သင်တို ့သေမှာကို မေ့နေကြပြီလား
ဒီဇင်ဘာ ၉၊ ၂၀၁၀
၂၀၁ဝ ခုနှစ် ဒီဇင်ဘာလ ရ ရက်နေ့သည် ကျွန်တော့်အတွက်၊ ကျွန်တော်တို့အသင်း နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက်၊ ဗမာပြည်သူလူထုတရပ်လုံးအတွက် မဟာဆုံးရှုံးမှုတရပ်ပင် ဖြစ်တော့သည်။
၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ရ ရက်နေ့က ကျွန်တော် မေမြို့တွင် ကိုယ်တိုင်ဒါရိုက်တာ သရုပ်ဆောင်အဖြစ် ရိုက်ကူးနေသော “ဇာတ်ကြမ်း” DVD ဇာတ်ကားကို ရိုက်ကူးနေစဉ် ကျွန်တော်တို့၏ လူမှုရေး၊ ဘာသာရေး၊ အနုပညာရေးတို့တွင် ရှေ့ဆောင်လမ်းပြဖြစ်သော ကျေးဇူးရှင် ဘဘ ဦးသုခ ဆုံးပါးသွားကြောင်း သိရှိရသည်။ ထို့ကြောင့် ထုတ်လုပ်သူနှင့် ရုပ်ရှင်အဖွဲ့သားများ၊ သရုပ်ဆောင်များအား တောင်းပန်လျက် ဘဘ ဦးသုခ၏ ကျန်ရစ်သော ခန္ဓာအား သင်္ဂြိုဟ်မည့်နေ့ရက်၊ ဂူသွင်းမည့် နေ့ရက် နံနက် အစောဆုံးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ လျင်မြန်သောခြေလှမ်းတို့နှင့် ပြန်လာကာ ဂူသွင်းသင်္ဂြိုဟ်မှု ပြုလုပ်ပြီး ညနေလေယာဉ်ဖြင့် မိမိ၏ ရုပ်ရှင်ရိုက်ကွင်းရှိရာသို့ လေးလံသော ခြေလှမ်းတို့ဖြင့် ပြန်သွားခဲ့ရသည်။
ဘဘ မှာခဲ့သည် ရှိသည်။
“မောင်ကျော်သူရေ … ကျော်သူနဲ့ သုခ ဆိုတာ ကက်ကင်း” တဲ့။
“ဒါဆိုရင် … ကျော်သူနဲ့ သချုႋင်း ဆိုတာလဲ ကက်ကင်းပေါ့” ဟု ကျွန်တော် မေးမိသည်။
“ဟုတ်လိုက်လေ … မောင်ကျော်သူရေ။ အေး ! ဘဘ ဆုံးရင်လဲ။ မောင်ကျော်သူပဲ စီစဉ် သင်္ဂြိုဟ်ပေး” တဲ့။
ဘဘ ဦးသုခသည် နိုင်ငံ့ဂုဏ်ဆောင်၊ စာပေအနုပညာ၊ ရုပ်ရှင်အနုပညာ၊ ဂီတအနုပညာသည် တို့၏ လမ်းပြကြယ်ပင် ဖြစ်သည်။ ဘာသာသာသနာနှင့် ပတ်သက်၍ စွမ်းဆောင်နိုင်သော အင်အားတို့ဖြင့် စောင့်ရှောက်ခဲ့သော ပုဂိ္ဂုလ်ထူးကြီးပင် ဖြစ်တော့သည်။
ဘဘ ဦးသုခသည် နာရေးကူညီမှုအသင်း (ရန်ကုန်) အား စတင်ဖွဲ့စည်းခဲ့သူ ဂုဏ်ထူးဆောင် နာယကကြီးလည်း ဖြစ်သည်။ ဘဘ ဦးသုခ၏ ကျေးဇူးတရားတို့ကြောင့် ဗမာပြည်သူပြည်သားတို့ “သေဆုံးသွားပါက သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားနိုင်ခဲ့ပြီ” ဖြစ်သည်။
ထိုကဲ့သို့သော ဗမာပြည်သူပြည်သားများအတွက် လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ အနုပညာရေး ကိစ္စရပ်များကို ရှေ့ဆောင်လမ်းပြပေးသော အဖိုးမဖြတ်နိုင်သည့် ဓဝဝံကြယ်ကြီးတစင်း ဖြစ်သူ ဘဘ ဦးသုခ၏ ကွယ်လွန်ခြင်း ၅ နှစ်ပြည့် ၂၀၁ဝ ခုနှစ် ဒီဇင်ဘာ ရ ရက်နေ့တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသူ/သားများ၊ ဘဘ ဦးသုခအား ကြည်ညို လေးစားကြသော ရ ရက်သားသမီးများမှ ရေဝေးသုဿန်ရှိ ဘဘ ဦးသုခ၏ အုတ်ဂူအား ရေဆေးကြောခြင်း၊ ခြုံပုတ်များ၊ မြက်ရိုင်းများကို ရှင်းလင်းခြင်း၊ ဆေးသုတ်ခြင်း၊ သံတိုင်များနှင့် ခေါင်မိုးတို့အား ပွတ်တိုက်ဆေးကြောခြင်း၊ ပန်းဆက်ကပ်ခြင်း၊ ဘဘ၏ အုတ်ဂူရှိ ဓာတ်ပုံကားချပ်သည် နေလောင်မှေးမှိန်နေ၍ အသစ်ပြုလုပ်ထားသော အဝေးရောက် ဗဂျီဆရာ မင်းကျော်ခိုင်ရဲ့ ရေးဆွဲပေးထားသော ဘဘ၏ ပုံတူ Sketch အား စတီးပြားပေါ်တွင် ထွင်းလုပ်ထားသော လက်ရာနှင့် လဲလှယ်တပ်ဆင်ခြင်း၊ မေတ္တာပို့သ ကန်တော့ကြခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ဆရာကြီး မင်းသိင်္ခ၏ အုတ်ဂူသို့လည်း သွားရောက်၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်းဆက်ကပ်ခြင်း စုပေါင်းမေတ္တာ ပို့အမျှပေးဝေခြင်းတို့ကိုလည်း ကုသိုလ်ဖြစ် ဆောင်ရွက်ပေးခဲ့သည်။
ဤသို့ ကျေးဇူးဆပ်ကုသိုလ်ယူပွဲ ပြုလုပ်စဉ်အချိန်ပိုင်းအတွင်း ကျွန်တော်၏ အသိဉာဏ်ထဲသို့ မေးခွန်းများ ဖျတ်ခနဲ ပေါ်လာမိသည်။
ဘဘ၏ ကျေးဇူးတရားများမကင်းကြသော ရုပ်ရှင်အနုပညာရှင်များ၊ ရုပ်ရှင် အဖွဲ့အစည်းမှ အနုပညာရှင် နာမည်ခံသူများတို့သည် ဤသို့သော အချိန်ကာလတွင် မိမိတို့၏ အတ္တကိစ္စများသာ လုပ်ဆောင်နေကြသလော … ? လောဘ၊ ဒေါသ၊ မောဟတရားများ၏ ကွန်ယက်တွင် ဆို့နစ်မွန်းကြပ် နစ်မြုပ်နေကြပြီလား …? သေမှာကို မေ့နေကြပြီလား … ? မေ့ချင်ယောင်ဆောင်နေကြပါသလား … ? ဟူသော မေးခွန်းများ ဖြစ်တော့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများ အနေဖြင့် မေ့ပစ်၍ မရနိုင်ပါ။ မေ့ချင်ဟန်ဆောင်၍လည်း မရပါ။ နှစ်စဉ်နှစ်တိုင်း ဒီနေ့ ဒီအချိန် ဒီနေရာတွင် အမြဲတွေ့မြင်ကြရမည် ဖြစ်သည်။
နောက်တချက် … ဘဘ ဦးသုခ၏ ကျေးဇူးတရားများကို သတိတရ ဖော်ကျူးကြသော ဟောပြောပွဲများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် ဘဘ ဦးသုခ လမ်းညွှန်ချပြပေးခဲ့သော နာရေးကူညီမှု အသင်း (ရန်ကုန်)နှင့် ပတ်သက်၍ တလုံးတပါဒမျှ မပါရှိခြင်းသည် ဘဘ ဦးသု၏ ဂုဏ်ပုဒ် ကျေးဇူး တရားများကို ဖော်ကျူးကြသော ရေးသားသူတို့အနေဖြင့် –
မဖော်ကျူးကြခြင်းလား … ?
မရေးသားကြခြင်းလား … ?
ဒါမှမဟုတ် ရေးခွင့်မရ၍လား … ?
ဘဘ ဦးသုခ၏ သမိုင်းကို ဖွက်ထားကြခြင်းလား … ?
ဘဘ ဦးသုခ၏ သမိုင်းကို မြေမြုပ်ပစ်လိုက်ခြင်းလား … ?
အာဏာပိုင် အဖွဲ့အစည်းများမှ ရေးခွင့်ပိတ်ထားခြင်းလား … ? စသည့် အံ့ဩကုန်နိုင်ဖွယ်ရာများ ဖြစ်တော့သည်။
ဤတွင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ သေမည့်ရက်၊ ဘဝတပါးသို့ ပြောင်းလဲမည့်ရက်သည် အစိုးမရချေ။ သေလျှင် မပြီးသေးပါ။ မသေခင် သင်ဘာတွေများ ပေးဆပ်ခဲ့ပြီးပြီလဲ ဟူ၍သာ ပြန်လည် မေးလိုက်ချင်ပါရဲ့။
ကျော်သူ
အားလုံးအတွက်ဝေမျှပေးလိုက်ပါတယ်……………………………..
2 comments
char too lan
December 17, 2010 at 9:39 am
ဦးကျော်သူရဲ ့မေးခွန်းတွေကို ဖြေရဲတဲ့လူမရှိဘူးထင်တယ် 🙁
kai
December 17, 2010 at 9:54 am
ဘဘ ဦးသုခနဲ့..စကားကောင်းကောင်းပြောဖူးတာပေါ့..။
အဲဒီတုန်းက သူက.. မျက်စိတွေတောင် သိပ်မကောင်းတော့ဘူး..။
သူရေးတဲ့..မေတ္တသုတ်.။မင်္ဂလသုတ် စာအုပ်တွေအကြောင်းလည်း ..နည်းနည်းပြောဖြစ်ပါတယ်..။
သူ့စာအုပ်တွေ..တော်တော်များများဖတ်ဖူးတယ်..။အခုတောင် စာအုပ်ပုံထဲ ဒိုင်ဗင်ထိုးလိုက်ရင် သူ့စာအုပ်တွေ တွေ့နိုင်ဦးမယ်..။
သူ့တော့မမေ့ပါဘူး..။ သေမှာတော့ ..မေ့ထားလိုက်မယ်..။
မေ့လည်းသေမှာပဲ..မမေ့လည်းသေမှာပဲလေ..။
ကိုကျော်သူစာမှာမေးထားတာက … သာမန်လူတွေတော့ဟုတ်ဟန်မတူဘူး..
ဒီမေးခွန်းက ..ကျုပ်တို့မီဒိယာသမားတွေကလည်း …မေးရမှာ…။
မေးချင်တာက…
ဒီလောက်ရှာဖွေယူငင်နေကြတာ… သေရင်ပါသွားမှာမို ့လား..။
တော်ကြပါတော့….။ လူတွေဖက်လည်း မျှမျှတတကြည့်ကြပါဦး…လို့.. 🙂