ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား

manawphyulayDecember 17, 20101min43321

ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား
(ကျွန်မဘဝတစ်စိတ်တစ်ပိုင်း)
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တစ်ခါတလေ ပြောသင့်တယ်လို့ ထင်ထားပေမယ့် ဆရာလုပ်တယ်လို့ မြင်ကြတာ ခုနောက်ပိုင်း လူငယ်တော်တော်များများရဲ့စိတ်လို့ ပြောရမလားပါပဲ။ နောက်တစ်ချက်က ကျွန်မအနေနဲ့ သိတာ မြင်တာကို ဖြန့်ဝေသလို အချိန်ကို အလဟဿ မသုံးမိကြစေဖို့ နီးစပ်ရာကို ဆရာလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် တော်တော်များများက ချက်တင်ပိုင်းကို အားသန်နေတာ တွေ့ကြရပါတယ်။ ကျွန်မ မေးကြည့်တယ်။ အင်တာနက်သုံးရင် ဘာတွေသုံးလည်းလို့ မေးကြည့်တော့ ချက်တာပေါ့တဲ့။ မချက်ပဲ တခြားလေ့လာစရာရှိတာတွေ အများကြီးပဲ အင်တာနက်ရွာကြီးထဲမှာ ရှိနေတယ်ဆိုတာ သိကော သိကြရဲ့လား။ ကျွန်မက တတ်နိုင်သမျှ အချိန်၊ ငွေ မဖြုန်းတီးဖို့ အကျိုးရှိတာကို လုပ်ဖို့ ပြောပြတော့ ကျွန်မကို အန်းတိတ်တဲ့။ အပျိုကြီးတွေများ ဇီဇာကြောင်တာတဲ့၊ ဒါကြောင့် အပျိုကြီးဖြစ်တာလို့ ဝေဖန်မှုတွေ ကြုံဆုံလာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အပြုံးမပျက် ဆက်လက် တိုက်တွန်းမြဲပါပဲ။ တချို့ကျတော့ ဘာလုပ်ရမှန်းမသိလို့ပါတဲ့။ ဒါဆိုရင် ကျွန်မ လမ်းကြောင်းပေးပါတယ်။ သွားချင်တာ ဖြစ်ချင်တာကို အကောင်အထည်ဖော်လိုက်တဲ့အခါမှာ လူတိုင်းလူတိုင်းမှာ အရည်အချင်းဆိုတာ ရှိကြပါတယ်။ ထုတ်မသုံးကြလို့သာ မသိမတတ်တဲ့သူတွေရှိနေတာလို့ ကျွန်မတော့ မြင်မိပါတယ်။ နောက်တစ်ချက်က လူတွေရဲ့ အတွေးအခေါ်ကို ပုံစံပြောင်းဖို့လည်း လိုမယ်လို့ ယူဆမိတယ်။ ကျွန်မကို တချို့က မေးတယ်။
အင်တာနက်သုံးတာ ဘယ်လောက်ကြာပြီလဲတဲ့။ ဟုတ်ပါတယ် ကျွန်မ အင်တာနက်ဆိုတာ စသိသုံးတဲ့အချိန်က ၁၉၉၈ ခုနှစ်ပါ။ ကျွန်မ ကုမ္ပဏီမှာ စပြီးဝင်လုပ်မှ သိရှိခဲ့ရတာပါ။ ဒါတောင်မှ မြန်မာနိုင်ငံမှာ ကွန်ပျူတာကုမ္ပဏီ ၁၁ ခုကိုပဲ အင်တာနက် တပ်ဆင်ခွင့်ရရှိခဲ့တဲ့အချိန်ကာလဆိုလည်း မမှားပါဘူး။ အဲဒီအချိန်ကတော့ ဟော့မေးလ်တို့ အရမ်းအသုံးများခဲ့တဲ့အချိန်ဖြစ်ပြီး Yahooမေးလ်လည်း သုံးသင့်လောက်သုံးနေကြပါတယ်။ ဒါပေမယ့် အလုပ်ကိစ္စကလွဲပြီး ဘာမှသိပ်မသိသေးတဲ့အချိန်ပါ။ နောက်ပိုင်းမှာ ဒီလိုပဲ လေ့လာရင်းနဲ့ သိရှိမှတ်သားလာခဲ့ရတာပါ။ လူတွေရဲ့အမြင်ဟာ ခုချိန်ထိ ကျဉ်းမြောင်းနေတုန်းပါလားလို့လည်း မြင်မိသလို နောက်တစ်ချက်က အင်တာနက်ဆိုင်မှာ လူငယ်လူရွယ်တွေ အချိန်ဖြုန်းချက်နေတာကို မြင်လို့လည်း ဒီလိုအတွေးတွေ ရှိနေကြတာပါလားလို့ ထင်မိပါတော့တယ်။ ကျွန်မကို ပြောပါတယ်။ တချို့က ဒီလောက် အင်တာနက်သုံးတာ ခုထိ အပျိုကြီးဖြစ်နေတုန်းလားတဲ့ ကျွန်မကတော့ ရယ်ပဲနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက်သုံးတာ ဘယ်လိုရည်ရွယ်ချက်ကြောင့်လို့လည်း ရှင်းလည်း နားလည်မှာမှမဟုတ်တာ မရှင်းပြတော့ပါဘူး။ ဒီတော့ မိတ်ဆွေ၊ သင်လည်း စဉ်းစားကြည့်လေ သင်လည်း အင်တာနက်သုံးတာ ဘာအတွက်လဲ လူတိုင်းမှာ သူ့အကြောင်းနဲ့သူ ရှိပါတယ်။ မသိလို့ သိအောင် တတ်ချင်တဲ့သူကို ရှင်းပြရတာ ဘယ်လောက်မောမော ကျွန်မ ရှင်းပြပေမယ့် နားလည်မှုလွှဲမှားစွာ အသုံးချနေသူများကို ဘယ်လိုလမ်းကြောင်းမှန်အောင် ခေါ်ဆောင်သွားရမလဲဆိုတာ ကျွန်မ အမြဲစဉ်းစားမိပါတယ်။ ပိုက်ဆံပေါလို့ ချက်တင်ထိုင်ပြီး အချိန်ပိုလို့ ချက်နေကြတဲ့သူတွေနဲ့ ကျွန်မဘဝဟာ တခြားစီဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အင်တာနက်သုံးရင် ကျွန်မအတွက် ငွေကုန်၊ အချိန်ကုန် အကျိုးရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ။ ကျွန်မဘဝက ကို်ယ့်ခြေပေါ် ကိုယ်ရပ်တည်ခဲ့ပြီး ရပ်တည်ဆဲ လူသားတစ်ယောက်ဖြစ်နေလို့ပါပဲ။ ကျွန်မအတွက် အပိုငွေဆိုတာ မရှိခဲ့သလို မမျှော်မှန်းခဲ့ပါဘူး။ ကျွန်မ အင်တာနက်ကို ဘယ်လိုသုံးရမလဲဆိုတဲ့အတွေးနဲ့ အသုံးချခဲ့တာပါ။ ကျွန်မအတွက် အပိုသုံးငွေလည်း မရှိပါဘူး။ ဒါပေမယ့် မဖြစ်ဖြစ်တဲ့နည်းနဲ့ လမ်းကြောင်းတစ်ခုပေါ် ကျွန်မ အရောက်သွားမယ်ဆိုတဲ့စိတ်နဲ့ လျှောက်ခဲ့တာပါ။ အင်တာနက်သုံးခတွေက ခုနောက်ပိုင်းမှာ တော်တော်ဈေးကျလာတော့ ပိုပြီး ဝမ်းသာမိပါတယ်။ ကျွန်မ မသုံးရ မနေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘလောဂ့်စလုပ်လာတည်းကဆိုပါတော့။ အင်း ပြောရရင် ကျွန်မ ဘလောဂ့်စလုပ်တဲ့နှစ်က ၂၀၀၅ ခုနှစ် နိုဝင်ဘာမှာ စခဲ့တာပါ။ ဒါပေမယ့် ပထမဆုံးဘလောဂ့်က ပျက်သွားခဲ့ပါတယ်။ ၂၀၀၆ ဩဂုတ် ၃၁ ရက်မှာ ဆားဗစ်ပလတ်က ကိုရဲထွန်းအောင်က တစ်ကမ္ဘာလုံးရဲ့ ဘလောဂ့်ဒေးဆိုပြီး ဟောပြောပွဲလုပ်ပါတယ်။ ကျွန်မ သွားတက်ခဲ့ပါတယ်။ လက်ရှိလုပ်နေတဲ့ဆိုက်ကလည်း ပျက်တော့ စိတ်ဓာတ်ကျနေတဲ့အချိန်ပါ။ ကျွန်မ တစ်ခုသဘောကျတာ ဘလောဂ့်လုပ်ပါပြီတဲ့ ဘာတွေလုပ်ရမလဲဆိုတာ ခေါင်းထဲမှာ အရင်ဆုံးပေါ်လာတာပါ။ နောက်တော့ ဟုတ်ပြီ၊ စိတ်ထဲရှိတာ ရေးမယ်။ နောက်ပြီး ပြောသင့်လျှက် မပြောသင့်အပ်တဲ့နေရာ အရပ်ဒေသအလိုက် လူတွေကို ငါ့ရဲ့ဘလောဂ်မှာ ပြောကြည့်မယ်ပေါ့။ ဥပမာ စိတ်ညစ်ရင် သူများပြောရင် နားငြီးတယ်လို့ ပြောရင်ပြောလိမ့်မယ်။ ငါ့ဘလောဂ်မှာ ပြောတော့ ဘယ်သူက ပြောမလဲဆိုတဲ့အတွေးရရှိသွားတယ်။ ဒါနဲ့ ၂၀၀၆ ခုနှစ်မှာ ပြန်ပြီး အသက်ပြန်သွင်းလိုက်တယ်။ မြန်မာဖောင့်မပေါ်သေးပါဘူး။ အဲဒီအချိန်က ဘလောဂ်စပေါ့တွေ ခေတ်စားနေတဲ့အချိန်ပါ။ ဒါပေမယ့် ဂိုဂယ်က မဝယ်ရသေးတဲ့အတွက် သတ်သတ်ပတ်စဝေါ့နဲ့ ဝင်ရတာပါ။ နောက်ပိုင်းမှာ ဂိုဂယ်က ဝယ်လိုက်တဲ့အတွက် ဂိုဂယ်မေးလ်နဲ့ချိတ်မှသာ ဝင်လို့ရတော့တာပါ။ နောက်တစ်ချက်က မှတ်မိသလောက်ပြောရရင် ၂၀၀၆ နှစ်မကုန့်တကုန်အချိန်လောက်မှာ ဇော်ဂျီဖောင့်ကို အလကားသုံးခွင့်ပေးလိုက်တဲ့အတွက် အရမ်းဝမ်းသာသွားမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက အင်္ဂလိပ်စာ ညံ့လို့ပါပဲ။ ဒါနဲ့ နောက်ပိုင်း ကုဒ်အကြောင်းနားမလည်တော့ တချို့ကုဒ်တွေ ဖျက်မိသွားတဲ့အတွက် ဆိုက်ဒ်လေးက ပျက်သွားပြန်ပါတယ်။ ကျွန်မလည်း မစားနိုင်မသောက်နိုင်တောင် ဖြစ်ခဲ့မိပါတယ်။ နောက်တစ်ချက်က ကျွန်မ ခေါင်းထဲမှာ ခုထိ စွဲနေတဲ့ ဆောင်ပုဒ်တစ်ခုကိုလည်း မြင်ယောင်မိပါတယ်။ ဆောင်ပုဒ်က ပညာကိုသာ စွဲလမ်းပါ၊ အင်တာနက်ကို မစွဲလမ်းမိပါစေနဲ့။ တကယ့်ကောင်းပြီး လိုက်နာသင့်တဲ့ ဆောင်ပုဒ်တစ်ခုလို့လည်း ကျွန်မ စွဲမြဲစွာ လက်ခံမိပါတယ်။
ကျွန်မဘလောဂ့်လုပ်ပြီးနောက်ပိုင်း အီးမေးလ်ဆိုတာ နက်သုံးရင် ဒုတိယနေရာရောက်ရှိနေပါတယ်။ ဘလောဂ့်လေးကို ဖွင့်နေရရင် ကျေနပ်နေပါတယ်။ နောက်ပြီး ကျွန်မရဲ့ဘလောဂ့်ကို အရမ်းတန်ဖိုးထားမိတာက ကျွန်မက အလုပ်အသွားအပြန်ကို ရထားစီးပါတယ်။ ရထားခ ဈေးသက်သာတဲ့အတွက် ကားခအပိုထွက်လာပါတယ်။ နောက်တစ်ချက်က ရထားစီးရင်း စာအုပ်ဖတ်လို့ရတာကိုလည်း ကျွန်မအတွက် တအားပါပဲ။ ဒီတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် စာအုပ်ဖတ်ပြီး ရထားစီးတယ်။ ကားခထွက်လာတာကို အင်တာနက်သုံးခအဖြစ် အသုံးချခဲ့ခြင်းကြောင့်ပါပဲ။ တစ်နည်းကတော့ ကျွန်မရဲ့ချွေးနည်းစာနဲ့ ကျွန်မမှာ ရှိတဲ့ အသိအတတ် အမြင် အကြား အရာအားလုံးကို ဝန်းကျင်မှာရှိတဲ့သူတွေကို ဖြန့်ဝေရတာ အလွန်ပဲ ပီတိဖြစ်မိပါတယ်။ တချို့က မေးတယ်။ အစ်မ ဘလောဂ့်လုပ်တာ ပိုက်ဆံရလားတဲ့။ ဟုတ်ပါတယ်။ မေးလည်း မေးသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်မ မေးလ်ထဲမှာ ရှိတဲ့ အမှန်ပြောရရင် ချက်တင်ပဲ သိတဲ့သူတွေက ချက်ချင်လို့ လှမ်းစကားပြောတာတောင် ကျွန်မ ပြန်မဖြေခဲ့လို့ပါပဲ။ သိချင်တာ တတ်ချင်တာတွေ၊ လေ့လာချင်တာတွေ မေးရင်တော့ ကျွန်မ ပြန်ပြောခဲ့ပေမယ့် ထမင်းစားရေသောက် အလာပသလာပ ပြောတဲ့သူတွေကိုတော့ ကျွန်မ အချိန်မဖဲ့ခဲ့ပါဘူး။ ဒီတော့ ကျွန်မကို မေးကြပြီပေါ့။ ဟုတ်ပါတယ်။ ကျွန်မရဲ့ဒီဘလောဂ့်ကြောင့် ခုလက်ရှိအလုပ်ရရှိခဲ့သလို အချိန်ပိုင်းအလုပ်တွေလည်း အွန်လိုင်းကနေရရှိခဲ့ပါတယ်။ နောက်တစ်ချက်က ပရဟိတလုပ်ငန်းအတွက် တစ်ဖက်တစ်လမ်းကနေ အလှူအတန်းတွေ၊ လူတွေ ခင်မင်ပတ်သက်ခွင့်ရရှိခဲ့သလို ကျွန်မအတွက် နည်းပေးလမ်းမှန်ပြုတဲ့သူတွေ၊ နည်းပညာဖလှယ်ခွင့်တွေလည်း ရရှိခံစား စံစားခဲ့ရပါတယ်။ သူများအတွက်တော့ မပြောတတ်ပေမယ့် ကျွန်မအတွက်တော့ အလွန်ပဲ အဖိုးတန်တဲ့ ဘလောဂ့်တစ်ခုလို့ ခုချိန်ထိ ယူဆထားမိပါတယ်။ ဒါကြောင့် ကျွန်မဘလောဂ့်လေးကို မရေးတော့ဘူးလို့ တွေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်နေပါတယ်။ ကျွန်မအတွက် အပျင်းပြေဆိုတာထက် လူအများ နည်းပညာဗဟုသုတ ရသ အစုံ ပေးစွမ်းစေချင်တာ ရင်ထဲက လာတဲ့အမှန်စကားတစ်ခုပါ။ လူတိုင်းကို ဖြစ်မြောက်စေချင်ပါတယ်။ ကိုယ်လုပ်ပေးလိုက်လို့ ဖြစ်မြောက်သွားရင်လည်း ကိုယ့်ကိုယ် လှည့်မကြည့်ရင်လည်းနေပါစေ ကျွန်မ အပြုံးမပျက် မေတ္တာစေတနာ ဝါသနာ အရင်းခံပြီး သင်ပြလမ်းညွှန်နေပါမယ်။ တကယ်လို့သာ သင်မှာ ဘလောဂ့်တစ်ခုမရှိသေးဘူးဆိုရင် ကမ္ဘာ့ရွာကြီးထဲမှာ အိမ်ခြေမရှိသေးတဲ့သူအဖြစ် ဆက်လက်ရပ်တည်နေသလို ဖြစ်မနေဘူးလား။ ဒီတော့ အချိန်ကို အကျိုးရှိအောင် အသုံးချရင်း မိတ်ဆွေလည်း ချက်နိုင်ပါစေလို့ ပြောရင်းနဲ့ ရွာကြီးထဲမှာ ကိုယ်ပိုင်အိမ်နဲ့ နေကြည့်ချင်လာတယ်ဆိုရင် အောက်က အရင်တင်ပြီးသား စာကြောင်းပိုစ့်လေးကိုလည်း ဆက်လက် ဖတ်ကြည့်စေချင်ပါတယ်။ ကိုယ်ပိုင်အိမ်လေးရှိလာရင် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမလဲဆိုတာ သိချင်ရင်တော့ အိမ်လေးတစ်လုံးကို အမြန်ဆောက်ကြည့်လိုက်ပါလို့ ပြောချင်နေမိပါတော့တယ်။

ဘလော့ဂ်တွေ ဘယ်လောက် အရေးပါလာမလဲဆိုတာ နောင်တစ်ချိန်မှာ လူတိုင်းလူတိုင်း ကိုယ်ပိုင်ဘလောဂ့်တစ်ခုစီရှိလာကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ကျွန်မ တွေးမိတာပါ။
အခုတစ်လော blog တွေ၊ wiki တွေ အပြင် ကိုယ်ပိုင်ဒိုမိန်းတွေနဲ့ အုပ်စုတွေ၊ website တွေ တိုးတက်များပြားလာတာကို အချိန်တိုအတွင်းမှာ တွေ့ရှိလာရပါပြီ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လူငယ်လူရွယ်တွေ အချိန်ကို အလဟဿ မကုန်ဆုံးအောင် အသုံးချတတ်လာကြပြီလို့ မှန်းဆလို့ ရပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ တိုးတက်နေတဲ့ ခေတ်အခြေအနေမှာ နည်းပညာတွေ တစ်နေ့ထက် တစ်နေ့ အသစ်အသစ်တွေ ပေါ်ထွက်လာနေချိန်မှာ ကျွန်မတို့တစ်တွေဟာ ခေတ်နောက် ပြတ်ကျန်လို့မရပါဘူး။ မီဒီယာစတိုင်သစ်တွေနဲ့အတူ တတ်နိုင်သရွေ့ ရှေ့ကို အရောက်လှမ်းနိုင်ဖို့ ကြိုးစားကြရမှာပါပဲ။ နောက်ပိုင်း blog တွေ များပြားလာတာနဲ့အမျှ အများရဲ့အမြင်မှာ ကွဲပြားခြားနားစွာ မြင်တတ်ဖို့လည်း လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ blog တွေဟာ လမ်းကြောင်းတစ်ခုတည်းအတွက် ရည်ရွယ်တာ မဟုတ်ပါဘူးဆိုတာပါပဲ။ ကိုယ်ပိုင် ခံစားချက်၊ ကိုယ်ပိုင်တွေ့ရှိချက်၊ ကိုယ်ပိုင်စွမ်းဆောင်ချက်တွေနဲ့အတူ အနုပညာတွေ၊ နည်းပညာ ဗဟုသုတတွေ၊ စီးပွားရေး၊ ပညာရေး အားလုံး အားလုံး လက်လှမ်းမီသလောက် ဝါသနာအရင်းခံပြီး ဖြန့်ဝေနေကြတာဟာ အလွန်တရာ ဝမ်းသာမိပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းရှိသလို၊ လူမှာလည်း လူ့စည်းကမ်းရှိသလို ဘလောဂ့်တွေမှာလည်း ဘလောဂ့်စည်းကမ်းဆိုတာ ရှိပါတယ်။ ဘလောဂ့်ဂါတစ်ယောက်ဟာ ကိုယ်ဖန်တီးတဲ့ အနုပညာအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူရပါတယ်။ မှန်ကန်တဲ့သတင်း၊ မှန်ကန်တဲ့လုပ်ဆောင်ချက်၊ မှန်ကန်တဲ့အကြောင်းအရာ ဒါတွေဟာ တိကျမှန်ကန်မှုရှိမှသာ ကိုယ့်ဘလောဂ့်မှာ တင်ပြကြခြင်း ဖြစ်ပါတယ်။ ငါသာစေ သူ နာစေဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်ခြင်းမျိုးက ရေရှည်မှာ တည်မြဲမှု မရှိရုံမျှမက ဘလောဂ့်ဂါ အများကိုလည်း ယုံကြည်မှု ကင်းမဲ့စေတဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ဘလောဂ့်ဂါတိုင်း နားလည်လက်ခံသဘောပေါက်ကြပါတယ်။ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ခြင်းဟာလည်း ကောင်းတဲ့ လုပ်ဆောင်ချက်နဲ့ အောင်မြင်တိုးတက်မယ့် တက်လှမ်းတွေ ဖြစ်ပါတယ်။ ပြင်ပ ဘလောဂ့်ဂါများ နေရာအနှံ့အပြားမှာ များပြားနေတာကို တွေ့ရှိခြင်းအားဖြင့် ကိုယ့်နိုင်ငံသားတွေလည်း ဒီလို မီဒီယာအသစ်တွေ အများအပြား တိုးတက်စေချင်တာ အမှန်ပါ။ ဘလောဂ့်ဂါအချင်းချင်း ရိုင်းပင်းကူညီပြီး ပြည်ပ မီဒီယာသမားတွေ ကိုယ့်ဝန်းကျင်အတွင်း မဝင်လာနိုင်အောင် အားလုံးကြိုးစားကြစေချင်ပါတယ်။ ပြည်ပနိုင်ငံသား ဘလောဂ့်တွေကို လေ့လာမိသလောက် ဘလောဂ့်ဂါတွေရဲ့ ၃၅ ရာခိုင်နှုန်းကသာ ဘလောဂ့်တင်ခြင်းကို ဂျာနယ်လစ်ဇင်ရဲ့ ပုံစံသစ်တစ်မျိုးအဖြစ် ရှုမြင်ကြပြီး ကျန် ၆၅ ရာခိုင်နှုန်းနီးပါးကတော့ ယင်းသို့ မယူဆပါဘူးလို့ ဆိုပါတယ်။ အဲ နောက်ပြီး မိမိတို့ဟာ တစ်ခါတစ်ရံမှာဖြစ်စေ၊ မကြာခဏဖြစ်စေ မိမိတို့သတင်းမှာ ဖော်ပြမယ့် အချက်အလက်တွေရဲ့ မှန်ကန်မှုနဲ့ပတ်သက်ပြီး စစ်ဆေးအတည်ပြုဖို့အတွက် အချိန်ပိုပေးပြီး လုပ်ကြတယ်လို့ ဆိုသူ အရေအတွက်ကတော့ ၅၆ ရာခိုင်နှုန်းမျှသာ ရှိပါတယ်။ ဒီတော့ ဘလောဂ့်ဆိုတာနဲ့ တစ်ခုထဲသော အကြောင်းအရာကို မမြင်စေချင်ပါဘူး။ ကိုယ့်ရေးသားချက်ကို ကိုယ်တာဝန်ယူရပါမယ်။ ဘလောဂ့်ဂါ တော်တော်များများ အင်း ပြောရရင်တော့ ၇ဝ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ သတင်းတွေကို အွန်လို်င်းတင်ရာမှာ သူတို့ရဲ့ အမည်ဝှက်ကိုသာ ဖော်ပြကြပါတယ်။
ဘလောဂ့်ဂါတွေဟာ သတင်းရေးရာမှာ သူတို့ရဲ့ အမည်မှန်ကို မဖော်ပြတဲ့အတွက် တကယ်လို့ သတင်းမှားတွေ ပေးခဲ့ရင်လည်း သူတို့ကို ခြေရာခံနိုင်မှာ မဟုတ်ပါဘူး။ ထိုအဖြစ်တွေကြောင့် တချို့ ဘလောဂ့်ဂါတွေ မှားယွင်းတဲ့ ကောလဟလသတင်းတွေကို ဖြန့်ဝေလာမိတဲ့အခါ ကျန်ဘလောဂ့်ဂါများကိုပါ ထိခိုက်နစ်နာစေမှု ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အထင်မှား အမြင်မှားမှုတွေလည်း ဖြစ်လာနိုင်စရာ ရှိလာပါမယ်။ ဘာပဲပြောပြော နည်းပညာတွေ တိုးတက်ပြန့်ပွားလာတာနဲ့အမျှ လူကြီး လူငယ် လူရွယ်တွေအားလုံး နည်းပညာ ဗဟုသုတအမြင်တွေ နေရာတိုင်းမှာ ရရှိလာနိုင်မယ်ဆိုရင်၊ နားလည်မှုတွေ မှန်ကန်လာနိုင်မယ်ဆိုရင် ဘလောဂ့်တွေ ဘယ်လောက်အရေးပါလာမလဲ။ နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေး အစိတ်အပိုင်းတစ်ခုအဖြစ် ဖြစ်မလာနိုင်ဘူးလို့ ပြောလို့ မရတော့ပါဘူး။ ဘလောဂ့်တွေဟာ ကျွန်မတို့နိုင်ငံသားတွေရဲ့ အခြေခံ အဆောက်အအုံကို ဖျက်ဆီးပစ်နေတယ်ဆိုတဲ့ တွေးထင်ချက်ဟာ ယေဘုယျအားဖြင့် ခိုင်လုံမှု မရှိဘဲ အယူအဆသဘောသက်သက်သာ ဖြစ်ပါတယ်။ ဘလောဂ့်တွေကြောင့် ငုံ့လျှိုးနေတဲ့ အနုပညာ၊ ကိုယ်တိုင်ဖန်တီးနိုင်မှု စွမ်းရည်၊ လူတိုင်း အရည်အချင်းရှိပါတယ်ဆိုတဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ ပညာတတ်ဝန်းကျင်တွေ အရာအားလုံး တိုးတက်များပြားလာတာနဲ့အမျှ နိုင်ငံတစ်ဝှမ်းလုံး အောင်မြင်ဖြစ်ထွန်းမယ့် လူငယ်လူရွယ်တွေ မွေးထုတ်လာနိုင်ခဲ့ပြီး တိုးတက်အောင်မြင်သော လုပ်ဆောင်ချက်တွေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးကို ရင်ဘောင်တန်းလာနို်င်မယ်လို့ ကျွန်မ မြင်မိပါတော့တယ်။
အခုအချိန်အတွက် မေးရမယ့် မေးခွန်းကတော့ ကျွန်မတို့အနေနဲ့ အများပြည်သူဆိုင်ရာ လူသားအားလုံးအတွက် နည်းပညာတွေ၊ ပညာဗဟုသုတ ဖလှယ်မှုတွေ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ဘယ်လို ဖြန့်ဝေသွားမလဲဆိုတာပါပဲ။

21 comments

  • Thaw Zin Loikaw

    December 17, 2010 at 2:31 pm

    Postလေးက တကယ့်ကိုကောင်းပါတယ် ကျနော်လည်း အစကတော့ Chatတာပါပဲ ခုနောက်ပိုင်းတော့ ဘလော့ဂ်ရေးတာကို အားသန်လာတယ် ကိုယ့်ပတ်ဝန်းကျင်က တွေ့ကြုံနေရတာတွေကို ပြန်လည်မျှဝေတယ်။ ဒါကြောင့် MGကိုကြိုက်တာ ပိုက်ဆံပေးလို့ ပွိုင့်ရလို့မဟုတ်ပါဘူး။ ဒီPostလေးကိုလူတိုင်းလာဖတ်ကြရင်သိပ်ကောင်းမှာပါ။

  • ဆူး

    December 17, 2010 at 2:40 pm

    ကိုယ်ဟာကိုတော့ ဘလော့ လုပ်ရတာ စိတ်မရှည်ဘူး ဖိုရမ်တွေဖတ်ပြီး အတွေးအခေါ် ဖလှယ်တယ် စာတွေ ရေး.. နောက် ဒီဆိုက်မှာ လည်း စာရေးတယ်။ သူများ ဆိုက်မှာ ရေးရပေမဲ့.. ပျော်ပါတယ်။

  • ဆူး

    December 17, 2010 at 2:44 pm

    ဗျို့.. အရပ်ကတို့ရေ.. မနောဖြူ ဆေးကြိမ်လုံးနဲ့ တို့ပြီး အတင်းရေးခိုင်းပါတယ်။
    သူရေးတဲ့ စာရှည်တယ် ဖတ်ရတာ ပျင်းတယ် အိပ်ချင်တယ်လို့ ဂျီတော့မှာ တီးတိုးဝေဖန်မိတာ.. ဒီမှာ ထုတ်ပြောပါလို့.. အဲဒီ အကြောင်း ဒီမှာ ရေးပါ မရေးရင် အသိဘဲ ဆိုပြီး ခြိမ်းခြောက်နေလို့ ရေးလိုက်ပါတယ်။ နောက်ထပ် တခုကတော့ စာရေးတာ လူငယ်ကြိုက် ဖြစ်တဲ့ စကားလှလှ သုံးပါလားလို့ ပြောလိုက်လို့.. ရစ်နေပါတယ် ဗျို့.. မနောဖြူ အတင်းကာရော ရစ်နေပါတယ် ဗျို့….

  • weiwei

    December 17, 2010 at 2:54 pm

    မနောစာဖတ်မိတော့မှ ကိုယ်ပိုင်အိမ်မရှိတာကို သိတော့တယ် … ကိုယ်ပိုင်အိမ်ဆောက်ရတာပျင်းပါတယ် … သူကြီးအိမ်မှာပဲ ခိုကပ်ပြီး နေလိုက်အုန်းမယ် … သူကြီးအိမ်က လူစည်တယ် .. ပျော်စရာကောင်းတယ် .. 🙂

  • PaukPhaw

    December 18, 2010 at 2:48 am

    လွန်ခဲ့တဲ့ တစ်နှစ်လောက်ထဲမှ “ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား” ဆိုတဲ့ ခေါင်းစဉ်နဲ ့ ဖိုရမ်တွေ၊ဘလော့ဂ်တွေမှာ တော်တော်များများတွေ ့ခဲ့ဖူးသား…
    ကိုယ့်အတွေး၊အယူအဆလေးတွေနဲ ့ ဒီနေ ့လူငယ်များအပေါ် စေတနာနဲ ့
    လမ်ညွှန်ပေးခဲ့ကြတာလို ့တော့မြင်ပါတယ်..။ခက်တာက ဘလော့ဂ်တင်တယ်ဆိုတာ ပြောသလောက် မလွယ်သလို ထင်သလောက်လဲ မခက်ဘူးဆိုတာ မသိခဲ့ကြဘူး.။ပြီးတော့ ကိုယ့်သဘော ကိုယ်ဆောင်တတ်တဲ့
    သူတွေပဲဆိုတော့ Chatter က Chatting ထဲကရုန်းမထွက်နိုင်သလို Blogger ကလဲ Blogging ထဲကဆွဲထုတ်လို ့ ရမှာဟုတ်ဘူးဗျ။
    အဲ..ဝမ်းသာစရာ စစ်တမ်းတစ်ခုအရ
    “ပြီးခဲ့သည့်အောက်တိုဘာလအတွင်း မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာပြပွဲ၌ကောက်ယူခဲ့သော အိုင်စီတီအသုံးပြုမှုစစ်တမ်းအရ ဘလော့ဂ်ရေးသားမှု တစ်နှစ်အတွင်း ၂၅ ရာခိုင်နှုန်းတိုး”
    ဆိုတဲ့ သတင်းလေးပါပဲ..
    http://www.myanmarinternetjournal.com/local-news/2647-2010-12-17-04-31-29
    ကောင်းတဲ့လက္ခဏာပေါ့ဗျာ..

  • etone

    December 18, 2010 at 3:28 am

    ချက်တင်လုပ်တာနဲ့ ဘလော့ရေးတာနဲ့က ပုံစံချင်းမတူဘူးလေ မနောရဲ့… ။
    ချက်တင်လုပ်တာကာ သိချင်တာရှိရင် ချက်ချင်းအဖြေရနိုင်တဲ့သဘောမှာရှိပြီး .. ဘလော့ရေးတာကတော့ သိချင်တာရှိရင်တောင် အမေးအဖြေလုပ်ဖို့ အချိန်တစ်ခု ပေးရဦးမှာပါ ။ ချက်တင်ကို အထောက်ပံ့ကောင်းတစ်ခုအဖြစ် သုံးနိုင်ရင်ပဲ တော်တော်လေး အလုပ်ဖြစ်ပါတယ် ။ etone တို့ ဆို အရင်က အီးမေးလ်သုံးတယ် တခြားနိုင်ငံတွေက ရုံးခွဲတွေနဲ့ ဆက်ဆံဖို့ … အခုချက်တင်လုပ်ပြီးမေးယုံနဲ့ လိုချင်တဲ့ သတင်းအချက်လက်ကို အချိန်တိုတွင်းရနိုင်တယ်လေ …။ သုံးတတ်ရင် အသုံးဝင်ပါတယ်… ။ မသိတဲ့လူနဲ့ ချက်တင်လုပ်တာမျိုးဆိုရင်တော့ မိမိရဲ့ အချိန်တွေ waste ဖြစ်ကုန်တာပေါ့ … ။ တစ်နေ့လာလည်း နေကောင်းလား၊ စားပြီးပြီလားတွေဆိုရင်တော့ ချက်တင် သုံးရတာ မတန်တော့ဘူးလေ …။ etone တောင်ချက်တင်ကနေ ရွာသားတွေနဲ့တစ်ခါတစ်ခါ စကာပြောတယ် … ဒါက မသိတဲ့လူကိုပြောာတာ မဟုတ်ပဲ ရွာသားတွေနဲ့ ပြောတာဆိုတော့ ရင်းနှီးခင်မင်မှူကိုပိုဖြစ်စေပါတယ် ။

  • yuyu

    December 18, 2010 at 4:24 am

    etone ပြောတာကိုလက်ခံပါတယ်၊ chattingလဲ chatting အလျှောက်အသုံးဝင်ပါတယ်၊ လိုရာကို အမြန်ရောက်စေတယ်၊ ကိုယ်တောင်အားတဲ့ အချိန် chat ဝင်ပါတယ်၊ ကိုယ်သိတဲ့ မိတ်ဆွေလောက်ပဲပေါ ့သိချင်တဲ့ အကြောင်းအရာလောက်ပဲပေါ့

  • thethtet87

    December 18, 2010 at 6:51 am

    လုပ်တော့လုပ်ချင်ပါတယ်။ပြောရရင်ကြွားသလိုများဖြစ်နေသလားမသိဘူး။
    အခုလောက်လေးကွန်ပြူတာတတ်အောင်တောင်မနည်းကြိုးစားထားရတာ။
    ခလေးတွေကိုအတင်းမုန့်ဝယ်ကျွေးပြီးသင်ထားရတာ။Net ဆိုတာလဲမေးပို့ဖု့ိ
    အလုပ်ကိစ္စနဲ့လောက်ဘဲသုံးတာ။စာဖတ်ချင်တော့တခြားခလေးတွေကိုကပ်ရတယ်
    ပြီးတောသူတို့ပြောတဲ့နည်းလမ်းတွေနဲ့ ချက်လိုက်ဟိုင်းလိုက်နဲ့မြန်မာလို့ရိုက်
    တတ်အောင်တောင်မနဲ့ကျင့်ရတာ။ပညာရေးပါရမီနည်းလို့လားမသိဘူး။
    ဒါကြောင့်အခုကားစီးရင်တောင် ပါရမီလိုင်းကာစောင့်စီးတယ်။
    ချက်တော့ချက်မိပါတယ်။မြန်မာလိုရိုက်တတ်အောင်ပါ။ကျေးဇူးပြုပြီး
    ခွင့်လွှတ်ပေးပါ။

  • manawphyulay

    December 18, 2010 at 9:51 am

    ဘယ်နေရာမဆိုမလုပ်ရဘူး မသုံးရဘူးလို့ မဆိုလိုပါဘူးရှင် နေရာတိုင်းမှာ သုံးတတ်ရင် အသုံးဝင်တဲ့နည်းလမ်းတွေ များကြီးရှိပါတယ်။ သုံးတတ်ဖို့ပဲလိုတာပါ ဘယ်သူ ဘာလုပ်ရမယ်လို့ မနော မဆိုလိုပါဘူး။ ဘယ်အရာမဆို စဉ်းစားချင့်ချိန်ပြီး လုပ်ရင် အောင်မြင်မှုဆိုတာ ဖြစ်လာမှာ အမှန်လို့ မနော မြင်မိပါတယ်ရှင်။ ခုလိုဝေဖန်ထောက်ပြတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ လာဖတ်ကြသူ စာဖတ်သူအပေါင်းရဲ့ အမြင်လေးတွေကိုလည်း မျှဝေသွားဖို့ တောင်းဆိုပါတယ်နော်။

  • kopauk mandalay

    December 18, 2010 at 11:35 am

    မနောရေ
    ချက်တင်ကလဲ ချက်တင်အလျှောက်
    မေးလ်ကလဲ မေးလ်အလျှောက်
    ဝက်ဆိုက်တွေကလဲ ဆိုက်တွေအလျှောက်အကုန်အသုံးတည့်ပါတယ်။
    ဒါပေမယ့် ချက်တင်မှာ ကြူကိုကို ကြူမမ တို့ အီမမ တို့ အီမောင်လေးတို့ အမြဲလုပ်နေရင်လဲ အလကားပါ။(တစ်ခါတစ်လေတော့ လဲ ကြူချင် အီချင်မှာပေါ့)
    ဝင်လာသမျှမေးလ်တွေဖတ်ပြီး ခံစားနေလဲ အလကားပါဘဲ။
    အသုံးမကျတဲ့ ဆိုက်တွေဘဲ ဝင်ကြည့်နေလဲ မဟုတ်သေးဘူး။
    လူဖြစ်တဲ့အတွက်လဲ အမြဲတမ်း အလုပ်အတွက်ဘဲ လဲ လုပ်မနေနိုင်တာကတော့ အမှန်ဘဲ။
    အားလုံးကို သင့်တင့်လျှောက်ပါတ်စွာ အကျိုးလဲရှိ စိတ်ပင်ပန်းတာလဲပြေ အောင် မျှတစွာသုံးစွဲတာအကောင်းဆုံးပါ။
    အီချိန်အီပြီး ရီချိန်မှာရီပေါ့။
    ှဗဟုသုတ ရှာသင့်သလောက်ရှာပြီး ဟာသလေးတွေလုပ်သင့်သလောက်လုပ်ပေါ့။
    တစ်ခါတစ်လေကြူပြီး တစ်ခါတစ်လေတော့လဲစာတွေရေးပေါ့။
    ဒါဆိုမကောင်းဘူးလား။

  • manawphyulay

    December 18, 2010 at 11:38 am

    ကိုပေါက် မန်းတလေးကော အလုပ်များချိန်မှာ သူများ လေလာပေါမယ်ဆိုရင် ဘယ်လိုနေပါသလဲ ဟိဟိ

  • ဆူး

    December 18, 2010 at 1:02 pm

    ကိုပေါက် မန်း အလုပ်များတဲ့ အချိန် လေလာပေါရင်တော့ ဘယ်လိုလုပ်လဲ မသိဘူး..
    ဆူး ဂေဇတ်မှာ စာရေးနေတဲ့ အချိန် မရင်းနှီးတဲ့လူ လာဟိုင်းရင်.. ပြန်မဖြေ.. သိတဲ့လူ လာဟိုင်းရင် နာမည်ဖတ်လိုက်တယ်.. အရေးကြီးတဲ့လူလား သာမန်လူလား ပြန်စဉ်းစားတယ်.. သာမန် လူ တယောက်ယောက် ဆိုရင်.. မအားသေးဘူး အလုပ် ကိစ္စလေး ပေါ်နေလို့ လုပ်နေတယ် ပြီးမှ ပြောမယ်။ အရေးကြီးတဲ့ လူ ဆိုရင်တော့ ခဏနော် ငါ အခုပြီးတာနဲ့ ပြန်ပြောမယ်။ ဂျီတော့မှာတော့ ဘယ်သူကိုမှ ဂရုမစိုက်ဘူး။ ညာတာတော့ မဟုတ်ဘူးနော်.. ပိုစ် တင်ရင် ၈ဝရတယ်။ မန်းရင် ၁ဝရတယ်.. ပွိုင့်ရတဲ့ အလုပ်လုပ်နေတာ.. အမှန်တော့ အမှန်ဘဲ မလိုအပ်ဘဲ အသေးစိတ်မရှင်းပြတာ။

  • narziparty2009

    December 18, 2010 at 5:31 pm

    အရမ်းကောင်းတဲ.ပို.စ်လေးပါဗျာအစ်မ။တော်တော်လည်းကောင်းပါတယ်။အစ်မပြောသလိုတော်တော်ကိုမှန်ပါတယ်။ကျွန်တော်ဆိုညဘက်မှလိုင်းကောင်းလို.လိုချင်တာတွေဒေါင်းလော.ဆွဲလို.ရလို.ညဘက်မှသွားတာကိုမေးကြပါတယ်ဒီအချိန်ကြီးချက်တဲ.လူရှိလို.လားတဲ.။

  • Nyan Phyo Myint

    December 19, 2010 at 9:44 am

    ဘလော့ဂ်တင်ချင်ပါတယ်ခင်ဗျာ။ ဒါပေမယ့် ဘယ်ဟာကအကောင်းဆုံးလဲဆိုတာသိချင်ပါတယ်။
    blogspot က access denied ဖြစ်နေတယ်နော်။ ကျေးဇူးပြုပြီး ဘာနဲ့တင်ရင်ကောင်းမယ်ဆိုတာသင်ပေးကြပါခင်ဗျာ။
    ပြီးတော့ ဒီပို့စ်တင်ပေးတဲ့ မမ မနောဖြူလေး ကိုလည်း ကျေးဇူးပါလို့—

  • kopauk mandalay

    December 19, 2010 at 11:29 am

    ကျနော်က စာရေးတဲ့ညဆို ဂျီတော့ ပိတ်လိုက်ပါတယ်။
    စာရေးလို့မရဘူး ကော်နက်ရှင်မကောင်းလို့တင်မရဘူးဆိုရင ်သူများရေးတာတွေလိုက်ဖတ်ပြီး မန်းပါတယ်။
    အဲလိုနေ့မျိုးမှာ ကိုယ်အားနေတော့ ကိုယ်က ” မာကလာပင်” လို့ နုတ်ဆက်လိုက်လို့ ပြန်နုတ်ဆက်လာရင် လေပေါပါတယ်။
    သူပြန်မခေါ်ရင်တော့ ရှိတဲ့လူနဲ့ လေပေါပါတယ်။

    ကိုယ်ခေါ်လို့ သူပြန်မခေါ်လဲစိတ်မဆုးိပါ။
    သူအားမှ စိတ်ပါမှပြန်ပြောမှာလေ။
    ဒီအင်တာနက်မှာ သူ့ကိုယ်မသိ ကိုယ့် သူမသိကို သွားပြီး စိတ်ဆိုးတဲ့လူက ငပေါဘဲ။

  • eros

    December 20, 2010 at 9:10 am

    Eros တနေ့ က ဆိုင်တဆိုင်မှာတွေ့ လိုက်တယ်။ ဘလောဂ့်မရေးရတဲ့။ ဘာလဲ၊ဘာကြောင့်လဲ။ eros ကဒီမှာပဲရေးမယ်။

  • kopauk mandalay

    December 20, 2010 at 11:47 am

    ညီလေးရေ
    အဲဒါက ဒီလိုရှိတယ်။
    အကိုကြုံရတာပါ။
    ကိုယ်ကစာရေးနေတာလေးက ဆယ်မိနစ်လောက်ဆိုလက်စသတ်ပြီ။
    ဖီးလ်အပြည့် မုဒ်အပြည့်နဲ့ပေါ့။
    ဆိုင်က ကလေးတွေကလဲ ပိတ်ချင်နေပြီ ပြန်ချင်ရှာတာကိုးဗျ။
    သူကလဲ ဆိုင်ပိတ်မယ်ဆိုလာပြော
    ကိုယ်က လည်း မပြီးသေး ဆိုတော့
    ဖီးလ်တွေ ကွေးကုန်ရော။
    ကျနော်ကညည မှ အင်တာနက်ဆိုင်သွားရေးတာဆိုတော့ ဒါမျုးိအမြဲကြုံရတယ်။
    ဒါကြောင့် ဘလော့ဂ်မရေးရ လို့ ပြောတာနေမှာ ပါဗျာ။

  • manawphyulay

    December 20, 2010 at 12:53 pm

    Nyan Phyo Myint said: >>>
    ဝက်ပေ့တည်ဆောက်ချင်သူများအတွက်နှင့် ဖိုတိုရှော့အကြောင်း သိကောင်းစရာ

    http://www.fstutorials.com
    http://www.photoshop.pack.com
    http://www.hv-designs.co.uk
    http://www.photoshopforfun.com
    http://www.eyesontutorials.com
    http://www.tutorgig.com
    http://www.vecteezy.com
    http://www.dezignus.com
    http://www.qvectors.com

  • Maung Dae`

    December 21, 2010 at 3:17 am

    အင်း…. ကျွန်တော်လည်း ကိုယ်ပိုင်အိမ်လေးဆောက်ချင်ပေမယ့်.. ပျင်းတယ်.. အဟီး.. သူများရွာမှာရေးရတာက လူများတယ်.. ချက်ချင်း Response ကိုသိရတယ်.. ကိုယ်ပိုင်အိမ်ကျတော့ နည်းနည်းကြော်ငြာဝင်ရတယ်.. ကိုယ်တိုင်အရေးအသားကောင်းမှ ဝင်ကြည့်ကြတာ.. ပြီးတော့ တော်တော်အချိန်ပေးရတယ်.. အဲ့ဒါကြောင့် အခုထိ မလုပ်ဖြစ်သေးတာ.. ကျွန်တော်ကတော့ Forum တွေမှာ ဝင်ဆွေးနွေးဖြစ်တာများတယ်.. နောက်ထပ် website တစ်ခုမှာလည်းတစ်ခြားနာမည်နဲ့ရေးတယ်..
    ချက်တင်ကတော့ သိပ်မထိုင်ဖြစ်တာကြာပါပီ… ဒါပေမယ့် ဒီPost လေးကို ခုမှအင်တာနက်သုံးတဲ့သူတွေ ဖတ်မိစေချင်တယ်….

  • နီလေး

    December 21, 2010 at 3:53 am

    သူကြီးရွာမှာကပျော်ဖို့ကောင်းတယ် မ မနောဖြူကိုကျေးဇူးတင်ပါတယ် ခုလိုပို့စ်လေးတွေဖတ်ရတော့ လမ်းကြောင်းရသွားတာပေါ့နော်

  • khinmintatthu

    December 21, 2010 at 7:39 am

    ခုလို လမ်းမှန်ကို ညွှန်ပြပေးတဲ့ မနောဖြူလေးကိုတော့ ကျေးဇူးပါ…

Leave a Reply