Tibet ခရီးစဉ် (၃)
ဒီကနေ့မနက် ပိုတာလာကို သွားလည်ရမှာဖြစ်ပါတယ်။ မနက်စောစောစာကို ဟိုတယ်မှာပဲစားပြီး ဟိုတယ်ဧည့်ခန်းထဲကနေ လမ်းညွှန်ကောင်မလေးအလာကို စောင့်နေလိုက်ပါတယ်။ မနက် ၈ နာရီကျော်ကျော်လောက်မှာ သူရောက်လာပါတယ်။ ပိုတာလာက ကျွန်မတို့တည်းတဲ့ဟိုတယ်ကနေဆို တော်တော်လေးနီးပါတယ်။ တက်စီနဲ့သွားရင် ၁ဝ ရွမ်ပဲ ကျလို့ ကျွန်မတို့ကို တက်စီနဲ့ပဲ ခေါ်သွားပါတယ်။ ဟိုရောက်တော့ လက်မှတ်ဝယ်တဲ့ ဝင်ပေါက်ကနေ လက်မှတ်အရင်ဝယ်ရပါတယ်။ လက်မှတ်ဝယ်တာတောင်မှ ပက်ပို့စ်ကိုပြရပါတယ်။ လမ်းညွှန်က သူလိုက်ဝင်လို့မရဘူးလို့ပြောတယ်။ ကျွန်မတို့ကို ဝင်ပေါက်ကို လိုက်ပို့တယ်။ ဘယ်လိုသွားရမယ်ဆိုတာကိုရှင်းပြတယ်။ ဝင်ပေါက်နဲ့ ထွက်ပေါက်က မတူဘူး။ စစ်ဆေးရေးကလဲ လေဆိပ်ကထက်တောင် ပိုတင်းကြပ်နေပါသေးတယ်။ သောက်ရေဗူးအထဲကို ယူခွင့်မရှိဘူး။ တခြားမိတ်ကပ်နဲ့ပတ်သက်တဲ့ပစည်းမျိုးတွေလဲ မယူရဘူး။ လမ်းညွှန်က ထွက်ပေါက်ကနေ ၁၁ နာရီမှာ စောင့်နေမယ်လို့ပြောပါတယ်။ သူ့ဖုန်းနံပါတ်ကိုလဲ ပေးထားတယ်။ ကျွန်မတို့က သူမပါလဲ ပြသနာမရှိပါဘူး။ သူရှင်းပြလဲ နားလည်တာမှမဟုတ်တာ။
တောင်ပေါ်ကို လမ်းလျှောက်ပြီး တက်ရတဲ့ ခရီးကလဲ မနဲဘူး။ မောလောက်အောင်လျှောက်ပြီးမှ ပိုတာလာထဲကို ဝင်ရမယ့် အပေါက်ကို ရောက်ပါတယ်။ ညာဘက်မှာရှိတယ့် အဆောင်အဖြူအပေါက်ကနေ စဝင်ရပါတယ်။ အဆောက်အဦးကြီးကို အနီးကပ်မြင်လိုက်ရတော့ ကြီးကျယ်ခန်းနားလိုက်တာလို့ ခံစားမိလိုက်တယ်။ ဓါတ်ပုံတွေကို အဆောက်အဦးအပြင်ကနေ ရိုက်ခွင့်ရှိပေမယ့် အထဲမှာတော့ ရိုက်ခွင့်မရှိပါဘူး။ ကျွန်မတစ်သက် ရောက်ဖူးသမျှ အဆောက်အဦးတွေထဲမှာတော့ ကြီးကျယ်ခမ်းနားဆုံးပါပဲ။ ဗိသုကာလက်ရာနဲ့ ဆေးပန်းချီတွေက အံ့မခန်းပါပဲ။ သမိုင်းကို တိတိကျကျဖော်ပြနေတဲ့ ရုပ်ထုကြီးတွေနဲ့ ရှေးဟောင်းပစည်းတွေ အများကြီးပဲရှိတယ်။ တခြားအဖွဲ့က လမ်းညွှန်က အထဲကိုလိုက်လာလို့ သူတို့နောက်ကနေ မယောင်မလည်နဲ့လိုက်သွားရင်း သူရှင်းပြတာတစ်ချို့ကို နားထောင်ခဲ့ရပါတယ်။
ပိုတာလာကတော့ တိဗက်ရဲ့ရှေးဟောင်းဗိသုကာလက်ရာကို မြင်သာထင်ရှားစေပါတယ်။ ပင်လင်ရေပြင်အထက် မီတာ ၃၇၀ဝ မှာရှိပြီး ဧရိယာ ၃၆ဝ ဝ၀ဝ စတုရန်းမီတာ၊ အရှေကနေအနောက်ကို ၃၆ဝ မီတာနဲ့ တောင်ကနေ မြောက်ကို ၂၇ဝ မီတာရှိပါတယ်။ အထပ်ပေါင်း ၁၃ ထပ်ရှိပြီး ၁၁ရ မီတာ မြင့်ပါတယ်။ ယခုတွေ့ရတဲ့ ပိုတာလာနန်းတော်က ပဥမမြောက် ဒလိုင်းလားမားခေတ် ၁ရ ရာစုမှာ ပြန်လည်တည်ဆောက်ထားတာဖြစ်ပါတယ်။ ရာစုနှစ် ၃ ခု တိုင်အောင် ဒလိုင်းလားမားမှာနေထိုင်ခဲ့ပြီး သူတို့အလုပ်လုပ်ခဲ့တဲ့ မှတ်တမ်းတွေနဲ့ အောင်မြင်မှုတွေအမှတ်တရရှိနေပါသေးတယ်။
ကျောက်တုံးနဲ့ သစ်သားကိုအသုံးပြုပြီးတည်ဆောက်ထားပြီး အလယ်မှာ အနီရောင်နန်းတော်နဲ့ ဘေး ၂ ဖက်မှာ အဖြူရောင်နန်းတောင် ၂ ခု ရှိပါတယ်။ အလယ်က အနီရောင်အဆောင်ကြီးက ဘုရားရှိခိုးတဲ့နေရာဖြစ်ပြီး ဆင်းတုတော်ပေါင်းများစွာရှိပါတယ်။ အဖြူရောင်အဆောင်ဘက်မှာ ဒလိုင်းလားမားအဆက်ဆက်နေထိုင်ခဲ့တာ ၅ ဆက်မြောက်ကနေ ၁၃ ဆက်မြောက်အထိဖြစ်ပါတယ်။ ရုပ်ပွားတော်တွေ၊ ကျောက်စာတွေ၊ ပေစာတွေ၊ ယဉ်ကျေးမှုတွေနဲ့ အလွန်ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခုဖြစ်ပါတယ်။ စိတ်ထဲမှာလဲ လာလည်မိတာ တန်လိုက်တာလို့ ခံစားမိပါတယ်။
ပိုတာလာအပေါ်ကနေ လာဆားမြို့တစ်မြို့လုံးကို လှမ်းမြင်ရပါတယ်။ အလွန်ခေတ်မီပြီး စနစ်တကျရှိနေတဲ့ မြို့ကလေးပါပဲ။ အစစအရာရာ တိုးတက်ခေတ်မီနေတာကတော့ ပြောမယုံ ကြုံဖူးမှသိဆိုသလိုပါပဲ။ နေ့တစ်ဝက်ပဲ ဖွင့်တဲ့နေရာမို့လို့ ကျွန်မတို့လဲ ဆက်နေလို့မရတော့လို့ ထွက်ပေါက်ဘက်ကနေ ပြန်ဆင်းလာကြရပါတယ်။
ကျွန်မတို့ ထွက်လာတော့ ထွက်ပေါက်မှာ လမ်းညွန်က စောင့်နေတယ်။ ပြီးတော့ အဲဒီနားက ကောဇောလုပ်တဲ့ စက်ရုံနဲ့ အရောင်းခန်းမကိုလိုက်ပြပါတယ်။ ကျွန်မတို့ဝယ်ရင် သူက ကော်မရှင်ရမယ်နဲ့တူပါတယ်။ ကောဇောလုပ်နည်းအဆင့်ဆင့်ကို ဝန်ထမ်းတစ်ယောက်က အသေးစိတ်လိုက်ရှင်းပြပါတယ်။ ပြီးတော့ အရောင်းခန်းမကို လိုက်ပြတော့ အရမ်းလက်ရာကောင်းတဲ့ ကော်ဇောတွေကို တွေ့ခဲ့ရတယ်။ ဈေးနှုန်းကလဲ ကြောက်စရာ လန့်စရာတွေပေါ့။ လူတစ်ယောက်တရားထိုင်ဖို့ အနေကထိုင်စာလောက်လေးတစ်ခုတောင် တရုတ်ငွေ တစ်ထောင်ကျော်ဆိုတော့ ကျွန်မတို့နဲ့ ဘယ်လိုမှမအပ်စပ်တဲ့ ပစည်းတွေပေါ့။ ဒါပေမယ့်လဲ ခပ်တည်တည်နဲ့ အရောင်းခန်းမကြီးတစ်ခုလုံးကို မြင်ဖူးအောင်လိုက်ကြည့်လိုက်ပါတယ်။
အဲဒီက ထွက်လာတော့ နေ့ခင်း ၁၂ နာရီလောက်ဖြစ်နေပါပြီ။ လမ်းညွှန်က အဲဒီပတ်ဝန်းကျင်မှာ နေ့လည်စာစားဖို့ပြောပါတယ်။ ပြီးရင် ဈေးတစ်ခုကိုလိုက်ပို့မယ်။ အဲဒါပြီးရင်တော့ ကိုယ်ပိုင်အချိန်တဲ့။ အဲဒါနဲ့ ပိုတာလာကြီးကို မကျေပွဲနွှဲတဲ့အနေနဲ့ အောက်ခြေကနေ တစ်ပတ်ပတ်ကြပါတယ်။ ဘေးပတ်ပတ်လည်မှာ ကြေးနဲ့လုပ်ထားတဲ့ခေါင်းလောင်းတွေ အများကြီးပဲ။ တိဗက်လူမျိုးတွေက ခေါင်းလောင်းကို လက်နဲ့လှည့်ပြီး အသံမြည်အောင်လုပ်ပါတယ်။ တစ်ပတ်လုံးကို ခေါင်းလောင်းတွေနဲ့ အပြည့်ပတ်ထားတယ်။ ဘုရားရှိခိုးရင်း ခေါင်းလောင်းတွေကို လှည့်သွားကြပါတယ်။ အောက်ခြေက ပတ်တာတောင် တော်တော်ခြေတိုပါတယ်။ ပန်းခြံနဲ့ သာယာသလို မြင်ကွင်းပေါင်းစုံကနေ မြင်ရလို့ ကြည်နူးစရာပါ။ ရာသီဥတုကလဲ အေးနေတော့ သိပ်တော့မပင်ပန်းပါဘူး။ လျှောက်ရင်းနဲ့ ဗိုက်ဆာလာတော့ တိဗက်စတိုင် ဆိုင်တစ်ဆိုင်ကိုဝင်ပြီး စားလို့ရမယ်လို့ ထင်တာကို မှာပြီးစားကြည့်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုမှ စားလို့မရအောင် အမဲဆီနံ့ရယ် ငရုတ်သီးအစပ်ရယ်က တော်တော်လေးဆိုးပါတယ်။ အဲဒါနဲ့ နေ့လည်စာ အငတ်ခံလိုက်ရတယ်။ အအေးနဲ့ သစ်သီးပဲ ဝယ်စားပြီး လမ်းညွှန်လိုက်ပို့တယ့် တိဗက်ဈေးကို သွားကြပါတယ်။
ဈေးက အစုံရောင်းတဲ့ဈေးပါ။ ကျွန်မတို့အနေနဲ့က နောက်ထပ်ခရီးဆက်စရာတွေအများကြီးရှိသေးလို့ ဘာပစည်းမှ ဝယ်ချင်စိတ်မရှိပါဘူး။ အသုံးလဲ မလိုဘူးလေ။ လက်ဆောင်ပစ္စည်းသီးသန့်ရောင်းတဲ့ဆိုင်တွေက မနေ့က သွားခဲ့တဲ့ ဂျိုခန်းဘုရားကျောင်းနားမှာတွေ့ထားတော့ အဲဒီကိုနောက်တစ်ခေါက်ထပ်သွားပြီး ဝယ်မယ်လို့ ဆုံးဖြတ်ကြပြီး ဈေးထဲကိုတော့ ရောက်ဖူးတယ်ရှိအောင် ပတ်ကြည့်ခဲ့ပါတယ်။ လျှောက်ကြည့်ပြီး တော်တော်ညောင်းတော့ ကျွန်မတို့လဲ ပြန်နားချင်တာနဲ့ ဟိုတယ်ကို ပြန်လာကြပါတယ်။ ညနေခင်း ခဏလောက် အခန်းထဲမှာနားပြီး ညနေစာကို အပြင်က ဆိုင်တစ်ဆိုင်မှာ သွားစားကြတယ်။ နောက်နေ့ ဧဝရတ်တောင်ခြေကို ခရီးထွက်ဖု့ိလိုအပ်တာတွေကို ပြင်ဆင်ကြရပါတော့တယ် …….
9 comments
weiwei
January 3, 2011 at 1:38 pm
ကောဇောလုပ်တဲ့လုပ်ငန်းနဲ့ အရောင်းခန်းမဓါတ်ပုံတွေကို သီးသန့်ပို့စ်နဲ့ တင်ပေးပါ့မယ် …
မြို့မြင်ကွင်းကိုတော့ မနေ့က အရင် တင်ထားလိုက်ပါတယ် ….
bigcat
January 4, 2011 at 1:19 am
တိဘက်ဒေသကို ဖရီးတိဘက်ဆိုတဲ့ စာလုံးပါတဲ့ တီရှပ်တွေအင်ပို့လုပ်ချင်လို့ တဆိတ်လောက် စုံစမ်းပေးပါ။ ကော်မရှင်၁၀%ပေးမည်။
kai
January 4, 2011 at 5:18 am
Free Tibet ဆိုတာလေးတွေ့တော့ .. Free Burma ကို သတိရပါတယ်..။
တိဘက်က တရုတ်လက်အောက်ရောက်နေ(ဆဲ)ကာလမို ့… ဖရီးတိဘက်တာပါ..။
အရင်ကတော့ ..တရုတ်ပြည်တစိတ်တပိုင်းကလည်း … တိဘက်အောက်ရောက်ခဲ့ဖူးတယ်တဲ့..။ ဗုံလုံတလှည့်..ငါးပျံတလှည့်တဲ့လေ..။
အဲဒါကို ဒို့မြန်မာတွေ အတုယူပြီးစာလုံးခိုးချထားတာလို့ … နိုင်ငံရေးသမားတဦးကဆိုပါတယ်..။
စစ်ကျွန်လက်အောက်က လွတ်အောင်ပေါ့..။
ထားပါတော့..
ပြောချင်တာက… တိဘက်ကိုယ်နှိုက်က … တကယ်ကို ဖရီးတိဘက်လုပ်ချင်ပုံမရဘူးလို့ … သတင်းတွေကဆိုပါတယ်..။ ဒလိုင်လာမားကိုယ်တိုင်လည်း.. အဲဒီလေသံနည်းနည်းပေါက်လာနေသလားလို့..တွေးမိတာပါပဲ..။
ချမ်းသာလာတဲ့တရုတ်ကြီးမှီစားနေရတာက ..ပိုသက်သာသတဲ့လေ..။
အဲဒါ….
မဝေအဲဒီရောက်တုံး… အဲဒီတိုင်းရင်းသားဒေသခံ…လူအခြေအနေတွေကြည့်ပြီး အကဲခတ်နိုင်ခဲ့မလားပါပဲ..။
အကဲခတ်နိုင်ခဲ့တယ်ဆိုရင်… တခုခုတော့ ..သိချင်သား..။
နောက်တခုက..
မြန်မာပြည်ကို ..ရောက်နေတဲ့.. ဝိပဿနာကျင့်တာရဲ့ အော်ရီဂျင်နယ်ကို … တိဘက်ဘုန်းကြီးတပါးက..မြန်မာပြည်ကို တင်သွင်းလာတာလို့ ..စာတပုဒ်မှာဖတ်ဖူးပါတယ်..။ ဘွဲ ့အမည် မမှတ်မိတော့ဘူး..။
မြန်မာပြည်ကတဆင့်မှ ..သီဟိုကို ..သွားခဲ့တယ်လို့ မှတ်မိပါတယ်..။
အနာဂါမ်ဆရာသက်ကြီးတို့.. ဆရာကြီးဦးဘခင်..တို့…ရဲ့ ..ဝိပဿနာကျင့်နည်းက ..အဲဒီနည်းပါတဲ့..။
ထားပါတော့..
အဲဒီ တိဘက်မှာ … ဝိပဿနာနဲ့တူတဲ့ ကျင့်တာလေးတခုခုများ … တွေ့မိသလားလို့..။ ရောက်တုံး..အဲတာလေး..သတိထားမိသလား… သိချင်သား…။
weiwei
January 4, 2011 at 5:18 am
တီရှပ်နဲ့ တိဗက်ဒေသက သီလရှင်နဲ့ ဘီးလို ဖြစ်နေပါလိမ့်မယ် …. 😛
kai
January 4, 2011 at 5:22 am
ဘုန်းကြီးနဲ့ ဘီးက … အတွဲအမှန်ပေါ.့.။
သီလရှင်နဲ့တော့ … အခုမှ ဖတ်မိလိုက်တယ်..။
သီလရှင်ခမျာလည်း … ဆံပင်မရှိဘူးဆိုတော့လည်း… ဟုတ်ပေးသားပဲ..ပြောရမလားပဲ..။
ဒါပေမဲ့..သီလရှင်မှာ.. ဘုရားကကန့်သတ်ထားတဲ့… ဝိနည်းမရှိဘူးနော..။
လုပ်ချင်တာလုပ်လို့ရတယ်..။
ဆိုလိုတာက… အနွေးထည်အပေါ်မှာ… တီရှပ်ထပ်ဝတ်ပေါ့..။
weiwei
January 4, 2011 at 5:29 am
ကျွန်မတို့ သွားတဲ့အချိန်ကတော့ အရေးအခင်းဖြစ်ထားကာစအချိန်ဆိုတော့ အားလုံးစစ်တပ်အစောင့်အရှောက်တွေ တွေ့ခဲ့ရတယ် … မြို့ခံအနေနဲ့လဲ လမ်းညွှန်ကောင်မလေးတစ်ယောက်နဲ့ပဲ သိခဲ့ရတော့ သိပ်သတိမထားမိဘူး …
ဘာသာရေးနဲ့ ပတ်သက်တာလဲ ဘုန်းကြီးတွေ ဘုရားရှိခိုးနေတာတွေလောက်ပဲ မြင်ခဲ့ရတယ် … ပါဌိအသံထွက်က ဗမာပြည်က ရွတ်နေခဲ့ ဘုရားစာတွေလိုပါပဲ …
အယူသီးတဲ့လူမျိုးတွေပေမယ့် တော်တော်ခေတ်မှီနေကြပါပြီ …
ကျွန်မစိတ်ထဲမှာတော့ အဲဒီဒေသကို သဘောကျတယ် … ယဉ်ကျေးမှု ခိုင်ခိုင်မာမာရှိတယ် … တော်တော်လဲ လှတယ် … အခုဆိုရင် တရုတ်ပြည်မကလူတွေ ခရီးသွားအများဆုံးဒေသတစ်ခုဖြစ်နေပြီ … ဟိုတလောက ဗမာပြည်က အဖွဲ့တစ်ဖွဲ့တောင် သွားကြသေးတယ် …
weiwei
January 4, 2011 at 5:38 am
တော်တော့်ကိုအေးတဲ့ဒေသ …. တစ်နှစ်လုံး ရေခဲနေတဲ့နေရာမှာ အနွေးထည်ဆိုတာက အကြီးကြီး အထူကြီးတွေဝတ်ရတာ … တီရှပ်ထပ်ဝတ်လို့မရဘူး … 😛
weiwei
January 4, 2011 at 8:18 am
အခု တရုတ်ပြည်က တော်တော်တိုးတက်နေတယ် … နိုင်ငံခြားသားတွေကို အလုပ်ခန့်တာတွေတွေ့ရတယ် .. ဗမာတစ်ချို့လဲ ရှိတယ် … ဒီကလစာကတော့ သိပ်မများဘူး … စရိတ်ကလဲ နဲတာကိုး …
ဒီမှာတင် ဘွဲ့ရရင်တော့ အလုပ်ရဖို့ ပိုသေချာတယ် …
တိဗက်ခရီးသွားကို အခုသေချာပြန်ရေးတာက မှတ်တမ်းကျန်ခဲ့အောင်လို့ပါ … အဲဒီခရီးစဉ်က စိတ်ခံစားမှုအပိုင်းမှာ တော်တော်ထူးခြားတယ် … စာလုံးနဲ့ပေါ်အောင် မရေးနိုင်လို့ ကျွန်မသူငယ်ချင်းက တော်တော်အားမရဖြစ်နေတယ် … အပိုင်း (၄) (၅) (၆) (၇) ကိုတော့ သူနဲ့တိုင်ပင်ပြီး ပိုကောင်းအောင်ရေးမယ်လို့ စိတ်ကူးထားပါတယ် …
ဆူး
January 8, 2011 at 3:38 pm
အားပေးနေပါတယ်။ ကြိုးစားပါ။ ဆက်ရေးပါ။ မရောက်ဘူးတဲ့ နေရာ ရောက်တော့လည်း ဗဟုသုတ တိုးတာပေါ့