တရုတ်စာ သင်ကြားခြင်း Learning Chinese
အသိတစ်ယောက်က တရုတ်စာသင်ချင်တာ ဘယ်လိုသင်ရင်ကောင်းမလဲလို့ အကြံတောင်းလာတယ်။ ကျွန်မလဲ ဘယ်လိုအကြံပေးရမှန်းမသိဖြစ်သွားပါတယ်။ အခုခောတ်က ရန်ကုန်မှာ အလုပ်လုပ်ရင်ဖြစ်ဖြစ်၊ စင်ကာပူသွားလုပ်ရင်ဖြစ်ဖြစ် တရုတ်စာနဲ့စကားတတ်ဖို့ လိုအပ်နေတော့ တရုတ်စာသင်တာ ကောင်းတဲ့အလုပ်တစ်ခုပါပဲ။ ကျွန်မသိသလောက် ကြုံတွေ့ခဲ့ရသလောက်ကို တခြားသူတွေ ချင့်ချိန်စဉ်းစားနိုင်အောင် ရေးလိုက်မယ်စိတ်ကူးပြီး ဒီပို့စ်ကို ရေးဖြစ်သွားပါတယ် ….
ကျွန်မကတော့ ၉ တန်းစာမေးပွဲဖြေပြီးတဲ့အချိန်ကစပြီး တရုတ်စာကို စသင်ခဲ့ပါတယ်။ ကျွန်မတို့မြို့နယ်က တရုတ်စာကောင်းကောင်းတတ်တဲ့ တရုတ်အဖိုးကြီးတစ်ယောက်ဆီမှာ သွားသင်ရပါတယ်။ ဘာမှမသိတဲ့ ကလေးတစ်ယောက်အနေနဲ့ စာသင်ရတာ လွယ်သယောင်ယောင်ပါပဲ … သူသင်သမျှ သူပြောသမျှလဲ အမှန်တွေချည်းပဲလို့လဲ ထင်ခဲ့မိပါတယ် … ဒါပေမယ့် နောက်ပိုင်းကျောင်းပိတ်ရက်တွေမှာ ဆက်မသင်ဖြစ်ပါဘူး။ တရုတ်စာဆိုတာနဲ့ အဆက်အသွယ်ပြတ်သွားတယ်။
နောက်တစ်ခေါက် တရုတ်စာသင်ဖြစ်တာကတော့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က မနက်ပိုင်း ဒီပလိုမာသင်တန်းမှာပါ။ ဘွဲ့ရပြီးတဲ့အချိန်မှာ တက်ဖြစ်တာဖြစ်ပါတယ်။ အဲဒီမှာ သင်ကြားတဲ့စနစ်က တော်တော်ကောင်းပါတယ်။ နိုင်ငံတကာအဆင့်မီတဲ့ အသံထွက်စနစ်နဲ့ စာသင်တာ စနစ်ကျတာကို သတိထားမိပါတယ်။ ဒါပေမယ့် ကျောင်းသားတွေကတော့ တကယ်မတတ်တဲ့သူများပါတယ်။ သူတို့ကျောင်းတက်တဲ့ရည်ရွယ်ချက်ကိုက ဒီပလိုမာရချင်တာ … ကျွန်မကိုယ်တိုင် ကျောင်းသားစိတ်နဲ့ ကျောင်းတက်ခဲ့လို့ တကယ်မတတ်ခဲ့ပါဘူး။ ၂ နှစ်လောက် မမောနိုင် မပန်းနိုင် ကျောင်းတက်ခဲ့ဖူးပေမယ့် အခြေံသဘောတရားလောက်ထက်ကျော်ပြီး သေချာမတတ်ခဲ့ပါဘူး။
နောက်ဆုံးအကြိမ်သင်ဖူးတာကတော့ တရုတ်ပြည်မထဲမှာ နိုင်ငံခြားသားတွေကိုသင်ပေးတဲ့ တရုတ်စာ တစ်နှစ်သင်တန်းဖြစ်ပါတယ်။ အဲဒီသင်တန်းကတော့ အကောင်းဆုံးပါပဲ။ တရုတ်တွေ သေချာသုတေသနပြုထားတဲ့ သင်ကြားနည်းစနစ်နဲ့ အထူးကျွမ်းကျင်တဲ့ ဆရာတွေကိုသုံးပြီးသင်ပါတယ်။ ပတ်ဝန်းကျင်ကလဲ တရုတ်တွေချည်းပဲရှိနေတော့ အချိန်ပြည့် သင်ကြားရသလိုဖြစ်ပြီး အလွန်ခရီးရောက်ပါတယ်။ တစ်နှစ်သင်တန်းတက်ပြီးရင် တရုတ်လူမျိုးတွေနဲ့ ကောင်းကောင်းစကားပြောနိုင်ပြီး တော်ရုံစာလုံးတွေကိုတော့ ဖတ်နိုင် ရေးနိုင်သွားပါပြီ။
တရုတ်စာလုံးတွေက တစ်နိုင်ငံလုံးမှာ တစ်မျိုးတည်းပဲရှိလို့ စာသင်ရတာ ဘယ်မှာသင်သင်ပြသနာတော့မရှိပါဘူး။ ဒါပေမယ့် စကားပြောတဲ့လေယူလေသိမ်းကတော့ အတော်ပြသနာရှိပါတယ်။ တိုင်းရင်းသားတွေ ဗမာစကားပြောသလိုမျိုးပေါ့။ ဒေသတစ်ခုနဲ့တစ်ခု အရမ်းကွာတော့ လေယူလေသိမ်းကလဲ တော်တော်ကွာသွားပါတယ်။ မြန်မာပြည်က တရုတ်လူမျိုးတွေက တရုတ်ပြည် ဖုကျန့်ဘက်က နွယ်ဖွားတွေဖြစ်လို့ အသံထွက်က တိုင်းရင်းသားသံပေါက်ပါတယ်။ တရုတ်ဘုံကျောင်းတွေမှာ တရုတ်စာသင်တဲ့သူတွေက အဲဒီအသံတွေနဲ့ပါ။ ထိုင်ဝမ်လူမျိုးနဲ့ ဟောင်ကောင်လူမျိုးတွေ တရုတ်စကားပြောရင် အသံထွက်တွေ မတူတာတွေများပါတယ်။ မြန်မာပြည်က ထိုင်ဝမ်ဘက်နဲ့ ကွမ်ကျိုး (ဟောင်ကောင်) ဘက်က တရုတ်တွေများတော့ မြန်မာပြည်မှာ တရုတ်စကားအသံစစ်စစ် တော်တော်ရှားမယ်ထင်ပါတယ်။
အဲဒီတော့ ဘယ်လိုသင်ရင် ကောင်းမလဲဆိုတာတော့ ကျွန်မလဲ အကြံမပေးတတ်ကြောင်းပါ …..
8 comments
kai
December 29, 2010 at 9:03 am
ရယ်စရာလေးပြောပြဦးမယ်..။
မှတ်သားစရာလည်းဖြစ်တာပေါ့..။
ယူအက်စ်ရောက်နေတဲ့ မြန်မာတွေထဲက ..တချို ့က သူတို့ကိုယ်သူတို့ တရုတ်ဆိုပြီးနေတာ အများကြီးပါပဲ..။
တကယ်က မြန်မာပြည်မှာမွေး။ မြန်မာပြည်မှာကြီးလာတဲ့ သူတွေပါ။ မြန်မာ-တရုတ်တွေဆိုပါတော့..။
အဲဒါ…
ကိုယ့်ကိုယ်ကိုယ်တရုတ်ဆိုပြီး တရုတ်အသင်းထောင်တော့ ..တရုတ်ပြည်ကြီးငုတ်တုတ်က ..တရုတ်စစ်စစ်တွေက ကန့်ကွက်တာခံရပါတယ်..။
တရုတ်စစ်စစ်တွေက .. မြန်မာတွေကို မြန်တရန်င့် ဆိုပြီး .. (တရုတ်လို မြန်မာ)လို့ပဲခေါ်တာပါပဲ..။
အဲဒါ ..တရုတ်စစ်စစ်မိတ်ဆွေ တယောက်နဲ့ စကားစပ်မိတော့လည်း ..အဲလိုပြောတာပါပဲ.။
ထပ်ပြီး ပြောလိုက်သေးတယ်..။ မင်တို့..မြန်မာတွေပြောတဲ့တရုတ်စကားက ..တချို ့ကမပီဘူးတဲ့..။
တချို ့ကတော့… ရှေးဟောင်းစာသံပေသံနဲ့ စကားတွေပြောနေတာတဲ့..။
တချို ့ကတော့ .. မသုံးတော့တဲ့စကားတွေ သုံးနေတယ်ဆိုပဲ..။
အဲဒါ..အခုမဝေ ရေးပြလိုက်တော့မှ… နည်းနည်းရှင်းသွားတော့တယ်..။
တကယ်တော့လည်း ..မြန်မာပြည်မှာက … ဦးနေဝင်းလက်ထက်.. မြန်မာပြည်မှာမွေးတဲ့မြန်မာတွေကို .. နိုင်ငံခြားသားတရုတ် . အက်ဖ်အာစီ ..ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုမှုခံရသူ ဘာတွေမှန်းမသိအောင် ရှုပ်ယှက်ခတ်အောင်လုပ်ပြီး .. လူမျိုးရေးခွဲခြားအုပ်ချုပ်အနိုင်ကျင့်ခဲ့တာမို ့… မြန်မာ-တရုတ်တွေ .. မြန်မာလို့ အခေါ်မခံချင်အောင် … အဲလိုဖြစ်ခဲ့ကြတာပါ..။
ရယ်စရာကောင်းလောက်အောင်ကို..အဖေအမေ မိဘ၂ပါးရော ကိုယ်တိုင်ရော..မြန်မာပြည်ပေါက်ဖြစ်နေတဲ့.ဟာကို. အက်ဖ်အာစီခေါ်တဲ့..နိုင်ငံခြားသား တံဆိပ်တပ်ခံရသူတွေတောင် အများကြီးတွေ့ဖူးတယ်..။
ကြုံလို့ပြောတာပါနော..။
weiwei
December 29, 2010 at 11:28 am
ဘာသာစကားသင်ရင် ယဉ်ကျေးမှုကိုပါသင်မှ ပြည့်စုံပါတယ် … ကျယ်ကျယ်ပြန့်ပြန့် လေ့လာလေ ပိုနားလည်လာလေလေ ကိုယ်မသိတာတွေအများကြီးရှိသေးကြောင်း ပိုသိလေလေပေါ့ …
ကျွန်မက ကိုယ်မကျွမ်းကျင်တဲ့ပညာရပ်ကို သူများကိုပြန်မသင်ပေးချင်ဘူး (တရုတ်စာ)… ကိုယ်ကျွမ်းကျင်တဲ့စာကိုပဲ သူများကိုပြန်သင်ပေးတယ် (မူလတန်းစာ) …. 😛
manawphyulay
December 29, 2010 at 1:02 pm
ဒါဆို ပြည်ပ မတက်နိုင်ခင်မှာ ပြည်တွင်းမှာ ဘယ်လိုနေရာမှာ ဘယ်လိုသင်ရင် ဘယ်လိုပုံစံဆိုတာ ပြောပြလိုက်ပေါ့။ မဟုတ်ဘူးလား။ မနောကတော့ အရင်က ဘူတာရုံလမ်း ဘုံကျောင်းမှာ သူငယ်ချင်းတွေတက်လို့ လိုက်သွားဖူးတယ်။ ဘာမှမတတ်ပဲ ၅ တန်းတက်နေတဲ့သူငယ်ချင်းတွေ အတန်းကို ထိုင်မိတာ ဆရာက တရုတ်လိုပဲရှင်းလို့ စိတ်ရှုပ်ပြီးပြန်လာရတယ် အဟိ
ဆူး
December 29, 2010 at 2:27 pm
တရုတ်စကား တကယ် တတ်ချင်ရင် ပြောတတ်တဲ့ လူနဲ့ စကားပြောပေးပါ။
ဆူးကတော့ အသက် ၁၆နှစ်လောက်မှာ တရုတ်စာ သွားသင်တာဘဲ သူငယ်တန်းက စပြီးတော့ ၃တန်းလောက် တက်ပြီးချိန်မှာ တက္ကသိုလ်နဲ့ တခြား အကြောင်းတွေကြောင့် မတက်တော့ပေမဲ့ ရုပ်ရှင်တွေ ကြည့်တယ် အဲဒီ အကျိုးကျေးဇူးကြောင့် တရုတ်အသံ ကောင်းကောင်း နားထောင်နိုင်တယ် နားလည်မှု တိုးတက်လာတယ်။ တက္ကသိုလ်မှ သူငယ်ချင်း တယောက်နဲ့ ခင်မိတာ သူက တရုတ်မ စစ်စစ်ဆိုတော့ သူက တရုတ်လိုဘဲ သိပ်ပြောချင်တာ မြန်မာလိုပြောရင် တရုတ်လို ပြန်ဖြေတယ်။သူကလည်း ဆူး ရဲ့ တရုတ်စကား တိုးတက်မှု အတွက် ဆရာ တယောက်ဖြစ်တယ်လို့ သူကိုတောင် အမြဲ ပြောလေ့ရှိတယ်။ ဒါနဲ့ သူပြောတဲ့ တရုတ်လို မပီ တပီ အရှက်မရှိ လျောက်ပြော.. မှားရင် သူပြင်ပေးတာနဲ့ ပါးစပ်ရဲပြီး အထိုက်အလျောက် ထမင်းစား ရေသောက် ပြောတတ်လာတယ်။ တကယ် အပြင်လောက ရောက်တော့ မပီတာတော့ မပီဘူး.. မပီတာလည်း မရှက်ပါဘူး အားလည်း မငယ်ဘူး။ သူတို့ တိုင်းပြည်မှာ နေပြီး မပီတာမှ မဟုတ်တာ.. ခဏသွားတာ အခြေအတင် ပြောတတ်ရင်တောင် သူတို့ အတွက ်အဆင်ပြေလို့ သူတို့ကတောင် ကျေးဇူးတင်ရအုန်းမယ်လို့ သဘောထားပြီး ပြောတာဘဲ.. ဘာသာ စကားတခု တိုးတက်ဖို့ဆိုတာ ကိုယ်တိုင် ရဲရင့်စွာ ပြောဆိုတတ်ရမယ်။ မှားမှာ စိုးတယ် ကြောက်ရွံ့နေလို့ကတော့ ဘယ်တော့မှ မတတ်ဘူး။ လူရာလည်း ဝင်လာမှ မဟုတ်ဘူး။ မှားမှား မှန်မှန် ပြောသာပြော.. အမေရိကန်သမ္မတ သူ့တိုင်းပြည်က လူတွေကို မိန့်ခွန်းပြောတာ မဟုတ်ဘူး။ အဲဒီလို ပြောတာ ဆိုရင်တော့ စကားပီဖို့ အသုံးအနှုန်းမှန်ဖို့ လိုမယ်။ မိခင် ဘာသာစကား ပြောတာ မဟုတ်တဲ့ အတွက် အမှား ဘယ်သူမှ မကင်းဘူး။ တရုတ် ဆရာမကို လျောက်ပြောတာ မှားလို့.. နင်မရှက်ဘူးလားလို့ မေးဘူးတယ်။ မရှက်ဘူးပါဘူး မတတ်လို့ သင်နေတာ မှားရင် ဆရာမ ပြင်ပေးတော့ ပညာပိုရတာပေါ့လို့ ပြောလို့ သဘောကျသွားလေရဲ့..
weiwei
December 29, 2010 at 2:37 pm
ဆူးပြောတာမှန်ပါတယ် … စကားသင်တာ စကားများများပြောပေးရတယ် … စာအုပ်ထဲတင်သင်ပြီး တတ်နေတာက တကယ်မတတ်ပါဘူး … မဝေ တရုတ်ပြည်မှာ တရုတ်စာသင်တုန်းက နေ့တစ်ဝက်ပဲ ကျောင်းတက်ရတော့ ညနေဘက်ကို အသိတရုတ်မတစ်ယောက်ရဲ့ အကျီဆိုင်မှာ သွားကူပြီး တရုတ်စကားကို မသိမသာသင်ခဲ့တယ် … စာအုပ်ထဲကစာတွေကို အကျယ်သိအောင် သူတို့နဲ့ဆွေးနွေးရင်း ဈေးဝယ်တဲ့သူတွေကို လျှောက်ပြောရင်းနဲ့ တော်တော်တတ်လာတယ် … ဓလေ့ စရိုက်တွေက အစ .. အယူအဆတွေ အစားအသောက်တွေ ယဉ်ကျေးမှု ဓလေ့ထုံးစမ်းတွေကိုပါ သိလာခဲ့တယ် …
အဲဒီလောက် အမျိုးမျိုးသင်ထားတာတောင် တကယ့်လက်တွေ့မှာ (ခရီးထွက်တဲ့အခါ) အခုအထိ အဆင်ပြေပြေ စကားမပြောနိုင်သေးလို့ အားမရဖြစ်ရတယ် … ဗမာ့ငါးပိသံက တရုတ်စကားမှာ အလွန်အနှောင့်အယှက်ဖြစ်နေလို့ စိတ်နာနာနဲ့ အသံထွက် အရေးကြီးကြောင်း ထည့်ရေးလိုက်ရခြင်းဖြစ်ပါတယ် …
eros
December 29, 2010 at 3:22 pm
ဗူးသီးငါးပေါင်းကြော်တွေကို စိတ်ကုန်သွားဘီ။
unclegyi1974
December 29, 2010 at 4:14 pm
ဘယ်ဘာသာစကား ဖြစ်စေ စာကိုဖြစ်စေသင်ယူ
ရင်အကောင်းဆုံးကသင်ယူတဲ့ပတ်ဝန်းကျင်
တခုလုံးအဲဒီဘာသာပြောတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့
အရေးအကြီးဆုံးလို့ထင်ပါတယ် အဲဒါဆို
မဝေ ပြောသလို ၁ နှစ်ဆိုတဲ့အချိန်မှာသေချာ
ပေါက်ဖြစ်လာမှာပါ လွဲစရာမရှိဘူးလို့ထင်ပါတယ်
weiwei
December 29, 2010 at 6:22 pm
တစ်နှစ်စာ ပညာသင်စရိတ်နဲ့ နေစရိတ်စားစရိတ်အပါဆိုရင် တရုတ်ငွေ လေးသောင်း လောက်နဲ့ လောက်မယ်ထင်ပါတယ် … သိန်း ၅ဝ ကျော်လောက်တော့ ကုန်မယ် … အစားအသောက်အနေအထိုင် အစစအရာရာ အဆင်ပြေတယ် …
ကိုရီးယား ဂျပန်နဲ့ ဗီယက်နမ်ကလူတွေတော့ အများကြီးပဲ တရုတ်ပြည်မှာ တရုတ်စာသီးသန့်လာသင်ကြတယ် … ဗမာပြည်က ရှိတော့ရှိတယ် ရှားတယ် ….