ယနေ့ မြန်မာစာပေလောကတွင် ကြုံတွေ့နေရသော ပြဿနာများ…

နွယ်ပင်December 28, 20101min1897

အဓိကအားဖြင့် မြန်မာစာပေလောကမှာ ကြုံနေရတဲ့ ပြဿနာတွေဟာ စာပေစိစစ်ရေးကြောင့် ဖြစ်ပါတယ်။ ကျွန်တော်ဟာ မြန်မာစာပေလောကသား တစ်ယောက်ပါ။ ဒါကြောင့် မြန်မာစာပေနယ်မှာ စာပေစိစစ်ရေးဟာ ဘယ်လောက်ဆိုးရွား ဒုက္ခပေးလှတယ်ဆိုတာကို အချက်အလက်တွေ ရှာဖွေပေးပို့လိုက်ပါတယ်။ ဖြစ်နိုင်ရင် BBC အနေနဲ့ တစ်ပြည်လုံးသိအောင် ဖြန့်ချိပေးပါခင်ဗျား….

၁။ စာပေစိစစ်ရေးတွင် တိကျသော မူဝါဒမရှိပါ။

စာပေစိစစ်ရေးဟာ မြန်မာစာပေအညွန့်တုံးဖို့သက်သက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ သူတို့ရဲ့ စည်းကမ်းတွေဆိုပြီး စာအုပ်စိမ်းလေးတစ်အုပ်နဲ့ စည်းကမ်းချက်၁၀ဝလောက်ထုတ်ထားပါတယ်။ ဒါပေမယ့် တိကျရေရာတဲ့၊ ဥပဒေသဘောသက်ဝင်တဲ့ အချက်တစ်ချက်မှ မပါပါ။ အကုန်ယေဘုယျသဘော လျှောက်ရေးထားတာချည်းပါပဲ။ ဥပမာအားဖြင့် … မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သော စာပေများရေးသားခွင့်မပြု ဆိုတာမျိုး လူငယ်များ အတုယူမှားစေနိုင်သော စာပေများမရေးသားရ ဆိုတာမျိုးတွေ ချည်းပါ။ အဲဒီလို အချက်တွေက အဓိပ္ပါယ်ကောက်ရ တော်တော်ခက်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သောဆိုတာ ဘာကို ခေါ်တာလဲ။ လုံချည်မဝတ်တာ ဘောင်းဘီဝတ်တာ ကို ဆိုလိုတာလား။

ဒါဆို တပ်မတော်နေ့ အခမ်းအနားဟာ ပိတ်ပင်သင့်တဲ့ အခမ်းအနားတစ်ခုဖြစ်တယ်။ အားလုံး ဘောင်းဘီဝတ်ကြလို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘယ်သူမှ မညီတာကြောင့်ပါ။ တကယ်တော့ စည်းမျဉ်းတစ်ခုဆိုတာ ဒီလိုယောင်ဝါးဝါးချလို့ ရတာမှမဟုတ်ဘဲ။ တိတိကျကျ အဓိပ္ပါယ် သတ်မှတ်ချက်ရှိရမယ်။ ဒါမှ လိုက်နာဖို့ ဥပဒေဖြစ်မယ်လေ။

၂။ စာပေစိစစ်ရေးဝန်ထမ်းများမှာ အရည်အချင်းမပြည့်မီပါ။

အထူးသဖြင့် စာပေကို နားလည်နိုင်တဲ့ ဉာဏ်ရည်မရှိတာပါပဲ။ ညွှန်မှုးကစလို့ အဆင့်ဆင့် ဝန်ထမ်းအားလုံးဟာ အကြောက်တရားနဲ့သာ လည်ပတ်နေကြတာဖြစ်တယ်။ ဒီစာလေးလွှတ်လိုက်ရင် ငါ့ကို အထက်လူကြီးကများ ဆူလေမလား အပြစ်ပြောလေမလား။ အလုပ်ဖြုတ်လေမလားဆိုတဲ့ စိတ်နဲ့ လုပ်ကိုင်နေရတာကြောင့် မလိုလားအပ်ပဲ စာပေများစွာ ဖြတ်တောက်ခြင်းခံနေပါတယ်။ ဒါဟာလည်း အထက်အချက်၁မှာ ပြောထားသလို အဓိပ္ပါယ်တိကျတဲ့ ဥပဒေမရှိတာကြောင့်ဖြစ်ပါတယ်။ သူတို့လုပ်ပုံက အထက်လူကြီး တစ်ယောက်ယောက်လာရင် ဩဝါဒတွေခြွေသွားတယ်။ အဲဒါကို စာအုပ်လေးနဲ့လိုက်မှတ်ပြီး အဲဒီလူကြီး ပြောသွားတာတွေဟာ ဥပဒေတွေဖြစ်နေရောပဲ။ ဥပဒေကို ဒီလိုပြဌာန်းလို့ရသလား။ အဖွဲ့အစည်းနဲ့စနစ်တကျ တည်ဆောက်ပြဌာန်း ရမှာမဟုတ်ဘူးလား။

ပြီးတော့ စိစစ်ရေးရဲ့ ဌာနတွင်း အစည်းအဝေးတွေ ဟာလည်း အဆင်ဆင့် ဆူပူကြိမ်းမောင်းတဲ့ ပွဲတစ်ပွဲသာဖြစ်နေပါတယ်။ အပတ်စဉ်အစည်းအဝေးရှိပါတယ်။ များသောအားဖြင့် ဗိုလ်မှုးတင့်ဆွေဆိုတဲ့လူက သူ့ထက်အသက်ကြီး ဝါကြီးတဲ့ ဝန်ထမ်းတွေကို ၂ပြားမတန်အောင် ဆဲနေတဲ့ပွဲတွေချည်းပါပဲ။ ဒီတော့ စိစစ်ရေး ဝန်ထမ်းအားလုံးဟာ အပတ်စဉ်မှာ အဆဲမခံရရေးသည်သာ ဦးစားပေး လုပ်ဆောင်တဲ့အရာဖြစ်နေပါတယ်။

၃။ စာပေစိစစ်ရေးတွင် အကြီးအကျယ်လာဘ်စားနေကြသည်။

ရုတ်တရက်ကြည့်ရင် ဘာစားပေါက်မှ မရှိဘူးထင်ရတဲ့ စိစစ်ရေးညွှန်မှုး ဗိုလ်မှုးတင့်ဆွေဟာ သိန်းထောင်ကျော်တန် ကွန်ဒိုတိုက်ခန်းကြီး ဝယ်ထားပါပြီ။ လာဘ်ပေးသူတွေကို မျက်နှာလိုက်ပြီး လာဘ်မပေးနိုင်သူတွေကို ဖိနှိပ်တာ စာပေစိစစ်ရေးရဲ့ ထုံးစံလိုဖြစ်နေပါတယ်။ စာအုပ်တစ်အုပ်ပဲတင်တင် စာနယ်ဇင်းပဲတင်တင် ရုံးအတွက် လက်ဆောင်ဆိုပြီး သပ်သပ်ပေးရပါတယ်။ အနည်းဆုံး ဂျာနယ်ဆို ၃ဝ ၄၀။ စာအုပ်ဆို ၅ဝ ၆ဝ ပေးရတာပါ။ အဲဒါတွေကို ထုတ်ဝေသူတွေက မဖြန့်ရသေးခင် သူတို့က အပြင်မှာ ရောင်းစားပါတယ်။ စာနယ်ဇင်းတွေထဲမှာ မြတ်ခိုင်ရဲ့ လျှပ်တပြက်အုပ်စု၊ စာပေတိုက်တွေထဲမှာ အောင်မြင်စာပေတို့ဟာ စိစစ်ရေးကို လာဘ်အကြီးအကျယ် ပေးနေသူတွေဖြစ်ကြပါတယ်။ ဒါကြောင့် မြတ်ခိုင်တို့ဂျာနယ်တွေဟာ တခြားသူတွေထက် အခွင့်အရေးအများကြီးပိုရတယ်။ တခြားမှာ ဖြုတ်တဲ့သတင်းကို သူတို့ဆီထည့်ခွင့်ရတယ်။ တချို့မျက်နှာမွဲ ဂျာနယ်လေးတွေဆို အရေးကြီးတဲ့သတင်းတွေကို နောက်ဆက်တွဲတင်ချိန်မှ ထည့်ရဲတယ်လို့ သိရပါတယ်။ ဂျာနယ်တွေအတွက် ထွက်ခါနီးမှ ကပ်ရတဲ့အရေးကြီးသတင်းတွေကို နောက်ဆက်တွဲဆိုပြီး တင်လို့ရပါတယ်။ တကယ်လို့ သတင်းတစ်ခုဟာ ကိုယ့်ဂျာနယ်အတွက် လှုပ်လောက်တဲ့သတင်းဖြစ်နေမယ်ဆိုရင် ကြိုတင်ထားလို့ကတော့
စာပေစိစစ်ရေးက စာရေးမတွေက မြတ်ခိုင်ကို ဖုန်းနဲ့ သတင်းပေးပါတယ်။ မြတ်ခိုင်က စိစစ်ရေးကို ပိုက်ဆံပေးထားပြီး တခြားဂျာနယ်တွေရဲ့ သတင်းဦးကို အဲဒီလိုခိုးပါတယ်။ အောင်မြင်စာပေကျတော့ စာရေးဆရာအစစ်မယ်မယ်ရရမရှိပဲ စာရေးချင်သူတွေဆီ်က စာမူတွေကို ၃သောင်း၄သောင်း လောက်နဲ့ဝယ်ပြီး ကလောင်နာမည် အမျိုးမျိုးတပ်ရောင်းစားပါတယ်။ သူတို့ထုတ်သမျှကလည်း ညစ်ညမ်းစာပေ အဆိပ်အတောက် စာပေတွေချည်းများပါတယ်။ အဲဒီစာမူမျိုးတွေ တခြားတိုက်က တင်ရင် မကျပေမယ့် သူတို့တိုက်ကတော့ လာဘ်ပေးထားတာကြောင့် ဆင်ဆာခွင့်ပြုပါတယ်။

၄။ စာပေစိစစ်ရေးသည် အကြွင်းမဲ့အာဏာရှင်ပုံစံဖြင့် တည်ဆောက်ထားသည်။

လူဆိုးသူခိုးပဲဖြစ်ဖြစ် မုဒိန်းမှု လူသတ်မှုပဲဖြစ်ဖြစ် အယူခံဝင်လို့ရပါတယ်။ စာမူတစ်ခု စာအုပ်တစ်အုပ်ကို ပိတ်ပင်ရင်တော့ လုံးဝအယူခံဝင်ခွင့်မရှိပါ။ စာရေးဆရာတွေဆို အပိတ်ပင်ခံရတဲ့ သူတို့စာမူကို ပြန်ထုတ်ယူခွင့်တောင် မရတော့ပါ။ သိမ်းတယ်ဆိုပြီး အပြီးအပိုင်ပိတ်လိုက်ပါတယ်။ ဘာကြောင့်ပိတ်သလဲ အကြောင်းပြချက်မပေးပါ။ ပေးရင်လဲ အချက်၁ မှာဖော်ပြထားသလို ယောင်ဝါးဝါး အကြောင်းပြချက်တွေချည်းပါပဲ။ တကယ်လို့ စာရေးဆရာတစ်ယောက်ဟာ ကိုယ့်စာမူအပိတ်ခံရလို့ ညွှန်မှုးကို ဝင်တွေ့ချင်ရင်လည်း အတွေ့မခံပါ။ ညွှန်မှုးရုံးခန်းရှေ့က စာရေးကတင် အတော်ရိုင်းရိုင်းပျပျ ဆက်ဆံတာခံရပါတယ်။ ညွှန်မှုးရှိလျက်နဲ့ မရှိဘူးပြောတာမျိုး။ ခင်ဗျားတို့လို ကိစ္စအသေးအဖွဲအတွက် ညွှန်မှုးခေါင်းရှုပ်မခံနိုင်ဘူး စတဲ့စကားတွေနဲ့ မိုက်မိုက်ရိုင်းရိုင်းပြောလွှတ်ပါတယ်။ ညွှန်မှုးရုံးခန်းဟာ တံခါး၂ပေါက်ရှိပါတယ်။ ညွှန်မှုးဝင်တဲ့အပေါက်က တစ်ဘက်။ စာပေလောကသားတွေဝင်ဖို့ မလွယ်ပေါက်လေးက တစ်ဘက်ပါ။ အဲဒီမလွယ်ပေါက်လေးက ဝင်ခွင့်ရဖို့တောင် ညွှန်မှုးကို လာဘ်ထိုးနေကြသူတွေသာ ဝင်နိုင်ပြီး အပေါက်စောင့်စာရေးကို လာဘ်ပေးပြီးမှ ဖြတ်သန်းရတာ ဖြစ်ပါတယ်။

၅။ စာပေစိစစ်ရေးသည် စာပေဆိုင်ရာ စီးပွားရေးလုပ်ငန်းအား စစ်အာဏာရှင်တစ်စုသာ လုပ်နိုင်အောင် ကန့်သတ်ထားသည်။

အခု ထုတ်နေတဲ့ ဂျာနယ်တွေကို ကြည့်ပါ။ အများစုက စစ်အာဏာရှင်တွေနဲ့ မကင်းတဲ့လူတွေချည်းပါပဲ။

7Days အုပ်စုက သောင်းစုငြိမ်းဆိုတဲ့ ဝန်ကြီးသား။
Eleven Media Group က စိုးရှိန်ဆိုတဲ့ ဗိုလ်ချုပ်မှုးကြီးတူ ရှယ်ယာပါတယ်။
ရန်ကုန်မီဒီယာဂရုပ်က ကိုကို(စက်မှု) ဆိုတဲ့ ဖော်လံဖား။
ပြည်မြန်မာအုပ်စုက ကြံဖွံအမတ် ဒေါက်တာတင်ထွန်းဦး။
ပေါ်ပြူလာအုပ်စုက ဗိုလ်ချုပ်ဝင်းမြင့်ရဲ့ သားသမီးတွေ။
လျှပ်တပြက်အုပ်စုကတော့ သစ္စာဖောက်မြတ်ခိုင်။
… အစရှိသဖြင့် အားလုံးဟာ စစ်အာဏာရှင်တွေနဲ့ မကင်းတဲ့လူတွေချည်း ဖြစ်ပါတယ်။ အဲဒီလိုလူတွေကိုတော့ တစ်ဦးတစ်ဦးကို ဂျာနယ် ၅စောင် ၆စောင်စီလောက် လုပ်ခွင့်ပေးထားပြီး စာပေသမား စစ်စစ်တွေအတွက်ကတော့ ဂျာနယ်ထုတ်ဝေခွင့်ကတ် ဝယ်ထုတ်ကြရပါတယ်။ သတင်းဂျာနယ်အတွက် ထုတ်ဝေခွင့်ကတ်က အပြင်ပေါက်ဈေး သိန်း၅ဝအထက်မှာရှိပြီး တခြားအမျိုးအစား ဂျာနယ်တွေ အတွက်ကတော့ သိန်း၃၀ဝန်းကျင်မှာရှိပါတယ်။ ဒါတောင် နောက်ခံ စစ်အာဏာရှင် အဆက်အသွယ်မရှိပဲ ထုတ်ရင် ခဏခဏအပိတ်ခံရတာမျိုး အဖြတ်အတောက် သူများထက်ပိုခံရတာမျိုးနဲ့ အမျိုးမျိုးဒုက္ခပေးပါတယ်။

၆။ စာကောင်းပေမွန်များ အထွက်နည်းရေးသည် စာပေစိစစ်ရေး၏ အဓိက ဦးတည်ချက်ဖြစ်သည်။

တော်ရုံတန်ရုံလူဟာ စာအုပ်ထုတ်ဖို့ဆိုရင် စာပေစိစစ်ရေးကိုကြောက်တာနဲ့ စိတ်ပျက်သွားလောက်ပါတယ်။ စာအုပ်တစ်အုပ်ကို သုံးကြိမ်တိတိအပြန်ပြန်အလှန်လှန်တင်ပြပြီးမှ ခွင့်ပြုချက်ပေးပါတယ်။ ပထမအဆင့် – စာမူတင်ပြရတာပါ။ စာမူသုံးစုံ တင်ပြရပါတယ်။ အဲဒီစာမူသုံးစုံကို စာစစ်မှုးလို့ခေါ်တဲ့စာရေးကနေ ဌာနခွဲမှုး၊ ဌာနမှုး၊ လက်ထောက်ညွှန်မှုး၊ ဒုညွှန်မှုး။ ညွှန်မှုးစသဖြင့် အဆင်ဆင့်ဖတ်ပြီး အကြိမ်ကြိမ်ဖြတ်တောက်ပြင်ဆင်မှုပြုပါတယ်။ အဆင့်တစ်ဆင့်တစ်ဆင့်(လူတစ်ယောက်တစ်ယောက်ဆီ)မှာ အချိန်၃လစီ ကြာခွင့်ရှိပါတယ်။ ဒီအဆင့်မှာတင် ခွင့်ပြုချက်မရတော့တာက တစ်လကို အုပ်၄၀ဝခန့်ရှိပါတယ်။ ဒုတိယအဆင့် – မျက်နှာဖုံးတင်ပြရပါတယ်။ ဒီအခါမှာလည်း ခုနကလိုပဲ အဆင့်ဆင့် ဖြတ်တောက် ပြင်ဆင်ကြသေးတာပါ။ ဒီလိုမျက်နှာဖုံးတင်ချိန်မှာ မျက်နှာဖုံးကို မကြိုက်ရင် အကြိမ်ကြိမ် ပြောင်းလဲခိုင်းသလို ဒီအချိန်ကျမှ စာပေစိစစ်ရေးမှာ မူဝါဒအပြောင်းအလဲဖြစ်တာကြောင့် ပထမအဆင့်ခွင်ပြုထားပြီးသား စာမူကိုပါ ပြန်ပိတ်လိုက်တာမျိုးလည်း ရှိပါတယ်။ မူဝါဒအပြောင်းအလဲဆိုတာကလဲ တစ်လတစ်ကြိမ်လောက်ဖြစ်နေတာမျိုးပါ။ အပတ်စဉ်အစည်အဝေးမှာ အထက်လူကြီးရဲ့ နှုတ်ထွက်စကားတစ်ခွန်းဟာ ဥပဒေပါပဲ။ ဒီလိုအဆင့်ကျမှ ပြန်အပိတ်ခံရတဲ့ စာမူပေါင်းက ပျမ်းမျှ တစ်လကို အုပ်၁၀ဝခန့်ရှိပါတယ်။ နောက်ဆုံးအဆင့်ကတော့ – ချုပ်လုပ်ပြီး ဖြန့်ချီရန်စာအုပ်တင်ပြရတာပါ။ ဒါကို မူချောတင်တယ် ခေါ်ပါတယ်။ ဒီအချိန်မှာလည်း အခန့်မသင့်ရင် ပြန်ပိတ်တာမျိုးရှိနိုင်ပါတယ်။ ဒါမှမဟုတ် စာမူဘဝမှာသူတို့ ဖြတ်တောက်ပြင်ဆင်ထားတဲ့ထဲက တစ်လုံးတစ်လေများ မှားယွင်းရိုက်မိရင် တစ်ခါတည်း စာအုပ်အားလုံး ပြန်ရိုက်ခိုင်းပါတယ်။ ဒီလိုအဆင့်ဆင့်စော စိတ်ဒုက္ခငရဲတွေကို ဖြတ်သန်းပြီးလို့မှ စာအုပ်စာတမ်းအဖြစ် ထုတ်ဝေလိုက်ပြီဆိုပါစို့။ သူတို့ဂရုမပြုမိလိုက်တဲ့ အရေးအသား တစ်ခုတစ်လေကိုများ ကောင်းနိုးရာရာ တင်ပြတဲ့သဘောနဲ့ နိုင်ငံရပ်ခြားအသံလွှင့်ဌာနတွေက တင်ပြလိုက်တာမျိုးဖြစ်စေ။ ပြည်သူတွေကြား ပျံ့နှံ့သွားတာမျိုးဖြစ်စေ …
သူတို့မကြိုက်တာမျိုးဖြစ်လာရင်တော့ အဲဒီစာရေးဆရာကို တစ်ခါတည်း Black List သွင်းလိုက်တော့တာပါပဲ။ နောက်နောင် သူရေးသမျှ လိုက်ပိတ်တော့တာပေါ့။ ဒါကြောင့် စာပေစိစစ်ရေး၏ အဓိက ဦးတည်ချက်သည် စာကောင်းပေမွန်များ အထွက်နည်းရေးဖြစ်သည်လို့ ပြောတာဖြစ်ပါတယ်။

အားလုံး သိသင့်သိထိုက်တာတွေ ဖော်ပြ ပေးပို့ပေးတဲ့ သခင်ကိုယ်တော်မှိုင်းအား ကျေးဇူးတင်ပါသည်…

Posted by ဒီမိုဝေယံ

7 comments

  • koyinmaung

    December 28, 2010 at 10:18 am

    တို့နိုင်ငံမှလဲလွတ်လွတ်လပ်လပ်နဲ့လုပ်လို့ရတဲ့အလုပ်လေးများရှိယင်ပြောကြစမ်းပါအုံး..

    • etone

      December 29, 2010 at 5:05 am

      လွတ်လွတ်လပ်လပ် လုပ်လို့ရတာ ရှိပါတယ။် ခြင်ထောင်ထဲမှာ အီးအီးပေါက်လို့ရတယ် 😀 😀

  • naywoonni

    December 28, 2010 at 11:49 am

    ရှိတာပေါ့
    ဘောပွဲဒိုင်လုပ်မလား? နှစ်လုံးရောင်းမလား? သုံးလုံးရောင်းမလား? မာဆတ်ဖွင့်မလား?(ကိုယ်တော့ကြားသာကြားဖူးတာ ဘယ်နားနေမှန်းတောင်မသိသေးဘူး) အရက်ဆိုင်ဖွင့်ချင်လည်းရတယ်လေ
    နော့

  • eros

    December 28, 2010 at 1:08 pm

    နေဝန်းနီတို့ကတော့ကြီးပွားမှာမြင်ယောင်သေးတယ်။ ဟီဟိ 😛

  • စာအုပ်တစ်အုပ်ထုတ်ဝေရင် သူတို့ကို အုပ်ရေ ၅ဝ တိတိပေးရတယ်ဆိုတာ အမှန်ပါပဲ။ စာပေစိစစ်ရေးရုံးကဝန်ထမ်းတွေ အရည်အချင်းမပြည့်မီပါ။ ဒါမှန်ပါတယ်။ စာဖတ်နာတဲ့လူတွေ မဟုတ်ဘူး။ မဲမဲမြင်ရင် ဖျက်ဆိုတာပဲ။ စာတစ်အုပ်လုံးကို အကုန်အစင်အရင်မဖတ်ဘဲ မဲမဲမြင်တာနဲ့ဖျက်ချတာပါ။ တကယ့်လိုရင်းကတခြား၊ သူတို့ထင်တာကတခြား။ ဒီနေရာမှာ ကိုယ်က ဉာဏ်သုံးရတယ်။ အမှာစာမှာ သူတို့လိုချင်တဲ့အနေမျိုးဖြစ်အောင် ရေးရတယ်။ စာအုပ်ကျလာပြီ၊ မျက်နှာဖုံးလည်းကျလာပြီဆိုမှ စောစောကရေး ထားတာကို ဖျက်ပစ်လိုက်တာမျိုး လုပ်ရပါတယ်။ ထပ်ထည့်လို့တော့မရဘူးပေါ့။ တိုးတိုးနော်၊ လျှောက်မကြေငြာနဲ့။

  • naywoonni

    December 28, 2010 at 4:10 pm

    အင်း သူဌေး ဖြစ်နိုင်တာက ခေတ်ပျက်တဲ့ အချိန်ရယ် နိုင်ငံပြည်လည် တည်ဆောက်တဲ့အချိန်ရယ် တဲ့ ဒီနှစ်ချိန်က သူဌေးအဖြစ်နိုင်ဆုံး အလွယ်တစ်ကူဖြစ်နိုင်နယ်ပေါ့ ဒါပေမဲ့ မလုပ်ရဲလို့ မွဲနေတာ
    အားးးးးး ဘာမှမဆိုင်တာတွေလာမန့်နေသလိုဖြစ်နေပြီ။ သူတို့အကြောင်းကတော့ မပြောချင်ပါဘူး ဆရာကြီးတွေပြောတာမှတ်သားဖူးတာတော့ ဘုရားဟောတောင်မှ စကားလုံးြ့မ်းတမ်းတယ်ဆိုပြီး ဆင်ဆာဖြတ်ဖူးသတဲ့ ………. ဒီတော့ကျန်တဲ့သူရေးတာတွေကို လုပ်တာမဆန်းပါဘူးနော်

  • unclegyi1974

    December 28, 2010 at 4:17 pm

    ရပ်ကွက်ထဲမှာဒီလိုဘဲ
    နေရာတိုင်းမှာဒီလိုဘဲ
    မင်းဘာဆက်လုပ်မလဲအန်ကယ်ကြီး….

Leave a Reply