ကျွန်တော်နှင့် ငရဲကြီး ၁၂ထပ် …
ငရဲပြည်ကို အရှင်လတ်လတ် ရောက်သွားခဲ့ဖူူးတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ထဲက ဘုရားလောင်း နေမိမင်းအကြောင်းကို အားလုံး ကြားဖူးကြမယ် ထင်ပါတယ်။ ကျွန်တော်က ဘုရားလောင်းနေမိမင်းနဲ့ ဘယ်လိုမှ မပတ်သက်ပေမယ့် ကျွန်တော်လည်းငရဲပြည်ကို အရှင်လတ်လတ်လိုလို၊ အိပ်မက်လိုလိုနဲ့ ရောက်သွားခဲ့ဖူးတယ်။ ခင်ဗျားတို့ယုံချင်ရင်ယုံ၊ မယုံချင်ရင်လည်းနေကြပါ။ ကျွန်တော်ကတော့ ငရဲမင်းကြီး အမိန့်ရှိခဲ့တဲ့အတိုင်း ငရဲပြည်က သတင်းအချက်အလက်တွေကို သိသင့်သူတွေသိစေဖို့ ပြန်ပြောပြဖို့တာဝန် ရှိနေတဲ့အတွက် အားလုံးကို ပြောပြချင်ပါတယ်။
အဖြစ်ကဒီလိုပါ…။
အဲဒီ့နေ့က … တိတိကျကျပြောရရင်တော့ အဲဒီ့ညနေကပေါ့…။ ကျွန်တော့်ကို ငရဲသားခန့်ခန့်ကြီးနှစ်ယောက်က သူတို့ရဲ့ စီးတော်ယာဉ်ကြီးနဲ့လာခေါ်သွားတယ်။ ဟိုရောက်တော့ သူတို့က ကျွန်တော့်ကို ငရဲမင်းကြီးနဲ့မိတ်ဆက်ပေးတယ်။ အဲဒီ့မှာပဲ ငရဲမင်းကြီးက ကျွန်တော့်ကိုပြောတယ်…
“ မင်းကို ဒီခေါ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ငရဲပြည်ရဲ့တိုးချဲ့ဆောင်တွေအကြောင်း လူပြည်က အချို့သောသူတွေကို သတင်းပေးချင်လို့ပဲ၊ မင်းက သတင်းထောက်တစ်ယောက် ဆိုတော့ ဒီကနေ ပြန်သွားရင် ဒီကသတင်းတွေကို လူ့ပြည်မှာ ဖြန့်ဖြူးပေးရလိမ့်မယ်။ ´´
သူကအဲဒီ့လိုပြောတော့ ကျွန်တော်က ကောင်းပြီပေါ့…။ ငြင်းစရာအကြောင်းမှမရှိတာ။ ငရဲပြည်ကနေ အခုလို အထူးဧည့်သည်တော် အဖြစ်နဲ့ ဖိတ်ခေါ်သတင်းပေးတဲ့အဖြစ်က တကယ့်ကိုဖြစ်တောင့်ဖြစ်ခဲ ပဲဟာ။ အဲဒီ့လိုနဲ့ ခုနက ကျွန်တော့်ကို လာခေါ်တဲ့ ငရဲသားနှစ်ယောက်က ကျွန်တော့်ကို ငရဲကြီးရှစ်ထပ်ကို တစ်ထပ်ပြီးတစ်ထပ် လိုက်ပြတယ်။ ဒီငရဲတွေအကြောင်းကတော့ အားလုံးလဲ သိပြီးဖြစ်တာကြောင့်ကျွန်တော် ထွေထွေထူးထူးပြောပြမနေတော့ပါဘူး။
ကျွန်တော်တကယ်ပြောပြချင်တာက ငရဲပြည်ရဲ့တိုးချဲ့ဆောင်တွေ အကြောင်းပါ။ ကျွန်တော်လည်း အဲဒီ့ငရဲတွေကို ပါလာတဲ့ ကင်မရာလေးနဲ့ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ရင်း ကြောက်ကြောက်လန့်လန့်နဲ့ တစ်ထပ်ပြီးတစ်ထပ် ကြည့်လာလိုက်တာ ငရဲကြီးရှစ်ထပ်က ခဏလေးအတွင်းမှာပဲ ကြည့်လို့ ပြီးသွားပါတယ်။ အဲ့ဒီလိုနဲ့ အောက်ဆုံးထပ်ဖြစ်တဲ့ အဝီစိငရဲရဲ့အောက်တစ်ထပ်ကို ကျွန်တော်တို့ ဆင်းလိုက်တယ်ဆိုရင်ပဲ အခုမှ ထပ်ပြီးပြင်ဆင်ဆောက်လုပ်နေတဲ့ ငရဲပြည်ရဲ့တိုးချဲ့ငရဲတစ်ခုစီကို ရောက်သွားပါတော့တယ်။
အဲဒီ့ ၉ထပ်မြောက်ငရဲမှာက အလွန်မြင့်မားတဲ့တောင်တန်းကြီးတွေနဲ့ အလွန်နက်ရှိုင်းမတ်စောက်လှတဲ့ ချိုင်းဝှမ်းကြီးတွေ၊ တွင်းကြီးတွေ ရှိတယ်။ အဲဒီ့ငရဲမှာ စောင့်ကျပ်နေကြတဲ့ ငရဲသားတွေကလည်း ဆူးချွန်တွေတပ်ထားတဲ့ ကြာပွတ်ရှည်ကြီးတွေကို တရွှမ်းရွှမ်းနဲ့ ကြမ်းပြင်ကိုရိုက်ရင်း လက်တပြင်ပြင် လုပ်နေကြတယ်။ ကျွန်တော် တအံ့တဩနဲ့ ငေးမောနေတုန်းမှာပဲ ကျွန်တော့်ဘေးနားက ငရဲသားက ကျွန်တော့်ကို ရှင်းပြတယ် …
“ ဒီငရဲကတော့ လူ့ပြည်မှာ လုပ်အားပေး၊လုပ်အားပေးဆိုပြီး လူတွေကို အကျပ်ကိုင်၊ အဓမ္မ စေခိုင်းခဲ့တဲ့သူတွေအတွက်ပဲ။ စားဝတ်နေရေးအတွက် အနိုင်နိုင်ရုန်းကန်နေရတဲ့သူတွေကို ရေနစ်သူဝါးကူထိုး ဆိုသလိုပဲ မတရားလုပ်အားပေး ခိုင်းနေတဲ့အဖြစ်တွေ လူ့ပြည်မှာ အခုတလော တိုးသထက်တိုးလာနေတာကြောင့် ဒီငရဲကို ငါတို့သီးသန့်ထပ်ဆောက်နေကြရတာပဲ။
အဲဒီ့မတရားစေခိုင်းတဲ့သူတွေက ဒီကိုရောက်လာရင် အဲဒီ့တောင်ကြီးတွေကိုဖြိုပြီး၊ ဟောဟိုက ချိုင့်တွင်းကြီးတွေကို ဖို့ကြရလိမ့်မယ်။ သူတို့ဖြိုပြီးတဲ့ တောင်တွေနေရာမှာတွင်းတွေ ပြန်ပြန်ဖြစ်သွားပြီး၊ သူတို့ဖို့လိုက်တဲ့တွင်းတွေနေရာကလည်းတောင်တွေ ပြန်ဖြစ်သွားကြလိမ့်မယ်။ အဲဒီ့အလုပ်ကို သူတို့မနားမနေနဲ့ နှစ်ပေါင်းများစွာ လုပ်ကြရလိမ့်မယ်၊ ခဏနားလိုက်တာနဲ့ အနားမှာ စောင့်နေကြတဲ့ ငရဲသားတွေက ဆူးချွန်ကြာပွတ်တွေနဲ့အဆက်မပြတ် ဝိုင်းရိုက်ကြလိမ့်မယ်။´´
ကျွန်တော်လည်း သူပြောပြတာတွေကို သေသေချာချာလိုက်မှတ်ပြီး စိတ်ထဲကနေလည်း နည်းတောင် နည်းသေးတယ်လို့ စဉ်းစားနေမိတယ်။ သူတို့က ကျွန်တော့်စိတ်ကျေနပ်အောင် လေ့လာပြီးတဲ့နောက်မှာ နောက်ငရဲတစ်ထပ်စီကိုခေါ်သွားပါတယ်။ ၁ဝထပ်မြောက်ငရဲပေါ့။ ဒီငရဲမှာကတော့ ဘာမှထွေထွေထူးထူး မရှိဘူး။ နီရဲပူပြင်းနေအောင်မီးမြှိုက်ထားတဲ့ လူတစ်ကိုယ်စာ လှောင့်ချိုင့်လေးတွေအများကြီးကိုပဲတွေ့ရတယ်။
“ ဒီငရဲကတော့ သိပ်ပြီးမထူးခြားဘူးနော် …´´
ကျွန်တော်က အဲဒီ့လိုပြောလိုက်တော့ ဘေးကငရဲသားက …
“ ရုတ်တရက်ကြည့်ရင်တော့ ဘာမှမဟုတ်ဘူးပေါ့ကွာ၊ ဒါပေမယ့် အဲဒီ့လှောင့်ချိုင့်လေးတွေက အထူးစီမံထားတာကွ၊ ဒီငရဲကို ရောက်လာမယ့်သူတွေက အဲဒီ့လှောင်ချိုင့်ထဲမှာ နေရမယ်၊ အဲဒီလှောင်ချိုင့်လေးတွေက တဖြည်းဖြည်းနဲ့သေးသေးလာကြပြီး သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အပြင်းထန်ဆုံး ဆွဲညှစ်ကြလိမ့်မယ်။ နောက်ဆုံးမှာ သူတို့ရဲ့ခန္ဓာကိုယ်ထဲအထိ သေးငယ်ကျုံဝင်သွားရင်း သူတို့ရဲ့နှလုံးသားတွေကို တစ်ဆစ်ဆစ် နာကျင်နေစေပြီး လုပ်ခဲ့တဲ့အမှားတေ ွအတွက် တမြေ့မြေ့နဲ့ နောင်တ ရနေစေလိမ့်မယ်။ အဲဒီ့တော့မှ လှောင်ပိတ်ခံရခြင်းရဲ့ဝေဒနာကို သူတို့ကိုယ်ချင်းစာမိကြလိမ့်မယ်။´´
“ ဘယ်လိုလူတွေအတွက်တုန်းဗျ …´´
“ ရှင်းပါတယ်ကွာ … လူတွေကို လူလူခြင်း စာနာစိတ် မထားပဲ မထင်ရင်မထင်သလို ဖမ်းဆီး ထောင်ချနေတဲ့သူတွေအတွက်ပေါ့။ ငါတို့လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုပြီး ဘဝပေါင်းများစွာကို လွယ်လွယ်ကူကူနဲ့ ချုပ်နှောင် ဖျက်ဆီးပစ်နေကြတဲ့သူတွေအတွက် အထူးစီမံ ဆောင်ရွက်ထားတဲ့ငရဲပေါ့…´´
ကျွန်တော်ကတော့ သူပြောတာတွေကို နားထောင်နေရင်း သူတို့က တရားသဖြင့် ခံရတာဆိုတော့ မတရား ချုပ်နှောင် နှိပ်စက်ခံရတဲ့ခံစားမှုကိုတော့ ကိုယ်ချင်းစာမိမှာ မဟုတ်ပါဘူးလို့ စဉ်းစားနေမိတယ်။ အဲဒီ့လိုနဲ့ ကျွန်တော်တို့ နောက်ထပ် ငရဲတစ်ခုကို ရောက်သွားပြန်တယ်။ ဒီ ၁၁ထပ်မြောက် ငရဲမှာက ပွက်ပွက်ဆူအောင် ကျိုထားတဲ့ချော်ရည်ပူအိုးကြီးတွေ၊ ရဲရဲတောက်နေအောင် မီးကင်ထားတဲ့ သံဆူးချွန်ကြီးတွေနဲ့ လက်သန်းလုံးလောက်ရှိတဲ့ အပ်နဲ့ အပ်ချည်ကြိုး အကြီးကြီးတွေ အများကြီးကို ပြင်ဆင်ထားတယ်။ ကျွန်တော်လည်း ဘေးနားကငရဲသားကို လှမ်းမေးမယ်အလုပ်မှာပဲ သူက …
“ အဲဒီ့ချော်ရည်ပူတွေက လူ့ပြည်မှာလူတကာရဲ့ နားတွေထဲကို မဟုတ်ကဟုတ်က အတင်းအဖျင်းတွေ ဇွတ်ရောအတင်းရော ရိုက်ရိုက်ထည့်နေတဲ့သူတွေရဲ့ နားတွေထဲကို လောင်းထည့်ဖို့၊ ဟောဒီ့မီးကင်ထားတဲ့ သံဆူးချွန်ကြီးတွေက လူတကာရဲ့ မျက်လုံးတွေကို ဘာမှမမြင်နိုင်အောင် အာဏာတွေ၊ ပါဝါတွေသုံးပြီး လိုက်လိုက်ကာဆီးနေတဲ့ လူအချို့ရဲ့ မျက်လုံးတွေကို ထိုးဖောက်ဖို့၊ ဟောဟိုက အပ်နဲ့အပ်ချည်ကြိုးကြီးတွေကတော့ လူတွေကို ဘာဆိုဘာမှ မပြောရဲမဆိုရဲအောင် ချိန်းခြောက်တားဆီးတဲ့အပြင် မှန်တာကို ပြောပြန်ဆိုပြန်ရင်လည်း မတရားတဲ့ နည်းစနစ်တွေသုံးပြီး လူတွေရဲ့ပါးစပ်ပေါက်တွေကို လိုက်လိုက်ပိတ်ပစ်နေတဲ့ အချို့သောသူတွေရဲ့ ပါးစပ်တွေကို အထပ်ထပ်ချုပ်ပစ်ဖို့ပဲ ´´
“ လူတိုင်းလူတိုင်းရဲ့အနာဂတ်တွေဆီသွားမယ့် ခြေထောက်တွေကို ရိုက်ချိုးပစ်နေတဲ့သူတွေအတွက်၊ မသန့်စင်တဲ့ အတ္တဆန္ဒတွေ အတွက်နဲ့ လူတကာရဲ့မျှော်လင့်ခြင်း အိပ်မက်တွေကို ရက်ရက်စက်စက် ချနင်းခြေမွပစ်နေတဲ့ သူတွေအတွက်၊ တောမီးလောင်တိုင်း ထထပြီး လက်ခမောင်းခတ်တတ်ကြတဲ့ တောကြောင်တွေအတွက်၊ နောက်ြ့ပီး တက်လာသမျှလူတိုင်းကို တည့်အောင်ပေါင်းပြီး တောင်းစားမယ်ဆိုတဲ့ တသုံးလုံးကျေ လူအချို့အတွက်လည်း ခင်ဗျားတို့တစ်ခုခုစီစဉ်သင့်တယ်ဗျ …´´
ကျွန်တော် အဲဒီ့လိုအကြံပေးတာကို ငရဲသားတစ်ယောက်က သေသေချာချာ လိုက်မှတ်ပြီးတဲ့နောက်မှာ သူတို့က ကျွန်တော့်ကို နောက်ဆုံးငရဲစီကို ခေါ်သွားတယ်။ အဝီစိငရဲရဲ့အောက်က လေးထပ်မြောက်ငရဲ တစ်နည်းပြောရရင် ၁၂ထပ်မြောက်ငရဲပေါ့။ ရောက်ပါပြီ …။
ရောက်ရောက်ခြင်းမှာပဲ ချိုင့်တွေ၊ ခွက်တွေ၊ အချွန်အတက်တွေ၊ ပြည့်နေတဲ့လမ်းတစ်ခုရဲ့ တစ်ဘက်တစ်ချက်မှာ သံချွန်တွေ၊ ဝါးရင်းတုတ်တွေ၊ တင်းပုတ်တွေ၊ မီးမြှိုက်ထားတဲ့ ကျောက်တုံးကျောက်ခဲတွေ စတဲ့စတဲ့ လက်နက်ပေါင်းစုံကိုကိုင်ဆွဲထားတဲ့ ငရဲသားတွေက တန်းစီပြီးရပ်နေကြတဲ့ မြင်ကွင်းကို ကျွန်တော်စပြီး မြင်လိုက်ရတယ်။
အဲဒီ့မြင်ကွင်းကို မြင်လိုက်ရခြင်းမှာပဲ ကျွန်တော့်မျက်စိထဲမှာ မေလ ၃ဝရက်နေ့ဆိုတဲ့ နေ့စွဲတစ်ခုရဲ့ သွေးပျက်ဖွယ်အဖြစ် အပျက်တွေက တစ်ကွက်ပြီးတစ်ကွက် ပေါ်လာကြတယ်။ ယုတ်မာပတ်စက်မှုတံခွန်ကို ထပ်မံစိုက်ထူလိုက်တဲ့ လူ့အန္ဓတို့ရဲ့ သွေးပျက်ဖွယ် နှိပ်ကွပ်မှုတွေကြောင့် အပြစ်မဲ့ လူသားတွေရဲ့သွေးတွေ သမိုင်းမှာစွန်းပေခဲ့တဲ့ နေ့တစ်နေ့အကြောင်းကို ပြန်စဉ်းစားမိနေရင်း ကျွန်တော် မျက်ရည်ဝဲလာတယ်။
“ သံသရာဆိုတဲ့ စက်ဝိုင်းမှာ ခြွင်းချက်ဆိုတာ မရှိပါဘူးကွာ …။ ကိုယ်ပြုခဲ့တဲ့အမှုတွေအတွက် တစ်နေ့နေ့မှာ အားလုံး ပြန်ပေးဆပ်ရမှာပါပဲ။ဒီငရဲကို ဘယ်လိုလူတွေ ရောက်လာမယ် ဆိုတာကိုတော့ ငါမပြောပြလဲမင်းသိနေမှာပါ…။
သူတို့တွေ ဒီကိုရောက်လာရင် ဒီလမ်းရဲ့တစ်ဘက်တစ်ချက်က ငရဲသားတွေက သူတို့ကို သံချွန်တွေနဲ့ဝိုင်းထိုး၊ ဝါးရင်းတုတ်တွေနဲ့ရိုက်၊ ကျောက်ခဲတွေနဲ့ဝိုင်းထု၊ နောက်ပြီး သူတို့ရဲ့ဆံပင်တွေကိုဆွဲပြီး ကြမ်းတမ်းတဲ့လမ်းရဲ့မျက်နှာပြင်တွေနဲ့ ဝိုင်းဆောင့်ကြလိမ့်မယ်။ ဒါတွေအားလုံးဟာ သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ အစီအမံတွေပါ …´´
အဲဒီ့လိုနဲ့ ကျွန်တော်လည်း ငရဲပြည်ရဲ့တိုးချဲ့ဆောင်တွေအကြောင်းကို အားရအောင်လေ့လာ အကြံပေးပြီးတဲ့နောက်မှာ ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်ဖို့ ငရဲမင်းကြီးရဲ့ရှေ့ကိုပြန်ရောက်လာခဲ့တယ်။
ငရဲပြည်ရဲ့အသစ်စီမံထားမှုတွေကိုကြည့်ပြီး ကျွန်တော်တကယ့်ကို စိတ်မကောင်းခဲ့ပါဘူး။ အပြစ်တွေကျေရာ ကျေကြောင်း တစ်ခုခုကိုစဉ်းစားနိုင်ရင် ပိုကောင်းလိမ့်မယ်လို့ကျွန်တော်ယူဆမိတာနဲ့ …
“ ငရဲမင်းကြီးကို ကျွန်တော် တစ်ခုလောက်မေးချင်ပါတယ်၊ အားလုံးဟာ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံတွေအတွက် ပြန်လည်ပေးဆပ်ဖို့ ငရဲကို ရောက်လာကြရမှာ မှန်ပေမယ့် ကြီးတဲ့အမှုကိုငယ်စေ၊ ငယ်တဲ့အမှုကို ပပျောက်စေ ဆိုတဲ့စကားအတိုင်း အဲဒီ့အပြစ်တွေကို သူတို့တွေ ဘယ်လိုများ လျော့ပေါ့ပစ်နိုင်မလဲ ဆိုတာလေးကို ကျွန်တော်သိပါရစေ …´´
ကျွန်တော်က အဲဒီ့လိုမေးလိုက်တော့ ငရဲမင်းကြီးက သူ့ရဲ့မုတ်ဆိတ်မွှေးကြီးကိုပွတ်ပြီး အကြာကြီး စဉ်းစားနေတယ်။ တော်တော်လေးကြာမှ …
“ ကံကြမ္မာနဲ့ သံသရာ ဆိုတာကို ရှောင်လွှဲလို့မရပေမယ့်၊ မင်းပြောသလို အတိတ်က အကုသိုလ်ကံတွေကို ပစ္စုပ္ပါန် ကောင်းမှုကုသိုလ်ကံတွေနဲ့ အနည်းအကျဉ်းတော့ ပြန်လည်ဖာထေးလို့ရပါတယ်။ ပေါက်တဲ့နှဖူး မထူးတော့ပါဘူးဆိုပြီး မထူးဇာတ် ခင်းနေမယ့်အစား အခုအချိန်ကတည်းက နောင်တတွေရပြီး အမှန်ကိုပြင်နိုင်ကြမယ်ဆိုရင် အားလုံးအတွက်လည်းအကောင်းဆုံးဖြစ်နိုင် သလို၊ သူတို့တွေအတွက်လည်း အပြစ်တွေကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ဆေးကြောရာ ရောက်သွားမှာပေါ့ကွာ …။ အဲဒီ့အကြောင်းကိုလည်း မင်းလူ့ပြည်ရောက်ရင် ပြောပြလိုက်စမ်းပါ။ ´´
အဲဒီ့နောက်မှာတော့ ကျွန်တော်ကို သူတို့က လူ့ပြည်ကို ပြန်ပို့လိုက်ကြတယ်။ ကျွန်တော့်ရဲ့ အဖြစ်အပျက်လေးကတော့ အဲဒါပါပဲ …။ ကျွန်တော်ပြောခဲ့တာတွေဟာ ယုံတမ်းစကားတွေပါလို့ ခင်ဗျားတို့ ယူဆချင်ရင် ယူဆလို့ရပါတယ်။ ဖြစ်နိုင်မဖြစ်နိုင် သေသေချာချာစဉ်းစားပြီး ယုံကြည်လိုက်လို့လည်းရပါတယ်။
ကျွန်တော်ကတော့ ငရဲမင်းကြီး အမိန့်ရှိလိုက်တဲ့အတိုင်း အားလုံးသိအောင် ပြန်ပြောပြရုံသက်သက်ရယ်ပါ။ ရဲသော်မသေ သေသော်ငရဲမလား ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ကျွန်တော်ပြောပြတာတွေကို လစ်လျှူရှုပစ်မယ်ဆိုရင်လည်းကျွန်တော်က ဘာမှမတတ်နိုင်ပါဘူး …။ ။
ရေးသားသူ – နေဘုန်းလတ် ရဲ ့စာသားအတိုင်းကူဒယူတင်ပြသည်။
6 comments
ဆူး
December 14, 2010 at 4:13 pm
ဒါပထမဆုံး အကြိမ် နေဘုန်းလတ် ရေးတဲ့ စာဖတ်ဘူးတာပါ။
koyinmaung
December 14, 2010 at 11:15 pm
ဝမ်ကျားပေါင်ကတော့ မှူးကြီးကိုဂတိတွေပေးနေတာကြားလိုက်တယ် (မှူးကီးတေယင်မီပူနိ ငရဲမီးကီးကိုလက်ထိုးဘို့ငရဲပြည်တုံးပိဆံတွေ မီရှို့ပြီး ပို့ပြီးမည်)တဲ့လေ….
etone
December 15, 2010 at 1:38 am
စာရေးဆရာ နေဘုန်းလတ်ဆိုတာက အင်တာနက်ဘလော့တွေကနေ နအဖရဲ့ အကျဉ်းထောင်တွေအကြောင်း ၊ နိုင်ငံရေးသမားတွေ ခံစားရတဲ့ဒုက္ခရတဲ့ ထောင်တွင်းအဖြစ်ပျက်တွေအကြောင်း ၊ နိုင်ငံရေး အတော်များများရေးတဲ့ လူငယ်စာရေး ဆရာပါ ..။ စိတ်မကောင်းစရာကောင်းတာက ဆရာနေဘုန်းလတ်ရဲ့ ကလောင်စွမ်းထက်တာကြောင့် ထောင်ဒဏ် အနှစ် ၂ဝ ကျခံနေရတာဖြစ်ပါတယ် …။ လက်ရှိထောင်ထဲမှာပါ ။ အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းပေးပါတယ် ။
( group ကနေရတဲ့စာတွေကို မတင်ဖို့ တောင်းဆိုပါရစေ …။ ဘာလို့လဲဆိုတဲ့ အဲ့ဒီစာတိုင်းက group member ဝင်တိုင်းဆီတစ်ချိန်ထဲမှာ အတူတူရောက်လာတာမို့ပါ ။ )
bigcat
December 15, 2010 at 1:41 am
ကိုနေဘုန်းလတ် နာမည်နဲ့သတင်းကို ကြားဖူးနေတာတော့ကြာပြီ ဒါပေမဲ့ ကျနော်လည်း သူ့စာတွေကို အခုမှဖတ်ဖူးတယ်။ နှမြောစရာကောင်းတယ်ဗျာ။
etone
December 15, 2010 at 2:33 am
ကိုကြောင်ကြီး mrsorcerer9@gmail.com ကို contact list ထဲမှာ add လိုက်ပါ ..။ သူပို့တဲ့ စာတွေဝင်လာလိမ့်မယ် ကိုနေဘုန်းလတ် စာတွေ တစ်ဝကြီးဖတ်ရမှာပါ ။
char too lan
December 15, 2010 at 6:57 am
ကျေးဇူးပါပဲမတုံ ကျနော်လဲ Add လိုက်ပါတယ်