စီးပွားရေးပိတ်ဆို ့ ဒဏ်ခတ်မှု လုပ်ရတဲ့ အကြောင်းရင်းတွေကို သိဖို ့လိုတယ်

ၾကယ္ေလးJanuary 9, 20111min1743

အာဏာရှင်တို့၏ စီးပွားရေးတလွဲတချော်စီမံခန့်ခွဲမှု နှင့် နိုင်ငံအချို့၏ ချော့မြှူရေးပေါ်လစီကို လျစ်လျူရှုကာ၊ အာဟာရ ချို့တဲ့နေသည့် ကလေးသူငယ်များ၊ သန်းနှင့်ချီသည့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များကို လက်ညှိုးထိုးပြီး မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကို အပြစ်ဆိုချင်သူများ ရှိနေပါသည်။ သို့ရာတွင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနှင့် မြန်မာနိုင်ငံအကြောင်းပြောရာတွင် ပညာရှင်အမြင်၊ စစ်အစိုးရဘက်မှ ရှေ့နေလိုက်သူများအမြင်နှင့် စီးပွားရေးသမားများဘက်မှ ရှေ့နေလိုက်သူများအမြင်တို့မှာ နိုင်ငံရေးအမြင်နှင့် အကြီးအကျယ် ကွဲလွဲနေပါသည်။

နှစ်ပတ်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ နှစ်ကြိမ်-သုံးကြိမ်သွားရောက်၊ အင်္ဂလိပ်စကားပြောတတ်သည့် မြန်မာလူမျိုးအနည်းငယ်ကို အင်တာဗျူးပြီး ရေးထုတ်လိုက်သည့်စာတမ်းများမှာ မည်သို့အဆင့်ရှိမည်ကို နားလည်ယူနိုင်သည်။ တချိန်တည်းတွင် နိုင်ငံရေးနောက်ခံရှိသူ သို့မဟုတ် မရှိသူ အဆင့်မြင့်ပညာတတ် မြန်မာပြည်သားများကလည်း စစ်အုပ်စုအတွက် လျှောက်လဲချက်ပေးနေကြသည်။ မည်သို့ပင်ရှိစေ ဗိုလ်ချုပ်ကြီးနေဝင်း ပြုတ်ကျသွားချိန်နှင့် စစ်ထောက်လှမ်း ရေးမှူးချုပ် ခင်ညွန့် ပြုတ်ကျသွားချိန်များတွင် အလားတူ မြန်မာလူမျိုးအများအပြား မြောင်းထဲရောက်သွားခဲ့သည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုများ ဘာကြောင့်ချမှတ်ထားပါသနည်း။

အကြောင်းတရားများမှာ …

(၁) ၁၉၈၈ ခုက ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြပွဲများကို ရက်စက်ကြမ်းကြုတ်စွာနှိမ်နင်းခဲ့မှု၊

(၂) ၁၉၈၈ ခုနောက်ပိုင်း လူ့အခွင့်အရေးဖောက်ဖျက်မှုများ၊

(၃) ၁၉၉၆ ခုတွင် နိုင်ငံခြားသံတမန်တဦးကို အကျဉ်းထောင်တွင်း၌ သတ်ဖြတ်ပစ်မှု၊

(၄) အိုင်အယ်လ်အိုမှ မှတ်တမ်းယူထားသည့် ၂ဝဝ၁ ခုနောက်ပိုင်း အဓမ္မလုပ်အားပေးစေခိုင်းမှုများ၊

(၅) ၂ဝဝ၃ ခုနောက်ပိုင်း ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးရငွေများကို တရားဝင်စီးပွားရေးထဲသွင်းမှုများ၊

(၆) ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ထပ်ခါတလဲလဲ ဖမ်းဆီးထိန်းသိမ်းမှုများ၊

(၇) ၂ဝဝ၃ ခု ဒီပဲယင်းလူသတ်ပွဲ၊

(၈) ၂ဝဝရ ခု သံဃာတော်များဦးဆောင်သည့် ဆန္ဒပြပွဲကို ရက်စက်စွာနှိမ်နင်းမှု တို့ဖြစ်ပါသည်။

နိုင်ငံအနှံ့ဖြစ်ပွားခဲ့သည့် ၈ လေးလုံးအရေးတော်ပုံကို ရက်ရက်စက်စက်ပစ်ခတ်နှိမ်နင်းခဲ့သည့်အခါ တာဝန်သိနိုင်ငံ အားလုံးက ပြစ်တင်ရှုတ်ချခြင်း၊ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခြင်း၊ ကန့်သတ်ခြင်း စသည့် သင့်လျော်ပြီး ဖြစ်နိုင်ခြေရှိသော ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။ ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်တို့က မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ၁၉၉၂ ခုမှ ၂ဝ၁ဝ ခုအထိ နှစ်စဉ်နှစ်တိုင်း ချမှတ်ခဲ့သည်။

၁၉၉၆ ခု ဇွန်လ ၂၂ ရက်တွင် ဒိန်းမတ်၊ နော်ဝေ၊ ဖင်လန်၊ ဆွီဒင် နှင့် ဆွစ်ဇာလန်နိုင်ငံများ၏ ကောင်စစ်ဝန် ဂျိမ်းလင် ဒါနစ်ခိုးလ်ကို မိတ္တူပို့စက် (ဖက်စ်စက်) လက်ဝယ်တွေ့ရှိမှု ဟူသောရာဇဝတ်မှုဖြင့် မြန်မာနိုင်ငံက ဖမ်းဆီးအကျဉ်းချပြီး နှိပ်စက်ညှဉ်းပန်းခဲ့၍ သေဆုံးသွားခဲ့သည်။ ၁၉၉၆ ခု ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စက်မှု တက္က သိုလ်တို့မှ ကျောင်းသားတထောင်ကျော် ဆန္ဒပြခဲ့ရာ ရာနှင့်ချီ၍အဖမ်းခံရပြီး ကျောင်းအားလုံး ပိတ်ပစ်ခဲ့သည်။

ကားလ်စ်ဘဂ်ကုမ္ပဏီ (ဒိန်းမတ်နိုင်ငံ) က ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး ဟင်နီကင် ကုမ္ပဏီ (နယ် သာလန်) က မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၃ဝ ရင်းနှီးထားမှုမှ ဆုတ်ခွာကြောင်း ကြေညာခဲ့သည်။ ၁၉၉ရ ဇန်နဝါရီ ၂၈ ရက်တွင် ကိုဒတ်၊ အက်ပယ်လ်၊ ဝေါ့လ်ဒစ်စနီ နှင့် ပက်ပ်ဆီကုမ္ပဏီများက မြန်မာနိုင်ငံမှ လုံးဝ ရုပ်သိမ်းကြောင်း ကြေညာခဲ့ကြသည်။

ဥရောပသမဂ္ဂက ၁၉၉၆ ခု အောက်တိုဘာလတွင် မြန်မာနိုင်ငံအပေါ် လက်နက်ပိတ်ဆို့မှုကိုလည်းကောင်း၊ ဘုံရပ် တည်ချက်ကိုလည်းကောင်း သဘောတူချမှတ်ခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံအပေါ် အီးယူ၏ဘုံရပ်တည်ချက်ထဲတွင် လက်နက်များနှင့် လက်နက်နည်းပညာများ ရောင်းချမှု သို့မဟုတ် လွှဲပြောင်းပေးမှုကို တားမြစ်ခြင်း၊ စစ်အစိုးရအဖွဲ့ဝင် များ မိသားစုများ လက်ဝေခံအပေါင်းအသင်းများအပေါ် ဗီဇာကန့်သတ်ခြင်း၊ စစ်အစိုးရအရာရှိများ၏ ပင်လယ်ရပ်ခြား ပိုင်ဆိုင်မှုများကို ပိတ်ဆို့ထိန်းချုပ်ခြင်းများ ပါဝင်ခဲ့သည်။

၁၉၉၆ ခု စက်တင်ဘာ ၃ဝ ရက်တွင် အမေရိကန်သမတ ကလင်တန်က ၁၉၉ရ နိုင်ငံခြားလုပ်ငန်းခန့်ခွဲမှု ဥပဒေကြမ်း ကို လက်မှတ်ထိုးအတည်ပြုပြီး ကယ်ဆယ်ရေးအကူအညီနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးရည်ရွယ်ချက်မှလွဲ၍ မြန်မာ နိုင်ငံသို့ အမေရိကန်၏အကူအညီကို တားမြစ်လိုက်သည်။ အီးယူမှကျောထောက်နောက်ခံပေးထားသည့် လေ့လာချက်တခုအရ မြန်မာပြည်တွင် အဓမ္မလုပ်အားပေးစေခိုင်းခံရသူ ၈ဝဝဝဝဝ (ရှစ်သိန်း) ရှိနေကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး နောက် ၁၉၉ရ ခု မတ်လ ၂၅ ရက်တွင် အီးယူနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံအတွက် အထွေထွေဦးစားပေး စနစ် GSP အကျိုးခံစားခွင့်များကို ပယ်ဖျက်ပစ်ဖို့ မဲပေးဆုံးဖြတ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ တိုးတက်မှု ကင်းမဲ့နေခြင်းကို ထောက်ပြလျက် ကနေဒါနိုင်ငံကလည်း ၁၉၉ရ ခု ဇူလိုင် ၂၈ ရက်တွင် မြန်မာနိုင်ငံအတွက် GSP အကျိုးခံစားခွင့်များကို ဖယ်ရှားပစ်ခဲ့သည်။

၁၉၉ရ ခု စက်တင်ဘာ ၂၃ ရက်တွင် တက်ဆာကို (အမေရိကန်ရေနံကုမ္ပဏီ) က မြန်မာနိုင်ငံရှိ ရဲတံခွန်ရေနံနှင့် သ ဘာဝဓာတ်ငွေ့မြေမှ ¤င်း၏ရှယ်ယာ ၄၂. ၉% ကို ပက်ထရိုးနာ့စ် (မလေးရှားကုမ္ပဏီ) နှင့် ပရီမီယာရေနံ (ဗြိတိသျှ ကုမ္ပ ဏီ) သို့ ဒေါ်လာသန်း ၂၆ဝ ဖြင့် ရောင်းပစ်ခဲ့သည်။ မြန်မာနိုင်ငံက ယခင်ချေးငွေများကို ပြန်မဆပ်သဖြင့် ၁၉၉၈ ခု စက်တင်ဘာ ၄ ရက်တွင် ကမ္ဘာ့ဘဏ်က မြန်မာပြည်နှင့် ဘဏ္ဍာရေးအဆက်အသွယ်များကို ဖြတ်တောက်လိုက်သည်။

၂ဝဝ၃ ခု မေလ ၃ဝ ရက်နေ့ညနေတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို ကြံ့ဖွတ်အသင်း၏ လက်ကိုင် တုတ်ဖြစ်သော စွမ်းအားရှင်များက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသည်။ နအဖက လူသတ် သမားများ၊ အကြမ်းဖက်မှုကျူးလွန်သူများကို အရေးယူမှုမရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသူ ၁၉ ဦးကိုသာ ဖမ်းဆီးထိန်း သိမ်းခဲ့ပြီး တနိုင်ငံလုံးရှိ အဲန်အယ်လ်ဒီပါတီရုံးများကိုလည်း ပိတ်ပစ်ခဲ့သည်။

၂ဝဝ၃ ခု ဇွန်လ ၆ ရက်နေ့တွင် အမေရိကန်သမတ ဘွတ်ရှ်အစိုးရက ကြံ့ဖွတ်အသင်းဝင်များကိုပါ ဗီဇာပိတ်ဆို့ လိုက် သည်။ ၂ဝဝ၃ ခု ဇွန်လ ၁၁ ရက်တွင် အမေရိကန်အထက်လွှတ်တော်က ‘၂ဝဝ၃ မြန်မာပြည်လွတ်လပ်ရေးနှင့် ဒီမိုက ရေစီအက်ဥပဒေ’ ကိုချမှတ်လိုက်ပြီး မြန်မာနိုင်ငံအနေဖြင့် အချက်အလက်အချို့ကို မဖြည့်ဆီးမချင်း မြန်မာနိုင်ငံမှ သွင်းကုန်အားလုံးကို တားမြစ်ခြင်း၊ မြန်မာစစ်အစိုးရ၏ပိုင်ဆိုင်မှုများ အစိုးရနှင့်ဆက်နွယ်သူများ၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ ထိန်းချုပ်ခြင်း၊ လက်ရှိဗီဇာတားမြစ်ချက်နှင့် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများမှ မြန်မာနိုင်ငံသို့ငွေချေးမှု တားမြစ်ချက်တို့ကို ဥပဒေအဖြစ်အသက်သွင်းခြင်းများ ပြုလုပ်လိုက်သည်။

၂ဝဝ၃ ခု ဇွန်လ ၁၆ ရက်တွင် အီးယူကောင်စီက ပစ်မှတ်ပုဂ္ဂိုလ်များစာရင်းကို တိုးချဲ့လိုက်ပြီး ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ဝန်ကြီးဟောင်းများနှင့် အထက်တန်းစစ်အရာရှိများ၏ မိသားစုဝင်များကို ထည့်သွင်းလိုက်သည်။ ၂ဝဝ၃ ခု ဇွန် ၂၄ ရက်တွင် ဂျပန်နိုင်ငံက စီးပွားရေးအကူအညီအားလုံးရပ်ဆိုင်းလိုက်ပြီး မြန်မာနိုင်ငံအတွက် လက်ရှိဆောင်ရွက်နေဆဲ စီမံကိန်းများမှလွဲ၍ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ ဦဗ အသစ်ပေးမှုကို ရပ်တန့်လိုက်သည်။ ၂ဝဝ၃ ခု ဇွန်လ ၂၅ ရက် တွင် အီးယူက ခရီးသွားလာရေးပိတ်ဆို့ဒဏ်ခတ်မှုကို တိုးချဲ့ကာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ အကြီးတန်းမန်နေ ဂျာများ၊ မြန်မာစစ်အစိုးရနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ထည့်သွင်းလိုက်သည်။

၂ဝဝ၃ ခု စက်တင်ဘာ ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မီးယပ်ရောဂါအတွက် အကြီးစားခွဲစိတ်ကုသမှု ခံ ယူခဲ့ပြီး ပြန်လည်နလံထသည့်အခါ အကျယ်ချုပ်ချမှတ်ခံခဲ့ရသည်။ ၂ဝဝ၃ ခု နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အမေရိကန်ပြည်ထောင်စု မျိုးချစ်အက်ဥပဒေ ပုဒ်မ ၃၁၁၁ အရ မြန်မာနိုင်ငံနှင့် မြန်မာဘဏ် နှစ်ခုကို ငွေမည်းခဝါချမှုအတွက် စိုးရိမ်ရသည့်အဆင့် သတ်မှတ်လိုက်သည်။ ၂ဝဝ၄ ခု အောက်တိုဘာ ၂၅ ရက်တွင် အီးယူကောင်စီက ခရီးသွားလာရေးပိတ်ပင်မှုကို တိုးချဲ့ကာ မြန်မာစစ်တပ်၏ အဆင့်နိမ့်အဖွဲ့ဝင်များကို ထည့်သွင်း လိုက်ပြီး မြန်မာနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာငွေချေးငှားမှု သို့မဟုတ် အကြွေးပေးမှုကို တားမြစ်လိုက် သည်။

ဆန္ဒပြ ဗုဒ္ဓဘာသာရဟန်းတော်များကို ၂ဝဝရ ခု စက်တင်ဘာလတွင် သွေးထွက်သံယိုနှိမ်နင်းခဲ့ပြီးနောက် ၂ဝဝ၈ ခု ဇူလိုင် ၂၉ ရက်တွင် စစ်အုပ်စု၏ ဒီမိုကရေစီဆန့်ကျင်ရေး JADE အက်ဥပဒေကို ချမှတ်လိုက်သည်။ ထိုကာလက ကျောက်မျက်ရတနာများသည် မြန်မာနိုင်ငံအတွက် ဝင်ငွေရရာ တတိယအကြီးဆုံးဇာစ်မြစ်ဖြစ်နေသောကြောင့် ယင်း သို့ ချမှတ်ခြင်းဖြစ်သည်။

ဩစတြေးလျနိုင်ငံသည် ၁၉၈၈ ခုကတည်းက ချမှတ်ခဲ့သည့် ကာကွယ်ရေးဆိုင်ရာပို့ကုန်များ တားမြစ်မှုနှင့် နောက် ပိုင်းတွင်ချမှတ်ခဲ့သည့် အကြီးတန်းစစ်အုပ်စုခေါင်းဆောင်များအပေါ် ဗီဇာကန့်သတ်မှုများကို ဆက်လက်ထိန်းထား လျက် ၂ဝဝရ ခု အောက်တိုဘာလတွင် မြန်မာစစ်ဗိုလ်ချုပ်များနှင့် မိသားစုများအပေါ် ဘဏ္ဍာရေးဒဏ်ခတ်ပိတ်ဆို့မှု များ ထုတ်ပြန်ကြေညာလိုက်သည်။ ကနေဒါနိုင်ငံကလည်း ၂ဝဝရ ခု နိုဝင်ဘာလတွင် စီးပွားရေးဒဏ်ခတ်အရေးယူမှု များ ချမှတ်လိုက်ပြီး လူသားချင်းစာနာရေးပစ္စည်းများမှလွဲ၍ မြန်မာနိုင်ငံဆိုင်ရာ ပို့ကုန်သွင်းကုန်များကို ပိတ်ပင်လိုက် သည်။

ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးဒဏ်ခတ်အရေးယူမှု။

– ဆင်းရဲမွဲတေမှုအတွက် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများကို အပြစ်တင်သူများရှိသည်။ သို့ရာတွင် မြန်မာနိုင်ငံ သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဟုဆိုသည့် တံခါးပိတ်စီးပွားရေးပေါ်လစီအောက်တွင် ၁၉၈ရ ခုကတည်းက ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ LDC ဖြစ်နေခဲ့ရာ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများထက် စောခဲ့ပြီး ယခုအနှစ် ၂ဝ ကြာ တံခါးဖွင့်ဈေး ကွက်စီးပွားရေး ဖြတ်သန်းခဲ့သော်လည်း LDC အဆင့်မှ မလွတ်မြောက် နိုင်ခဲ့ပေ။

– ဆူးအက်တူးမြောင်းကြောင့် အစောပိုင်းနှစ်ကာလများ၌ မြန်မာနိုင်ငံသည် ဆန်တင်ပို့မှုဖြင့် ချမ်းသာခဲ့ရာ သ ဘာဝသယံဇာတများမှာ မတို့ထိဘဲ ရှိခဲ့သည်။

– မြန်မာနိုင်ငံသည် ၂ဝဝ၇-၂ဝဝ၈ တွင် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၆ဝဝ ခန့်ရခဲ့သည်။ ရွှေဓာတ်ငွေ့သိုက်မှ နှစ် ၂ဝ စာချုပ်ဖြင့် ဒေါ်လာ သန်း ၂၄ဝဝဝ (တနှစ်လျှင် ဒေါ်လာ သန်း ၁၂ဝဝ) ရထားသည်။ (ကာကွယ်ရေးဝန်ကြီးဌာန စစ်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးက ၄ဝ%၊ စစ်အုပ်စုဘက် သားများက ၆ဝ% ပိုင်သည့်) ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက်က ကျောက်မျက်ရတနာရောင်းချမှု ၆ဝ% ကိုရရှိသည်။ ခြောက်လတကြိမ် ကျောက်မျက်ရောင်းချမှုမှ ဝင်ငွေ ဒေါ်လာသန်း ၁ဝဝ ခန့်ရသည်။

– နိုင်ငံခြားငွေအရံ ဒေါ်လာသန်း ၆ဝဝဝ ကျော်ရှိနေရာ မြန်မာနိုင်ငံတွင် ပြည်သူတို့၏ဘဝများကို ပြောင်းလဲသွား အောင် လုပ်နိုင်သည့် ဘဏ္ဍာရေးရင်းမြစ်များရှိနေသည်။ သို့သော် စစ်အုပ်စုသည် မြောက်ကိုးရီးယားအကူ အညီဖြင့် ဥမင်လှိုဏ်ခေါင်းကွန်ယက်ကြီးကို ဒေါ်လာသန်း ၃ဝဝဝ သုံးစွဲတည်ဆောက်နေသည်။ မြန်မာလေတပ်အတွက် ရုရှား လုပ် အမ်အိုင်ဂျီ-၂၉ လေယာဉ်များဝယ်ရန် ယူရိုငွေသန်း ၄ဝဝ သုံးခဲ့သည်။ သို့ရာတွင် ကျန်းမာရေးအတွက် အစိုးရအ သုံးစရိတ်မှာ ဂျီဒီပီ၏ ၁% မရှိဘဲ ပညာရေးအတွက်လည်း ၂% မရှိခဲ့ပေ။ တချိန်တည်းတွင် စစ်အသုံးစရိတ်မှာမူ (၂ဝဝ၃-၂ဝဝ၄ တွင်) ၄ဝ% ကျော်ခဲ့သည်။

– ဝီကီလိက်ကြေးနန်းများအရ စစ်အစိုးရသည် ရေနံနှင့်ဓာတ်ငွေ့မှ ဝင်ငွေများ တိုးတက်ရရှိခဲ့သော်လည်း မြန်မာ ပြည်သူတို့၏ဘဝကို တိုးတက်အောင် ဘာမှမလုပ်ခဲ့ကြောင်း တရုတ်သံအမတ်ကြီးကိုယ်တိုင် ၂ဝဝ၈ ခု ဇန်နဝါ ရီ ၁၈ ရက်တွင် ဝန်ခံခဲ့သည်။

ကျန်းမာရေးပညာရှင်များကလည်း စီးပွားရေးဒဏ်ခတ်မှု၏အကျိုးသက်ရောက်မှုကို ဆွေးနွေးငြင်းခုံကြပါသည်။ ပြင်း ထန်သည့် ဆင်ဆာဖြတ် စိစစ်မှုကြောင့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များသာမက စီးပွားရေးညွှန်ကိန်းများနှင့် ကျန်းမာရေးစာရင်းအင်းများအပါအဝင် အချက်အလက်အားလုံးကို အမြဲယုံကြည်နိုင်စွမ်းမရှိ သို့မဟုတ် အားကိုးနိုင်ခြင်း မရှိဖြစ်နေပါသည်။ စီးပွားရေးဒဏ်ခတ်မှုဆန့်ကျင်ရေးဂိုဏ်းသားများက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် ပြည် သူများ သေဆုံးနေရသည်ဟုဆိုသည်။ သို့သော် WHO/UNICEF မှအချက်အလက်များအရ ၅ နှစ်အောက် ကလေး သူငယ်သေဆုံးနှုန်းမှာ ၁၉၉ဝ ခုတွင် လူ ၁ဝဝဝ ၌ ၁၂ဝ-၁၃ဝ ရှိပြီး ၂ဝဝ၈ ခုတွင် ၉၇-၉၈ သို့ကျဆင်းသွားခဲ့သည်။

ဗဟိုစာရင်းအင်းအဖွဲ့၏ စာရင်းများအရလည်း ၅ နှစ်အောက် ကလေး-သူငယ်-မွေးကင်းစ သေပျောက်နှုန်းမှာ ၁၉၉ဝ အဆင့်နှင့်နှိုင်းစာလျှင် ကျဆင်းသွားသည်ကို ပြခဲ့သည်။ ဗီတာမင်အေ ဖြည့်စွက်တိုက်ကျွေးခြင်း အပါအဝင် ကာကွယ် ဆေးပေးမှုနှုန်း မြင့်တက်လာကြောင်း၊ လူ့သက်တမ်းမှာ ၅၉ နှစ်မှ ၆၂ နှစ်သို့ မြင့်တက်လာကြောင်း၊ အိတ်ချ်အိုင်ဗီ ဖြစ်ပွားမှုမှာ ၉ဝ စုနှစ်များနှောင်းပိုင်းတွင် ၁. ၅% မှ မကြာသေးမီနှစ်များအတွင်း ဝ ၇၄% သို့ ကျဆင်းသွားကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့လေ၏။

စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေးသမားများ ပြောသလို ယင်းဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ကလေးငယ်များသေဆုံးနေ သည်ဆိုပါက အထက်ပါကိန်းဂဏန်းများမှာ မယုံနိုင်စရာဖြစ်နေလေ၏။ စီးပွားရေးပိတ်ဆို့မှုများက ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်းကို ပျက်ပြားစေသည်ဖြစ်စေ၊ တိုးတက်စေသည်ဖြစ်စေ၊ ၂ဝဝဝ ခုနှစ်အစောပိုင်းမှစ၍ မြန်မာ ပြည်၏ ကျန်းမာရေးစနစ်မှာ ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၁၉၂ နိုင်ငံအနက် အဆင့် ၁၉ဝ ရှိသည်ဟု ကမ္ဘာ့ကျန်မာရေး အစီ ရင်ခံစာတွင် သတ်မှတ်ထားသည်။

၂ဝ၁ဝ ခု ကမ္ဘာ့ကျန်းမာရေးစာရင်းအင်းများတွင် ပါရှိသည့် မြန်မာနိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်ကို စာရင်းထဲတွင် ကပ် လျက်ရှိသည့် ‘မ’ နှင့်စသောနိုင်ငံတနိုင်ငံနှင့် နှိုင်းယှဉ်ကြည့်လျှင် စိတ်ဝင်စားစရာကောင်းလှပါသည်။

– ဂျီဒီပီ ထဲတွင် ကျန်းမာရေးအသုံးစရိတ်ရာခိုင်နှုန်း။ မိုဇမ်ဘစ် ၅. ၉ (၂ဝဝဝ ခုနှစ်)၊ မြန်မာ ၂. ၁ (၂ဝဝဝ ခုနှစ်) နှင့် ၁. ၉ (၂ဝဝရ ခုနှစ်)

– ကျန်းမာရေးအသုံးစရိတ်စုစုပေါင်းထဲတွင် အထွေထွေအစိုးရပိုင်း၏အသုံးစရိတ်ရာခိုင်နှုန်း၊ မိုဇမ်ဘစ် ၇၁. ၉ (၂ဝဝဝ ခုနှစ်) နှင့် ၇၁. ၈ (၂ဝဝရ ခုနှစ်)၊ မြန်မာ ၁၃. ၄ (၂ဝဝဝ ခုနှစ်) နှင့် ၁၁. ရ (၂ဝဝရ ခုနှစ်)

– ကျန်းမာရေးအသုံးစရိတ်စုစုပေါင်းထဲတွင် ပုဂ္ဂလိကပိုင်း၏အသုံးစရိတ်ရာခိုင်နှုန်း၊ မိုဇမ်ဘစ် ၂၈. ၁ (၂ဝဝဝ ခုနှစ်) နှင့် ၂၈. ၂ (၂ဝဝရ ခုနှစ်)၊ မြန်မာ ၈၆. ၆ (၂ဝဝဝ ခုနှစ်) နှင့် ၈၈. ၃ (၂ဝဝရ ခုနှစ်)

– အထွေထွေအစိုးရအသုံးစရိတ်စုစုပေါင်းထဲတွင် ကျန်းမာရေးအတွက် အသုံးစရိတ်ရာခိုင်နှုန်း၊ မိုဇမ်ဘစ် ၁၇. ၉ (၂ဝဝဝ ခုနှစ်) နှင့် ၁၂. ၆ (၂ဝဝရ ခုနှစ်)၊ မြန်မာ ၁. ၂ (၂ဝဝဝ ခုနှစ်) နှင့် ဝ. ၉ (၂ဝဝရ ခုနှစ်)

– ကျန်းမာရေးအသုံးစရိတ်စုစုပေါင်းထဲတွင် ပြင်ပရင်းမြစ်များပါဝင်မှုရာခိုင်နှုန်း၊ မိုဇမ်ဘစ် ၂၆. ၄ (၂ဝဝဝ ခုနှစ်) နှင့် ၅၇. ၈ (၂ဝဝရ ခုနှစ်)၊ မြန်မာ ၁. ၁ (၂ဝဝဝ ခုနှစ်) နှင့် ၇. ၆ (၂ဝဝရ ခုနှစ်)

မြန်မာနိုင်ငံနှင့် ပိုမိုတိုးမြှင့်ကုန်သွယ်ခြင်းသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဆီ ဦးတည်သွားဖို့ အလားအလာမရှိပေ။ အကြောင်းမှာ စီးပွားရေးလုပ်ငန်းအများစုကို စစ်အုပ်စုနှင့် လက်ဝေခံရောင်းရင်းများက ချုပ်ကိုင်ထားသော ကြောင့်ဖြစ် သည်။ ကုန်သွယ်ရေးတိုးမြှင့်မှုမှ ပေါက်ဖွားလာမည့် ဓနဥစ္စာများသည် သာမန်လူတန်းစားများထံ လျှံကျ စီးထွက်သွား လိမ့်မည်ဟု ယူဆစရာအကြောင်းမရှိပါ။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်သို့ အကြွေဆပ်ရန် ပျက်ကွက်ထားသဖြင့် နိုင်ငံ စုံ ဌာနစုံမှ ငွေချေးငှားမှုအကူအညီရဖို့ အရည်အချင်းမကိုက်ညီပေ။ သို့ဖြစ်၍ စစ်အစိုးရကိုယ်၌က စီးပွားရေးပိတ်ဆို့မှု များကို တကယ်တန်းချမှတ်ထားသူ ဖြစ်နေပါသည်။

စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အကျိုးပြုခဲ့သည်ဟူသောအဆိုမှာ လက်ခံနိုင်စရာဖြစ်သည်။ ၂ဝဝ၉ ခုနှစ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သူမ စာရေးပြီး စီးပွားရေးပိတ်ဆို့မှုများ ဖယ် ရှားရေးအတွက် ကူညီမည်ဟု ကမ်းလှမ်းခဲ့သည်။ သူမ လွတ်လာပြီးနောက်တွင် ‘ပြည်သူလူထုက စီးပွားရေးပိတ်ဆို့ မှုများကို တကယ်ဖယ်ရှားစေလိုလျှင် ကျမ စဉ်းစားပေးပါမည်’ ဟုပြောခဲ့သည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများဖယ်ရှားလိုက်လျှင် ဆန္ဒပြပွဲများကို မဖြိုခွင်း မနှိမ်နင်းတော့ဟု မည်သူက အာ မခံနိုင်မည်နည်း။ အဓမ္မလုပ်အားပေး လုပ်ရပ်များ မပြုလုပ်တော့ဟု မည်သူက အာမခံနိုင်မည်နည်း။ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ လုံးလုံးမရပ်သော်မှ လျော့ကျသွားပြီလား။ ၂ဝ၁ဝ ခု နိုဝင်ဘာ ၁၈ ရက်တွင် ကုလသမဂ္ဂ အထွေ ထွေညီလာခံ တတိယကော်မတီက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာဆုံးဖြတ်ချက်ကို အတည်ပြုချ မှတ်စဉ်က မြန်မာပြည်တွင် လူ့အခွင့်အရေးအခြေအနေ တိုးတက်လာပြီဟု ၁၉၂ နိုင်ငံထဲတွင် တနိုင်ငံကမှ မပြောခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည် နောက်ထပ်အတိုက်ခိုက်မခံရဖို့ သို့မဟုတ် အဖမ်းမခံရဖို့ သို့မဟုတ် လုပ်ကြံသတ်ဖြတ်မခံရဖို့ မည်သူက အာမခံနိုင်သနည်း။ ၂ဝဝ၃ ခု မေ ၃ဝ ရက် လူသတ်ပွဲကို စွမ်းအားရှင်အမည်ခံ၍ ကြံ့ဖွတ်အသင်းက စီစဉ် ကြီးမှူးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကြံ့ဖွတ်အသင်းမှာ ရွေးကောက်ပွဲမတိုင်မီတွင် ကြံ့ဖွတ်ပါတီအဖြစ် အသွင်ပြောင်းခဲ့ ကြောင်း၊ ကြံ့ဖွတ်အဖွဲ့ဝင်များသည် အစိုးရအဖွဲ့ထဲတွင်လည်းကောင်း၊ လွှတ်တော်ထဲတွင်လည်းကောင်း ဆက်ထိုင်နေ ကြ မည်ဖြစ်ကြောင်းကို အမှတ်ရစေလိုပါသည်။

ဘွင်းဘွင်းရှင်းရှင်း မေးစရာများရှိသည် …

၁။ ၁၉၈၈ ခု စက်တင်ဘာ ၂၃ ရက်မှစတင်ခဲ့သည့် လက်နက်ပိတ်ဆို့မှုသည် အရပ်သားပြည်သူ သန်း ၅ဝ ကို ထိခိုက် နေသလား။

၂။ ၁၉၉၆ ခု အောက်တိုဘာ ၂၅ ရက်မှစတင်ခဲ့သည့် အကောင်ကြီးကြီး ၄ဝဝ ကျော်ကို ဗီဇာပိတ်ပင်ခြင်းသည် ပြည်သူ လူထုကို ထိခိုက်နစ်နာနေသလား။

၃။ ၁၉၈၉ မှစတင်ခဲ့သည့် အမေရိကန်ဒေါ်လာသုံး ဘဏ်လုပ်ငန်းကန့်သတ်ချက်သည် မြန်မာအများစုကို ထိခိုက်နေ သလား။

စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုသည် ယခုအချိန်ထိ အလုပ်ဖြစ်ပုံမရပါ။ သို့သော် မည်သည့်အတွက်ကြောင့် ပိတ်ဆို့ ဒဏ် ခတ်ရေးဂိုဏ်းသားများကို လက်ညှိုးထိုး အပြစ်ဆိုနေပါသနည်း။ ထိတွေ့ဆက်ဆံရေးပေါ်လစီ ကျရှုံးသွားသည်မှာလည်း အမှန်ပင်ဖြစ်သည်။ တရုတ်၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့က မြန်မာပြည်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ လောင်းထည့် နေခြင်းကြောင့် အနောက်အုပ်စု၏ ပိတ်ဆို့တားမြစ်မှုများ သိတ်မထိရောက်ဘဲ ဖြစ်နေသည်။

တရုတ်ပြဿနာ။

အနောက်တိုင်း၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် မြန်မာစစ်အစိုးရသည် တရုတ်ပြည်အပေါ် ပိုမှီခိုလာရသည်ဖြစ်၍ ပိတ်ဆို့မှုများရုပ်သိမ်းလိုက်ပါက တရုတ်အပေါ်မှီခိုမှု ပျောက်ကွယ်သွားမည်ဟု ယူဆချက်များရှိနေသည်။ စီးပွားရေး ပိတ်ဆို့မှုများ မစတင်မီ ၁၉၈၈ ခုကတည်းက ၁၉၈၈ ခု ဩဂုတ် ၅ ရက်နေ့တွင် ယူနန်ပြည်နယ် ဒုအုပ်ချုပ်ရေးမှူးနှင့် တရားဝင်နယ်စပ်ကုန်သွယ်ရေးလုပ်ဖို့ သဘောတူ လက်မှတ်ထိုးမှု၊ ထို့နောက်တွင် လက်နက်ရောင်းချမှုများနှင့် ၁၉၈၉ ခု ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲမှုတို့နှင့်အတူ မြန်မာနှင့် တရုတ်အကြားဆက်ဆံရေး ကြီးမားစွာနွေးထွေးလာခဲ့သည်။ ၁၉၈၉ ခုမှစ၍ တရုတ်နိုင်ငံက မြန်မာစစ်အစိုးရ၏ စစ်ပစ္စည်းကရိယာ ၉ဝ% ကို ထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း ၂ဝဝရ ခု နိုဝင်ဘာ ၁ရ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျင်ကန်းက ‘ငြိမ်းချမ်း တည် ငြိမ်ပြီး ဒီမိုကရေစီကျင့်သုံးသည့် မြန်မာနိုင်ငံဖြစ်လာဖို့ ကျွန်ုပ်တို့ မျှော်လင့်သည်၊ သို့ရာတွင် စီးပွားရေးပိတ်ဆို့မှုများကို ကျွန်ုပ်တို့ဆန့်ကျင်သည်’ ဟု ထပ်လောင်းပြောခဲ့သည်။ သို့ဖြစ်ရကား စီးပွားရေးပိတ်ဆို့မှုများ ဖျက်သိမ်းလိုက်ပါက တရုတ်နိုင်ငံက ဝမ်းသာပါလိမ့်မည်။

စီးပွားရေးပိတ်ဆို့မှုများကို မည်သူတို့က ဖယ်ရှားစေချင်ပါသနည်း။ ထိုသူတို့က စိတ်ရင်းစေတနာဖြင့် ပြောသည်ဆိုခြင်းမှာ သံသယဖြစ်ဖွယ်ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် (၁) ၎င်းတို့မှာ အမြတ်အစွန်းရဖို့အတွက်သာ စီးပွားရေး လုပ်လိုသူများဖြစ်ကြ၍ (၂) စစ်အစိုးရနှင့် နိုင်ငံစုံကုမ္ပဏီကြီးများ၏ ပေးစာကမ်းစာ စားနေသူများဖြစ်ကြ၍ (၃) ပညာ ရှင် လေ့ကျင့်ခန်းသက်သက်လုပ်နေသူများ ဖြစ်ကြ၍ ဖြစ်ပါသည်။

မူအားဖြင့်ပြောရလျှင် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများမှာ ကိုယ်ကျင့်သိက္ခာဆိုင်ရာ တာဝန်ဝတ္တရားတခုအဖြစ် မြန်မာနိုင်ငံ၏အခြေအနေကို ဖြစ်နိုင်သမျှ အပြင်းထန်ဆုံးအသုံးအနှုန်းများဖြင့် မကျေနပ်ကြောင်း ဖော်ပြချက်ဖြစ်ပါသည်။ သို့သော် နှစ်ပေါင်းထောင်ချီသည့် ယဉ်ကျေးမှုသမိုင်းကိုကြည့်လျှင် အာရှတိုက်သားတို့သည် ဘိုးဘေးတို့၏ ကိုယ်ကျင့်တရားတန်ဖိုးစံများကို ဂုဏ်ယူသူများဖြစ်ကြောင်းတွေ့ရပါသည်။ အရှေ့တိုင်းယဉ်ကျေးမှုဓလေ့ သည် လူသားဝါဒအပေါ်အခြေခံသည်ဟုဆိုပြီး ကျင့်ဝတ်နှင့် သည်းခံခွင့်လွှတ်မှုကို ကျင့်သုံးပါသည်။

မြန်မာနိုင်ငံနှင့်ပတ် သက်လျှင်မူ ယဉ်ကျေးမှုမြင့်မားသည့် တရုတ်၊ အိန္ဒိယနှင့် အရှေ့တိုင်းတို့သည် သမိုင်းကိုမေ့ပစ် လိုက်ပြီး ကိုယ်ကျင့်သိက္ခာနှင့် သူတော်ကောင်းတရားတို့ကို လျစ်လျူရှုထားကြပါသည်။

ဒေါက်တာတင့်ဆွေ

၁၃-၁၂-၂ဝ၁ဝ

(ဂါမဏိ ဘာသာပြန်သည်)။

3 comments

  • paukpauk

    January 9, 2011 at 2:45 pm

    သေချာတာ တစ်ခုတော့ရှိပါသည်။
    စီးပွားရေးပိတ်ဆို့မှုနှင့် တရုတ်ဆရာ ပိုအကြိုက်တွေ့လာမှု
    တိုက်ရိုက်အချိုးကျပါသည်။

  • paukpauk

    January 9, 2011 at 2:49 pm

    မေ့လို့ ထပ်မံဖြည့်စွက်ပါဦးမည်
    ခုတရုတ်ကြီးတင် မကတော့ပါ။
    ကုလားကော ‘ယ’ပက်လက်ပါ အချဉ်ခွက်တွေ့တာ
    နောက်ကျမည်စိုးသဖြင့်
    အသည်းအသန် အမှီလိုက်နေပါကြောင်း…..။

Leave a Reply