မြန်မာပြည်တွင်လုပ်သည်
မြန်မာပြည်ထဲက ဈေးနှုန်းတွေဘာဖြစ်လို့သူများထက်ပိုပြီးကြီးနေရသလဲ။အခြေခံစားသောက်ကုန်ဈေးနှုန်း(CPI – consumer prices index )ဘာဖြစ်မြင့်တက်နေသလဲ။ ငွေဖောင်းပွမှုနှုန်းနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ မှန်မှန်ကြီးကို နှစ်စဉ်မြင့်တက်လာနေပါတယ်။ အခြားသော အကြောင်းအချက်များဖြစ်တဲ့ ငွေလဲနှုန်းတို့ သွင်းကုန်မူဝါဒ အပြောင်းလဲ လုပ်ခြင်းတို့နဲ့ ကင်းကွာစွာပဲ နှစ်စဉ်မှန်မှန်ဈေးတက်နေပါတယ်။ အခြားသော ကုန်သွယ်မှု မူဝါဒတွေ ပိတ်ဆို့ထားတာတွေ အခွန်ကြောင့်၊ လမ်းပမ်းဆက်သွယ်မှု ခက်ခဲတာကြောင့်၊ မီးပျက်တာကြောင့် စတာတွေက တက်တာလည်းရှိပါတယ်။ အခုပြောချင်တာက အလကားနေရင်း ကြောင်းကျိုးမဲ့စွာ ဈေးကစားပြီး တက်နေတာကိုပြောချင်တာပါ။ ဥပမာ ကုလားအဒ် နားနီးရင် ဆိတ်သားဈေးက တက်လိုက်တယ်။ တရုပ်နှစ်ကူးရောက်ခါနီးရင်ဝက်သားဈေးတက်လိုက်တယ်။ သင်္ကြန်တို့ သီတင်းကျွတ်တို့ ရောက်ရင် ကြက်သားဈေးတက်လိုက်တယ်။ ဒီကြားထဲ လှုပ်လှုပ် လှုပ်လှုပ် တစ်ခုခု မလှုပ်လိုက်နဲ့ တွေ့ကရာအကုန်တက်မယ်။ အဲသလိုတက်တက်တက် လာပြီးနောက်မှာ အကုန်လုံးသော ကုန်ပစ္စည်းထုတ်လုပ်သူတွေဟာ ဈေးတက်မှု ပြိုင်ပွဲ ထောင်ချောက်ထဲ ကို အလိုလိုရောက်ကုန်ကြပါတယ်။ လုပ်အားခမြင့်လို့ ကုန်ပစ္စည်းဈေးတက်တယ်။ ကုန်ပစ္စည်းဈေးတွေမြင့်လို့ လုပ်အားခ တိုးတောင်းတယ် ဆိုတာလိုမျိုးပါ။ မြန်မာပြည်မှာတော့ လုပ်အားခ တိုးလာတာရှားပါစွာပါပဲ။
ဆန်းစစ်ကြည့်ရင် မြန်မာပြည်မှာ ဘာထွက်သလဲ။ စားသောက်ကုန်ထဲက ဆိုရင် ဆန်၊ဆား၊ငရုတ်၊ကြက်သွန်လုံလောက်အောင်ထွက်ပါတယ်။ ဆီမလုံလောက်ပါဘူး။ ပြောရရင် စားအုန်းဆီဈေးကိုတလောက ဈေးထပ်တက်လိုက်ကြတယ်။ ငွေဈေးကျနေတုန်းက ဈေးမလျော့ပဲ with holding tax လာမယ်ဆိုတော့ ဈေးတက်လိုက်ကြတာ။ သူ့အဘကို အခွန်မကောက်ရသေးဘူး သူတို့က ဈေးစတက်တယ်။ နောက် ဒီအခွန်ကလည်း မလေးရှားက တင်သွင်းရင် ကင်းလွတ်ခွင့်ရှိတယ်။ ကင်းလွတ်ခွင့်ပြုရမယ် ကိစ္စကိုပဲ ဘာဖြစ်လို့ဈေးတက်လိုက်ကြတာလဲ။ လောဘပါပဲ။ အနာဂတ်ကို မခန့်မှန်းနိုင်လို့ကြောက်ပြီးတက်ရတဲ့ လောဘပါပဲ။
မြန်မာပြည်မှာ ဂျုံလုံလောက်အောင်မထွက်ပါ။ အဓိက တင်သွင်းနေရတာပါ။ ယိုးဒယားလည်းတင်သွင်းရတာပါပဲ။ သို့သော် သူ့တို့ဆီက ဂျုံနဲ့လုပ်တဲ့ မုန့်တွေက မြန်မာပြည်ထက်ဈေးသက်သာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဆီမှာ ယှဉ်ပြိုင်မှုတကယ်ရှိပါတယ်။ မြန်မာပြည်မှာ တကယ်မရှိပါ။ အကုန်လုံးက မှိန်းပြီး စားနေကြတာ။
အဆိုးဆုံးအချက်ကတော့မြန်မာပြည်သူတွေအလကားနေရင်းကြောက်ပြီး တစ်နှစ်တစ်ခါဈေးတက်လို့ ငွေဖောင်းပွမှုဖြစ်စေတဲ့ shock inflation ကလည်းရှိနေတယ်။ နောက် ဘာလုပ်ရမှန်းမသိလို့ ဈေးကစားတဲ့ speculate လုပ်တဲ့သူတွေကလည်းအများကြီး။ တစ်ခါ ငွေကိုလွယ်လွယ်ရနေတဲ့ သူခိုးကြီးများက တက်ဈေးတွေလိုက်ပေးဝယ်နေတော့ သူ့ဈေးကွက်နဲ့သူဟုတ်နေပြန်ကော။
ကုန်ဈေးနှုန်းနဲ့ ငွေဖောင်းပွမှု တက်ပြီးရင်းတက်နေတာကို အစိုးရက ထိရောက်သော မူဝါဒ ထားပြီး စဉ်ဆက်မပြတ် မကိုင်တွယ်နိုင်တော့ ဈေးတွေတက်တာထိုင်ကြည့် မတတ်နိုင်ရင်မစားနဲ့ လူတွေပုတက်ညှက်သေးဖြစ်ကြ လို့ အစိုးရဆိုသူများက အတွေးအခေါ်မဲ့ မြော်မြင်ဆင်ခြင်မှုမရှိစွာလုပ်နေကြတော့ မြန်မာပြည်မှာ ဈေးတွေတက်သထက်တက်နေမှာပါပဲ။ နယ်စပ်မြို့တွေဆိုရင် သူ့အနီးနား တိုင်းပြည်က ပစ္စည်းတွေပဲသုံးနေကြတာ မြန်မာပြည်မှာ လူတိုင်းသိကြပါတယ်။
စီးပွားရေးလုပ်ငန်းတွေက အမြတ်ကို မတန်တဆ လိုချင်နေကြတယ်။ အနာဂတ်ကို မယုံရ၊ တွက်ချက်လို့မရဆိုတော့ အမြတ်ကို မတန်တဆ လိုချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးတွေတက် ငွေတွေပွဖြစ်နေတော့ သူတို့ဘက်ကလည်း အမြတ်ငွေများများရမှ ကိုက်မယ်လို့ထင်နေကြတယ်။ ယူတဲ့သူတွေက ယူနေကြတော့ လောဘ ပြိုင်ပွဲမှာ နောက်ကျ ကျန်ခဲ့မှာ စိုးတော့ အကုန်လုံးသည် ဈေးကစားမှုနဲ့ ငွေဖောင်းပွမှုထဲ သံသရာလည်ပြီး ပိုပင်ပန်းလို့ ဒုက္ခတွေ့ ဆင်းရဲသူများပို တွင်းနက်လာဖြစ်နေကြပါတယ်။
ဒီမှာပဲ အမျိုးသားအကျိုးစီးပွားကို မှန်ကန်စွာ စီမံခန့်ခွဲရေး၊ ထိရောက်စွာကိုင်တွယ်နိုင်ရေးဆိုတာ မလွယ်ဘူးလို့ သက်ဆိုင်သူတွေက မြင်စေချင်ပါတယ်။ နားလည်ပြီး ကိုယ်ကျိုးမရှာ လူတွေကို မနစ်နာစေပဲ မြန်မာတွေအတွက် အနာဂတ်ကို စိတ်ချစွာအိပ်ရမယ့် လူမှုပတ်ဝန်ကျင်၊ အလုပ်အကိုင်နဲ့ စားဝတ်နေရေးကို တွေဖန်တီးပေးနိုင်ကြပါစေ။ အဲသလိုဖန်တီးပေးနိုင်ရန်သေချာစေတဲ့ ဈေးကွက်စီးပွားရေးစနစ်( အစစ်) ကို အကောင်အထည်ဖော်နိုင်ပါစေ။