“မုန်းမာန်ချိုးတဲ့ အချစ်ကန့်လန့်ကာ“

“မုန်းမာန်ချိုးတဲ့ အချစ်ကန့်လန့်ကာ“

(၁)

သီချင်းသံတစ်ပိုင်းတစ်စကို ကြားလိုက်ရတော့ အတိတ်ကို ပြန်လည် အမှတ်ရလိုက်တယ်။ လွမ်းတယ်ဆိုတာကို သူမခံစားဖူးပါဘူး။ သူများတွေလွမ်းတယ် လွမ်းတယ်လို့ ပြောနေကြတုန်းက သူက ဟားတိုက်ရယ်မောခဲ့ဖူးတယ်။ ခုတော့ သူ့ကို ပြန်လည်ပြီး ဟားတိုက်နေကြပြီ။ ကောင်မလေးရယ် နင်ရက်စက်တယ်နော်။

××××××××××××××××××××××××××××××××××××××××××××××××××××××

အပြုစားခံ အသည်းနှလုံးလို့ပြောရအောင်လည်း နင်က ကဝေမဟုတ်တော့ ငါပဲ ဘာသာပြန်လွဲမှားခဲ့သူပေါ့။ ငါတို့နှစ်ယောက်ဆုံခဲ့တာ ကံကြမ္မာကြောင့်ဆိုရင် ခုချိန်အပြစ်ပြန်တင်ရရင် ကံကြမ္မာက တရားခံပဲလေ။ နင်တို့နှစ်ယောက်ကြားမှာ ငါက အသုံးချခံ သုံ့ပန်းတစ်ယောက်ဆိုရင် ဘယ်သူက ဒီဗျူဟာကြီးကို ခင်းခဲ့တာပါလဲ။ ရိုက်ပြီး မေးစစ်စရာမလိုတဲ့ ဒီပွဲမှာ ငါက လှလှကြီးရှုံးခဲ့ရသူတစ်ယောက်ဆိုရင် နိုင်တယ်လို့ မပြောသာတဲ့ နင်တို့ကရော အထက်ကနေ ပြုံးပြီးလက်ပိုက်ကြည့်နေနိုင်တာ ငါအံ့ဩတယ်။ ကိုယ့်နှလုံးသားကို ပြန်လည် တစ်ပတ်ရိုက်ပြီး ညာနေကြတာချင်းအတူတူ နင်က အောင်နိုင်တယ်ဆိုတာကို ဘယ်စာတမ်းနဲ့ ကြော်ငြာကြတာလဲ။ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလို့ နင်တို့ပဲပြောပြီး ခုမှ အချစ်ဥပဒေတစ်ရပ်ကို မကြေငြာပဲ ပြဌာန်းလိုက်တာဟာ ငါ့အသည်းနှလုံးကို ဓားနဲ့ စိပ်စိပ်မွန်းပြီး ဆားနဲ့ပတ်တာထက်ဆိုတယ်ဟာ။ တကယ်ဆိုရင် အဖြစ်သနစ် အကြောင်းစုံကို ဘာမှမသိရတဲ့ငါဟာ ငတုံးကြီးတစ်ယောက်ပါ။ ပဲကြီးလှော်ကြား ဆားညပ်နေတဲ့ ငါဟာ ပျက်သုဉ်းကြေကွဲမှုကိုပဲ ပိုင်ဆိုင်ရမယ်ဆိုရင် ဒါတရားတယ်လို့ နင်ပြောရဲသလား။

အဲဒီအချိန်တုန်းက အပြစ်ကင်းတဲ့ ကောင်မလေးဟာ ရုတ်တရက်ပြောင်းလဲပြီး မာယာများလာမယ်မှန်းသိရင် ငါကြိုတင် နောက်ဆုတ်မိမလားမသိဘူး။ ငါ နင့်ကို ဖွင့်ပြောတုန်းက နင်က“ အချစ်ဆိုတာ ကစားစရာတစ်မျိုးပဲ နင်က ကစားတတ်လို့လားလို့ “ နင်မေးခဲ့ဖူးတယ်။ ရေရေရာရာ မသိတဲ့ငါဟာ ချစ်တတ်တာကလွဲလို့ နင့် အချစ်နောက်ကွယ်က မြုပ်နေတဲ့ ကစားကွက်တွေကို ကွက်ကျော်မမြင်နိုင်ခဲ့တာ နင်မပြောနဲ့ ငါ့ကိုယ်ငါတောင်မသိခဲ့ဘူး။ နောက်ထပ်မေးခွန်းတစ်ခု နင်မေးလိုက်ချိန်မှာ ဉာဏ်စမ်းပဟေဌိဖြေဆိုရသလိုမျိုး ငါ ခေါင်းခြောက်ခဲ့ရသေးတယ်။ “ နင် ငါ့ကို ဘာကြောင့်ချစ်တာလဲ“ တဲ့။ ချစ်တာအကြောင်းပြချက် တင်ပြခိုင်းတာဟာ နင်တို့လို မိန်းကလေးတွေရဲ့ အကျင့်တစ်ခုဆိုတာကို ငါနားလည်ပါတယ်။ ရုတ်တရက် မေးလာတဲ့မေးခွန်းကို အဲဒီအချိန်တုန်းက ပြန်မဖြေနိုင်ခဲ့တာဟာ ရင်ဘတ်ထဲမှာပဲထားပြီး အကြောင်းပြချက် ဆင်ခြေတွေ မပေးတတ်တဲ့ ငါ့ အပြစ်ပါ။

နင့်ရဲ့ ကြောက်စရာကောင်းတဲ့ အချက်က အငြိုးကြီးလွန်းတာပဲ။ တကယ်ဆိုရင် ငါဟာ ခပ်ညံ့ညံ့ ယောကျာ်းတစ်ယောက်ပါ။ နင် စိတ်ထဲမှာ အနိုင်ရချင်တာတစ်ခုတည်းနဲ့ နင်က ငါ့ကို အသုံးချ ကစားသွားတာဟာ သိပ်ကိုလှပါတယ်။ နင်နဲ့ငါကြားက ဇာတ်ပို့ဟာ ငါရဲ့ သာမာန် မိန်းကလေးသူငယ်ချင်းအဆင့်မှာပဲရှိတယ်ဆိုတာကို နင် မယုံကြည်ခဲ့တာဟာ ဇာတ်ကြောင်းတစ်ခုလုံးရဲ့ အသက်ဖြစ်သွားတာ ငါနောက်မှသိရတယ်လေ။ နောက်ပြီး အဲဒီ ငါ့ရဲ့ သူငယ်ချင်း မိန်းကလေးဟာ နင်ရဲ့ပြိုင်ဘက်တစ်ယောက်ဆိုတာကို ငါမသိခဲ့တာဟာလည်း ဒီပွဲမှာ နင်နိုင်စရာ အလှည့်အပြောင်းလေးတစ်ခုပေါ့။ နင်တို့ မိန်းကလေးတွေဟာ ဟန်မူရာ သိပ်ကောင်းတယ်ဆိုတာ ငါကောင်းကောင်းကြီး သိလိုက်ရပါတယ်။ ငါလေ နင့်ကို အကယ်ဒမီတောင်ပေးလိုက်ချင်ပါရဲ့။ အမုန်းခက်ခက်ကို နင်လက်ဆွဲပြီး နင်ရိုက်ချိုးလိုက်တဲ့ သစ်ကိုင်းဟာ အချစ်စစ်စစ်နဲ့ စိုက်ပျိုူးခဲ့တာကို နင်မှမသိပဲ။

ငါ့ နှလုံးသားက ခံနိုင်ရည်မရှိအောင် နင်လုပ်ရက်လိုက်ပေမယ့် အရှုံးကို ငါက အောင်မြင်မှုထက် တန်ဖိုးထားနားလည်တတ်ပါတယ်။ ငါ့ရဲ့ မိန်းကလေးသူငယ်ချင်းကို ကြည့်မရတာ တစ်ခုတည်းနဲ့ နင်ငါ့အပေါ်လိုက်လျောမှုများကို ငါက အစစ်ထင် သာယာပျော်မွေ့ခဲ့တာ ခုချိန်ပြန်တွေးရင် ရှက်လိုက်တာဟာ။ နင်နဲ့ သူငယ်ချင်းဖြစ်သလို ငါ သူ့ကိုလည်း သူငယ်ချင်းအဖြစ်လက်ခံပေါင်းသင်းတာ ငါမလွန်ပါဘူး။ အပြိုင်အဆိုင်ကျဲကြတဲ့ နင်တို့ မိန်းကလေးနှစ်ယောက်ကြားမှာ ဘာမှတောင်မသိလိုက်ရတဲ့ ငါဟာ မျက်စိစုံလုံးကန်းခဲ့တာလားလို့ ကိုယ့်ကိုကိုယ့်ပြန်မေးနေရတယ်။ နင်ငါ့ကို ရုတ်တရက်အဖြေပေးလိုက်တော့ ငါလေ သိပ်ပျော်နေတာ။ ဒါပေမယ.် အပျော်တစ်ခုကို ထုတ်ဖော်ပြသပြီး မပျော်တတ်တဲ့ငါ့ကို နင်နားမလည်ခဲ့ဘူးနော်။ အချစ်ဆိုတာကို နဖူးတွေ့ ဒူးတွေ့လာအောင် နင်ပဲ ငါ့ကို ဖန်တီးပေးခဲ့တာလေ။

ဒါကို နင်က တစ်ဖက်လှည့်နဲ့ ငါ့သူငယ်ချင်းကို ဖုန်းနဲ့လှမ်းမေးတယ်လေ။ နင်မှားသွားတာတစ်ခုက ရန်သူရှေ့ အထုပ်ဖြည်ပြလိုက်တာပဲ။ မွှေးမြခင်လို မိန်းကလေးတစ်ယောက်ဟာ မျက်စိရှေ့က အစာကို လက်လွတ်တတ်တဲ့ မိန်းမမျိုးမဟုတ်တော့ “ စိုးသိုက်က ပျော်တယ်လို့ မပြောတာ ကျော့ မှမသိတာကိုး မိန်းကလေးချင်းပွင့်ပွင့်လင်းလင်းပဲပြောမယ် ကျော့ စိုးသိုက်က နင့်ကိုချစ်တာက နောက်မှ မွှေးမြက အရင်ပါ ခုလို သူငယ်ချင်းလိုပဲ နေကြတာ သဘောထားချင်းမတိုက်ဆိုင်လို့ပါ သူငယ်ချင်းအဖြစ်တော့ ဆက်ခင်ပြရစေလို့ပြောလို့ မွှေးမြက လက်ခံထားတာ “ လို့ နင်ကိုပြောတယ်မလား။ နင့်မှာ ရုတ်တရက် သွေးဆူလွယ်တတ်တဲ့အကျင့်ရှိတော့ ဘာကိုမှ မစဉ်းစားနုိုင်ပဲ ထူပူသွားခဲ့တယ်ဆိုတာကို ငါနားလည်ပါတယ်။ နင့်ထက်အရင်လို့ ပြောလိုက်တဲ့ စကားက အရမ်းတာသွားတာကို နင်မခံစားနိုင်ဖြစ်ပြီး ငါ့အပေါ် တုန့်ပြန်လိုက်တာဟာ နင်ရက်စက်ရာမကျဘူးလား။ ကောင်မလေးရယ် နင်ရက်စက်တယ်နော်။

တွေ့နေကျ ကော်ဖီဆိုင်လေးကို နင်ချိန်းတော့ ငါ့မှာ ပျာပျာသလဲလဲ ငါလာတွေ့တာကို  အပေါက်ဝကနေ ရင်ဝ ဆောင့်ကန်ခံလိုက်ရသလို နင်ငါ့ကို စကားတစ်ခွန်းပြောခဲ့တယ်။ “ စိုးသိုက် နင့်ကို ငါမုန်းတယ်“လို့လေ။ ဘာကြောင့်လဲလို့ ငါမေးတော့ သစ္စာမရှိလို့တဲ့။ ဟုတ်လို့လား ကောင်မလေးရယ်။ “ သူများ အသုံးမလိုလို့ ပစ်ထားတဲ့ ပစ္စည်းတစ်ခုကို ငါမသုံးချင်ဘူး ဘာကြောင့်လဲဆိုရင် အဲဒီသူများက မွှေးမြခင် ဖြစ်နေလို့ပဲ“ နင်ရဲ့ ကြောက်စရာကောင်းတဲ့ အကြည့်တွအောက်မှာ ငါဟာ ကောင်းကောင်းကြီးကျရှုံးခဲ့တယ်ဆိုရင် နင်လည်း ဒီပွဲမှာ အောင်နိုင်သူမဟုတ်ဘူးဆိုတာ နင့်ကိုယ်နင်တောင်မသိလိုက်ပါဘူး။ နင် ကောင်းကောင်းကြီး မွှေးမြခင်ကိုရှုံးပါတယ်။ ငါလည်း ကောင်းကောင်းကြီး အချစ်ကို ရှုံးပါတယ်။ နင်လည်း ကောင်းကောင်းကြီး….။

ကောင်မလေးရယ်…နင်စိတ်ကို ငါလှစ်လို့မကြည့်ရပေမယ့် နင့်စိတ်ထဲက အချစ်ကို မြင်နေရပါတယ်။ ခါးခါးသီးသီး မချစ်ပါဘူးလို့ နင်ငြင်းလည်း နင်ရဲ့ သိစိတ်ကသာ ငြင်းနေပြီး နင့်ရဲ့ မသိစိတ်က ငါ့ကို မုန်းလို့မရဘူးမလား။ မွှေးမြခင်က ပြန်လာတောင်းပန်ပေမယ့် သူ့ကို ငါခွင့်လွတ်တယ်လို့ မပြောခဲ့ပါဘူး။ သူငယ်ချင်းသံယောဇဉ်ထက် ဘာမှမပိုခဲ့တာ ငါတို့နှစ်ယောက်ကပဲ သိတာပါ။ အဖြစ်သနစ်ပေါင်းစုံကို နင်သိနေသည့်တိုင် နင်ရဲ့ နောက်ဆုံး လှည့်ကွက်က ဒီပွဲကို ဇာတ်သိမ်းလိုက်တ.ယ်။ လှပတဲ့ မင်္ဂလာဖိတ်စာကလေးတစ်စောင်ကို နင်ကိုယ်တိုင် ငါ့ကိုလာပေးတုန်းက နင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ငါခုချိန်ထိမမေ့ပါဘူး။

“ စိုးသိုက် ငါ အချစ်ကို မယုံဘူး  ခုလည်း အချစ်ကိုယုံလို့မဟုတ်ဘူး ချစ်တယ်ဆိုတာ ပါးစပ်ကလွယ်လွယ်လေးပြောလို့ရတယ် အနှစ်သာရဆိုတာ နင့်ရင်ထဲကမပါပဲ နင်ငါ့ကို ပြောခဲ့တာ တစ်သက်မမေ့ပါဘူး မင်္ဂလာပွဲတော့ နင်ဆက်ဆက်လာပါနော်…“

“ နင်မှတ်မိမလား အချစ်ဆိုတာ ကစားစရာတစ်မျိုးပဲ နင်က ကစားတတ်လို့လား ငါမေးခဲ့ဖူးတယ်လေ ငါကတော့ အချစ်ကို ကစားစရာတစ်မျိုးလို့ပဲ မြင်တယ် မွှေးမြလည်း ဒီလိုပဲမြင်လိမ့်မယ် နင် အချစ်ကို ကစားတတ်အောင် သင်လိုက်ပါဦး ငါသွားမယ်နော်“

အချစ်ကိုမယုံတဲ့ နင်က အနိုင်ပိုင်းချင်တာစ်ခုတည်းနဲ့ ရွေ့လိုက်တဲ့ လှည့်ကွက်ဟာ နင့်ဘဝကို နင်စတေးလိုက်တယ်ဆိုတာ နင်မသိဘူးလား ကောင်မလေးရယ်။

ကောင်မလေးရယ် နင်ရက်စက်တယ်နော်…။ ငါ့နားထဲမှာ အခါခါပြန်လည်ကြားယောင်နေရမယ့် စကားလေးတစ်ခွန်းပါ။

××××××××××××××××××××××××××××××××××××××××××××××××××××××××

သီချင်းသံက ခပ်ဝေးဝေးကနေ သူ့ကို နှိပ်စက်နေတယ်။ သူလည်း လွမ်းတာကိုပဲ သိနေတယ်။ သီချင်းသံနဲ့ သူ့အလွမ်းတွေ ထပ်တူကျနေတယ်။ တစ်သားတည်းဖြစ်နေတယ်။ ဒါတွေကို ကောင်မလေးကတော့ မသိနိုင်ပါဘူး။ ဘယ်သူ့မှလည်း မသိနိုင်ပါဘူး။ အတိတ် ကန့်လန့်ကာဆိုတာ ချချင်တိုင်းချလို့ရတဲ့ အရာမှမဟုတ်တာ။ အချိန်မရွေး ပြန်လည်တွေးတောမိနိုင်တာဆိုတော့ သူလည်း လွမ်းချင်တိုင်းလွမ်းလို့ရတယ်။

ကောင်မလေးရယ် နင်ရက်စက်တယ်နော်။

သော်ဇင်(လွိုင်ကော်)

17-January-2011

One comment

  • bigbird

    January 17, 2011 at 2:30 pm

    ဖက်လို ့ကောင်းတယ်၊။ အချစ်ဆိုတဲ ့အရာကို အချိန်တော်တော်ကြာမေ့နေတဲ့
    ကျွန်တော်တောင်မှ ခပ်တွေတွေလေး ဖြစ်သွားတယ်။ဆက်ရေးပါ၊
    အားပေးပါတယ်။

Leave a Reply