Tibet ခရီးစဉ် (၂)
တိဗက် ခရီးစဉ် (၂)
လာဆားမြို့က ပေကျင်းစံတော်ချိန် ည ၈ နာရီကျော်ပေမယ့် အလင်းရောင်အနဲငယ်ရှိနေပါသေးတယ်။ ကျွန်မကတော့ ခေါင်းမထောင်နိုင်အောင် မူးနေပါပြီ။ ကိုယ်ခံအားနည်းနေတာကြောင့် အောက်စီဂျင်နဲပါးမှုဒဏ်ကို မခံနိုင်ဖြစ်နေပါတယ်။ ဆေးလဲမယူသွားမိဘူး။ ကျွန်မသူငယ်ချင်းယူလာတဲ့ဆေးကလဲ မလုံလောက်တာနဲ့ အဲဒီညမှာပဲ ဟိုတယ်ကဝန်ထမ်းကို အကူအညီတောင်းပြီး ဆေးဆိုင်မှာ ဆေးသွားဝယ်ရပါတယ်။ ဆေးကတော့ အထူးတလည်မဟုတ်ပါဘူး။ ဂလူးကို့စ်အမှုန့်ကို ရေကျက်အေးထဲထည့်ဖျော်ပြီး များနိုင်သလောက်များများသောက်ရပါတယ်။ အက်စပရင်ဆေးပြားလဲ သောက်ရပါတယ်။ ဘာမှမစားနိုင်အောင်မူးနေလို့ ညနေစာမစားပဲ အိပ်လိုက်ပါတယ်။
နောက်တစ်နေ့မိုးလင်းတော့ မနက်စာကို ဟိုတယ်က ကျွေးပါတယ်။ တရုတ်ပြည်က ဟိုတယ်တော်တော်များများရဲ့ မနက်စာတွေက ခပ်ဆင်ဆင်တူပါတယ်။ မန်းထိုလို့ခေါ်တဲ့ အသားမပါတဲ့ပေါက်စီ၊ ကြက်ဥကိုလက်ဖက်ခြောက်ရည်နဲ့ပြုတ်တဲ့ ကြက်ဥပြုတ်၊ ဆန်ပြုတ်ခပ်ကျဲကျဲ၊ ပဲနို့ရည်နဲ့ ချဉ်ဖတ်မျိုးစုံကို ကြိုက်သလောက် အဝစားလို့ရပါတယ်။ ကျွန်မတို့ကတော့ မနက်စောစော အစားမစားတတ်တာကတစ်ကြောင်း၊ သူတို့အစားအစာတွေကို မကြိုက်တာကတစ်ကြောင်းမို့ ဆန်ပြုတ်ခပ်ကျဲကျဲသောက်ပြီး မနက်စာပြီးလိုက်ပါတယ်။ မနက် ၈ နာရီမှာ ခရီးသွားလမ်းညွှန်တရုတ်မက လာခေါ်ပါတယ်။
ကျွန်မတို့ရဲ့ ခရီးသွားအစီအစဉ်မှာ လားဆားမြို့ကိုရောက်တာကနေ အပြန်လေဆိပ်အထိ ခရီးစဉ်နဲ့ ဟိုတယ်အားလုံးအတွက် ခရီးသွားကုမ္ပဏီတစ်ခုကို ငှားရမ်းထားပါတယ်။ ကားတစ်စီးနဲ့ လမ်းညွှန်တစ်ယောက်ပေါ့။ စုစုပေါင်း ၆ ည နဲ့ ရ ရက်ခရီးဖြစ်ပါတယ်။
ကျွန်မတို့က တရုတ်တွေမဟုတ်လို့ အင်္ဂလိပ်စကားပြောတတ်တဲ့ လမ်းညွှန်ကောင်မလေးနဲ့ စီစဉ်ထားပေးပါတယ်။ ဒါပေမယ့် အဲဒီကောင်မလေးပြောတဲ့ အင်္ဂလိပ်စကားက တော်တော်နားထောင်ရခက်ပါတယ်။ နားမလည်လို့ တရုတ်လိုပဲပြောပါလို့ ပြောတော့ သူက တရုတ်လို သိပ်မပြောတတ်ဘူးတဲ့။ တိဗက်စကားကိုပဲ ပြောတတ်တယ်တဲ့။ ပြောရဆိုရတာတော့ တော်တော်ဂွကျပါတယ်။
စစချင်း သူ့အစီအစဉ်က ပိုတာလာနန်းတော်ကို လိုက်ပြမယ်တဲ့။ ဟိုတယ်နဲ့ နီးနီးလေးမို့လို့ တက်စီနဲ့ ကျွန်မတို့ကိုခေါ်သွားပါတယ်။ ဟိုရောက်တော့ အဲဒီနေ့အတွက် သတ်မှတ်ထားတဲ့ လက်မှတ်အရေအတွက် အကုန်ရောင်းပြီးလို့ ဝင်ကြည့်လို့မရတော့ဘူးလို့ပြောပါတယ်။ အဲဒါနဲ့ အဲဒီနားက နောက်ထပ် နံမည်ကြီးတဲ့ ဘုရားကျောင်းဖြစ်တဲ့ Jokhang ဂျိုခန်းဘုရားကျောင်း ကို လိုက်ပို့ပါတယ်။ အေဒီ 647 မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မြို့လယ်ခေါင်မှာ တည်ရှိပြီး ဘာသာရေးအချက်အချာနေရာတစ်ခုဖြစ်ပါတယ်။
ဘုရားကျောင်းအဝင်ဝမှာ ဘုရားရှိခိုးနေကြတဲ့ တိဗက်လူမျိုးတွေကို တွေ့ရပါတယ်။ အဆောက်အဦးအသွင်အပြင်တော်တော်များများက တိဗက်နဲ့ နိပေါလ် ဖက်စပ်ထားတဲ့လက်ရာဖြစ်ပါတယ်။ အဆောက်အဦးက ၄ ထပ် ဖြစ်ပြီး သစ်သားနဲ့ အဓိကတည်ဆောက်ထားပါတယ်။ ခေါင်မိုးပေါ်က ရွှေရောင် ဆိတ်နှစ်ကောင်နဲ့ အဝိုင်းသဏ္ဍာန်တစ်ခုက ရွှေအစစ်နဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အလယ်ခန်းမထဲမှာ စကျမုနိဘုရားရုပ်ပွားတော် ူရှိပါတယ်။ အတွင်းပိုင်းကို ဓါတ်ပုံရိုက်ခွင့်မရှိလို့ ဓါတ်ပုံမပြနိုင်ပါဘူး။ နတ်ရုတ်တွေကို ကိုးကွယ်ကြတာကိုလဲတွေ့ရပါတယ်။ အတွင်းပိုင်းမှာ အလင်းအားနည်းပြီး ဆီးမီးပူဇော်မှုများကြောင်း တွေ့ရပါတယ်။ အချင်း ၂ ပေပတ်လည်လောက်ရှိတယ့် လင်ဗန်းအဝိုင်းကြီးထဲမှာ အမဲဆီနဲ့လုပ်တဲ့ ဖယောင်းတွေကိုထည့်ထားပြီး မီးစာနဲ့ ဆီမီးထွန်းခြင်းဖြစ်ပါတယ်။ ဆီညှော်တဲ့အနံ့က အကျီတွေ ဆံပင်တွေကိုတောင် စွဲသွားပါတယ်။
အဲဒီဘုရားကျောင်းအပေါ်ဆုံးနေရာကနေ ပိုတာလာနန်းတော်ကို လှမ်းမြင်ရတဲ့ ရှုခင်းက အလွန်သာယာတယ်။ အောက်ကိုငုံ့ကြည့်လိုက်ရင် ဘုရားဈေးတန်းလို ဈေးတန်းကြီးကလဲ ဝယ်ချင်စရာကောင်းလှပါတယ်။
ဘုရားကျောင်းက သိပ်မကြီးတော့ တစ်နာရီလောက်နဲ့ လည်လို့ပြီးသွားပါတယ်။ လမ်းညွှန်က နမ်ဆိုရေကန်ကို လိုက်ပို့မယ်လို့ပြောပါတယ်။ ၂ နာရီလောက် ကားမောင်းသွားရမယ်။ အသွားအပြန် ၄ နာရီလောက်ကြာမယ်။ လမ်းမှာ မြို့တစ်မြို့မှာ နေ့လည်စာစားဖို့ ရပ်ပေးမယ်လို့ပြောပါတယ်။ အဲဒါနဲ့ ကားပေါ်တက်ပြီး ၁၁ နာရီလောက်မှာ ခရီးစထွက်ပါတယ်။ ကားက ပါဂျရိုကားပါ။ ကျွန်မတို့ ၃ ယောက်က အနောက်ကထိုင်ရတယ်။ လမ်းညွှန်က ဒရိုင်ဘာဘေးကထိုင်ပါတယ်။ ကျွန်မရဲ့ ခေါင်းမူးဝေဒနာက မပျောက်သေးပါဘူး။ ဖယောင်းညှော်နံ့ကြောင့် ပိုလို့တောင်မူးနေပါတယ်။ ဒါပေမယ့်လဲ ကိုယ့်ကြောင့်သူများအနှောင့်အယှက်မဖြစ်စေချင်တာနဲ့ ဟန်ဆောင်နေလိုက်ပါတယ်။ လမ်းခရီးမှာ လူနေအိမ်ခြေ သိပ်မတွေ့ရပါဘူး။ သဘာဝရှုခင်းတွေနဲ့ အလွန်သာယာပါတယ်။ မြို့ကလေးတစ်မြို့ရောက်တော့ ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရပ်ပေးပါတယ်။ ထမင်းစားချင်စိတ်မရှိပါဘူး။ မစားပြန်ရင်လဲ အားမရှိမှာစိုးရိမ်ပါတယ်။ အဲဒါနဲ့ပဲ ကြက်သားနဲ့ချက်တဲ့ဟင်းတစ်မျိုးနဲ့ အားလူးကြော်တစ်မျိုး မှာပြီး ထမင်းစားပါတယ်။ ပြီးတော့ ခရီးဆက်ကြတယ်။ ခေါင်းမူးနေတော့ ပတ်ဝန်းကျင်အလှကိုလဲ ကောင်းကောင်းမခံစားနိုင်ပါဘူး။ ဓါတ်ပုံတွေတော့ ရိုက်နိုင်သလောက်ရိုက်ရင်း အလွန်လှပသော နတ်ရေကန်လို့ တင်စားနိုင်လောက်တဲ့ အပြာရောင် ရေကန်တစ်ခုဆီကို ရောက်ရှိသွားပါတော့တယ်။
နာမ်ဆိုရေကန်အကြောင်းက ပို့စ်တင်ပြီးဖြစ်ပါတယ်။
အပြန်လမ်းမှာတော့ ကျွန်မသူငယ်ချင်းလဲ မခံနိုင်ပဲ မူးပါတယ်။ ၃ ယောက်သား ကားထဲမှာ ခွေခေါက်ပြီး အိပ်ပျော်သွားလိုက်ကြတာ ဘယ်လိုက ဘယ်လို မြို့ထဲပြန်ရောက်လာမှန်းတောင် မသိကြတော့ပါဘူး။ ရာသီဥတုကလဲ အေးတယ်။ တောင်ပေါ်လမ်းတွေ ကားစီးတာကလဲ မူးတယ်၊ လေထုကလဲ အလေ့အကျင့်မရဖြစ်ပါတယ်။ ဟိုတယ်ကို ညနေ ၅ နာရီလောက်မှာ ပြန်ရောက်လာပြီး ကျန်တဲ့အချိန်တွေကတော့ ကိုယ်ပိုင်အချိန်ပါ။
နောက်တစ်နေ့ ပိုတာလာနန်းတော်နဲ့ မြို့ထဲ အလည်ထွက်ခြင်းကို နောက်အပိုင်းမှာ ဆက်လက်ဖော်ပြပါအုန်းမယ် …
8 comments
weiwei
December 19, 2010 at 8:01 am
နာမ်ဆို နတ်ရေကန်ကို မကြည့်ရသေးသူတွေ အခုပေးထားတဲ့လင့်ကနေ ပြန်ကြည့်လို့ရပါတယ် ….
http://myanmargazette.net/tag/%E1%80%94%E1%80%90%E1%80%B9%E1%80%B1%E1%80%9B%E1%80%80%E1%80%94%E1%80%B9
ဆူး
December 19, 2010 at 2:06 pm
အားပေးသွားပါ၏
unclegyi1974
December 19, 2010 at 4:13 pm
ွဇွန်းနဲ့စွဲပြီးခပ်စားလိုက်တဲ့ပုံအကြိုက်ဆုံးဘဲ
ဓာတ်ပုံကောင်းတော့ပန်းချီတဲ့
ပန်ချီကားချပ်တခုကိုကြည့်လိုက်ရသလိုဘဲ
bigcat
December 20, 2010 at 4:57 am
ကြက်ဥကို လဘက်ခြောက်ရည်နဲ့ပြုတ်တော့ ဘယ်နှယ်နေသတုံး။ ဒီပို့စ်ထဲမှာ အကြိုက်ဆုံးက မနက်စာကြွေးတဲ့ အခန်းပဲ။
weiwei
December 20, 2010 at 5:02 am
တရုတ်တွေကတော့ ကြက်ဥပြုတ်ကို လက်ဖက်ခြောက်ရည်နဲ့ပြုတ်တာကိုပဲ စားကြတယ် … နေရာတိုင်းမှာ အိုးလေးတွေနဲ့ရောင်းကြတယ် … လက်ဖက်ခြောက်ရည်ထဲမှာ တခြားအချိုတွေ အငံတွေလဲပါတယ် .. ရုတ်တရက်ကြည့်ရင် ပဲငံပြာရည်နဲ့ပြုတ်ထားသလိုပဲ …. စပြုတ်ပြီး ကြက်ဥကျက်ရင် ကြက်ဥအခွံကို ဇွန်းနဲ့ခေါက်ပြီး အခွံကြေသွားအောင်လုပ်ကြတယ် .. အဲဒီတော့မှ အရည်တွေက ဥထဲကို စိမ့်ဝင်တယ် … မီးမျှင်မျှင်နဲ့ အမြဲပြုတ်ထားတာပဲ … အကျက်လွန်တဲ့ကြက်ဥပြုတ်ကို ကျွန်မကတော့ မကြိုက်ဘူး … တရုတ်လူတိုင်းနီးပါးက မနက်တိုင်း အဲဒီကြက်ဥပြုတ်တစ်လုံးတော့ စားကြတယ် …
ဆူး
December 20, 2010 at 1:54 pm
ကြက်ဥပြုတ်တာ မကြိုက်တာ အဲဒီ လက်ဖက်ခြောက် ကြက်ဥပြုတ်က စားတော့ ကောင်းသား.. မွေးနေ့ အထိန်းအမှတ်တွေမှာလည်း ကျွှေးတယ်.. မင်္ဂလာ သဘောမျိုးနဲ့.. အဲဒါတော့ ကြားဘူးတယ်။
လင်းဝေကျော်
December 20, 2010 at 9:05 am
Tibet အကြောင်းရေးတာစိတ်ဝင်စားစရာကောင်းပါတယ်။ ဆက်ရေးပါ။
ဒါပေမယ့် ခေါင်းမူးနေတယ်ကြားတော့ ကိုယ်ချင်းစာမိတယ်။
ကျွန်တော်လည်း ခရီးသွားရင် တစ်ခါတစ်လေ ခေါင်းမူးတတ်တယ်…. ညဖက်ချတာများသွားလို့ း)
အဲသလို ခေါင်းမူးပြီး လျှောက်လည်ရတာတော့မတန်ဘူးပေါ့။
char too lan
December 21, 2010 at 5:05 am
zoom နဲ့ရိုက်ထားတဲ့အရမ်းကြိုက်တယ် အဲ့အဆောက်အဦးနာမည်က ပိုလာတာ လား ? တော်တော်လှတယ်နော်