အချောင်လိုက်မိတော့ … ခံပေါ့ ..
ဒီပို့စ်မှာတော့ အမှာစာလိုမျိုး နဲနဲရေးလိုက်ချင်တယ်။ ကျွန်မကစာရေးရင် ကိုယ်တွေ့တွေထဲကပဲ တခြားသူတွေသိသင့်တယ်ထင်တာကို ထုတ်ရေးလေ့ရှိပါတယ်။ ဗဟုသုတရအောင် တရုတ်ပြည်က အတွေ့အကြုံလေးတွေကို အလျဉ်းသင့်သလိုရေးရင်း အများအားဖြင့်တော့ ကိုယ်ညံ့တဲ့အကြောင်း မရေးဘူးပေါ့။ ဒါပေမယ့် တကယ့်တကယ်မှာတော့ ကောင်းတာနဲ့ဆိုးတာမှာ ကျွန်မအတွက်က ဆိုးတာက ပိုများပါတယ်။ ကျွန်မအသုံးမကျတာတွေကိုသာအကုန်စုပြီးရေးရင် ဝတ္ထုတစ်အုပ်စာလောက်ကို ရှိလောက်တယ်။ အဲဒီအထဲကမှ ရီစရာအဖြစ်အပျက်လေးတစ်ခုကို အရမ်းပြောပြချင်စိတ်ပေါ်လာတာနဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်ရအုန်းမှာပေါ့ .. ဒါပေမယ့် သိပ်မနာအောင် ဖြည်းဖြည်းပဲ ထောင်းမှာပါ .. 😛
ကျွန်မနေတဲ့မြို့မှာ ပန်းခြံတွေအများကြီးရှိပါတယ်။ မြို့သူမြို့သားနဲ့ ကလေးတွေ အပန်းဖြေဖို့လုပ်ထားတာမို့လို့ အများအားဖြင့် ဝင်ကြေးမပေးရပါဘူး။ ဒါပေမယ့် သေချာစီစဉ်ပြီး အကုန်အကျခံထားရတဲ့ ပန်းခြံတွေကတော့ ဝင်ကြေးပေးရတယ်။ ကျွန်မနှစ်သက်တဲ့ ပန်းခြံတစ်ခုက ဝင်ကြေး ၃ဝ ပေးရပါတယ်။ ကျွန်မတို့မြို့ကို လာလည်တဲ့ ဗမာသူငယ်ချင်းတွေကို အဲဒီပန်းခြံကို လိုက်ပို့ပေးလေ့ရှိပါတယ်။ ပန်းတစ်ချို့ ပြလိုက်တယ်နော်။ လိုက်ပို့တိုင်း ဝင်ကြေးအတွက် အလွန်နှမြောစိတ်ဖြစ်မိတယ်။ အဲဒီအဝင်ပေါက်ဝနားရောက်ရင် အမျိုးသမီးတချို့က မယောင်မလည်နဲ့အနားကပ်လာပြီး ဘေးပေါက်ကနေဝင်လို့ရတယ် ၁ဝ ပဲ ပေးပါ။ စိတ်ချရပါတယ်လို့ လာပြောလေ့ရှိပါတယ်။ ဒါပေမယ့် မလုပ်ရဲဘူးလေ .. အပေါက်ကြီးကနေပဲ ၃ဝ ပေးပြီးဝင်ပါတယ်။ ဒုတိယတစ်ခါလဲ မလုပ်ရဲပါဘူး .. ၃ဝ နဲ့ပဲ ဝင်ပါတယ်။ အထဲမှာ အကဲခတ်ကြည့်တော့လဲ စစ်ဆေးတာ ဘာညာ ဘာမှမရှိပါဘူး။ လာလည်တဲ့သူလဲ သိပ်မများပါဘူး။
တတိယအကြိမ် အရမ်းရင်းနှီးတဲ့သူငယ်ချင်းလဲလာလည်ရော အဲဒီကိုလိုက်ပို့ရင်း သူနဲ့တိုင်ပင်မိပါတယ်။ ငါတို့တွေ ၃ဝ နဲ့ ၂ ယောက်ဆိုရင် ၆ဝ ကျမယ်။ ၁ဝ နဲ့ဝင်လိုက်ရင် ၂ဝ ပဲ ကျပြီး ၄ဝ ဖိုး ညနေစာထမင်းကောင်းကောင်းစားလို့ရမယ်။ အဲဒီပန်းခြံက ၁ဝ လောက်ပဲ တန်တာဆိုပြီး ဈေးတွက်တွက်လိုက်မိပါတယ်။ သူကလဲ နှမြောတတ်တဲ့သူဆိုတော့ ထောက်ခံတယ်။ အဲဒါနဲ့ လာခေါ်တဲ့ အမျိုးသမီးတစ်ယောက်နောက်ကို လိုက်သွားလိုက်ပါတယ်။ ကျွန်မစိတ်ထဲမှာ ထင်ထားတာက သူတို့တွေက သန့်ရှင်းရေးဝန်ထမ်းတွေဖြစ်လိမ့်မယ်။ သူတို့အတွက် မလွယ်ပေါက်လိုမျိုးဝင်ပေါက်တစ်ခုရှိလိမ့်မယ်။ အဲဒီကနေ လုပ်စားတာပဲနေမယ်လို့ ပညာရှိအတွေးနဲ့ တွေးထည့်လိုက်မိပါတယ်။
ကျွန်မတို့ ၂ ယောက်ကို ပန်းခြံရဲ့ ဘေးဘက်ကို ခေါ်သွားပါတယ်။ အဲဒီဘက်က စိုက်ပျိုးရေးလုပ်တဲ့နေရာပါ။ အိမ်ကလေး နဲနဲပါးပါးတော့ရှိတယ်။ ပန်းခြံရဲ့ ခြံစည်းရိုးက အုတ်တံတိုင်းအမြင့်ကြီးပါ။ ခဏလောက်လမ်းလျှောက်ခေါ်သွားပြီး အိမ်ကလေးတစ်လုံးရှေ့လဲရောက်ရော အဲဒီမိန်းမက အိမ်ထဲကနေ ဝါးလှေကား ၂ ခု မယူလိုက်တယ်။ ပြီးတော့ ခပ်မြန်မြန်ပဲ တစ်ချောင်းကို နံရံမှာထောင်လိုက်ပြီး သွက်သွက်လက်လက်နဲ့ တက်သွားလိုက်တယ်။ ပြီးတော့ နောက်ထပ်လှေကားကို မလိုက်ပြီး အတွင်းဘက်ကို ချလိုက်တယ်။ ကျွန်မတို့ ၂ ယောက်ကို သူ့လို လိုက်တက်တဲ့။ ကျွန်မတို့ မျက်လုံးပြူးသွားတယ်။ မှားပြီ ဆိုတာကို သိလိုက်ပြီ .. ဒါပေမယ့် အဲဒီအချိန်မှာ မတက်တော့ဘူးလို့ပြောရမှာ ကျွန်မစိတ်ထဲ ကြောက်မိတယ်။ တရုတ်တွေအကြောင်းကိုသိနေလို့ပါ။ သူတို့ရန်တွေ့မှာကို အဲဒီနံရံကို ကျော်တက်ရမှာထက်ကြောက်ပါတယ်။ အဲဒါနဲ့ ဖြစ်ချင်ရာဖြစ်ဟာဆိုပြီး စွန့်စားလိုက်ရတယ်။ ကျွန်မသူငယ်ချင်းကတော့ ကျွန်မကို အရမ်းအပြစ်တင်ချင်နေတာပေါ့။ လှေကားကိုတက်ရင်းနဲ့ ရီကလဲရီချင် ဒူးကလဲတုန်နေပါတယ်။ မတော်တဆ ရဲရောက်လာရင် ဘယ်လိုရှင်းကြမလဲ။ တရုတ်မကတော့ အမြန်လုပ်လို့ပြောတယ်။ ပြီးတော့ ဗျတ်ကနဲလှေကားကို ပြန်သိမ်းသွားပါတယ်။ ပြီးတော့ သူ့ဖုန်းနံပါတ်ပေးထားပြီး ပြန်ချင်ရင် ဒီနားကနေဖုန်းဆက်လိုက် သူလာခေါ်မယ်တဲ့။ အပေါက်ကြီးက ပြန်ထွက်ရင်လက်မှတ်စစ်တယ်။ ထွက်လို့မရပါဘူးတဲ့။
ပန်းခြံထဲမှာ လျှောက်သာလည်ရတယ် စိတ်ထဲကတော့ ခပ်လန့်လန့်ပါပဲ။ ကျီးလန့်စာစားတယ်ဆိုတာ အဲဒါမျိုးဖြစ်မယ်ထင်တယ်။ လည်လို့ပြီးတော့ အဲဒီတရုတ်မ တကယ်ပဲ ပြန်လာခေါ်ပါတယ်။ လှေကားထောင်လို့ပေါ့။ ၁၅ ပေ လောက်ရှိတဲ့ နံရံကို လှေကားထောင်ပြီးကျော်တက်ခဲ့ရတဲ့ အတွေ့အကြုံကတော့ ဒီတစ်သက် မမေ့နိုင်စရာပါပဲ။ အုတ်တံတိုင်းထိပ်မှာ ခွလျက်အနေအထားကို ဓါတ်ပုံသာရိုက်ထားမိရင်တော့ ကမ္ဘာကျော်ဓါတ်ပုံတောင် ဖြစ်နေမလားပဲနော် …
နောက်တစ်ခေါက်ရောက်ဖြစ်တော့ မလုပ်ရဲတော့ပါဘူး … ၃ဝ နဲ့ပဲ ဝင်ပါတယ်။ တခြားနေရာတွေမှာလဲ မလုပ်ရဲတော့ပါဘူး … တစ်သက်လုံး မှတ်မှတ်ရရဖြစ်ပြီး အချောင်လိုချင်တဲ့စိတ်ပေါ်လာတိုင်း လှေကားနဲ့အုတ်တံတိုင်းကိုမြင်ယောင်မိပါတော့တယ် …
30 comments
weiwei
January 11, 2011 at 5:05 pm
မရီကြနဲ့နော် … 😛
ရေးရမှာ ရှက်ပေမယ့်လဲ ဖတ်တဲ့သူတွေ ဗဟုသုတရအောင်ပါ .. 🙂
moethidasoe
August 21, 2011 at 1:42 pm
မဝေ .. မသိလို့ မေးကြည့်တာ .. အဲဒီတုန်းက ဘောင်းဘီရှည်နဲ့လား ထမီနဲ့လား
ဆူး
January 11, 2011 at 5:17 pm
တရုတ်မက သူ့တာဝန်တော့ သူကျေသားဘဲနော်.. လှေကားနဲ့ ပြန်လာခေါ်တယ် မဆိုးဘူး သစ္စာတော့ ရှိသားဘဲ။
ရာဇဝင်ထဲမှာတော့ ကျန်စစ်သားက သိကြားမင်းဆီက ရတဲ့ လှံတော်နဲ့ ထောက်ခုန်လိုက်ရင် ၃ထပ်တိုက်လောက်ကတော့ အသာလေးတဲ့.. ၁၅ပေ ဆိုတာ ၁ထပ်အိမ်မျက်နှာကျက် အမြင့်သာသာလောက်ဘဲ ရှိတာ.. စောစောက သာ သိရင် အဲဒီ လှံ တရုတ်ပြည်မှာ လာ ငှားစားတယ်။
koyinmaung
January 11, 2011 at 10:27 pm
စွန့်စားခန်းက40တောင်သက်သာတာတန်ပါတယ်…အပေါ်ဆုံးပုံက ဘိန်းပန်ပါ ကိုယ်တိုင်စိုက်လါတာသိတာပေါ့
bigcat
January 12, 2011 at 2:01 am
ဟားဟားဟား ရယ်ရတယ်ဗျို့။ ကျနော်တို့ငယ်ငယ်က ကြီးဒေါ်လုပ်သူနဲ့ ရုပ်ရှင်သွားကြည့်တယ်။ လက်မှတ်မှောင်ခိုတွေ တအားသောင်းကျန်းလွန်းတော့ ရုပ်ရှင်မပြခင်မှာ မီးလောင်ခြင်းကို အားမပေးနဲ့၊ မှောင်ခိုလက်မှတ်ကို မဝယ်ပါနဲ့ အရေးယူမည်လို့ ဝယ်သူတွေကို သတိပေး စာတန်းထိုးတယ်။ ကျနော်တို့ကလည်း မှောင်ခိုကဝယ်ကြည့်တာဆိုတော့ ရုပ်ရှင်သာ ပြီးသွားတယ် ကောင်းကောင်းမကြည့်လိုက်ရဘူး။ တထိတ်ထိတ်နဲ့ ဘယ်အချိန် ငါတို့ကို ရဲလာဖမ်းမလဲလို့။ အခုပြန်စဉ်းစားမိတော့မှ တော်တော်တုံးတဲ့ငါတို့ပါလားလို့ တွေးပြုံးမိတယ်။
naywoonni
January 12, 2011 at 2:27 am
အင်း အတွေ့အကြုံ ဆိုတာ ပိုက်ဆံပေးဝယ် ယူစရာမလိုပဲ ရလိုက်တာပေါ့
ကောင်းပါတယ် လူရည်လည်သွားတာပေါ့ တရုတ်ပြည်မှာဆိုတော့ တရုတ်ရည်လည်သွားတာပေါ့ နော့
weiwei
January 12, 2011 at 5:29 am
ကျွန်မလို ခရီးသွားဝါသနာပါသူနဲ့ ဝင်ကြေးခတွေ ဈေးကြီးတာနဲ့ဆိုတော့ လူလည်ကျနည်းတွေ စဉ်းစားရတော့တာပေါ့ … နောက်တစ်မျိုး လူလည်ကျတာလဲ ရှိသေးတယ် … အဲဒီအကြောင်းလဲ တော်တော်ရီရတယ် … ဒါပေမယ့် … ရှက်တယ် .. ပြောတော့ဘူး … 😛
yuyu
January 12, 2011 at 5:51 am
ပြောပြပါ ရီရအောင်ပေါ့ ယုတို့လဲအဲလိုအုတ်တံတိုင်းကိုကျော်ဝင်ဖူးတယ် ဝင်ကြေးကြောင့်တော့မဟုတ်ဘူး လမ်းအဝေးကြီးလျှောက်ရမှာပျင်းလို့ weiwei ပြောပြတာနဲ့တန်းမြင်တာပဲ
kai
January 12, 2011 at 10:05 am
ယူအက်စ်က .. ယူနီဗာဆယ်စတီရီယိုကို လွန်ခဲ့တဲ့ အနှစ်၂ဝလောက်က ..အဲဒီလိုကျော်ဝင်ကြတယ်ကြားဖူးတယ်.။
ကျောင်းသားတွေ လမ်းဖေါက်ထားတာတဲ့.။
မြန်မာပြည်လည်း ..ငယ်တုံးက တိရိစ္ဆာန်ရုံအဲလိုဝင်ကြသူတွေရှိတာပဲ..။
အခုတော့ .. ဒစ်စနီလန်ဒ်း အဲလိုအပေါက်ရှိရင် ကောင်းမယ်တွေးနေမိတယ်..။
တစောင် ၆၅ဒေါ်လှဆိုတော့ .. တော်တော်သက်သာသွားမှာ.. 🙂
အခုကိစ္စမှာ.. ဆန်းတာက..အဲဒီတရုတ်မက ..သစ္စာရှိစွာနဲ့ပြန်လာခေါ်တာပဲ..။
အဲဒါက..အံဖွယ်သုတ..။
sayargyi
January 12, 2011 at 10:53 am
သူတို့ဆီမှာဝင်ကြေးကဈေးကြီးသလောက် အထဲရောက်တော့လဲ ပေးရသလောက်တန်အောင်အဆင့်မြင့်ကြပါတယ်
Kai ပြောသလိုဘဲ သစ္စာရှိစွာနဲ့ပြန်လာခေါ်တဲ့ တရုတ်မကိုတော့ တကယ်ချီးကြူးမိပါတယ်…။
မြန်မာ မှာဆိုရင်ကော အခုလို ပြန်လာခေါ်မယ်လို့ထင်ကြပါသလား..မေးခွန်း သဘောဘဲမေးကြည့်တာပါ…
meelay
January 12, 2011 at 11:03 am
အဲဒီ ပန်းခြံထဲက တစ်ယောက်က မဝေလားဟင်… 🙂
ဆူး
January 12, 2011 at 12:37 pm
မီးလေးကလည်း မေးမှ မေးတတ်ပါပေတယ်။ အဲဒီ တုန်းက အဲလို မရပ်နိုင်လောက်ဘူး။ တိတ်တိတ်လေး ခိုးဝင်ပါတယ် ဆိုမှ ထင်ထင်ပေါ်ပေါ် ဖြစ်တဲ့ နေရာ နေပါ့မလား။ အဟမ်း.. 😛
weiwei
January 13, 2011 at 5:00 am
မီးလေးရေ … မဝေပုံက ပြပြီးသားလေ … ရတနာပုံနေပြည်တော် ညီလာခံတုန်းက .. 😛
အဲဒီတုန်းက မီးလေးတောင် စကတ်ကလေးနဲ့လေ ..
unclegyi1974
January 12, 2011 at 2:27 pm
ကိုခိုင်ရေ အံ့ဖွယ်သုတ မဟုတ်ပါဖူး
သူကပြန်လာခေါ်ရမှာသေချာပေါက်လေ
ဘာကြောင့်လဲဆို
သူပြန်လာမခေါ်ရင်အဝင်ပေါက်ကပြန်ထွက်
ရပြီ လက်မှတ်ကစစ်ကော လက်မှတ်မပြနိုင်လို့
ဆက်စစ်ရင်သူ့အကြောင်းကပေါ်တော့မှာလေ
နောက်လဲလုပ်စားလို့မရ လောလောဆယ်လဲ
ဖမ်းခံရမယ် အဲတော့သူကပြန်ကိုခေါ်ရမှာ
kai
January 13, 2011 at 12:09 am
အဲဗျာ..။
အထွက်မှာ လက်မှတ်စစ်တာကလည်း အဆန်းပါပဲ..။
ဘာလုပ်ဖို့ ..လူတယောက်လုပ်အား အဆုံးရှုံးခံပြီး.. လက်မှတ်စစ်ခန် ့.. လက်မှတ်ထပ်စစ်နေတာလည်း..မသိ..။
ကျုပ်သာဆို .. ဟိုထောင့်လေးမှာ ကျပျောက်သွားပြီပြောမှာပဲ..။
kopauk mandalay
January 12, 2011 at 3:06 pm
တကယ်တော် တော်တိတိတော်တဲ့ မဝေ
အတော်ရီရတယ်နော့
bigcat
January 13, 2011 at 1:32 am
သဂျီးမသိသေးတဲ့အချက်က အဲဒီအမျိုးသမီး သက်သက်လွတ်စားတယ်ဆိုပဲ။ မဟုတ်တာလုပ်ပေမဲ့ သတ္တဝါတွေအပေါ် ကြင်နာသနားစိတ် အပြည့်ရှိတဲ့သဘောပေါ့ဗျာ။ မယုံရင် သက်သက်လွတ် စားကြည့်လိုက်ပါလား။
etone
January 13, 2011 at 5:15 am
ကိုကြောင်ကြီးပြောတာဟုတ်တယ် … သူကြီးလည်း မယုံရင် သတ်သတ်လွတ်စားကြည့် 😀
kai
January 13, 2011 at 9:40 am
တယောက်က ..သက်သက်လွတ်တဲ့..။
တယောက်က… သတ်သတ်လွတ်တဲ့..။
ဘာပဲဖြစ်ဖြစ်ဟေ့..။
မစားဘူးကွ..မစားဘူး..
မကြေနပ်ရင် .. ကျုပ်ကိုသာ … သတ်သာစားလိုက်….။ 🙁
weiwei
January 13, 2011 at 9:51 am
သဂျီးစိတ်ဆိုးတာကို မြင်ချင်လို့ တမင်သက်သက် စနေကြတာဖြစ်မယ် ….
😛
ဆူး
January 13, 2011 at 2:53 pm
သဂျီး အသား စားကောင်း လားဟင်… ဒို့က ပန့်သကူသားဘဲ စားတယ်။
ပန့်သကူဖြစ်ရင် စားပေးမယ်နော်.. သဂျီး.. အားမငယ်နဲ့ .. တော်ကြာ သေတာတောင် စားမဲ့ သူ မရှိဘူး ဆိုပြီး စိတ်မကောင်း ဖြစ်မှာ စိုးလို့ ကြိုတင် သတင်းပို့တာ။
windtalker
August 21, 2011 at 12:49 pm
မြန်မာပြည် စတိတ်ရှိုးပွဲ တွေ အဖြစ် ကို များ
ဝင်္ကဝုတိ္တ နဲ ့ ရေးပြလိုက်သလား အောက်မေ့ရတယ် အန်တီဝေ
shwe ni
August 21, 2011 at 3:10 pm
ဝေဝေရေ ပထမ ပုံက ပန်းပင် က ” ဘိန်းပင် နဲ့ ဘိန်းပန်း ” လား ဟင် . တကယ် ဘိန်ူပန်းဆိုရင်တော့ လူကိုသာ ဒုက်ခပေးတာ အပွင့်က ချစ်စရာတယ်ကောင်းပါလား သူတို့စီ အဲလိုစိုက်ထားတာလား ?
weiwei
August 22, 2011 at 8:53 am
မမိုးသီတာရေ … တရုတ်ပြည်မှာဆိုတော့ ဘောင်းဘီရှည်နဲ့ပါ … 😛
botanical garden မှာဆိုတော့ အပင်အမျိုးအစားအစုံ ဗဟုသုတဖြစ်အောင် ပြထားတာပါ … ဘိန်းပန်းလေးတွေက တော်တော်လှတယ် ….
အဲဒီပန်းခြံက ဧည့်သည်လာတိုင်း လိုက်ပို့နေကျမို့ အထာသိပြီးသားမို့ အဲဒီလိုလုပ်မိတာပေါ့ မနောရယ် … နောက်လဲ မလုပ်တော့ပါဘူး … အဲဒီလိုလဲ နောက်တစ်ခေါက်ပြန်ရောက်စရာလဲ မကြောင်းရှိတော့မှာ မဟုတ်ဘူးလေ …
manawphyulay
August 21, 2011 at 5:06 pm
ဪ မမဝေရယ် ပန်းခြံတောင် ရုပ်ရှင်ရုံဝင်သလို မှောင်ခိုဈေးရှိသေးတာလား…. အံ့ဩရော…. မမဝေမို့ အထဲမှာ ကိုယ်အဲလိုဝင်မှ စစ်တာတွေဘာတွေလုပ်ရင် ဘယ်လိုလုပ်မလဲ…
nature
August 21, 2011 at 9:05 pm
တရုပ်မက လာတော့ခေါ်ပါရဲ့။ ၁၀ဝ ပေးမှ လှေကားထောင်ပေးမယ်ဆိုရင်တော့ ..ဂန့်..ဂန့်..။ ဒီလိုလုပ်ရင်ဒီတရုပ်မလည်း နောက်တခေါက်ဆိုတာ ရှိတော့မှာမဟုတ်ဘူး။ ဒီ ပိုစ့်ဖတ်ပြီး အဲဒီမှာလည်း လုံခြုံရေးတင်းကြပ်နေလောက်ပြီ။
မီးမီး သော်
August 21, 2011 at 11:09 pm
အော် ခိုးစားထားတော့လဲ လူမိမှာစိုးသလိုဘဲပေါ့ မမဝေရယ်။စတာနော်. စိတ်မဆိုးကြေး။နောက်မလုပ်ဖို ့ဘဲလိုတာပါ။အဖြ ူရောင်ဝတ်ထားတာမမဝေလားဟင်။
တညင်သား
August 22, 2011 at 9:32 am
အချောင် လိုက်တယ်ဆိုလို့ …ပြီးခဲ့တဲ့နှစ်က ဘောလုံးပွဲ သွားရောက်ကြည့်ခဲ့တယ်.. အဝင်ပေါက်ရှေ့မှာ အမျိုးသားတဦး လာညှိတယ် လက်မှတ်ဝယ်ရင် ၂သောင်း ဆိုတော့ သူက တစ်သောင်းပဲပေးပါတဲ့ ဒီမှာလဲ ဒါမျိုးတွေရှိတာပဲလို့တွေးနေရင်း ပိုက်ဆံပေးလိုက်တယ် ..သူကဘယ်မှမသွားပါဘူး မျက်စိရှေ့မှာပဲနေတယ် ..လူရှင်းတော့မှ ဝင်ရတာဆိုတော့ ဘောလုံးပွဲက ပထမပိုင်းပြီးတော့မယ်.. 🙁 🙁
ဒါနဲ့အပေါ်ဆုံးက ပန်းမျိုးစေ့လေးမယူခဲဘူးလား….
pan pan
August 22, 2011 at 9:59 am
မှောင်ခိုကတော့ လုပ်လို့ရသမျှနေရာစုံမှာ ရှိနေမယ်ထင်ပါရဲ့
ရင်တထိတ်ထိတ်နဲ့ ၄ဝသက်သာတာနဲ့ မကာမိပါလားနော်
ပန်းတွေရဲ့အလှကိုတောင် ကောင်းကောင်းခံစားနိုင်မယ်မထင်ဘူး
နွယ်ပင်
August 22, 2011 at 11:06 am
ဒီဖြစ်ရပ်လေးက မဝေ အတွက် ရင်ခုန်စရာ အသစ်လေးရတာပေါ့
ဒါပေမယ့် ဓာတ်ပုံတော့ လက်မတုန်ပဲ ရိုက်နိုင်ခဲ့တာပဲနော် … 😛