ကျွန်မနှင့် ဗုဒ္ဓဘာသာ (၂)
အပိုင်း (၁) မှာတုန်းက စာဖတ်များပြီး အတွေးတွေလွန်တဲ့အကြောင်း ရေးခဲ့ပါတယ်။ တက္ကသိုလ်တက်နေတဲ့အချိန်တွေမှာတော့ တရားအသိကြောင့် ဘယ်အရာမှ ပျော်စရာမကောင်းဘူးလို့ ထင်ခဲ့တယ်။ ဘယ်သူ့ကိုပဲကြည့်ကြည့် စိတ်တိုင်းမကျဖြစ်နေခဲ့ပါတယ်။ အမြင်မတော်သလိုလို သူတို့ဘာလို့ပျော်နေကြလဲ စဉ်းစားလို့မရဖြစ်ခဲ့ဖူးပါတယ်။ စာကိုလဲ မသင်ချင်ဖြစ်ခဲ့တယ်။ စာမေးပွဲအောင်ရုံလောက်ပဲ ကြိုးစားပြီး ကျောင်းစာတွေကို စိတ်မဝင်စားခဲ့ပါဘူး။ တစ်ခါတစ်လေ ဆရာတော်ကြီးဆီသွားပြီး သွားလျှောက်တဲ့အခါမှာ ဆရာတော်က ရီရုံပဲရီနေပြီး ဘာမှမပြောပါဘူး။ ကျွန်မစိတ်အခြေအနေနဲ့ အဖြစ်အပျက်တွေကို နားလည်နေတဲ့ ဆရာတစ်ယောက်က ကျွန်မကို စိတ်အကြောင်း ရှင်းပြခဲ့ပါတယ်။ စိတ်ကိုထားတတ်ဖို့အကြောင်းပါ။ အဓိက သူပြောခဲ့တာကတော့ နှိမ့်ချခြင်းဖြစ်ပါတယ်။ မာန်တက်နေတဲ့စိတ်ကို နှိမ့်ချပစ်လို့ အကြံပေးပါတယ်။ အမြင်တွေကို ပြောင်းလဲပစ်ဖို့အတွက်ပါပဲ။ သံဃာတွေကို အရိယာသံဃာတော်တွေလို့ စိတ်ထဲမှာသွင်းပြီး ရိုသေလေးစားဖို့ကို ပထမဆုံးလေ့ကျင့်ခိုင်းပါတယ်။ ကိုရင်သေးသေးလေးကို တရိုတသေနဲ့ သေသေချာချာ ကန်တော့ကြည့်ပါတဲ့။ ကျွန်မအိမ်မှာ ဆွမ်းခံကိုယ်တော်တွေအများကြီးရှိပြီး အဲဒီအချိန်တုန်းက ကျွန်မ တရားဟောလွန်းလို့ ဦးဇင်းေတွေက ကျွန်မကိုစကားမပြောချင်တဲ့အချိန်ပေါ့။ ကျွန်မလဲ ဆရာပြောသလို နှိမ့်ချတတ်တဲ့စိတ်ကို လေ့ကျင့်ခဲ့ပါတယ်။ လူကြီးမိဘတွေကို နားလည်ပေးဖို့လဲ ကြိုးစားခဲ့ပါတယ်။
အဲဒီတုန်းက ဓမ္မာစရိယဦးဌေးလှိုင်ရေးတဲ့ မေတ္တာတရားတော် စာအုပ်ကို ဖတ်မိပြီး မေတ္တာပို့တဲ့ အလေ့အကျင့်ဘက်ကို ပြောင်းပြီး လုပ်ကြည့်ခဲ့ပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ်အလုပ်ရှုပ်ရင်းနဲ့ ဘွဲ့ရတဲ့အရွယ်ကိုရောက်လာခဲ့ပါတယ်။ အဲဒီအချိန်အထိ ဝိပသနာအလုပ်ကိုပဲ စိတ်ဝင်စားပြီး တခြား ဘုရား ဝေယျာဝစ္စလုပ်ခြင်းနဲ့ ဂုဏ်တော်ပွားခြင်း ပဌာန်း၊ ပရိတ်၊ ဓမ®စကြာစတာတွေကိုတော့ ဘာမှမလုပ်ဖြစ်ခဲ့ဘူး။ မလိုဘူးဆိုတဲ့အသိနဲ့ပဲ ခပ်ရှောင်ရှောင်နေခဲ့ပါသေးတယ်။
အဲဒီအချိန်မှာ ဆရာမတစ်ယောက်နဲ့ သိခဲ့တယ်။ သူက ဘုရားကိုကြည်ညိုတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူသင့်ပုံကို ကျွန်မလက်ခံနိုင်တဲ့ စကားလုံးတွေနဲ့ ရှင်းပြပါတယ်။ သူပြောတာကတော့ အိမ်ရဲ့ ကျက်သရေအတွက်၊ အိမ်တစ်ခု မင်္ဂလာရှိဖို့အတွက်ပါ။ ကျွန်မအနေနဲ့ အမြတ်ဆုံးကုသိုလ်ဖြစ်တဲ့ ဝိပသနာတရားအားထုတ်နေတာမှန်သော်လည်း ကျွန်မမှာလဲ အလုပ်အကိုင်ရှိတယ် နေစရာအိမ်ရှိတယ် လူ့လောကထဲမှာလဲနေထိုင်နေတဲ့အတွက် ဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်ရဲ့ နေအိမ်ကို ကျက်သရေတိုးအောင် ဘုရားစင်ကလဲ အရေးပါကြောင်းရှင်းပြပါတယ်။ ကျက်သရေရှိတဲ့ ဘုရားဆင်းတုတော်တစ်ဆူရယ်၊ ကိုယ်တတ်နိုင်သလောက် ပန်းအိုးနဲ့ ပန်းကပ်လှူဖို့ရယ်၊ ဆွမ်းကပ်လှူဖို့၊ အနဲဆုံး သောက်တော်ရေကပ်လှူဖို့ စတာတွေကို အလေ့အကျင့်နဲ့ အထုံတစ်ခုဖြစ်အောင် လေ့ကျင့်ပေးသင့်ကြောင်း ရှင်းပြပါတယ်။ ကျွန်မအိမ်မှာက အဲဒီအလုပ်တွေအားလုံးကို ကျွန်မ ကြီးကြီးက နေ့တိုင်းလုပ်နေတာပါ။ ကျွန်မကသာ ဖာသိဖာသာနဲ့ မလုပ်ပဲနေခဲ့တာ။ အကျိုးပေးတဲ့ကံဆိုတာ တစ်ခုထဲကလာတာမဟုတ်ပဲ အဘက်ဘက်က ဖြည့်ဆည်းထားမှ ပြည့်စုံလုံလောက်နိုင်မယ်ဆိုပြီး နားဝင်အောင်ရှင်းပြခဲ့ပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေ ပရိတ်တွေကို ရွတ်ဖတ်ခြင်းဖြင့် အနဲဆုံး ရွတ်ဖတ်ခြင်းကုသိုလ်ရနိုင်ကြောင်း၊ အိမ်စောင့်နတ် ကျောင်းစောင့်နတ်တွေနာယူနိုင်ကြောင်း၊ ကိုယ်စောင့်နတ်ရဲ့ ချစ်ခင်မှုကိုခံရနိုင်ကြောင်း၊ ဘုရားရဲ့နှုတ်တော်စကားလုံးများကို ထိန်းသိမ်းခြင်းဖြင့် သာသနာပြုခြင်းလည်းမည်ကြောင်း၊ ကိုယ်နှုတ်အမူအယာယဉ်ကျေးပြီး စိတ်ကြည်လင်လာနိုင်ကြောင်း သေသေချာချာရှင်းပြခဲ့ပါတယ်။
ကျွန်မက နဂိုကထဲက ဘုရားတရားသံဃာကို ယုံကြည်သက်ဝင်ပြီးသားဖြစ်လို့ ဆရာမက ရှင်းပြလိုက်တဲ့အချိန်မှာ လက်ခံသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတော့ ရသလောက်ကုသိုလ်ကို ကြိုးစားယူခဲ့ပါတယ်။ ခေါင်းမမာပဲနဲ့ အရာရာတိုင်းမှာရှိနေတဲ့ ကောင်းတဲ့အချက်တွေကို မြင်အောင်ကြိုးစားခဲ့ပါတယ်။ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ တစ်ဘဝသံသရာ စာအုပ်ကို ဖတ်မိပြီးချိန်မှာတော့ ပရိယတ္တိသာသာနာအပေါ်မှာ လေးစားအထင်ကြီးစိတ်တွေ ပေါ်လာခဲ့ပါတယ်။ ကျွန်မလှူနိုင်သမျှအတိုင်းအတာထဲကနေ ပရိယတ္တိစာသင်တိုက်တွေမှာ အများဆုံးလှူဖြစ်ခဲ့ပါတယ်။ အကျိုးအကြောင်းဆင်ခြင်နိုင်တဲ့စိတ်ကို ပိုပြီးတိုးသွားစေတာကတော့ အရှင်ဇနကာဘိဝံသရေးတဲ့ အခြေပြုပဌာန်း တရားဒေသနာတော်စာအုပ်ကြောင့်ဖြစ်ပါတယ်။ အကျိုးနဲ့ အကြောင်းကို ကောင်းကောင်းဆင်ခြင်နိုင်တဲ့ ပဌာန်းတရားတော်ကိုလဲ ကြည်ညိုပြီး မကြခဏ ရွတ်ဖတ်ပူဇော်ဖြစ်ပါတယ်။ ပရိတ်ကြီး (၁၁) သုတ်ကို ရွတ်ဖတ်တတ်အောင်၊ နားလည်သဘောပေါက်အောင်ကြိုးစားပြီး ရွတ်ဖတ်လေ့ရှိပါတယ်။
နောက်ပိုင်းမှာတော့ ပရိယတ် ပရိတ်ပတ် မျှတအောင် နှလုံးသွင်းဖြစ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ နှစ်တွေကြာလာတော့ စိတ်တစ်ခုကိုပဲ သေချာမှတ်ပြီး အရာရာအားလုံးကို သဘာဝအတိုင်း နားလည်လာပါတော့တယ်။
လူတိုင်းလူတိုင်း အတိတ်ကဆည်းပူးခဲ့တဲ့ ကံတွေ မတူတော့ ဉာဏ်တွေလဲ မတူနိုင်ကြသလို အတွေးအခေါ်တွေလဲမတူကြပါဘူး။ အားလုံးကို ကိုယ်လိုလိုက်တွေးခိုင်းဖို့ မဖြစ်နိုင်သလို သူတွေးသလို လိုက်တွေးဖို့လဲ မဖြစ်နိုင်ပါဘူး။ ကိုယ်နဲ့တန်ရာတန်ရာ အသိဉာဏ်ပညာကိုသာ ရနိုင်ကြောင်း လက်ခံပါတယ်။ ကျွန်မရဲ့အသိဉာဏ်တွေကလဲ မပြည့်စုံသေးဘူး။ အလေ့အကျင့်လဲ အလွန်အားနဲနေပါသေးတယ်။ ကျွန်မထက်ပိုပြီး အားထုတ်နိုင်တဲ့သူတွေ၊ စာဖတ်နိုင်တဲ့သူတွေ၊ အတွေ့အကြုံများတဲ့သူတွေ အများကြီးတွေ့ဖူးပါတယ်။ အခုတလော စာရေးတာ ဝါသနာပါနေတာနဲ့ ကျွန်မဘဝရဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်မှု တစိတ်တပိုင်းကို ပြောပြလိုက်ခြင်းသာဖြစ်ပါတယ်။
ကျွန်မက ဘုရားတရားကို စိတ်ပါဝင်စားလာလို့ မိဘ ၂ ပါးကိုလဲ တရားထိုင်ဖို့ စိတ်ပါလာအောင် စည်းရုံးပြောနိုင်ခဲ့ပါတယ်။ မောင်နှမတွေအားလုံးကိုလဲ တရားစိတ်နဲ့နေနိုင် အောင် လမ်းညွှန်နိုင်ခဲ့ပါတယ်။ အခုဆိုရင် မိသားစုအားလုံး စိတ်ချမ်းချမ်းသာသာနဲ့နေနိုင်ကြပြီး တစ်ဦးနဲ့တစ်ဦးလေးစားနိုင်ကြပါတယ်။
6 comments
weiwei
December 21, 2010 at 2:15 pm
မနက်ဖြန်ကစပြီး အလုပ်ကိစ္စအရေးကြီးလို့ ရွာထဲကို တော်တော်နဲ့ဝင်လာဖြစ်မယ် မထင်ဘူး … အကြာကြီးပျောက်နေရင် အော်ခေါ်နေမှာစိုးလို့ အသိပေးတာပါ … 🙁
ဆူး
December 21, 2010 at 2:29 pm
ဆူးလည်း ရွာထဲမှာ အကြာကြီး ပျောက်အုန်းမှာ.. ကိစ္စများမြှောင် လူတို့ဘောင် ဆိုတော့ ပြောရခက်သား.. နက်ဖြန်တော့ မဟုတ်သေးဘူး။ ဆူး ကတော့ လကုန်မှ ပျောက်မှာ.. အခုကတည်းက သံယောဇဉ် သိပ်မများအောင် ပိုစ်တောင် သိပ်မတင်တော့ဘူး.. တင်ပြီးရင် ဘယ်သူ ဘာပြောမလဲ ဖြစ်နေမှာ စိုးလို့.. လိုက်ဘဲ မန်းတယ်။
ဆူး
December 21, 2010 at 2:35 pm
မဝေ ပိုစ်ထဲက မာန ဆိုတဲ့ အရာက လွယ်မယောင်နဲ့ ခက်တယ်။ ရှိနေတာကိုတောင် သတိထားမိဖို့ခက်တယ်။ ထောက်ပြတဲ့ လူရှိရင်တောင် လက်ခံချင်အုန်းမှ.. မာန ဆိုတာ.. ပုလင်း အလွတ်ထဲမှာ ရုတ်တရက် ကြည့်လိုက်ရင် ဘာမှ မရှိဘူးလို့ မြင်ပေမဲ့.. တကယ်တမ်း ဉာဏ် မျက်စိနဲ့ ကြည့်ရင်တော့ လေ ရှိတယ် ဆိုတာ သိလာရသလို ဉာဏ် ရှိဖို့ အသိကလည်း လိုသေးတယ်။
weiwei
December 21, 2010 at 2:48 pm
ပဌာန်းတရားထဲမှာပါတဲ့ ကုသိုလ်ကနေ ကုသိုလ်ဖြစ်ပုံ … ကုသိုလ်ကနေ အကုသိုလ်ဖြစ်ပုံ … ကုသိုလ်ကနေ အဗျာကထာ ဖြစ်ပုံ … အကုသိုလ်ကနေ ကုသိုလ်ဖြစ်ပုံ … အကုသိုလ်ကနေ အဗျာကထာဖြစ်ပုံ .. အဗျာကထာကနေ အဗျာကထာဖြစ်ပုံ … အဗျာကထာကနေ ကုသိုလ်ဖြစ်ပုံ … အဗျာကထာကနေ အကုသိုလ်ဖြစ်ပုံ တွေကို ရေးဖို့ စိတ်ကူးရှိခဲ့ပေမယ့် နောက်များ အချိန်ရတော့မှပဲ ….
ဆူး
December 21, 2010 at 3:21 pm
ရေးပေါ့.. အမ အသိနဲ့ ဆူး အတွေး ဖလှယ်ပေးမှာပေါ့။ ဆူး မသိသေးတာလည်း စာတွေ အများကြီး ဖတ်ထားတဲ့ အမ ဆီက နေ သိရတာပေါ။ ဥပမာ ပြောရရင်.. ရေပေါ် တက်တဲ့ အဆီ အလွယ် ခပ်သောက်ယုံပေါ့.. ရေးသာရေး.. ဆူး က စာဖတ်ပျင်းတော့ တချို့ အကြောင်းတွေ အချက်အလက်နဲ့ သေချာ မသိသေးတာ များတယ်။
MaMa
December 22, 2010 at 1:49 am
ပဋ္ဌာန်းတရားတော်ထဲက ကုသိုလ်၊ အကုသိုလ်၊ အဗျာကထာ ဆက်စပ်ပုံတွေရေးမယ်ဆိုလို့ ဝမ်းသာအားရ စောင့်မျှော်နေပါတယ်။ ရွာထဲက အကြာကြီးပျောက်သွားမယ်ဆိုလို့လည်း လည်ပင်းရှည်ရှည်နဲ့ စောင့်မျှော်နေပါမယ်။