ဆူးဆိပ်သင့် နှင်းဆီ

thatoeJanuary 12, 20111min1120

တွေဝေတွန့်ဆုတ်လှသော ခြေလှမ်းတွေကို အနိုင်နိုင် အားယူလှမ်းလာ ခဲ့ကြပါသည်။ နေ့စဉ်နှင့်အမျှ ဒေါသနှင့် မျက်ရည် လုံးထွေးနေခဲ့သော မမကြီး၏ ပြင်းရှလှသော ရာဇသံကြောင့်သာ သူ… ဦးဆောင်ရာနောက်သို့ ရှေ့တိုးနောက်ငင် လိုက်ပါလာခဲ့ကြရသည်။ ပြီး… ကျွန်မတို့တတွေ၏ သဲသဲလှုပ်၊ ချစ်မြတ်အလေးထားရဆုံးသော မောင်ငယ်လေး၏ တစ်ဘဝလုံးနှင့်စပ်ဆိုင်သော အရေးကိစ္စလည်း ဖြစ်နေသေးတာကြောင့်သာ…။

ဒါပေမယ့်…

`ကျွန်မ ဆက်ဆက်လာတွေ့ပါမယ်´ဟု ကတိပေးလွယ်ခဲ့သော သူမသည် ချိန်းဆိုထားသောနေရာသို့ ရောက်မလာခဲ့ပါ။

************

တစ်ကြိမ်၊တစ်ခါလောက်ကလေး သူမနှင့်တွေ့ရပါ့မည့် အရေးအတွက် ကျွန်မတို့အချင်းချင်း အပြန်ပြန်၊ အလှန်လှန်၊ အကြိမ်ကြိမ်၊ အခါခါ ငြင်းခုန်းကြရ၊ ညှိနှိုင်းကြရ၊ သတ္တိအားတွေ မွေးခဲ့ကြရတာ သူမ မသိရော့သလား။သူမ စိုးစေ့မျှ ထည့်တွက်ရကောင်းမှန်းမသိတတ်ခဲ့သော ပတ်ဝန်းကျင်ဆိုသည်မှာ ကျွန်မတို့အတွက်တော့ တစ်ဘဝလုံးစာ အရေးပါ ပတ်သက်နေသည်သာ။ သူမက ထီမထင်စွာ စောင်းရွဲ့၊ ငဲ့ကြည့်ဖော်မရသော ထိုပတ်ဝန်းကျင်သည် ကျွန်မတို့အတွက်တော့ အရယ်အပြုံးတစ်ချက်၊ နှုတ်စကားတစ်ခွန်း၊ ခြေတစ်လှမ်းစာမျှအထိ ထည့်တွေးချင့်ချိန်၊ ဆင်ခြင်စရာတွေချည်းသာ မဟုတ်လား။ချိန်းဆိုထားချိန်ထက် နောက်ထပ် တစ်နာရီနီးပါး စောင့်ဆိုင်းနေပေးရင်း မမကြီးတစ်ယောက်ကတော့ တစ်ဖျစ်တောက်တောက်။ ပြောရင်း စိတ်တို၊ ဒေါပွနေရပြန်တာကြောင့် အိမ်သို့ပြန်ရောက်လျှင်ရောက်ချင်း သွေးကျဆေး တိုက်ရသေးသည်။

“စိတ်ကိုလျှော့ပါမမကြီးရယ်…´´

ပြေရာပြေကြောင်းပြောမိသောကြောင့် အိပ်ယာပေါ်မှာ မျက်လုံးမျှမဖွင့်နိုင်ရှာသော မမကြီး၏ အော်ငေါက်ခြင်းကို သီးခံကြရပြန်တော့သည်။

“ငါ့ ရင်ထဲမှာ ပူလောင်နေတယ်ဟဲ့ မလတ်နဲ့ မလေးရဲ့။ မီးတောက် အကြီးကြီး တောက်လောင်နေသလိုပဲ´´

မမကြီးတစ်ယောက် မျက်ရည်ကျလေလျှင် ကျွန်မနှင့် မလတ်တို့လည်း တစ်ယောက်ပခုံးစွန်းမှာ တစ်ယောက် မှေးမှီကာ ကြိတ်ရှိုက်ကြရတော့သည်ပင်။

ကျွန်မထက်ပင် ဆယ်နှစ်ကျော်ကျော်မျှ ငယ်သေးသော ၊ ကျွန်မတို့၏အသက်၊ ကျွန်မတို့၏ အသည်းကျော်မောင်ငယ်လေးဟာ ကျွန်မတို့အတွက်တော့ ဘယ်အရာနှင့်မျှ မလဲလှယ်နိုင်သော အဖိုးတန်ရတနာတစ်ပါးပင်။ မေမေက အရွယ်လွန်လေမှ အသက်နှင့်ရင်းနှီးကာ မွေးဖွားပေးခဲ့သော နွားအိုနောက်ကျသားကလေးရယ်လို့လည်း သနားကရုဏာဆင့်ကာ ပိုတိုးလို့ ဂရုစိုက်၊ အရိပ်ကြည့်နေခဲ့ကြပါသည်။

မောင်လေး အရွယ်ရောက်လာခဲ့ချိန်အထိ သူ…ဆိုးနွဲ့ဗိုလ်ကျလေသမျှ တစ်ချက်ကလေးမျှ မညည်းငြူခဲ့ကြ။

အသက် သုံးဆယ်နားနီးလေမှ အိမ်ထောင်ပြုရန် အကြောင်းပေါ်လာသော မမလတ်ကိုတောင်…

“မမလတ် ပုဂ္ဂိုလ်က သားရဲ့ ဆိုးမျိုးသည်းညည်းကို ခံနိုင်လို့လား။ အဲလိုမှ သားက သဘောတူမှာ..´´

သူမှ သဘောတူမပေးလျှင် မင်္ဂလာပွဲက အကန့်အသန့်မရှိ နောက်သု်ိ့ ရွှေ့ပြောင်းပေးရတော့မှာလို ပြာယာခပ်နေရှာသော မမလတ်ခမျာ…

“ဟဲ့…ငါ့မောင်လေးကို အလိုမလိုက်ရင် ငါနဲ့ တွေ့သွားမှာပေါ့´´

“အဲလိုဆို…သားရှေ့မှာ ကတိပေးခိုင်းပါ´´

“ဟင်…အင်း…အင်းပါ…´´

မောင်လေးနှင့်ပတ်သက်လာလျှင် ဘယ်တုန်းဆီကမှ အပြုံးမပျက်ခဲ့ဖူးသော အစ်မတွေ ခုတစ်ကြိမ်မှာတော့ မျက်ရည်နှင့် ရင်းနှီးဖူးကြပြီ။“မလေး..ကြံစည်ကြည့်ပါဦးမယ် မမကြီးရယ်။ စိတ်အေးအေးသာ နေပါနော်´´

*************

မမကြီးတစ်ယောက် သောကဝေဒနာ သက်သာရာမျှ ရစေတော့ရယ်ဟု အလွယ်တကူ စကားကျွံခဲ့မိခြင်းအတွက် ကျွန်မ..တစိမ့်စိမ့်တွေးလျှက် နောင်တရနေမိပြန်ပါသည်။

ထိုမိန်းကလေးနှင့် တွေ့ဆုံပတ်သက်ရန်မှာ ကျွန်မအဖို့ အလွန်၊ အင်မတန် ခက်ခဲဝန်လေးလွန်းလှတာလေ။

ဘယ်နေရာမှာ တွေ့ရမလဲ…။ ပြီး…ဘယ်လိုစကားတွေကို စတင်ဆိုရမှာလဲ…။ သူမနှင့် ပတ်သက်သမျှသော အကြောင်းအရာအားလုံးတို့သည် ကျွန်မအတွက်တော့ အလွန်တရာ ကင်းရှင်းပြတ်တောက်နေလိုသော၊ ခက်ခဲ ပင်းပမ်းဖွယ် မဟာစွန့်စားခန်းကြီးများပေ။

ဒါပေမယ့် ကျွန်မ …ကံကောင်းသွားပါသည်။ အဲ…ကံဆိုးတာလည်း ဖြစ်နိုင်သေးသည်။

ကျွန်မတို့ကျောင်း၏ ညနေကျောင်းဆင်းချိန်သည် ထုံးစံအတိုင်း ညနေ သုံးနာရီခွဲမှာ ဖြစ်ပါသည်။ ကျွန်မတို့ ဆရာ၊ ဆရာမများကတော့ ကျောင်းခြံဝန်းအတွင်းမှာ ကျောင်းသား၊ကျောင်းသူအားလုံးကုန်အောင် စောင့်ဆိုင်းနေပေးရသေးသည်မို့ ကျောင်းဝန်းတံခါး ကိုဖြတ်သန်းမိချိန်မှာ ညနေလေးနာရီထိုးလုပြီ။

“ဆရာမ…´´

အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်မ…ရုတ်တရက်ရှက်လန့်ကာ ထူပူဆူဝေသွားရပါသည်။ ဒါပေမယ့် သူမက ကျွန်မနှင့် လာတွေ့တာတဲ့။ ကျွန်မအဖို့မှာလည်း သူမနှင့်တွေ့ဆုံစကားစပ်ရန် မဖြစ်မနေ လိုအပ်နေသေးတာမဟုတ်လား။

“ဟိုတစ်နေ့က ဆရာမတို့နဲ့လာတွေ့ဖို့ ကျွန်မပြင်ဆင်ပြီးနေပြီ။ အစ်ကိုကြီးရယ်လေ…။ အိပ်ယာထဲမှာ ဆီးတွေရော၊ ဝမ်းတွေပါ သွားထားတာ။ တစ်ကိုယ်လုံး ပေလူးနံစော်နေတာပဲ။ အဲဒါတွေ သုတ်သင်သန့်စင်ပေးရင်း သူ့ကိုပါ တစ်ခါတည်း ရေချိုးပေးလိုက်ရတော့တာနဲ့ အချိန်လင့်သွားရော…´´

အနီးဆုံးနှင့် ဧည့်သည် အကျဲပါးဆုံးဖြစ်မည်ထင်ရသော လမ်းမနံဘေးရှိ အအေးဆိုင်ကလေးတစ်ခုဆီ ဦးတည်လှမ်းနေမိကြစဉ်….

“ဆရာမ ဒီကျောင်းကို စရောက်တဲ့နှစ်မှာ ကျွန်မ ဆယ်တန်းစတက်တဲ့နှစ်ပေါ့´´

ကျွန်မ…ရုတ်တရက် ခြေစုံရပ်ပစ်လိုက်မိသည်။ ပြီးမှ ခပ်နှေးနှေးခြေလှမ်းတွေကို ပြန်ရွှေ့ရင်း သူ့မျက်နှာဆီ လည်ပြန်အကဲခတ်မိတော့သည်။

မျက်နှာပေါ်မှာ မိတ်ကပ်ရောင်ပြေး၊ မှုံဖွေးဖွေးနှင့် ထိုကလေးမအား သနပ်ခါးရည်ကျဲ၊ ချွေးသံတရွှဲရွှဲ ဆယ်တန်းကျောင်းသူမတွေနှင့် ဘယ်လိုမှ ဆက်စပ်စဉ်းစားလို့မရ။ ပုံမှန်အားဖြင့် ကျွန်မ၏ ကျောင်းသား၊ကျောင်းသူများကို နာမည်နှင့်တွဲလျှက် မမှတ်မိလျှင်သာရှိမည်။ လူကိုမြင်လျှင်တော့ ..ကိုယ်တပည့်နှင့် တခြားကလေးကို ခွဲခြားနိုင်စွမ်းပါသေးသည်။

“ကျွန်မက ဘာသာတွဲ(၁) ဝိဇ္ဇာတွဲကပါ။ တန်းခွဲ(F)က…´´

ကျွန်မက ဓါတုဗေဒ သင်ကြားသူဖြစ်သည်။ သမိုင်း၊ ပထဝီဝင် ဘာသာတွဲမှ သူတို့တတွေကို မျက်မှန်းတန်းမိရုံသာရှိကာ ရင်းနှီးခွင့်တော့ မရနိုင်ခဲ့ပေ။ ဒါကြောင့်သာ သူ့မျက်နှာကလေးဟာ ကျွန်မအတွက် စိမ်းသက်နေခဲ့တာ။

သူမ ပြောသည့် သူမ၏ အတန်းပိုင်ဆရာမက ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်တစ်ယောက်မျှသာမက ရင်းနှီးချစ်ကြည်ရဆုံးသော သူငယ်ချင်းအရင်းအချာ တစ်ယောက်လည်း ဖြစ်နေပါသည်။ ပြီး..စာသင်နှစ်တစ်နှစ်တည်းမှာ ကိုယ်က စာမသင်လိုက်ရရုံ.. ကိုယ်စာသင်ခန်းထဲ ဝင်ထိုင်ခွင့်မရှိခဲ့ရုံမျှနှင့် ကိုယ့်ကျောင်းသားမဟုတ်ဟု ဥပက္ခာပြုကာ မျက်နှာလွှဲရက်သလား။ ကျွန်မ၏ ဦးနှောက်နှင့် နှလုံးသားအစုံမှာ ဆင်ခြင်တုံတရား၊ ခံစားချက်များစွာတို့ဖြင့် စည်းချက်မမှန်စွာ ကဆုန်စိုင်းလျှက် လူပါထုံထိုင်းမူးရီလို့လာသည်။

“အဲဒီနှစ်က ဆယ်တန်းမအောင်ဘူး။ ကျွန်မလည်း တစ်ခါတည်းနဲ့ အပြင်ရောက်သွားတော့တာပဲ။ အမေကပြောတယ်။ ဆက်ဖြေလည်း အောင်မှာမဟုတ်ဘူး ။ ကျောင်းထွက်လိုက်တော့တဲ့။ ကျွန်မကလည်း လုံးဝ ဝမ်းမနည်းမိဘူး။ အေးဆေးပဲ။
….အမေပြောတာ ဟုတ်တယ်ဆရာမရဲ့။ ကျွန်မ ဆက်ဖြေလည်း အောင်မှာ မဟုတ်ဘူး။ ကျွန်မကိုယ်တိုင်က ကျောင်းတက်ရတာ၊ စာကျက်ရတာထက် လှလှပပလေး ပြင်ဆင်ဝတ်စား၊ လမ်းသလား…ပဲများရတာကို ပိုကြိုက်တယ် ဟဲ..ဟဲ…´´

မျက်စောင်းမခဲမိအောင် အသိနှင့် သတိထားနေရတာမို့ သူမကို စကားမထောက်အားပါ။

“အမေက အရပ်ထဲကအိမ်တွေမှာ အဝတ်လိုက်လျှော်ရတယ်။ ကျွန်မကိုတော့ ဘာတစ်ခုမှ မခိုင်းပါဘူး။ သူ့သမီး ဂုဏ်ငယ်မှာ စိုးလို့တဲ့။ သူ့အလုပ်မှာလည်း ဝင်ကူမခိုင်းဘူး။
….ကျွန်မကလည်း ခိုင်းရင်တောင် လုပ်ဖို့စိတ်ကူးမရှိပါဘူး။ ကျွန်မ အဲဒါတွေကို စိတ်မဝင်စားဘူးလေ။ တစ်နေ့..တစ်နေ့ ကိုယ့်ကိုယ်ကိုယ် လှအောင်ပြင်ဆင်ခြယ်သလိုက်၊ အပြင်ထွက်လိုက်၊ အိပ်လိုက်၊ စားလိုက်….´´

သူကလေးက ရယ်ရွှင်မြူးတူးစွာ ပေါ့ပေါ့ပါးပါး ပြောပြနေသော်လည်း ကျွန်မမှာဖြင့် အူယားလှပြီ။ သူမ ပြောခဲ့သော စာသင်နှစ်၏ ကျောင်းဝန်းအတွင်းထဲမှာသာဆိုလျှင် ကျွန်မ၏ လက်ဆစ်တွေက သူ့ငယ်ထိပ်ဆီ ဘယ်နှစ်ကြိမ်မိတ်ဆက်နေမိတော့မည်မသိ။

“အဲလိုနဲ့ အမေက တရှောင်ရှောင်နဲ့ ချူချာလာခဲ့တော့ ကျွန်မတို့ စားဝတ်နေရေးက ခက်ခဲလာတော့တာပေါ့။ ကျွန်မကလည်း ဘာမှ မလုပ်တတ်၊ မကိုင်တတ်။ အစ်ကိုကြီးသာမရှိရင် အဲဒီအချိန်ကတည်းက ကျွန်မတို့သားအမိ ငတ်လို့သေပြီ။´´

“…………….´´

“အစ်ကိုကြီးက အဖေရှိစဉ် ကျွန်မငယ်ငယ်ကတည်းက ရပ်ဆွေရပ်မျိုးလို နေလာခဲ့ကြတာပါ။ အမေ့မှာ အခက်အခဲရယ်လို့ ကြုံလာရတိုင်း ကူညီပေးနေကျမို့ ကျွန်မက အမေနဲ့ ကျိတ်ပြီး သဘောတူနေခဲ့တာပေါ့။ သူက အမေနဲ့မှ ရွယ်တူလောက်ရှိမှာကိုး။´´
ကျွန်မ အံ့ဩတကြီး အာစေးမိနေရပြန်သည်။ ကိုယ့်အမေနဲ့မှ သက်ရွယ်တူ၊ အဖေအရွယ်သက်ကျားအိုကြီးကို အမေ့သဘောတစ်တည်းဖြင့် အလွယ်တကူ ခေါင်းညိတ်လက်ခံနိုင်ခဲ့သတဲ့။ သူမ၏ ခံယူချက်၊ သဘောထားကတော့ ရှင်းပါသည်။

“သူက ကျွန်မကိုမှ မရမနေနိုင် လက်ထပ်ချင်ပါတယ်ဆိုတာကိုး ဆရာမရယ်။ပြီး..သူ့အမှီအခိုနဲ့ အသက်ရှင်နေရတဲ့ ကာလတွေကလည်း နှစ်မနည်းတော့ဘူးလေ။ သူ့နေရာကကြည့်တော့လည်း ဟုတ်နေတာပဲ။ ဂီလာန ရောဂါသည်ကြီးကိုတော့ ဘယ်စိတ်ဝင်စားပါ့မလဲ။ ဟုတ်ဘူးလား…။´´

“ဟုတ်သည့်တိုင်အောင် ရှင်က ငြိမ်ပြီး လက်သင့်ခံစရာလား´´

ကျွန်မ၏ ရင်ထဲက မကျေနပ်ချက်တွေ ရုန်းကြွခုန်ထွက်သွားသည်။ သူမ၏ မျက်နှာကလေး ရုတ်တရက် တည်ကြည်မှုံမှိုင်းသွားရကာ…

“ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့အမေ..သူ့လက်ပေါ်မှာ ဆေးဝါးဓါတ်စာ အလျှံပယ်နဲ့ စိတ်အေးလက်ချ ဘဝကူးကောင်းနိုင်ခဲ့တယ်လေ ဆရာမရဲ့။´´

ပြီး…တိုးရှိုင်းစွာ ဆိုလာသေးသည်မှာ…

“ကျေးဇူးဝန်ပိမိရင် ရုန်းရဖယ်ရ ခက်လှတယ် ဆရာမရယ်´´

…တဲ့လေ။

**********

ကာယကံရှင်ဖြစ်သော ကျွန်မ၏ မောင်လေးကတော့…

“သူ့ဘဝလေးက သနားစရာသိပ်ကောင်းတာ မလေးရဲ့။ ကျွန်တော်ကလည်း အဲဒီ သနားစိတ်နဲ့ပဲ နောက်မဆုတ်နိုင်တာ။ သူကလေ…တစ်ဘက်သားရဲ့ ခံစားချက်၊ သဘောဆန္ဒကို အရမ်းနားလည်သိတတ်တယ်။ ဦးစားပေးဖြည့်ဆည်း ချင်တယ်။ ဘယ်တော့မှလည်း အခွင့်အရေးမယူတတ်ဘူး။´´

“ဒါပေမယ့် ရှင့်အမွေဝေစုတွေတော့ အတော်လျော့နေပြီ မဟုတ်လား´´

ကျွန်မတို့ မောင်နှမ လေးယောက်စလုံးကို ဖေဖေက သူမဆုံးမီကတည်းကပင် အမွေခွဲဝေပေးခဲ့ပြီးဖြစ်ပါသည်။ သားအဖ ငါးယောက်အတွက် ဖေဖေ့ပိုင်ဆိုင်မှုများအား ငါးပုံ အညီအမျှပုံခဲ့သည်။ သူ့ဝေစု တစ်စုကို ဖေဖေမဆုံးမီ လှူဒါန်းသုံးစွဲသွားခဲ့သည်။ ဖေဖေကွယ်လွန်ပြီးနောက် ဖေဖေ့ပိုင်ဆိုင်မှုလက်ကျန် တိုလီမိုလီတို့ကို မောင်လေးအတွက် လွှဲပြောင်းဖြည့်တိုးပေးလိုက်ကြပြန်သည်။ မမလတ်ကတော့ အိမ်ထောင်ခွဲမို့ သူ့ဝေစုတစ်ခုသာ သူ့အတွက် သီးသန့် ခွဲပေးလိုက်ကြသည်။ အရွယ်လွန်၊ အပျိုဟိုင်းစာရင်းဝင်နေပြီဖြစ်သော မမကြီးနှင့် ကျွန်မတို့၏ ပိုင်ဆိုင်မှုများမှာ အချိန်တန်လာလျှင် မောင်လေးတစ်ယောက်ကလွဲ၍ အခြားသူထံ လွှဲပြောင်းရောက်ရှိသွားစရာ အကြောင်းမရှိပြီ။ ကျွန်မတို့ ညီအစ်မ သုံးဦးသား နှုတ်ကတိပြုကာ သဘောတူညီခဲ့ပြီးသား။

“အဲလောက်ကြီးလည်း လျော့မသွားပါဘူး မလေးရာ။ ကိုယ်တွေဆီက နည်းနည်းလောက်မျှဝေပေးကမ်းမှုက သူ့အတွက်ကျတော့ အရမ်းကြီး များပြားကြီးမား သွားသလိုဖြစ်နေပြီး တဖွဖွကျေးဇူးတင်မဆုံးရှိနေတတ်တာ…´´

“သူက နင့်ကို အချဉ်ဖမ်းနေတာ မဟုတ်ဘူးလား´´

`ချူချနေတာ´ဟု ကျွန်မ မဆိုရက်လို့သာ။ ဒါပေမယ့် မောင်လေးက နားလည်နေပါသည်။

“သူ..ငါ့ဆီက ဘာမှ မပူဆာပါဘူး မလေးရဲ့။ ငါကသာ သူ့စကားထဲမှာ သူ့လိုအပ်ချက်ကလေးတွေ ရှာတွေ့ပြီး အလိုက်တသိဖြည့်ဆည်းပေးခဲ့တာ…´´

ကျွန်မတပည့်တွေပြောသလို `တောမှာသွာပြော´ ဟု ပြောရတော့မလိုပင်။ ဒါပေမယ့် ကျွန်မသည်လည်း ကောင်မလေးနှင့် တစ်ကြိမ်စကားပြောပြီးကတည်းက သူမအပေါ် သံသယအနည်းဆုံးလူသားဖြစ်မှန်းမသိ ဖြစ်လာနေပြီ။

အိမ်ထောင်ဦးကာလမှာ ကတည်းက တစ်ဖက်စောင်းနင်းဆန်စွာ နှိမ်ချဆက်ဆံလေ့မြဲဖြစ်သော ခင်ပွန်းသည်၏အသိုင်းအဝိုင်းကြားမှာ အောက်ကျို့သီးခံကာ သင့်မြတ်အောင်နေတတ်ခဲ့သူပဲ။ ကံအကြောင်းမလှစွာ နှစ်ကြိမ်တိုင်တိုင်လေဖြတ်ခံရအပြီး အိပ်ယာထဲမှာ လဲနေခဲ့သော ခင်ပွန်းသည်၏ ဝေယျာဝစ္စ၊ အညစ်အကြေးကအစ ညူစူစိတ်ကွက်ခြင်းကင်းစွာ ယနေ့တိုင် ပြုစုယုယမြဲ။ အရေးသာစဉ်အချိန်တွေမှာတော့ ဝင်ထွက်ပတ်သက်ကာ မဏ္ဍပ်တိုင်တက်ပြ တတ်ခဲ့ကြသည့် ဆွေတော်ရှစ်သောင်းတို့သည် ခုနေခါ တစ်ချက်လောက်မျှ လည်ပြန်စောင်းငဲ့ကြည့်လာဖော် မရကြတာကိုလည်း ကဲ့ရဲ့ပြစ်တင် မနေတော့ပါတဲ့။

“သူတို့တွေလည်း ကိုယ့်ဘဝ ကိုယ့်အကြောင်းကိုယ်စီတွေနဲ့ မဟုတ်လားဆရာမရယ်´´

အဲဒီလိုကလေးမက ဘဝတစ်ခု ရပ်တည်နိုင်ဖို့ ကျင့်ဝတ်သိက္ခာကို ကျတော့ ချနင်းလမ်းခင်းပစ်ရက်သတဲ့လား။

“ကိုယ့်အလှက ဘဝနဲ့မတန်အောင် ထင်းခနဲဖြစ်နေတာလည်း ဝန်းကျင်ပယောဂ အဖျက်အမှောင့်တွေကို ဖိတ်ကြိုရာရောက်နေတယ် ဆရာမရဲ့။ ဒါပေမယ့် လူတင်ပါလို့နွား ကျားကိုက်တာပါနော်။ ကျွန်မ…ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး´´

အဲဒီလို… ကိုယ့်တရားနဲ့ကိုယ် နေတတ်နေတဲ့ကောင်မလေးက…

“ဆရာမ ယုံလား။ ကျွန်မခေါင်းမညိတ်ပဲ သူ…လုံးဝ ရှေ့တိုးလာမှာမဟုတ်ဘူး´´

ကိုယ်တွေက တစ်သက်လုံးအထွဋ်တင် အလိုလိုက်ထားမိသမျှ နိုင်စားဗိုလ်ကျလာခဲ့သော မောင်လေးကို သူမက အဲလောက်ထိ မီးသေပါသတဲ့။ မခံချိချင်စရာကောင်းလှသော်လည်း သူမ မှန်သောစကားကို ဆိုနေသည်သာ ဖြစ်ပါသည်။

“ သူ့အတွက် ဖြစ်လာသမျှ အားလုံးကို ရင်ဆိုင်ပစ်လိုက်ချင်တယ်။ သူ့ကို သနားလို့ မလေးရဲ့´´

“ဟဲ့..လူကျင့်ဝတ်၊ လောကဝတ်ဆိုတာတွေ နင်…ဘယ်နားသွားထားမလဲ။ ငယ်ငယ်ကတည်းက ငါတို့အားလုံးက နင့်ကို ငါးပါးသီလလောက်တော့ လုံခြုံအောင် နေထိုင်အသက်ရှင်တတ်ဖို့ သင်ကြားပေးခဲ့တယ် မဟုတ်လားဟင်..။´´

ကျွန်မ ဒေါသမွှန်ကာ ဆွေ့ဆွေ့ခုန်ရပြန်သည်။
သူမ၏ ဘဝကလေးက `သနားစရာ´ ဟု ကျွန်မ…နားလည်စာနာနိုင်ပါသည်။ ဒါပေမယ့် ထိုဘဝကို ထိုးကျွေးကာ လူတကာထည်လဲနှင့် အလျော်အစားလုပ်ဝံ့သည်အထိတော့ သူမ…မိုက်မဲသိမ်ဖျင်းစရာလား…။ယခု…ကျွန်မတို့ညီအစ်မတတွေ အရှက်သည်းနေကြရသည့် မောင်လေး၏က်ိစ္စမှာလည်း ငွေကြေးနှင့်ရမ္မက်တို့ အလဲအလှယ်ပြုကြရာမှာ သံယောဇဉ်နယ်ကျွံရင်း တစ်ယောက်ကိုတစ်ယောက် ချည်နှောင်မိခဲ့ကြသည့် အဖြစ်ပေ။

“ဟင်းရွက်၊ကန်စွန်းသာဆိုရင် နင့်ကိုလေ…နုတ်နုတ်စင်း၊ မီးပြင်းတိုက်ပြီး အပင်သစ်ပြန်ပျိုးယူချင်တယ်ဟဲ့ ကိုငယ်ရဲ့…အီး..ဟီး´´

မမကြီးကတော့ မျက်ရည်ဖြိုင်ဖြိုင်ကြားကပင် ယူကျုံးမရစွာ ရင်ဘတ်စည်တီးခဲ့လေသည်။

“ငရဲတော့ ကျွန်တော်လည်းကြောက်တာပေါ့ မလေးရာ။ ဒါပေမယ့် သူ့ကိုလည်း သနားတယ်ဗျ´´

“လဲသေလိုက်…´´

မိုက်ရူးရဲ၊ သူရဲကောင်းလေးကတော့ ညစဉ် ရီဝေရစ်ထွေလျှက် ဝေဒနာတွေကို ဖြေလျှော့ကုစားနေလေပြီ။ ဒါပေမယ့် မကြာလှသော တစ်ချိန်ချိန်မှာတော့ ဖန်ခွက်ထဲမှ ဘီယာအမြုပ်တွေ ငြိမ်သေ ပျောက်ကွယ်သွားသလို သင်းကလေးရဲ့ လှိုင်းထန်သောခံစားချက်အနာတွေလည်း အသားကျ၊ အကင်းသေသွားမည်မလွဲ။ ဟိုတစ်ဘက်သားမှာရော…

တစ်ချိန်လုံး မြူးပြရွှင်သွက်ဟန်ဆောင်ထားတဲ့ မင်းကလေးရဲ့ ပြုံးလွန့်လွန့်နှုတ်ခမ်းတွေက ဘာကြောင့် ယောင်ယောင်ကလေး မဲ့ကွေးသွားခဲ့သလဲ။ မျက်တောင်ဖျားဆီက မျက်ရည်စတွေကို တဖျတ်ဖျတ်ခတ်ထုတ်နေရတာလည်း သူမ ပင်ပမ်းလွန်းလှပါပြီ။ ဒါပေမယ့် ယိုမီယို၊ ဂျူးလိယက်တို့၏ ကိန္နရာချောင်းခြားဇာတ်လမ်း မဟုတ်ဘူးနော်။ ကျွန်မ..သူမကို မသနားလိုက်မိစေနဲ့။ ဒါဟာ လူမှုဝန်းကျင်တစ်ခုလုံးက ဘယ်လိုထောက်ထားစာနာမှုမျိုးနဲ့မှ လက်သင့်ခံနားလည်ပေးလို့မရတဲ့ ကျင့်ဝတ်ဖောက်ဖျက်မှု သာ မဟုတ်လား။

“ခုလို လူမှုပတ်ဝန်းကျင်မှာ ပြစ်တင်ရှုပ်ချစရာအဖြစ်မျိုးရောက်အောင်တော့ ကျွန်မလည်း သူ့ကို….ဆွဲမနှစ်ရက်ပါဘူး ဆရာမရယ်´´

ကျေးဇူးတင်မိပေမယ့် မင်းကိုလည်း ခုလို ဒုက္ခ၊သောကတောထဲမှာ ထားခဲ့ရမှာ စိတ်မကောင်းလှပါ ကလေးရယ်။ မင်း..အမြန်ဆုံး ရုန်းထွက်လွတ်မြောက်နိုင်စေဖို့ တို့တတွေ ဆုတောင်းပေးလိုက်ပါတယ်။ တို့တတွေ တတ်နိုင်တာလည်း ဆုတောင်းပေးရုံ တစ်ခုသာလေ….။

*************

မမကြီးတစ်ယောက် စိတ်လက်ချမ်းသာစွာ ရယ်မြူးပြုံးပျော်နေနိုင်တာ မြင်ရတော့ ကျွန်မလည်း ဝမ်းသာသင့်သည်ပင်မဟုတ်လား။ ဒါပေမယ့် ကျွန်မ ဂုဏ်မယူနိုင်ပါ။ ကျွန်မ၏ အတ္တအလျော့အတင်းက ချိန်ခွင်လျှာညီမျှခဲ့ပါရဲ့လား။

မမလတ်ကလည်း အားကျမခံစွာ သူ့ယောက်ျားဘက်မှ အလိမ္မာ၊ အိမ်ပါ ညီမဝမ်းကွဲလေးတစ်ယောက်နှင့် မောင်လေး၏ဘဝ အခြေကျတည်တံ့စေမည့် အနာဂါတ်အစီအမံတွေအပေါ် ပန်းမွေ့ယာ ကျဲဖြန့်ပြနေပြန်ပါသည်။ ။