Hiccups ကြို့ထိုးခြင်းအကြောင်း သိကောင်းစရာ
ကြို့ထိုးခြင်းကို လူတိုင်းခံစားဖူးကြမှာပါ။ ကြို့ထိုးခြင်းကို ဆေးပညာမှာ ၄၈ နာရီအောက် ကြို့ထိုးခြင်း၊ ၄၈နာရီကြာအောင် ကြို့ထိုးခြင်း နဲ့ ၁လကြာအောင် ကြို့ထိုးခြင်းရယ်လို့ ၃မျိုးခွဲခြားထားပါတယ်။ မွေးကင်းစမှ အသက်အရွယ်မရွေးထိ ဖြစ်ပွါးနိုင်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုမို အဖြစ်များတယ်လို့ ဆိုကြပါတယ်။မနက်ပိုင်းထက် ညနေပိုင်းအချိန်တွင် အများဆုံးကြို့ထိုးလေ့ရှိပြီး တစ်မိနစ်လျှင် ၅ ကြိမ်မှ အကြိမ် ၆ဝ ခန့်ထိဖြစ်ပွါးတတ်ပါတယ်။
ကြို့ထိုးခြင်း ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုရင် Diaphragm လို့ခေါ်တဲ့ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကို ပိုင်းခြားထားတဲ ့ရင်ဝမ်းကြွက်သားရဲ့ ရုတ်တရက် အဆက်မပြတ် ကျုံ့မှုကြောင့် ကြို့ထိုးခြင်း ဖြစ်ပေါ်လာတယ်လို ့ဆိုပါတယ်။ လူတွေအသက်ရှုသွင်းလိုက်တဲ့အခါမှာ ရင်ဝမ်းခြားကြွက်သားဟာ ကျုံ့ကာ အောက်ကိုဆင်းသွားပြီး အသက်ရှုထုတ်လိုက်တဲ့အခါမှာ အပေါ်ကိုတက်လာပါတယ်။ ရင်ဝမ်းခြားကြွက်သားရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ထားတာက Phrenic nerve ဆိုတဲ ့အာရုံကြောပါ။ အဲဒီ အာရုံကြောကို လှုံဆွမိတဲ ့အခါ ရင်ဝမ်းခြားကြွက်သားကို ကျုံ့ပြီးတောင့်တင်းလာစေတာကြောင့် အသက်ရှုနှုန်းဟာ တိုပြီးမြန်လာပါတယ်။ အဲဒီအခါမှာ epiglottis လို့ ့ခေါ်တဲ ့လေပြွန်ဖုံးက ရုတ်တရက် ခဏခဏပိတ်သွားပြီး ကြို့ထိုးတဲ ့အသံဆိုတာ ဖြစ်ပေါ်လာတယ်။ ဒါပေမယ့် ကြို့ထိုးခြင်းဖြစ်ပေါ်ပုံအတွက် တိကျပြည့်စုံတဲ ့အဖြေကိုတော့ ဘယ်သူမှ မပြောနိုင်သေးပါဘူး။
ကြို့ထိုးစေတဲ ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အရက်သောက်ခြင်း၊ အစာတွေ အများကြီးစားပြီး အစာအိမ်တင်းနေခြင်း၊ အစားအစာကို အလျင်စလို အမြန်စားလိုက်ခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်းတို့ကြောင့် ကြို့ထိုးခြင်းကို ခံစားရတတ်ပါတယ်။ပူတဲ့စပ်တဲ့ အစာတွေနဲ့ ပြည့်တင်းနေတဲ ့အစာအိမ်က phrenic nerve ကို လှုံ့ဆွတဲ့အတွက် ကြို့ထိုးလာခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်မကောင်း၍ သွေးထဲတွင် urea တက်နေခြင်းကြောင့်လည်း ကြို့ထိုးစေနိုင်ပါတယ်။မေ့ဆေးပေးပြီး ခွဲစိတ်ခံတဲ့ လူနာတွေမှာလည်း ကြို့ထိုးခြင်းကို ခံစားရသလို ရင်ဝမ်းခြားကြွက်သားကို လှုံ့ဆွစေတတ်သော ရောဂါများဖြစ်သည့် ရင်ဝမ်းခြားကြွက်သားအောက်တွင် ပြည်တည်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးအမြှေးပါးရောင်ခြင်း စတဲ ့ရောဂါတွေဟာလည်း ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုများခြင်း ကြောက်ရွံ့ခြင်းတို့ကြောင့်လည်း တခါတရံကြို့ထိုးတတ်သလို သွေးတွင်း သကြားဓါတ်များနေခြင်းနှင့် ဆိုဒီယမ် ၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်ပမဏ နည်းတဲ့အခါမှာလည်း ကြို့ထိုးနိုင်ပါတယ်။ Dexamethasone ကဲ့သို့သော စတီးရွိုက်ဆေးဝါးများနဲ့ Diazepam ဆေးဝါးများကို သုံးစွဲပါကလည်း ကြို့ထိုးစေနိုင်ပါတယ်။
ကြို့ထိုးခြင်းဟာ ၄၈နာရီထက်ပိုမကြာဘူးဆိုရင်တော့ ဆရာဝန်နဲ ့ပြသစရာမလိုဘဲ အလွယ်တကူ ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ၄၈ နာရီထက်ပိုကြာမယ်ဆိုရင်တော့ ရောဂါတခုခုကြောင့် ကြို့ထိုးခြင်း ဖြစ်ပေါ်တာဖြစ်နိုင်တဲ ့အတွက် ဆရာဝန်နဲ ့ပြသသင့်ပါတယ်။ ဥပမအားဖြင့် အစာအိမ်ရောင်ခြင်း၊ အူသိမ် ပိ်တ်နေခြင်း၊ သွေးတွင်းသကြားဓါတ်များစေတဲ့ ဆီးချိုရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်ခြင်းနှင့် ဦးနှောက်အမြှေးပါးရောင်ခြင်း စတဲ ့ရောဂါတွေကြောင့် ဖြစ်နေနို်င်ပါတယ်။
ကုသမှုပိုင်းအနေနဲ့ ၄၈နာရီအောက်သာ ကြာမြင့်တဲ ့ ကြို့ထိုးခြင်းတွေအတွက် ထွေထွေထူးထူး ကုသစရာမလိုအပ်ပါဘူး။ ဒါပေမယ့် ကြို့ထိုးခြင်း အမြန်သက်သာစေတဲ ့နည်းလမ်းလေးတွေတော ့ရှိပါတယ်။ ရှောက်သီးစိတ် တစ်စိတ်လောက်ကိုက်ပေးခြင်း၊ ရေခဲရေကို နည်းနည်းချင်း မကြာခဏ သောက်ပေးခြင်း၊ သကြားအနည်းငယ်ကို မျိုချခြင်း၊ အသက်ရှုခဏအောင့်ထားခြင်း၊ လျှာကိုရှေ့သို့ထုတ်ခြင်း၊ ကျွတ်ကျွတ်အိတ် သို့မဟုတ် စက္ကူအိတ်ကို နှာခေါင်းနဲ ့ပါးစပ်တွင်စွပ်၍ ခဏတဖြုတ်အသက်ရှုပေးခြင်း၊ ရှေ့ဘက်သို ့ခါးအနည်းငယ်ကိုင်း၍ ထိုင်ခြင်း၊ ရုတ်တရက် ထိတ်လန့်သွားအောင် လုပ်လိုက်ခြင်း စသည်ဖြင့်ကြို့ထိုးပျောက်ကင်းအောင် လုပ်လို ့ရတဲ ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ နာတာရှည် ကြို့ထိုးခြင်းအတွက် Chlorpromazine ဆိုတဲ့ဆေးကလည်း အထောက်အကူပြုပါတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲနဲ ့တော့ လုံးဝမသောက်သုံးသင့်ပါဘူး။ အအန်ပျောက်ဆေးဖြစ်တဲ့ Metoclopramide (mexalon) ဆေးဝါး ၁ဝ မီလီဂရမ်ကို တစ်နေ့ သုံးကြိမ်သောက်ခြင်းဖြင့်လည်း ကြို့ထိုးခြင်းကို သက်သာစေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂ရက်ထက်ကျော်ပြီး ကြို့ထိုးနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီးလိုအပ်တဲ ့ စစ်ဆေးကုသမှုတွေ ခံယူသင့်ပါတယ်။
ကြို့ထိုးခြင်းကို ကာကွယ်ဖို့အတွက်ကတော့ အရက်မသောက်ပါနဲ့၊ gas ပါတဲ ့အရည်များ လျှော့သောက်ပါ။ တကြိမ်ထဲနှင့် အလွန်အမင်း ဗိုက်ပြည့်လွန်းအောင် မစားပါနဲ့။ အစာစားရင်လည်း အလျင်စလိုမြန်မြန်မစားပါနဲ့။ ဖြေးဖြေးချင်းစားပါ။ အကယ်၍ ရောဂါ အခံတစ်ခုခု ရှိနေပြီး ကြို့ထိုးခြင်းက ၂ ရက်ထက်ပိုကြာနေပြီဆိုပါက ဆရာဝန်နှင့်ပြသပြီး လိုအပ်သော ကုသမှုများကို ခံယူပါလို ့ တိုက်တွန်းလိုက်ပါတယ်။
လေးစားစွာဖြင့်…
ဒေါက်တာအောင်အောင်
http://newworldnanda.com/profiles/blogs/3451740:BlogPost:47805 မှ ကူးယူဖော်ပြပါသည်…
3 comments
ဆူး
January 12, 2011 at 1:12 pm
ကြို့ထိုးပျောက်တဲ့ နည်းတွေ ထဲမှာ မပါတဲ့ နည်းတခု ရှိသေးတယ်။ စိတ်တည်ငြိမ်အောင် လုပ်ပြီး ဝင်လေ ထွက်လေ သတိလေး ထားလိုက်.. စိတ်ငြိမ်ကျသွားပြီ ဆိုတာနဲ့ ကြို့ထိုးတာ ပျောက်တယ်။
ဆူး ကိုယ်တိုင် လည်း ကြို့ထိုးရင် အသက် ကို ၁ဝခါနီးပါးလောက် အဝင်အထွက် မှတ်ပြီး သတိနဲ့ ရှူလိုက်တာနဲ့ ချက်ချင်းပျောက်တယ်။ ခဏခဏတော့ ကြို့ထိုးတတ်တယ်။ အာရုံတွေ ရှုပ်ထွေးနေရင် ဘယ်လောက် သတိနဲ့ မှတ်ပြီး အသက်ရှူရှူ မပျောက်ပြန်ဘူး။
unclegyi1974
January 12, 2011 at 2:59 pm
တော်တော်စုံအောင်ရေးထားတာပဲ
ဘာမှကိုဝင်မန်းစရာမကျန်ဖူး
ဒါပေသိ မြန်မာလိုကြို့ကြီးထိုးတယ်ဆိုတာကြားဖူး
တယ်ဘယ်လိုမှမပျောက်ဖူး နောက်ဆုံးအသက်
ပျောက်မှပျောက်တယ်ဆိုပဲ ကိုယ်တွေ့တော့မကြုံ
ဖူးပါ ကြားဖူးတာပါ
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
January 12, 2011 at 11:52 pm
ကျွန်တော့် စိတ်ထင် ၄၈နာရီအောက်ကြို့ထိုးတာက အစာပြွန်လမ်းကြောင်း တစ်လျှောက်မှာ လေခိုတာလို့ထင်ပါတယ်။ ပြွန်ကလေးမှာ လေခိုနေမယ်၊ အပေါ်က အစာပိတ်နေမယ်။ လေရဲ့သဘာဝအရ အထက်ကိုတက်ပြီး ထွက်မသွားနိုင်တော့ ကြို့ထိုးနေတာလို့ထင်ပါတယ်။ အဲဒီအခါမှာ ရေများများ သောက်ချလိုက်တဲ့အခါ ရေအားနဲ့ အစာကအောက်ကိုသက်သွားပြီး ခိုနေတဲ့လေက ထွက်သွားတယ်လို့ထင်ပါတယ်။ ဘာဖြစ်လိုု့လဲဆိုတော့ ရေသောက်လို့ ဗိုက်ထဲမှာ ဂွီခနဲတိုးတိုးကလေးမြည်သွားရင် ကြို့ထိုးတာပျောက်တယ်။ မမြည် မချင်း ကြို့ထိုးတာမပျောက်ဘူး။