ကျွန်မနှင့် ဗုဒ္ဓဘာသာ (၁)
ကလေးဘဝ အသက် ၁၈ နှစ်အထိ အတွေ့အကြုံကို ဗုဒ္ဓဘာသာနဲ့ ကလေးဘဝ နံမည်နဲ့ ရေးသားပြီးဖြစ်ပါတယ်။ ဒီနေ့တော့ ၁၈ နှစ်နောက်ပိုင်း လူကြီးအတွေ့အကြုံပေါ့ … (နောက်ထပ် ၁ဝ နှစ်စာ .. အသက် ၂၈ လောက်အထိ)
ကျွန်မတို့ခောတ်က ၁ဝ တန်းဖြေပြီး ၃ နှစ်လောက် နားလိုက်ရသေးတယ် … တရားရိပ်သာကပြန်လာပြီးတော့ ဝိပသနာတရားကို အရမ်းစိတ်ဝင်စားမိပါတယ်။ အိမ်လဲရောက်ရော စာအုပ်တွေရှာဖတ်ပါတော့တယ်။ အဲဒီတော့မှ သတိထားမိတာက ကျွန်မအိမ်ပေါ်မှာတင် တရားဘဏ္ဍာတိုက်ကြီးရှိနေပါတယ်။ ၁၈ နှစ်လုံးလုံး ကိုယ်နဲ့မဆိုင်သလို ဖတ်ရကောင်းမှန်းမသိ လူကြီးတွေကလဲ ဖတ်ပါလို့ မတိုက်တွန်းခဲ့တဲ့ စာအုပ်ဘီဒိုအကြီးကြီးတစ်လုံးထဲမှာ တရားစာအုပ်တွေ အပြည့်ပါပဲ။ ကျွန်မလဲ ဝမ်းသာလုံးစို့ပြီး ဘယ်စာအုပ်က စဖတ်ရမှန်းမသိအောင်ဖြစ်ခဲ့ပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ်ဆုံးဖြတ်ပြီး ဝိပသနာဆိုတဲ့နံမည်ပါတဲ့ စာအုပ်တွေကို ပထမဦးစားပေးအနေနဲ့ရွေးဖတ်ပါတယ်။ မဟာစည်ဆရာတော်ဘုရားကြီး၊ မိုးကုတ်ဆရာတော်ဘုရားကြီး၊ ဖားအောက်တောရဆရာတော်ဘုရားကြီးနဲ့ သန်လျင်တောရဆရာတော်ဘုရာကြီးတို့ရဲ့ ဝိပသနာအားထုတ်နည်းစာအုပ်တွေနဲ့ ဉာဏ်စဉ်စာအုပ်တွေကို အငမ်းမရ ဖတ်ရှုခဲ့ပါတယ်။ ထူးခြားတဲ့ ခံစားမှုကတော့ စာအုပ်တွေဖတ်ရတာ အရမ်းနားလည်ပြီး စိတ်ထဲကိုရောက်ပါတယ်။ တစ်ခါတစ်လေများဆို တရားပီတိဖြစ်ပြီး ကြက်သီးမွေးညှင်းတောင် ထမိပါတယ်။ တချို့သိပ်ကောင်းတဲ့တရားကိုဖတ်မိရင် မျက်ရည်တောင်လည်မိအောင် ပီတိဖြစ်ရပါတယ်။ (စာအုပ်နံမည်များနဲ့ အကြောင်းအရာများကို ယခုမမှတ်မိတော့ပါ)
ဝိပသနာစာအုပ်တွေဖတ်တာကုန်သွားတော့ ဓမ္မာစရိယ ဦးဌေးလှိုင်ရေးတဲ့ စာအုပ်တွေကို ဖတ်ပါသေးတယ်။ ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ၊ အနာဂါမ်ဆရာသက်ကြီး၊ ရတနာသုံးပါးကျေးဇူးစသဖြင့် တော်တော်များများ ဖတ်ဖြစ်ပါတယ်။ ဆရာကြီး ဦးရွှေအောင်စာအုပ်တွေလဲ ဖတ်ဖူးပါတယ်။ ဗုဒ္ဓဝင်စာအုပ်တွေလဲ အတွဲလိုက်အိမ်မှာရှိတော့ အစအဆုံးမဟုတ်ပဲ ဟိုစပ်စပ် ဒီစပ်စပ်လဲ ဖတ်ဖြစ်ခဲ့ဖူးပါတယ်။ အရှင်ဇနကာဘိဝံသရဲ့ စာအုပ်တွေလဲ အကုန်နီးပါး ဖတ်ဖြစ်ခဲ့ပါတယ်။ ၂ နှစ်တာ အချိန်အတွင်း စာအုပ်ပေါင်းများစွာ ဖတ်ဖြစ်ခဲ့ပါတယ်။
အဲဒီမှာ ကျွန်မရဲ့ အမြင်ကို ပြောပြချင်ပါတယ်။ တရားစာအုပ်တွေကို ကျွန်မသာ တရားအားမထုတ်ပဲ အရင်ဖတ်မိမယ်ဆိုရင် စိတ်ဝင်စားမှာလဲမဟုတ်ဘူး။ နားလည်မှာလဲ မဟုတ်ပါဘူး။ တရားအားထုတ်ခြင်းဖြင့် ထူးခြားတဲ့ပညာဉာဏ်တစ်မျိုးရပါတယ်။ အဲဒီဉာဏ်နဲ့ယှဉ်ပြီးဖတ်မှ တရားရဲ့ အဆီအနှစ်ကို ခံစားနိုင်မှာဖြစ်ပါတယ်။ ကိုယ်ပိုင်အသိဉာဏ်နဲ့မှယုံဆိုတာ အဲဒါကိုပြောတာလို့ နားလည်မိပါတယ်။
ပရိယတ္တိသာသနာနဲ့ သာသနာပြုနေတဲ့ ရဟန်းသံဃာတွေ၊ မယ်သီလရှင်အတွက်ကတော့ ပရိယတ္တိစာပေသင်ကြားခြင်းကို အဓိကလုပ်ကြပြီးမှ ပရိပတ်အလုပ်ကို လုပ်ကြတာကတော့ ချွင်းချက်တစ်ခုဖြစ်ပါတယ်။ ဒါကလဲ့ သာသနာရေးတာဝန်ဖြစ်သလို ကျွန်မတို့ ဒကာဒကာမတွေကလဲ ဝိုင်းဝန်းပံ့ပိုးကြရမှာဖြစ်ပါတယ်။ ကျွန်မတို့လို့ သာမန်လူတွေက စီးပွားရေး ပညာရေး လူမှုရေးတွေနဲ့ လုံးလည်လိုက်ပြီး ဘုရားတရားစာတွေ အကုန်အရင်တတ်ပြီးမှ တရားအားထုတ်မယ်ဆိုရင်တော့ ဒီဘဝမှာ အချိန်မှီမှာမဟုတ်ဘူးလို့ပဲ မြင်မိပါတယ်။ လုပ်ရင်း ကိုင်ရင်း သွားရင်းလာရင်း ရောင်းရင်း ဝယ်ရင်းနဲ့ အလွယ်တကူ တရားမှတ်နိုင်တဲ့ ဝိပသနာအလုပ်ကို အခြေခံအစအနေနဲ့ ရိပ်သာတစ်ခုခုမှာဝင်ပြီး လေ့ကျင့်ထားလိုက်မယ်ဆိုရင် အကျိုးအများကြီးရှိပါတယ်။ လောကဓံနဲ့ကြုံလာရင် ခံနိုင်ရည်ရှိလာမှာဖြစ်သလို၊ ကောင်းမှုလုပ်နေလို့ ကောင်းတဲ့ကံတွေက အကျိုးပေးလာမှာဖြစ်ပါတယ်။
ကျွန်မမှာ ကောင်းတဲ့အသိစိတ်ဝင်ခဲ့သလို အစွန်းရောက်သွားတဲ့စိတ်တစ်ခုလဲ အဲဒီအချိန်တုန်းက ဖြစ်ခဲ့ပါတယ်။ အရွယ်ကလဲငယ်သေး၊ ပညာမာန်ကလဲရှိနေတော့ တဇွတ်ထိုးစိတ်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီ့စိတ်ရဲ့ အရင်းခံကတော့ ဝေလာမပုဏ္ဏားအလှူကြောင့်ပါပဲ။ မသိသေးတဲ့လူတွေအတွက် ဗဟုသုတဖြစ်အောင် ဝေလာမပုဏ္ဏားအလှူကို ဖော်ပြပေးလိုက်ပါတယ်။ ကျွန်မမှတ်မိသလောက် အလွတ်ချရေးမှာဖြစ်လို့ မှားတာပါရင် ခွင့်လွှတ်ပါ။ (အင်တာနက်မှာရှာရတာ စိတ်မရှည်လွန်းလို့ပါ)
ဝေလာမ ပုဏ္ဏားကြီး၏အလှူ
– သီလမရှိသော လူတစ်ထောင်ကို ကျွေးမွေးလှူဒါန်းခြင်းထက် သီလရှိသော လူတစ်ယောက်ကို ကျွေးမွေးလှူဒါန်းခြင်းက ပိုမြတ်၏
– သီလရှိသော လူတစ်ထောင်ကို ကျွေးမွေးလှူဒါန်းခြင်းထက် သောတပန်တစ်ဦးကို ပေးကမ်းလှူဒါန်းခြင်းက သာ မြတ်၏
– သောတပန် တစ်ထောင်ကို ပေးကမ်းလှူဒါန်းခြင်းထက် သကဒါဂါမ်တစ်ဦးကို လှူဒါန်းခြင်းက ပိုမြတ်၏
– သကဒါဂါမ် တစ်ထောင်ကို လှူဒါန်းခြင်းထက် အနာဂါမ် တစ်ဦးကို လှုဒါန်းခြင်းက ပိုမြတ်၏
– အနာဂါမ် တစ်ထောင်ကို လှုဒါန်းခြင်းထက် ရဟန္တာတစ်ဦးကို လှူဒါန်းခြင်းက ပိုမြတ်၏
– ရဟန္တာ တစ်ထောင်ကို လှူဒါန်းခြင်းထက် ပစ္စေက ဗုဒ္ဓါတစ်ပါးကို လှူဒါန်းခြင်းက ပိုမြတ်၏
– ပစေက ဗုဒ္ဓါအပါး တစ်ထောင်ကို လှူဒါန်းခြင်းထက် မြတ်စွာဘုရားကို လှုူဒါန်းခြင်းက ပိုမြတ်၏
– မြတ်စွာဘုရားကိုလှူဒါန်းခြင်းထက် ဘုရားအမှူးပြုသော သံဃာတော်များအတွက်ရည်စူးပြီး ကျောင်းဆောက်လုပ်လှူဒါန်းခြင်းက ပိုမြတ်၏
– ကျောင်းဆောက်လုပ်လှူဒါန်းခြင်းထက် လက်ဖျစ်တစ်တွတ် မေတ္တာ ဘာဝနာ ပွားများခြင်းက ပိုမြတ်၏
– မေတ္တာ ဘာဝနာပွားများခြင်းထက် အနိစ္စသညာခေါ် ဝိပသနာတရားကို လက်ဖျစ်တစ်ထွတ်ခန့် ပွားများခြင်းက ပိုမြတ်၏ …
အဲဒီဝေလာမပုဏ္ဏားအလှူကို ဖတ်မိတဲ့နောက် သချင်္ာဆန်ဆန်တွက်လိုက်မိပါတော့တယ်။ ကျွန်မက တစ်နေ့တစ်နေ့ မိနစ်ပေါင်းများစွာ ဝိပသနာတရားကိုမှတ်နေတာပဲ။ အကောင်းဆုံး အမြတ်ဆုံးကို လုပ်နေတာပဲ။ တခြားအလုပ်တွေလုပ်စရာမလိုတော့ဘူးဆိုပြီး အစွန်းရောက်ခဲ့ဖူးပါတယ်။ အဲဒီလိုအစွန်းရောက်မိတဲ့စိတ်က ၅ နှစ်ခန့် ကြာသွားခဲ့ဖူးပါတယ်။ အမှန်ကတော့ ကျွန်မရဲ့ ငယ်ရွယ်မှုနဲ့ ဗဟုသုတ မပြည့်စုံမှုပဲဖြစ်ပါတယ်။ လက်လှမ်းမှီရာ လူကြီးတွေကို ပြောဖူးပေမယ့် သူတို့ကလဲ ကျွန်မကျေနပ်အောင် မရှင်းပြနိုင်ကြပါဘူး။ သူတို့တောင် ပြန်ပြီး အူကြောင်ကြောင်ဖြစ်သွားကြသေးတယ်။
နိဂုံးချုပ်ပြောချင်တာကတော့ … တရားကိုအရင်အားထုတ်ပြီးမှ တရားစာပေကို လေ့လာသင့်သည်ဟု ထင်ကြောင်းပါ။ ဗဟုသုတဆိုတာ မည်သို့ပင်လေ့လာလေ့လာ ပြည့်စုံသည်ဟူ၍မရှိပါ။ ရှုဒေါင့်တစ်ခုထဲမှ ကြည့်ခြင်းဖြင့် မပြည့်စုံနိုင်ကြောင်းပါ။
အပိုင်း (၂) ကျတော့မှ မည်သို့မည်ပုံ အမြင်မှန်ရသွားပုံလေး ဆက်ရေးတော့မယ် …
13 comments
kai
December 20, 2010 at 6:53 pm
၁။ ထမင်းရည် ချောင်းစီးအောင် လှူဒါန်းခဲ့တဲ့ ဘုရားအလောင်း ဝေလာမ ပုဏ္ဏားကြီး၏ အလှူဒါန မျိုးထက် သောတာပန် တဦးကို လှူဒါန်းရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၂။ သောတာပန် ၁၀ဝကို လှူရခြင်းထက် သကဒါဂါမ် တဦးကို လှူရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၃။ သကဒါဂါမ ် ၁၀ဝကို လှူရခြင်းထက် အနာဂါမ် တဦးကို လှူရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၄။ အနာဂါမ် ၁၀ဝကို လှူရခြင်းထက် ရဟန္တာ တပါး ကို လှူရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၅။ ရဟန္တာ ၁၀ဝကို လှူရခြင်းထက် ပစ္စေကဗုဒ္ဓါ တပါး ကို လှူရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၆။ ပစ္စေကဗုဒ္ဓါ ၁၀ဝကို လှူရခြင်းထက် သမ္မာသမ္ဗုဒ္ဓ ဘုရား တဆူ ကို လှူရခြင်းက သာလွန်၍ အကျိုးကြီး ပါတယ်။
၇။ သမ္မာသမ္ဗုဒ္ဓ ဘုရား တဆူ ကို လှူရခြင်းထက် ဘုရား အမှူးပြုသော သံဃာတော် များကို လှူရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၈။ ဘုရား အမှူးပြုသော သံဃာတော် များကို လှူရခြင်းထက် စတုဒိသ သံဃာတော်ကို ရည်စူး၍ ကျောင်းဆောက် လှူရခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၉။ စတုဒိသ သံဃာတော်ကို ရည်စူး၍ ကျောင်းဆောက် လှူရခြင်း ထက် သရဏဂုံ ၃ပါးကို ဆောက်တည်ခြင်း၊ ငါးပါး သီလ သိက္ခာပုဒ်ကို စောင့်ထိန်းခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။
၁၀။ သရဏဂုံ ၃ပါးကို ဆောက်တည်ခြင်း၊ ငါးပါးသီလ သိက္ခာပုဒ်ကို စောင့်ထိန်းခြင်း ထက် နံ့သာ တရှူခန့်မျှ အချိန် ပိုင်းလောက် မေတ္တာ ပွားများခြင်းက သာလွန်၍ အကျိုးကြီးပါတယ်။ (ဝေလာမသုတ်)
အင်တာနက်ထဲ ဝင်နှိုက်ပြီးတင်ပေးလိုက်တာပါ…။
ကျုပ်ကိုယ်ပိုင်အယူအဆအရတွေးခေါ်ပြောရရင်တော့ ..ဒီဝေလာမ သုတ္တန်ဟာ (အခုဘာသာပြန်အရကောက်ရင်)ဘုရားဟောမဖြစ်နိုင်ဘူးလို့ထင်ပါတယ်..။
weiwei
December 20, 2010 at 7:02 pm
ကျေးဇူးတင်ပါတယ် ကိုခိုင် .. ကျွန်မရှာကြည့်သေးတယ် မတွေ့တာနဲ့ ဒီအတိုင်းချရေးလိုက်တာ … တစ်ရာနဲ့ တစ်ထောင်နဲ့ လွဲသွားတယ် … 🙂
နံပါတ် (၁၁) တစ်ခု ကျန်နေပါသေးတယ် … နံပါတ် (၁၁) က
– မေတ္တာ ဘာဝနာပွားများခြင်းထက် အနိစ္စသညာခေါ် ဝိပသနာတရားကို လက်ဖျစ်တစ်ထွတ်ခန့် ပွားများခြင်းက ပို၍အကျိုးကြီးမား၏ ….
ဘုရားဟောအစစ် ဟုတ်မဟုတ်ကတော့ ရွာထဲက ဆရာတော်ကိုပဲ မေးရတော့မှာပဲ …
kai
December 21, 2010 at 11:22 pm
အဲဒီ နံပါတ်(၁၁) ထည့်ကာမှ .. ဘုရားဟောမဟုတ်တာ ပိုသေချာသွားတော့တာပါပဲ..။
ဝိပသနာတရားဆိုတာ ပါလာလို့ပါ..။
သေချာပြန်လေ့လာသုံးသပ်ရင်လည်း.. အကျိုးကြီးပါတယ်ဆိုတဲ့အလှူဆိုပြီး ပြောနေတာအားလုံးက..
အတ္တကို အခြေခံနေတယ်..။
အလှူခံတဲ့သူရတဲ့ အကျိုးမဟုတ်ပဲ.. လှူတဲ့သူရတဲ့အကျိုးတွေချည်း ပြောနေတာဖြစ်တယ်.။
ဒါက သူများပေးလှူနေတာမှ မဟုတ်တာပဲ.. ကိုယ်ဘယ်လောက်ရမလဲ.. ပမာဏတွက်နေတာပဲ..။
ဆိုတော့..
အကျိုးရှိတဲ့အလှူဆိုတာ..
သီလ ရှိသူ သီလ မရှိသူ ဦးနှောက်ပြည့်သူ မပြည့်သူ ဆိုတာတွေနဲ့ တိုင်းတာရတာလည်းမဟုတ်ပါဘူး..။
နာမည်ကျော်ကြားတဲ့..သံဃာတော်တွေ..သက္ကန်းတွေတောင်လိုပုံနေပြီး..လိုတာထက်ပို.. ပြည်လျှံနေတာကို.. သက္ကန်းချည်းထပ်ထပ်လှူနေတာလည်း မဟုတ်ပါဘူး..။
ကျောင်းကြီးဆောက်ပေး..။ သစ်ကြမ်းခင်း.။ ရွေတွေချ..။ ကျောက်တွေစီ။ စိန်တွေကွပ်… ဘယ်တော့မှမဆုံးနိုင်တဲ့ အလှူတွေနဲ့.. ထပ်ထပ်ကွန့်ကက်တွန့်တက် လှူနေတာလည်း..မဟုတ်ရပါဘူး..။
…
မြန်မာပြည်ဆေးရုံတွေမှာ … ဆေးတပုလင်းမဝယ်နိုင်လို့ သေတဲ့ လူတွေရှိတယ်..။
လမ်းဘေးမှာခြုံစရာ ပလပ်စတစ်စကလေး ..တလွှာ မဝယ်နိုင်လို့… အအေးမိသေတဲ့ လူတွေရှိတယ်..။
မုန်တိုင်းထဲ …အိမ်ပါသွားလို့..လမ်းဘေးမှာ မိသားစုလိုက်အိပ်နေရတဲ့သူတွေရှိတယ်..။
မိခင်ကို ..ဆေးမတိုက်နိုင်လို့.. ငွေရှာဖို့…လမ်းဘေးရောက်တော့မဲ့..မိန်းကလေးငယ်တွေရှိတယ်..။
..
..
MaMa
December 21, 2010 at 1:02 am
အသိတရားတွေ အများကြီးရစေတဲ့ စာတွေမျှဝေတဲ့ ဝေဝေကို ကျေးဇူးအထူးတင်ပါတယ်။ ဆြာခိုင်ကို အားနာသောအားဖြင့် comment တွေ အများကြီးမပေးဘဲ စာတွေဖတ်သွားပါတယ်။ အပိုင်း ၂ ကိုလည်းစောင့်မျှော်နေပါတယ်။
ဝေဝေ လိုအပ်သောဆု မြတ်သောဆုများနှင့် ပြည့်စုံနိုင်ပါစေ။
maungmoenyo
December 21, 2010 at 1:53 am
အင်္ဂဂုတ္တရနိကယ်လို့ယူဆပါတယ်။ မှန်လောက်ပါတယ်…၊ ဂေါတမဗုဒ္ဓနှုတ်တော်ကထွက်တဲ့ သုတ်(၁၁) သုတ်ကသာအခိုင်အမာဆိုနိုင်တဲ့ သုတ္တာန်တွေပါ။ သုတ်(၃)ကျမ်းမှာ (သုသီလက္ခာန်၊ သုတ်မဟာဝါ နဲ့သုတ်ပါဋေ၇) လာ အခိုင်းအနှိုင်းတွေကိုသေသေချာချာလေ့လာနိုင်ရင်တော့ ဂေါတမကတိုက်ရိုက်ဟောတဲ့ တရားတွေကိုသိနိုင်လောက်မယ်ထင်ပါတယ်။ တကယ်တော့အဂီဂုတ္တရနိကယ်ကလည်း factuals တွေဆိုရင်မမှားနိုင်ပါဘူး။ သိပ်ကောင်းတဲ့ facts တွေပါ။
မိုက်ကယ်ဂျော်နီအောင်ပု
December 21, 2010 at 2:28 am
ပါလေရာငပိချက်ဝင်လုပ်လိုက်ဦးမယ်
အိုက်ဒီ အလှူခံပုဂ္ဂိုလ်ရဲ ့အသွင်အပြင်ကို တိုင်းတာပြီးလှူတာတွေ အခု တော်တော်ခေတ်စားတယ်
ဆိုခြင်တာက ဟိုပုဂ္ဂိုလ် က မြတ်တယ် ဒီပုဂ္ဂိုလ် ကမြတ်တယ်ဆိုပြီး ပုဂ္ဂိုလ် ရွေးပြီးလှူကြတာလေ
သူ ့သဒ္ဓါ ကိုတော့ မဝေဖန်လိုပါဘူး
တစ်ချို ့ဆို တော်တော် မျက်နှာလိုက်တယ်
ဘုရားဒါယကာ ကျောင်းဒါယကာသာ လုပ်ခြင်ကြတာ ပရဟိတ အလှူလေးတွေပေးဘို ့ကြ ဝန်လေးတာလား
ဘာလားမသိဘူး
တစ်ချို ့အလှူတွေလည်းရှိသေးတယ်
အထူးဆိုလိုဖြင်တာက အလှူဒါနကို လောဘဉာဏ်နဲ ့တွက်ချက်ကြတာကိုပါ။
ဒါပေမယ့် အလှူမှန်သမျှ အကျိုးပေးမှု ရှိကိုရှိတယ်လို ့မှတ်သားဖူးတယ်
bigcat
December 21, 2010 at 2:29 am
စာဖတ်တာ တရားနာတာ ကောင်းပေမဲ့ စာတော့မဦးစေနဲ့ဗျို့။ ဗိုလ်ငါးဗိုလ်မှာ ပညာဗိုလ်ကျွံရင် တခြားဗိုလ်တွေကျန်ခဲ့တာမို့ ကိုယ့်အထွာကိုယ်သိဖို့ လိုပါသည်။
weiwei
December 21, 2010 at 3:36 am
အခုအပိုင်းက စာဖတ်ဖြစ်တဲ့အချိန်ပိုင်းလေး (တစ်စိတ်တစ်ဒေသ)ပေါ့ … အသက်တွေကြီးလာတာနဲ့အမှ အတွေးအခေါ်တွေ ပြောင်းလဲတယ် …. နောက်အပိုင်းကျတော့ ဆက်အားပေးပါအုန်း …
လင်းဝေကျော်
December 21, 2010 at 3:46 am
ဒူဝေဝေ တရားတွေသိပ်ပြနေပါလား
ဆူး
December 21, 2010 at 1:54 pm
သီလ ရှိသူ သီလ မရှိသူ အကျိုး မတူတာတွေ အတိုင်းအဆနဲ့ တော့ သိပ်မပြောတတ်ဘူး။ အနီးစပ်ဆုံး ဥပမာပေးမယ်.. လူအနေနဲ့ ကြည့်ရအောင်..
၁။ ဦးနှောက် ကျပ်မပြည့်သူ တယောက် သနားပါ၏ ထမင်း တနပ် ကျွှေးလိုက်တယ်။ စားသွားတယ်.. စားပြီးတော့ ထမင်းပန်ကန် လွတ်ပြစ်တယ်.. သူပြစ်လိုက်တဲ့ ပန်ကန် ကျွှေးတဲ့ ဒါန ရှင်ထံ ရောက်သွားလို့.. နာသွားသည် ဆိုပါတော့.. အော်.. သူက ဦးနှောက်မပြည့်တာမို့..
၂။ ဦးနှောက်ပြည့်သူ ဆာနေရှာတယ် ထမင်းကျွှေးလိုက်မယ်.. စားပြီးတော့ ပန်ကန်ပါ ယူသွားတယ်။ အော်.. သူက အိမ်မှာ သုံးဖို့ မသွားတာဘဲ..
၃။ ဦးနှောက်ပြည့်တယ် ဆာနေသူတော့ မဟုတ်ပေမဲ့ ဖိတ်ကြား ကျွှေးမွေးတယ်။ စားပြီး ထပြန်သွားတယ်။
၄။ ဦးနှောက်ပြည့်တယ် အသိဉာဏ် ရှိတယ် ထမင်းကျွှေးတယ်။ စားပြီးတော့ ပန်ကန် ဆေးပေးသွားတယ်။ သူက သိတတ်ပါလား။
၅။ ဦးနှောက်ပြည့်တယ် အသိဉာဏ် ရှိတယ် ထမင်းကျွှေးတယ်။ မကျွှေးခင်ကတည်းက ကျွှေးမယ် ဆိုတာ သိတယ် လာရောက်ကူညီတယ် ချက်ပြုတ်တယ် စားပြီးတော့ ပန်ကန်ဆေးပေးတယ်။ အိုးခွက်ပါ မကျန် သန့်ရှင်းပေးတယ်။
ထမင်းကျွှေးတာ ချင်းတူတူ.. ဘယ်လိုလူကို ကျွှေးလို့ အကျိုးရှိမလဲ။
လက်တွေ့ အမြင်နဲ့ သုံးသပ်နိုင်ပါတယ်။
bigcat
December 22, 2010 at 2:19 am
ဝိပဿနာကိုဘုရားဟောမဟောတော့ ပိဋကတ်ကိုမသိလို့ မပြောတတ်ပါ။ ဒါပေမဲ့ ကိုခိုင်ပြောတဲ့ လှူတဲ့လူလိုက်လို့ အကျိုးပေးကွာတာကို အတ္တအပေါ် အခြေခံတယ်ဆိုတာနဲ့ ပတ်သက်လို့ကတော့ နဲနဲဆွေးနွေးချင်ပါတယ်။ လောကမှာ အချို့အရာတွေသည် လောကနိယာမတရားတွေဖြစ်လို့ မိမိသဘောနဲ့ပြင်မရပါ။ သီလပိုရှိသူကိုလှူလို့ ပိုအကျိးကျေးဇူးရတာ နိယာမတရားပါ။ အခြေအနေလိုက်လို့ ဘယ်သူ့ကိုပို လှူသင့်တယ် ဆိုတာက ဆင်ခြင်တုံတရားပါ။ ဆင်ခြင်တုံတရားရှိသူများကတော့ အလှူအနဲအများသည် ပဓါနမဟုတ် စိတ်သည်သာ အဓိက ဆိုတာသိလို့ မလိုဘဲနဲ့ သီလရှိသူများကို ပုံအောမလှူ၊ စိတ်ထားမြတ်မြတ်လေးနဲ့ လိုသလောက်သာလှူပြီး ကျန်တာကို တကယ်လိုအပ်နေသူများအတွက် လှူကြမယ်လို့ ထင်ပါသည်။
naywoonni
December 24, 2010 at 11:49 am
လှူတယ်ဆိုတာအတ္တ အပေါ်မှာအခြေခံတယ်ဆိုတာလက်ခံပါတယ်။ အဲဒိအခြေခံနဲ့ပဲလှူနေကြတာပဲလေ။ ဒါပေမဲ့ အလှူရှင်အကျိုးထက် အလှူခံအကျိုးကိုကြည့်တာက မွန်မြတ်မယ်လို့ ထင်ပါတယ် ။အဲဒါနဲ့ပါတ်သက်ပြီးပြောရရင် ဆရာတော်တစ်ပါးဟောထားတာက ဘာလဲဆိုတော့ နာဂစ်ကိစ္စတုံးကပါ။ မြန်မာတွေမလှူဘူးလား လှူပါတယ်တဲ့ ဘုရားတည်ဖို့လှူတာရဲ့ 10% မရှိပါဘူးတဲ့ အဲဒိအချိန်မှာ US က ပုဂ္ဂိုလ်တစ်ယောက်ဟာသူပိုင် ငွေအားလုံးကို လှူခဲ့ပါသတဲ့ နာမယ်တော့ထည့်ဟောမသွားဘူး။ သူပိုင်ငွေထဲက(သူပိုင်တာဒေါ်လာ တစ်သိန်ကျော်ထဲပါ-)အစွန်းထွက်ငါးရာကိုချန်ပြီး ကျန်တာကို နာဂစ် ကိုလှူပါသတဲ့။ ဒါသူဘာကိုမှမျျှော်ငလင့်လို့မဟုတ်ဘူးနော်။ အတ္တ အပေါ်မှာ အခြေခံပြီး လှူတာမဟုတ်ဘူး ဆိုတာထင်ရှားပါတယ်။ သူနဲ့မပါတ်သက် ရောက်လည်းမရောက်ဖူးတဲ့နေရာ က မြင်လ်းမမြင်ဖူးတဲ့သူတွေကို လှူခဲ့တာပါ အလှူနဲ့ပါတ်သက်ရင် အဲဒိအလှူမျိုးကိုပဲ သဘောလည်းကျတယ် အားလည်းကျတယ် ပြီးတော့ ……………………..
မိုက်ကယ်ဂျော်နီအောင်ပု
December 24, 2010 at 2:13 pm
ဖတ်နေပါတယ် ခင်ဗျ ဆက်ပြောပါ
မှန်ပါတယ်