လာမည့်ဘေး ပြေးတွေ့

nwelinooDecember 14, 20101min1901

“လာမည့်ဘေးပြေးတွေ့” ဟူသည့် ထိုစကားမှာ နယ်ချဲ့အင်္ဂလိပ်တို့၏ အောက်တွင် ကျွန်ဘဝအဖြစ် ရောက်ရှိနေစဉ်ကာလ အတွင်းမှာ ပေါ်ပေါက်လာတဲ့ စကားဖြစ်ပါတယ်။ နဂို စကားက “လာမည့်ဘေး ဝေးကရှောင်” လို့ပဲ ရှိတာပါ။ ကျွန်ုပ်တို့ နိုင်ငံသားတွေဟာ အင်မတန် မျက်နှာငယ်ရ၊ ကြောက်ရ၊ ရွံ့ရ၊ နှိမ့်ချခံရနဲ့ စိတ်ဓာတ်တွေ လုံးလုံးပျက်ပြားပြီး ကျွန်ဖြစ်ကြရတာပါ။ ကျွန်တောင်မှ နိမ့်ဆုံးက ကျွန်အဆင့်ထိ နှိမ့်ချခံခဲ့ရတာ။ ချုပ်တန်းဆရာရဲ့ ကဗျာထဲမှာတောင် တစ်တစ်ခွခွ ရေးထားပုံက (ကုလားမြင် သူ့မေ လုတော့မလို၊ ခု မြေလျှိုးပုန်းရှောင်) ပါတဲ့။

ဒီလို ကျွန်ခေတ်ကြီးမှာ “လာမည့်ဘေး ဝေးကရှောင်” ဆိုတဲ့ စကားက ကျွန်တွေရဲ့ လက်စွဲစကား တခုဖြစ်နေတော့တာပေါ့။ ပြဿနာလည်း မဖြစ်ချင်၊ ဖြစ်ရင်လည်း မှန်မှန်မှားမှား ကိုယ်ကသာ ရှုံးရမှာဆိုတော့ ဝေးဝေးက ရှောင်ကြတာလည်း မဆန်းပါဘူး။ ဒီလိုပဲ အားလုံးက ဖိတ်ဖိတ်တုန်အောင် နယ်ချဲ့မျက်နှာဖြူတွေကို ကြောက်နေရတဲ့အချိန်၊ ပြဿနာ မဖြစ်အောင် ဝေးဝေးက ရှောင်နေကြတဲ့အချိန်မှာ ဆန့်ကျင်ဘက် “လာမည့်ဘေး ပြေးတွေ့” လို့ ကြွေးကျော်လိုက်သူက သခင်ဘသောင်းပါပဲ။ အဲ… နောက်တခု ကြွေးကျော်တာလည်းရှိသေးတယ်။ “ရန်မလိုလျှင် ရန်ပြိုသည်” ဆိုတဲ့ စကားကို ဘယ်လို ကြွေးကျော်သလဲ ဆိုတော့ “ရန်မလိုလျှင် ရန်ပိုသည်။ ရန်လိုမှ ရန်ပြိုသည်” တဲ့ဗျား…။

သခင်ဘသောင်းဟာ ယနေ့နိုင်ငံသားတို့ အားလုံးရဲ့ ကျေးဇူးကြီးမားတဲ့ ဖခင်ကြီးတဦးပါပဲ။ လာမည့်ဘေး ပြေးတွေ့လို့ စတင်ကြွေးကျော်လိုက်တာနဲ့ပဲ နိုင်ငံဖခင်ကြီး ဖြစ်ရောလား၊ ဘာကြောင့် နိုင်ငံ့ဖခင်ကြီးလို့ ခေါ်ရသလဲ၊ သခင်ဘသောင်း ဆိုတာကရော ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာလုပ်ခဲ့သလဲ။ မေးလာလျှင် ဖြေရမည်မှာက စတတန် ပေတဖွဲ့ ရေးပြရမှာမို့ အကျဉ်းရုံးနိုင်သမျှ ရုံး၍ ဖြေရလျှင်…

သခင်ဘသောင်းဟာ နတ်မောက်ဇာတိ၊ အဖေက ရတနာပုံနန်းတွင်း လက်ဘက်ရည်တော် ဆက်ကပ်ရတဲ့ အမှုထမ်း၊ သာသနာ့နုဂ္ဂဟအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးထွန်းရှိန်ရဲ့ တပည့်အရင်းခေါက်ခေါက်။ ကဲ မထူးဘူးလားဗျာ။ သူရဲကောင်း ဗိုလ်မင်းရောင်တို့ရဲ့ နယ်သား၊ နန်းတွင်းမှုထမ်းရဲ့သား၊ နာမည်ကြီး ဖေ၊ ပု၊ ရှိန် ဆိုတဲ့အထဲက ဦးထွန်းရှိန်၏ တပည့်။ ကောင်းလိုက်တဲ့ အမျိုးအရိုး၊ ရလိုက်မယ့် ပညာ၊ ရှိလိုက်မယ့် အမျိုးချစ်စိတ်။

ဘာလုပ်ခဲ့သလဲ ဆိုတော့။ လာမည့်ဘေး ပြေးတွေ့ဆိုတဲ့ စကားကို မွေးဖွားပေးတဲ့သူ၊ ရန်မလိုလျှင် ရန်ပိုသည်။ ရန်လိုမှ ရန်ပြိုသည်ဆိုတဲ့ ရဲရဲတောက်စကားကို မွေးဖွားပေးခဲ့သူ။ တို့ဗမာ သီချင်းစာသားကို ရေးခဲ့သူ။ သခင်မျိုးစေ့ကို ပျိုးခဲ့သူ။ တို့ဗမာ အစည်းအရုံးကို တည်ထောင်တဲ့သူ။ အို… သည်သို့ ပြောနေလျှင် ပြီးတော့မည်မထင် ကြီးမား ကြီးကျယ်လှတဲ့ ဂုဏ်ပုဒ်များပါတကား။ ကြီးမားလှတဲ့ ကျေးဇူးရှင် ပါတကား။

အဲဒီလို မျိုးချစ်စိတ် တဖွားဖွား ဖြစ်ပေါ်လာစေပြီး၊ ကျွန်ဘဝမှ သခင်ဘဝသို့ ပို့ဆောင်ပေးကာ မျိုးဆက်ကောင်းများစွာကို ပျိုးထောင် ပြုစုခဲ့သည့် သခင်ဘသောင်း။ ဒါကြောင့်…

ဗမာ့လွတ်လပ်ရေး တပ်မတော်အစ၊ ဘီအိုင်အေက

ဘီအိုင်အေအစ၊ သခင်က

သခင်အစ ဘသောင်းက၊

တို့ခေတ်တွင်မှာမှ ညံ့ကြတော့မှာလား… ဆိုတဲ့ မေးခွန်းကို၊ “တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ” လို့ ဖြေပေးခဲ့သူ ခေါင်းဆောင်ကြီး သခင်ဘသောင်းပါတည်း

သခင်ဘသောင်း၏ ခံယူချက်များမှ ထင်ရှားသည့်တခု ဘေးရန်ဟူသည် အချိန်မရွေး ကျရောက်နိုင်သည်၊ မည်သည့်အခါ ကျရောက်မည်ဟုလည်း မသိနိုင်၊ ထို့ကြောင့် ရှောင်လို့ လည်း မလွှတ်နိုင်ပေ။ ထိုမလွှတ်နိုင်သည့် ဘေးကို ပြေးတွေ့ပြီး ဖြေရှင်းခြင်းသည် အကောင်းဆုံး၊ လက်တွေ့ဆန်ဆုံး၊ သဘာဝကျဆုံးဟူသတည်း။

ကောင်းမြတ်လိုက်သည့် အတွေးအခေါ်ပေတည်း။ သခင်ဘသောင်းသည် နိုင်ငံသား အမျိုးသားအပေါင်းတို့ တန်ဘိုးထား၊ လေးစားသဖြင့် လိုက်နာကျင့်သုံးနိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည့်အတွက် နိုင်ငံသားတိုင်း အမျိုးသားတိုင်းက သခင်ဘသောင်း၏ ကျေးဇူးတရားတို့ကို သိတတ်သူများပီပီ သခင်ဘသောင်း၏ အဆုံးအမများကို ကျင့်ကြံရန် လိုပေတော့သည်။ ထို့ကြောင့် နိုင်ငံသားတို့သည် အမှန်တကယ် ဘေးရန်အန္တရယ်ဟု စိတ်ဝယ်စွဲ၍ ထင်မှတ်ထားလျင် သွေဖယ် ရှောင်ခွာမသွားပဲ ထိုဘေးကိုပြေးတွေ့လိုက်ပါ။ ထိုအန္တရာယ်ကို ချက်ချင်းရင်ဆိုင်လိုက်ပါဟု သခင်ဘသောင်း၏ အဆုံးအမကို တင်ပြလိုက်ပါသည်။

တို့ခေတ်တွင်မှာမှ ညံ့ကြတော့မှာလားလို့ သခင်ဘသောင်းက ကျုပ်တို့ကို မေးလျှင်… မည်သို့ဖြေကြမည်နည်း။ မိမိ ပခုံးပေါ်သို့ ကျလာသည့် တာဝန်ကို ကျေပွန်စွာ ထန်းဆောင်ခြင်းဖြင့်သာ ထိုမေးခွန်းကို သိက္ခာရှိရှိ ဖြေဆိုနိုင်လိမ့်မည်ဖြစ်သည်။

နွေလင်းဦး

အကိုးအကား။ တက္ကသိုလ် စိန်တင်၏- သခင်များနှင့် အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းမှုကြီး။

One comment

  • Tettoe Aung

    December 21, 2010 at 5:55 am

    Well, we have to ask ourselves what we have become? During the colonial days our elders were concerned with British official wearing shoes in the premises of Pagodas and thereby ‘the shoe issue’. Now, let alone that we are being colonized, we are free and independent but we don’t have courage to rebel against the military regime who ‘killled monks’. They deserved to called themselves ‘Thakins’ because they have the guts to confront with trouble ‘head on’. In my younger days, from day one at my work, I was involved and stood up for our rights. That was until one day when a friend in my shift revealed his true nature; he would only stood up for his rights and not when his aren’t involved. From that day, I decided to fight my own battles and I ended up as an exile. One thing I learnt from life is that “If one can accept the worst, then there’s nothing to stop them.” I’ve learnt that from Dale Carnege’s “How to Stop Worrying and Start Living”. Thanks Nwelinoo’n.

Leave a Reply