ညစာ စားမှု
သာသနာတော်နှစ် ၁၀၀၊ ခရစ်မပေါ်မီ ( ဘီ၊စီ ) ၃၈ရ အရောက်မှာ
ဘုရားရှင်ဟောကြားခဲ့တဲ့ ပိဋကတ်တရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့ပွဲကို
ကျင်းပရပြန်တယ်။ ဒုတိယအကြိမ်မြောက် စုပေါင်းရွတ်ဖတ်တဲ့ပွဲဖြစ်လို့
ဒုတိယသံဂါယနာတင်ပွဲလို့ခေါ်တယ်။
(ဒုတိယ – နှစ်ကြိမ်မြောက်၊ သံ – စုပေါင်း၍၊ ဂါယနာ – ရွတ်ဖတ်ခြင်း။)
ဒုတိယသံဂါယနာတင်ပွဲကျင်းပရခြင်းအကြောင်းက
အဲ့ဒီခေတ် အဲ့ဒီအခါက အိန္ဒိယနိုင်ငံ ဝေသာလီပြည် ဝဇ္ဇီတိုင်းမှာ
မှီတင်းနေထိုင်ကြတဲ့ဘုန်းကြီးတွေက
ဘုရားရှင်ပညတ်ခဲ့တဲ့ဝိနည်းစည်းကမ်းတွေကို
ကိုယ်လိုသလို ကိုယ်ထင်သလို ကမောက်ကမအဓိပ္ပါယ်ဖွင့်ဆိုပြီး
လိုက်နာကျင့်သုံးနေကြလို့ဘဲ။
ဥပမာ
နေမွန်းတဲ့ပြီးနောက် ဆွမ်းစတဲ့ဘောဇဉ်အာဟာရကို မစားရဘူးလို့
ဘုရားရှင်က သိက္ခာပုဒ်စည်းကမ်းသတ်မှတ်ထားပါတယ်။
နေမွန်းတည့်ဆိုတာက နေထွက်တဲ့အခါ အပြင်ထွက်ရပ်လိုက်ရင်
နေ ကိုယ့်ဦးခေါင်းပေါ်တည့်တည့်ရောက်နေတဲ့အချိန်ကို ပြောတာ။
နေကိုယ့်ဦးခေါင်းပေါ်တည့်တည့်ရောက်နေတဲ့အချိန်မှာ
ကိုယ့်အရိပ်က ကိုယ့်အောက်တည့်တည့်မှာ ရှိနေတယ်။
အဲ့လို ကိုယ့်အရိပ်က ကိုယ့်အောက်တည့်တည့်မှာ ရောက်နေတဲ့အချိန်အထိ
ဆွမ်းစတဲ့ဘောဇဉ်အာဟာရကို ဘုန်းကြီးတွေ စားခွင့်ရှိပါတယ်။
အရိပ်နည်းနည်းလေး ကျော်လွန်သွားတာနဲ့
(ဝါ) နေမွန်းလွဲသွားတာနဲ့ နေစောင်းသွားတာနဲ့ ဘာမှ စားခွင့်မရှိတော့ပါဘူး။
(အခုခေတ် စက်နာရီတွေသုံးတဲ့အချိန်ဆိုရင် နေ့ ၁၂ နာရီတိတိပေါ့။)
ဒါကို အဲ့ဒီခေတ်က ဝဇ္ဇီတိုင်းသားဘုန်းကြီးတွေက
မွန်းတည့်ပြီးနောက် နေရိပ်လက်နှစ်သစ်လွန်သည်အထိ
ရဟန်းများ ဆွမ်းစတဲ့ ဘောဇဉ် အဟာရကို
စားလို့ရတယ်၊ အပြစ်မရှိဘူးလို့ ပြင်ဆင်ကြတယ်။
ဒီလိုဝိနည်းသိက္ခာပုဒ်ပညတ်ချက်တွေကို လိုသလို ပြင်ဆင်ဖြည့်စွက်လို့
ဒုတိယသံဂါယနာတင်ရတာ။
ဒါနဲ့စပ်လို့ သူငယ်ချင်းဘုန်းကြီးတစ်ပါးပြောပြတာလေးကို သတိရမိတယ်။
သူ ထိုင်းနိုင်ငံကို ကိစ္စတစ်ခုနဲ့ သွားတယ်တဲ့။
ထိုင်းနိုင်ငံက ဘုန်းကြီးတွေရဲ့ အယူအဆက
ဆွမ်းစားနေချိန် ၁၂ နာရီကျော်လွန်သွားလဲ အပြစ်မဖြစ်ဘူးတဲ့။
ဆိုလိုတာက ၁၁ နာရီ ၄၅ မိနစ်ကစပြီး ဘုန်းကြီးတစ်ပါး ဆွမ်းစ စားတယ်။
ဆွမ်းစားတာကြာလို့ မွန်းလွဲ ၁ နာရီအထိ တစ်ထိုင်တည်း ထိုင်စားနေလဲ
ထိုင်းဘုန်းကြီးတွေ အယူအဆက အပြစ်မရှိဘူးတဲ့။
ဒါ သူငယ်ချင်းဘုန်းကြီး ထိုင်းနိုင်ငံသွားတုန်းက
သူတွေ့ခဲ့တဲ့ ဘုန်းကြီးတွေရဲ့ အယူအဆကို ပြောတာပါ။
ဘုန်းကြီးအကုန်လုံးတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။
တကယ်တော့ ဘယ်လိုပဲဖြစ်ဖြစ်၊
ဝိနည်းစာပေလာအရပြောရရင် နေ့ ၁၂ နာရီကျော်ရင် စားခွင့်မရှိပါဘူး။
ဒါကို ပုဂ္ဂိုလ်ရေးအရ ကိုယ်မလိုက်နာနိုင်လို့ ကိုယ်မကျင့်သုံးနိုင်လို့
စားလိုက စားပေါ့။ ဘုရားရှင်ပညတ်ခဲ့တဲ့ ဝိနည်းသိက္ခာပုဒ်ကိုတော့
ကိုယ်စားချင်တာနဲ့ ကိုယ်လိုချင်တဲ့အဓိပ္ပါယ်မျိုး ဖွင့်ဆိုခွင့်မရှိပါဘူး။
၂၀၀၃ – ခုနစ် ဝန်းကျင်ကာလတွေတုန်းက
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ (ယခု ဘုံဘေမြို့) မှာ
ပညာရေးကိစ္စနဲ့ သုံးနှစ်ကျော်ကြာ နေဘူးတယ်။
အဲ့ဒီမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ တွေ့ထိဆက်ဆံခွင့်ရတယ်။
သူတို့တတွေက ဗုဒ္ဓဘာသာဝင်သာဆိုတယ်။ ဗုဒ္ဓဘာသာအကြောင်း ဘာမှ မသိဘူး။
အခြေအနေအရ ဗုဒ္ဓဘာသာဖြစ်နေကြတယ်ဆိုပါတော့။
ဗုဒ္ဓဘာသာဝင်မိသားစုအချို့ တခါတရံ ဆွမ်းစားပင့်တတ်တယ်။
မနက်ဖန် မနက် ၁ဝ နာရီခွဲလောက် လာပင့်နိုင်ကြောင်း၊
၁၁ နာရီမှာ နေ့ဆွမ်းစားမယ်ဖြစ်ကြောင်း ဒီကပြောတော့
သူက
နေ့ဆွမ်းမကပ်ချင်ကြောင်း၊
သူတို့က နေ့လည်စာ ကောင်းကောင်းချက် မစားကြောင်း။
ညစာသာ ကောင်းကောင်းချက်စားကြောင်း၊
သူတို့ကောင်းကောင်းချက်စားတဲ့
ညစာအချိန်မှာသာ အိမ်ကို ဘုန်းကြီးတွေကို ပင့်ကပ်လိုကြောင်းပြောပါတယ်။
ဒီတော့ ဘုရားရှင်ပညတ်ချမှတ်ထားခဲ့တဲ့
ဝိနည်းသိက္ခာပုဒ်အကြောင်းကို ပြောပြရပါတယ်။
ရှိစေတော့။
ဘီစီ ၃၈ရ အရောက်မှာ (သာသနာနှစ် ၁၀၀) ခန့်အချိန်မှာ
ဝိနည်းလေးစားတဲ့ဘုန်းကြီးတွေက
ဝိနည်းသိက္ခာပုဒ်တွေကို လိုသလို ပြုပြင်ကျင့်သုံးမှုကို ပယ်ရှားလိုလို့
ဒီဒုတိယသံဂါယနာတင်ပွဲမှာ ရဟန္တာမထေရ်ပေါင်း (၇၀၀) ကျော်ပါဝင်ပြီး
(၈) လကြာ ဘုရားဟောပိဋကတ်တွေကို ရွတ်ဖတ်ခဲ့ကြတယ်တဲ့။
အဲ့ဒီအချိန်က ဝေသာလီပြည်ကို အုပ်ချုပ်နေတဲ့ ကာလာသောကမင်းကြီးက
သံဂါယနာတင်ပွဲပြီးစီးအောင်မြင်ဘို့ အစစအရာရာ
တာဝန်ယူစောင့်ရှောက်တယ်လို့ ဆိုပါတယ်။
6 comments
မိုက်ကယ်ဂျော်နီအောင်ပု
January 3, 2011 at 1:32 pm
ဝိနည်းဆိုတာကတော့ မြတ်စွာဘုရားရှင်က တပည့်သာဝကတွေအတွက်
ပညက်ပြဋ္ဌာန်းခဲ့တာပါဘဲ
ဒါပေမယ့် မြတ်စွာဘုရားရှင် ပရိတ်နိဗ္ဗာန်ပြုခါနည်းမှာ ပြင်လိုကပြင်ပါဆိုပြီးမှာကြားတော်မူခဲ့တာကတစ်ကြောင်းပါ
ထိုအကြောင်းကို အကြောင်းပြု၍လည်း ဂိုဏ်ကွဲဝိနည်းကွဲဖြစ်လာတယ်လို ့အထင်ရှိရပါတယ်(အထင်ပါ)
ဥပမာ လေးထောင့်စပ်သောသင်္ကန်းကို ဝတ်ရုံရမဲ့နေရာမှာ ရာသီဥတုကြောင့် (အေးလွန်းလို ့) ဘောင်းဘီတို ့
သုံးထည်ထက်ပိုသော ဝတ်ရုံကိုဝတ်တာတို ့ဖြစ်လာပုံလည်းရပါတယ်
ဒါကေတော့ ကာလ ဒေသ၏ အကြောင်းပါ
သံဂါယနာတင် ထားတဲ့ဝိနည်းတော်တွေကိုကြတော့ ထေရဝါဒ လို ့ဆိုကြပါတယ်
အဲ့သည်မှာဘဲ ကာလအလိုက် ဒေသအလိုက် လူတွေ(ရဟန်းများမဟုတ်)
ဝိနည်းနားလည်လာတဲ့အခါ(ကိုယ်တိုင်ကျင့်မဟုတ် စာဖတ်ပြီးစာတတ်) တော်တော် ပြဿနာတက်လာပါတယ်
တစ်ချို ့ရဟန်းတွေကြတော့ နားမလည်တာလား မလိုက်နာတာလားမသိတော့ပါ
အဲ့သည်မှာ လူတွေက ဘုန်းကြီးစာချလုပ်ကြတော့တာပါဘဲ အဲ့သည်မှာတင် ဘုန်းကြီးနဲ ့လူ နောင်ဂျိမ်ပလေးတယ်အထင်ရပါတယ်
မည်သို ့ဆိုစေ မတတ်နိုင်ရင် မလုပ်နဲ ့ပေါ့ တတ်နိုင်မှလုပ် ( လူအချို ့၏ အဆို)
ရဟန်းဘောင်ထဲကို ဝင်လျှင်ဝင်ခြင်း စည်းကမ်းတင်းကျပ်လွန်းလျှင် ရဟန်းငယ်များ သာသနာဘောင်မှာ ပျော်မွေ ့ဘို ့ခက်ခဲပါလိမ့်မည် (ထင့်မြင်ချက်)
အဘယ့်ကြောင့်ဆိုသော် ရဟန်းဘဝဖြင့် ကျင့်ကျံနေထိုင်အားထုပ်ရခြင်းသည် စာဖတ်ပြီးပြောတာလောက်မလွယ်ပါ
ဘယ်လိုဘဲဖြစ်ဖြစ် မရင့်ကျက်သေးခင်မှာ မထိမ်းသိမ်းနိုင်သေးတာက သဘာဝပါ
ဆရာတော်တစ်ပါးဟောတာကို မှတ်သားဘူးပါတယ် မင်းကွန်းဆရာတော်ကြီးလို ့အထင်ရပါတယ်
အာဏာပိုင်တစ်ယောက်က ဘောလုံးပွဲကြည့်တဲ့ ရဟန်းတွေကို အရေးယူမယ် ပြောတော့
ငါ့ကို အခု ဝေါနဲ ့ထမ်းပြီးပို ့လည်း ငါမသွားတော့ပါဘူး ( ဒါက ရင့်ကျက်ခြင်းကိုပြတာပါ)
ဆိုခြင်တာက ဝိနည်းဟာ ဝိနည်းပါဘဲ မြတ်စွာဘုရားရှင်ရဲ ့တရားတော်မြတ်တို ့ကို နေ ့တဓူဝ သင်ကြားပို ့ချ နေ ကြကုန်သော
သံဃာတော် အရှင်သူမြတ်တွေအနေနဲ ့သင်ကြားပို ့ချရင်း အသက်အရွယ် ရင့်ကျက်လာတဲ့အခါမှာတော့
မလွဲမသွေ တရားတော်ထဲမှာ မွေ ့လျှော်ပျော်ပိုက်နိုင်တဲ့အခြေနေကို ရောက်ကြမှာပါဘဲ
သို ့သော် အတိုင်းထက်အလွန် ဝိနည်းတော်နှင့် ဆန် ့ကျင်ခြင်းများကို ပြုလုပ်လာပါက
သက်ကြီး ဝါကြီး ပညာကြီးကုန်သော အရှင်သူမြတ်များကို လျှောက်ထားတင်ပြ၍သာ ဖြေရှင်းသင့်ပါသည်
( ရဟန်းများ အရာကို လူများက စာဖတ်ပြီး စွတ်ဖက်ခြင်းသည် မလျှော်ကန်ဟုအမြင်ရှိပါသည် )
ashinindaka
January 3, 2011 at 1:47 pm
ဒကာမိုက်ပြောချင်တာကို ဝါးတားတား နားလည်မိပါကြောင်း။
bigcat
January 4, 2011 at 1:10 am
ဒကာမိုက်က အရှင်ကြောင်ကြီး ကိုစာချနေသလား။
naywoonni
January 4, 2011 at 7:12 am
ဒကာမိုက် ပြောတာတွေ ဗွေမယူပါနဲ့ ဘုရား သူကဒီလိုပဲ
ဝိဝါဒ ကွဲပြားနေတာတွေတော့ ရှိတယ်ဘုရား ။ ဒါဟာလည်း အားလုံးက ပြုပြင်ကြမှဖြစ်မှာပါ
မိုက်ကယ်ဂျော်နီအောင်ပု
January 4, 2011 at 9:12 am
ဟဲဟဲဟဲ
ဘာရယ်ဟုတ်ပါဘူးဂျာ
ရွာထဲမှာ တိုင်းရေးပြည်ရေးတွေတိတ်ဆိတ်နေလို ့
ဘုန်းဘုန်းကျောင်းထဲဝင်ပြီး ကျောင်းအုပ်တံတိုင်းကို ထုံးသုတ်နေတာပါခင်ည
လာပြီး ရစ်သီရစ်သီ တော့မလုပ်ကြနဲ ့နော်
ထုံးနဲ ့ဖမ်းသုတ်လိုက်မယ် 🙂 🙂 🙂
monmon
January 5, 2011 at 1:03 pm
မြတ်စွာဘုရားက ဘာလို့ မွန်းလွဲညစာ မစားရဘူးလို့ ပညတ်ခဲ့တာပါလဲဘုရား….