့ဒါနဲ့ ဆိုင်နေမလား မသိဘူး၊ Software House က Senior တွေကလဲ လုပ်ငန်းကျွမ်းကျင်သွား၊ Project လေးတွေခိုင်ပြီး တော်တော်လေး Experience ရသွားရင် အပြင်ထွက်ဖို့ပဲ စဉ်းစားကြတာ… ပြောမယ့်သာ ပြောရတယ်… Program တစ်ပုဒ်ထွက်လာဖို့ ဦးနှောက်စားခံ၊ အပင်ပန်းခံ၊ အိပ်ရေးပျက်ခံ ပြီးမှ ပယ်လိုက်တဲ့ Program မျိုး၊ ကြိုက်ပေမယ့် အလကား ပေးသုံးမယ်ဆိုရင်တော့ လိုလိုချင်ချင် ယူကြပြီး ပိုက်ဆံနဲ့ ရောင်းမယ်ဆိုရင် အင် သွားကြတာ ခဏခဏ ကြုံဖူးပါတယ်ဗျာ… မြန်မာနိုင်ငံရဲ့ Software Developing အပိုင်းကိုတော့ ဒီထက်ပိုပြီး အောင်မြင်စေချင်တာ အမှန်ပါပဲဗျာ…
intro
December 17, 2010 at 1:01 pm
Seminar တစ်ခုမှာ BitSoft က ဆရာမတစ်ယောက်ပြောတာ ကြားဘူးတယ်… “ကျွန်မတို့က သမင်မွေးလိုက်၊ ကျားစားလိုက် ဖြစ်နေတာပါ တဲ့… ဒါပေမယ့် သမင်တွေကိုတော့ မွေးနိုင်သလောက် မွေးထုတ်ပေးရမှာပဲ… သူတို့ထဲက တစ်ကောင်တစ်လေ လောက်များ ကျားအစားမခံရဘဲ… ပြည်တွင်းမှာပဲ အောင်မြင်လာမယ်ဆိုရင် ကျွန်မတို့ မွေးထုတ်ရကျိုးနပ်ပါပြီ..” တဲ့ဗျာ…
weiwei
December 17, 2010 at 1:08 pm
software တွေက ဈေးပေါပေါရနေပေမယ့် hardware ကလဲ နောက်က လိုက်ရတယ် … ကျွန်မနောက်ဆုံးသုံးနေတဲ့ ပရိုဂရမ်တွေကို တော်ရုံ hardware နဲ့ run လို့ မရလို့ ကွန်ပျူတာရှိရက်နဲ့ အသစ်ထပ်ဝယ်လိုက်ရသေးတယ် …
အသက်ရှင်ကျန်ရစ်တဲ့ သမင်တစ်ကောင်ဖြစ်အောင် ကြိုးစားနေပေမယ့် အသက်ကခဏခဏ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေတယ် … 😛