မမခင်ဦးစံပယ်သို ့တမ်းချင်း(၉) – အောင်ဝေး
မိုးကုပ်စက်ဝိုင်းမှာတော့
မုန်တိုင်းမိုးတိမ်တွေက
ဆင်နေဆဲပါ
မမခင်ဦးစံပယ်။
တောင်တွေက
မြင့်မြင့်လာတယ်။
တောတွေက
နက်နက်လာတယ်။
မြစ်တွေက
ကွေ ့ကွေ ့လာတယ်။
၃၃လမ်းကတော့
လမ်းတိုကလေးပါပဲ။
ဒါပေမဲ့
ကဗျာဆရာတွေရဲ ့
ဒုက္ခကတော့
ရှည်လျားလှပါတယ်။
မနေ ့တစ်နေ ့က
မိုးကြီးတစ်မ
ရွာချခဲ့တယ်။
၃၃လမ်းဟာ
မိုးရေထဲမှာ
လန်းဆန်းသွားမယ်။
၃၃လမ်းထိပ်က
ခရေပင်ရိပ်ကလေး
အခုရှိသေးလား
မမခင်ဦးစံပယ်။
၃၃လမ်း
ကျနော်လွမ်းတယ်။
သူငယ်ချင်းတွေ
ရဲဘော်တွေ
မိတ်ဆွေတွေ
အဲဒီမှာဆုံနေကျ
၃၃လမ်း။
တစ်ယောက်ပခုံးသားထဲ
တစ်ယောက်ကျုံ ့ဝင်
ရာဇဝင်ကိုထမ်းခဲ့ကြ
၃၃လမ်း။
ဆရာဒဂုန်တာရာပြောတဲ့
ပျားအုံခံစားမှု
အနုပညာသံမဏိ
၃၃လမ်း။
ဒီ၃၃လမ်း
ကျနော်လွမ်းတယ်။
၃၃လမ်း
ညနေချမ်း
ဇာတ်ခုံပေါ်မှာ
ဂန္ဒမာတောင်ဇာတ်ဝင်ခန်း။
၃၃လမ်းရဲတိုက်ကနေ
ကဗျာဆရာတွေ
ရန်သူကိုတိုက်ခိုက်နေကြမယ်။
၃၃လမ်းခံတပ်ကနေ
ကဗျာဆရာတွေ
ရန်သူကိုခုခံနေကြမယ်။
တောင်မြင့်မြင့်တွေပေါ်မှာ
၃၃လမ်းအလံတော်တွေ ့မယ်။
တောနက်နက်တွေထဲမှာ
၃၃လမ်းရနံ ့ရမယ်။
မြစ်ကွေ ့ကွေ ့တွေကြားမှာ
၃၃လမ်းအသံကြားမယ်။
သတိရပါတယ်
သူငယ်ချင်းတို ့။
လေးစားပါတယ်
မိတ်ဆွေတို ့။
အလေးပြုပါတယ်
ရဲဘော်တို ့။
မနေ ့တစ်နေ ့က
မိုးကြီးတစ်မ
ရွာချခဲ့တယ်။
ချိုးဖြူတစ်ထောင်
ကြိုးကြာတစ်ထောင်
လရောင်ထဲပျံသန်း။
ယောနသံစင်ရော်
ပင်လယ်ကိုခေါ်
၃၃လမ်းပေါ်
လွမ်းလို ့အော်တယ်။
မနေ ့တစ်နေ ့က
မိုးကြီးတစ်မ
ရွာချခဲ့တယ်လေ
မမခင်ဦးစံပယ်။
၃၃လမ်းဟာ
ဝမ်းပန်းတသာနဲ ့
ဒဏ်ရာတွေကိုမေ ့သွားတယ်။
ပြီးတော့
၃၃လမ်းဟာ
ကမ္ဘာတစ်ခြမ်းကနေ
သူ ့ကိုလွမ်းနေတဲ့
ပြည်ပြေးတစ်ယောက်ကို
လွမ်းနေဦးမယ်။
တစ်ခါတစ်ခါ
၃၃လမ်းဟာ
အဲဒီပြည်ပြေးကဗျာဆရာအတွက်
မျက်ရည်ကျတယ်။
ညနေ ညနေ
စည်တယ်လေ
လွမ်းဟေ လွမ်းဟေ
၃၃လမ်းရေ။
မစ်ရှီဂန်ညချမ်း
ရာဇဝင်ကိုထမ်း
ငါပြန်လာမယ်
၃၃လမ်း။
ဒီမှာတော့
ကျနော်က
ဝံပုလွေလာဆင်ရဲ ့
တစ္ဆေသင်္ဘောပေါ်မှာ
မမခင်ဦးစံပယ်။
ဒီမှာတော့
ကျနော်က
တံငါအိုကြီး
စန်တီယာဂိုနဲ ့အတူ
မမခင်ဦးစံပယ်။
ဒီမှာတော့
ကျနော်က
မစ္စစ္စပီမြစ်ကြီးကိုစီးလို ့
မမခင်ဦးစံပယ်။
ဒီမှာတော့
ကျနော်က
ပရေရီမြက်ခင်းပေါ်
မြင်းကိုစိုင်းလို ့
မမခင်ဦးစံပယ်။
ဒီမှာတော့
ကျနော်က
လွမ်းလို ့ပေါ ့
မမခင်ဦးစံပယ်ရယ်။
ငယ်ငယ်တုန်းက
လီနင်နဲ ့တွေ ့တယ်
ကြီးလာတော့
လင်ကွန်းနဲ ့တွေ ့ချင်တယ်။
ဒီမှာ
လင်ကွန်းနဲ ့ကျနော်တွေ ့ပြီ
မမခင်ဦးစံပယ်။
ကျနော်
ဝါရှင်တန်ဒီစီကိုသွားတယ်။
ကျနော်
လင်ကွန်းနဲ ့တွေ ့တယ်။
ကျနော်
အင်ဒီယားနား-ဖို ့တ်ဝိန်းကိုသွားတယ်။
ကျနော်
လင်ကွန်းနဲ ့တွေ ့တယ်။
ကျနော်
ဆန်ဖရန်စစ္စကိုသွားတယ်
လော့စ်အိန်ဂျယ်လိစ်သွားတယ်။
ကျနော်
ချီကာဂိုသွားတယ်
ဒိထရွိုက်သွားတယ်
နယူးယောက်သွားတယ်။
ကျနော်
လင်ကွန်းနဲ ့တွေ ့တယ်
မမခင်ဦးစံပယ်။
ကျနော်
လင်ကွန်းရဲ ့ဂက်တီးစဘတ်မိန် ့ခွန်း
နားထောင်တယ်။
ကျနော်
တိုင်းပြည်ကိုလွမ်းတယ်။
ကျနော်
မင်းသားကြီး ပီတာဖောင်ဒါ
သရုပ်ဆောင်တဲ့
“လူငယ်လင်ကွန်း”ရုပ်ရှင်ကြည့်တယ်။
ကျနော်
လူမျိုးကိုလွမ်းတယ်။
မမခင်ဦးစံပယ်
ကျနော်မညာပါဘူး
ငမိုးရိပ်ချောင်းကမ်းပါးမှာ
ကျနော့်ရဲ ့
အသန် ့စင်ဆုံး
အလွမ်းတွေရှိတယ်။
မမခင်ဦးစံပယ်
ကျနော်မလိမ်ပါဘူး
၃၃လမ်း ညနေချမ်းမှာ
ကျနော့်ရဲ
အမွန်မြတ်ဆုံး
အဆွေးတွေရှိတယ်။
မမခင်ဦးစံပယ်
ဘယ်နေရာရောက်ရောက်
မြန်မာတစ်ယောက်ဟာ
မြန်မာတစ်ယောက်ပါပဲ။
မမခင်ဦးစံပယ်
ဘယ်အချိန်ဖြစ်ဖြစ်
ကဗျာဆရာတစ်ယောက်ဟာ
ကဗျာဆရာတစ်ယောက်ပါပဲ။
ကျနော်
မြန်မာကဗျာဆရာ
မစ်ရှီဂန်မှာ
မြန်မာပါပဲ
ကဗျာဆရာပါပဲ။
မနေ ့တစ်နေ ့က
မိုးကြီးတစ်မ
ရွာချခဲ့တယ်
မမခင်ဦးစံပယ်။
မိုးရေထိလို ့
၃၃လမ်းက အိပ်မက်တွေ
လန်းသလို
ကမ္ဘာတစ်ခြမ်းက
အိပ်မက်တွေလည်း
လန်းတာပါပဲ
မမခင်ဦးစံပယ်။
အဝေးရောက်လင်းယုန်တစ်ကောင်
အဝေးရောက်ပင်လယ်တစ်စင်း
အဝေးရောက်နှင်းဆီတစ်ပွင့်
အဝေးရောက်တယောတစ်လက်
အဝေးရောက်ရင်ခုန်သံတစ်ချက်
အဝေးရောက်ပျားရည်တစ်အိုး
အဝေးရောက်ငွေနှင်းတစ်မှုန်
အဝေးရောက်ပြဇာတ်တစ်ပုဒ်
အဝေးရောက်ပေးစာတစ်စောင်
အဝေးရောက်မျက်ရည်တစ်ပေါက်
အဝေးရောက်ပိတောက်တစ်ပင်
အဝေးရောက်သပြေတစ်ခင်း
အဝေးရောက်ပန်းချီကားတစ်ချပ်
အဝေးရောက်အနာဂတ်တစ်ခု
… … … …
အားလုံးဟာ
ကျနော်တို ့ဖြစ်တယ်။
အားလုံးဟာ
အစဖြစ်တယ်
အားလုံးဟာ
အဆုံးဖြစ်တယ်။
အားလုံးဟာ
ဧရာဝတီကလာတယ်
အားလုံးဟာ
ဧရာဝတီကိုပြန်မယ်။
သေချာတယ်
မမခင်ဦးစံပယ်။
အားလုံးဟာ
ကျောင်းသားသမဂအဆောက်အအုံကို
ကာကွယ်ခဲ့ကြတယ်။
အားလုံးဟာ
ဆင်မလိုက်သင်္ဘောကျင်းမှာ
တော်လှန်ရေးကိုရေချခဲ့ကြတယ်။
အားလုံးဟာ
ဦးသန် ့အုတ်ဂူကို
တည်ဆောက်ခဲ့ကြတယ်။
အားလုံးဟာ
ရွှေတိဂုံမှာ
သစ္စာဆိုခဲ့ကြတယ်။
အာလုံးဟာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဗိမာန်မှာ
တိုင်တည်ခဲ့ကြတယ်။
အားလုံးဟာ
အစိုးရတစ်ရပ်
သမ္မတသုံးယောက်ကို
ဖြုတ်ချခဲ့ကြတယ်။
အားလုံးဟာ
အားလုံးဟာ
အားလုံးဟာ
ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်
တိုက်ပွဲဝင်ခဲ့ကြတယ်။
လှည်းတန်းညချမ်း
ခံတပ်စခန်းမှာ
လွမ်းအားပိုခဲ့ကြတယ်။
အားလုံးဟာ
ဒီပရင်္ဂဆိုတဲ့ ဒီပဲရင်းမှာ
သွေးချင်းချင်းနီခဲ့ကြတယ်။
နောက်ဆုံးမှာ
အားလုံးဟာ
တစ်ပြည်လုံးကို
ရွှေဝါရောင်ခြယ်ခဲ့ကြတယ်။
မမခင်ဦးစံပယ်
အားလုံးဟာ
အကျဉ်းထောင်တွေထဲမှာ
အနာဂတ်ကိုတည်ဆောက်ခဲ့ကြပြီ်။
မမခင်ဦးစံပယ်
အားလုံးဟာ
လိုအပ်မှုအရ
လက်နက်ကိုင်တော်လှန်ရေး
ဆင်နွှဲခဲ့ကြပြီ။
အားလုံးဟာ
အားလုံးပဲဖြစ်တယ်။
အားလုံးဟာ
အိမ်ပြန်ချင်သူတွေလည်း
ဖြစ်တယ်လေ။
မနေ ့တစ်နေ ့က
မိုးကြီးတစ်မ
လှလှပပ
ရွာချခဲ့ပြီ။
မိုးရေဖျန်းလို ့
၃၃လမ်းဟာလည်း
အခြားလမ်းတွေလိုပဲ
လန်းဆန်းခဲ့ပြီ။
၃၃လမ်းကို
လွမ်းနေတဲ့
ကမ္ဘာတစ်ခြမ်းလည်း
လန်းခဲ့ပြီ။
လွမ်းတဲ့အလွမ်းက
ဆန်းခဲ့ပြီ။
မိုးကုပ်စက်ဝိုင်းမှာတော့
မုန်တိုင်းမိုးတိမ်တွေက
ဆင်နေဆဲပါ
မမခင်ဦးစံပယ်။
ဘာပဲဖြစ်ဖြစ်
ကျနော်တို ့
လမ်းဆက်လျှောက်မယ်။
ဘာပဲဖြစ်ဖြစ်
ကျနော်တို ့
အိ်ပ်မက်ဆက်မက်မယ်။
တစ်နေ ့
ကျနော်တို ့
အိ်မြ်ပန်လာမယ်။
အဝေးဆုံးက
တယောသံတွေ
အိမ်ပြန်လာမယ်။
အဝေးဆုံးက
ဗုံသံတွေ
အိမ်ပြန်လာမယ်။
ငှက်တွေ
တောင်ပံခတ်သလို
ဖြတ်သန်းလာမယ်။
၃၃လမ်း
ညနေချမ်းကို
ငါပြန်လာမယ်။
ဆရာဂျမ်းရဲ ့
အရိုးပြာအိုးကိုထမ်းပြီး
ငါပြန်လာမယ်။
ပဉ္စမမြန်မာနိုင်ငံတော်
တည်ထောင်ဖို ့
ငါပြန်လာမယ်။
၃၃လမ်းရေ
လွမ်းပေတော့။
ရေးဖော်တို ့ရေ
လွမ်းပေတော့။
မမခင်ဦးစံပယ်ရေ
လွမ်းပေတော့။
မနေ ့တစ်နေ ့က
မိုးကြီးတစ်မ
ရွာချခဲ့ပြီ။
ဒီလိုပုံဆို
မိုးကြီးမချုပ်မီ
ကျွန်ုပ်အိမ်ပြန်ရောက်တော့မည်။
ကျောက်တုံးက
ပန်းပွင့်ပြီ။
ရွှေတိဂုံမိန် ့ခွန်း
ရွှေဂုံတိုင်မိန် ့ခွန်း
“ရန်ကုန်ကွန်မြွန်း” *
ထွန်းစေသတည်း။ ။
(ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်းမှသည်
ပြည်သူ ့လွတ်လပ်ရေးဆီသို ့)
အောင်ဝေး
နိုဝင်ဘာ ၂၀၊၂၀၁၀
ခေတ္တမစ်ရှီဂန်။
* Rangoon Commune
မှတ်ချက်။ ။ မန္တလေးဂေဇက် ဒီဇင်ဘာ – ၂၀၁ဝ ထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။
2 comments
manawphyulay
January 15, 2011 at 9:38 am
ဦးအောင်ဝေးကတော့ အဝေးက လွမ်းလို့ရလို့ လွမ်းနေပြန်ပြီ။ ၃၃ လမ်းကို သတိရလို့ ကျေးဇူးတင်ပါတယ်။ ပုံနှိပ်ပေးမယ်ဆိုတဲ့ကဗျာတွေလည်း စုထားခဲ့တာ ကြာခဲ့ပါပြီ။
ကဗျာဆရာတွေ စုံတိုင်း ဦးအောင်ဝေးကို သတိရကြလေသတည်း…….
naywoonni
January 15, 2011 at 4:04 pm
ဆရာ နာမယ်ကိုက ဝေးအောင် ဖန်နေရော့သလား ဆရာရယ်