“မေတ္တာဖြင့် စီးဆင်းသော……………………………………”(အပိုင်းနှစ်)
“မေတ္တာဖြင့် စီးဆင်းသော……………………………………”(အပိုင်းနှစ်)
ကျွန်တော့် ဦးလေးအငယ်(လေးလေးအေး) မိန်းမ “မနီမာ”(အန်တီနီ)က ခေတ်ပညာတတ်တဦးဖြစ်ပါတယ်။
ဒီထက်ပိုပြောရရင်တော့ “အန်တီနီ” က ခေတ်မီတယ် ဘိုဆန်တယ်ဆိုတဲ့ အသိုင်းအဝိုင်းမှာကြီးပြင်းလာသူလဲဖြစ်ပါတယ်။
ဒီတော့လဲ သူ့အတွေးတွေက မြန်မာမဆန်ဘူးလို့ပြောရင်လဲရပြန်ပါတယ်။
သူတို့မိသားစုက အနောက်နိုင်ငံကလာတဲ့စာအုပ်များမှာပါတဲ့အတွေးအခေါ်တွေမှ ခေတ်မီတယ်လို့
တစ်ထစ်ချမှတ်ယူကျင့်သုံးကြပါတယ်။
ဒီလိုမှ ခေတ်နဲ့အညီရှိတယ် သစ်လွင်တယ် လူတန်းစေ့မှီတယ်လို့လဲ မှတ်ယူထားကြသလို
တကယ်လဲလက်တွေ့မှာ ကျင့်လဲကျင့်သုံးကြပါတယ်။
သူတို့ ဒီလိုတွေးတာ ပြုမူနေထိုင်တာ မှန်တာ မမှန်တာအပထား ကျနော်တို့မိသားစုပုံစံနဲ့တော့ အံမဝင်တာအမှန်ပါဘဲ။
ပြဿနာစဖြစ်တာကတော့ အစားအသောက်က စတာပါဘဲ။
လေးလေးအေးရဲ့သား “ဖိုးတာ”လေး အခါလည်ကျော်ကျော်လောက်ကပေါ့။
ကျွန်တော်တို့ငယ်ကတည်းက အဖွားကြွေးတဲ့ဖီးကြမ်းငှက်ပျောသီး မီးဖုတ်ကို အမြဲတမ်းစားရပါတယ်။
ဝမ်းမှန်တယ်လူနဲ့တည့်တယ်ပေ့ါ။
တစ်ရက် အဖွားက ကျွန်တော့်တို့ကလေးတွေကို ငှက်ပျောသီးမီးဖုတ်ကြွေးနေတဲ့အချိန်မှာ အန်တီနီ
အလုပ်က ပြန်လာတာနဲ့ဆုံပါတယ်။
အဲလိုစားနေတဲ့အချိန်မှာ ဖိုးတာလေး လက်မှာကလဲ မီးဖုတ်ငှက်ပျောသီးက အခွံကို မီးကျွမ်းထားတဲ့ မီးခိုး
အမဲတွေကလဲလက်မှာပေ၊စားလက်စ ငှက်ပျောသီးတွေကလဲ ပါးစပ်မှာပေပွလို့ပေါ့။
အဲဒါလဲမြင်ရော အန်တီနီ ဒေါသူပုန်ထပါတော့တယ်။
ကလေးကို ပေပွညစ်ပတ်နေအောင် ဘယ်သူဒါတွေကြွေးသလဲတို့၊
ငှက်ပျောသီးမီးဖုတ်က မီးသွေးအမဲတွေက ကာဗွန်တွေ ကလေး ရဲ့အူ ကိုဒုက္ခပေးမှာ ကင်ဆာဖြစ်မှာပေါ့တို့
ငှက်ပျောသီးတွေစားရင် ဝမ်းပျက်ကုန်မှာပေါ့ တိုဆိုပြီး ကွိုင်တွေပူတော့ အဖွားက
“ငါကြွေးတာပါ” လို့ပြောလဲမရပါဘူး။
ပွစိပွစိနဲ့ မပြီးနိုင်မစီးနိုင် ဆက်ပြောနေတော့ အဖွား ကလဲ
“ငါ့သားသမီး ကမွေးထားတဲ့ သားသမီး ရော ငါ့မြေးမှန်သမျှ ရော တစ်ယောက်မကျန်ဒီလိုဘဲကြွေးလာတာဘာမှ မဖြစ်ခဲ့ဘူးအေးဒါပေမယ့် ညည်းမကြိုက်ရင်နောက် ငါမကြွေးဘူး “လို့ပြောလိုက်ပါတယ်။
ဖြစ်ချင်တော့ အဲဒီည မှာ ဖိုးတာလေး ကဝမ်းနည်းနည်းသွားတော့ အန်တီနီက ဆက်ပြီး ပွမ်ဇယားတွေလုပ်တော့
လေးလေးအေးတို့လင်မယား သူတို့အခန်းထဲမှာ ကျိတ်ကျိတ်နဲ့စကားတွေများကြပါတယ်။
နောက်အဖွားက အစားအသောက်နဲ့ပါတ်သက်လို့ အိမ်မှာဆိုရင် ကျွန်တော့်တို့ ကိုနည်းနည်းလေးအလိုလိုက်ပါတယ်။
ဘဲဥမွှေကြော်ထားတာကို မကျက်တကျက်ကြော်ပေးမှဆိုရင်လဲ လုပ်ပေးလိုက်။
ဘဲဥကို ကြက်သွန်ခရမ်းချဉ်သီးနဲ့ အပြားလိုက်ကြော်ပေးဆိုရင်လုပ် စိတ်တိုင်းကျအောင်လုပ်ပေးပါတယ်။
ချက်ထားတဲ့ဟင်းကို မကြိုက်ဘူးဆိုရင်လဲ ရှာကြံပြီး ပြင်ဆင်လို့ အသုပ်တွေဘာတွေလုပ်ပြီး ကြွေးတတ်ပါတယ်။
ကျွန်တော်တို့ ညီအကိုမောင်နှမ တစ်စုကြီးကလဲ အဖွားရှိတယ်ဆိုရင် ရှာကြံပြီးပူဆာနေကြ ဆိုတော့ ထမင်းစားခါနီးဆိုရင်
မြေးအဖွားတွေ ဆူညံနေတာ ကျွန်တော်တို့အဘို့ပျော်စရာကြီးဖြစ်နေပေမယ့် အန်တီနီအတွက် မျက်စေ့စပါးမွှေးစူးစရာ
ဖြစ်နေတာ မသိကြပါဘူး။
တစ်ရက်တော့ ဒီလိုထမင်းစားချိန်လေးမှာ“ဖိုးတာ”က သူ့အမေချပေးတဲ့ ဟင်းကိုမကြိုက်လို့ဆိုပြီးဂျီကျနေပါတယ်။
သူ့အမေကလဲ ကလေးဘဲ လူကြီးကြွေးတာကိုဘဲစားရမယ်ဆိုတဲ့ မူအရ မစားချင်လဲစားရမယ်ဆိုပြီး ဇွတ်ကြွေးပါတယ်။
“ဖိုးတာ”ကလဲ မစားဘဲပေကပ်နေတော့ သူ့အမေက နှစ်ချက်ဆင့်ရိုက်လိုက်ပေမယ့်လဲ “ဖိုးတာ”မစားပါဘူး။
ဒါပေမယ့်လဲ ကလေးက ဝမ်းပမ်းတနဲ နဲ့ ရှိုက်ရှိုက်ပြီးငိုနေပါတယ်။
အဲဒီမြင်ကွင်းကိုအဖွားလဲမြင်ရော “ဖိုးတာ”လေးကို “ဘာစားမလဲ ဖွားဖွားလုပ်ပေးမယ်”လို့ပြောလဲပြောရော
အန်တီနီက အဖွားကို “ကျမက ကလေးကို စည်းနဲ့ကမ်းနဲ့နေတတ်အောင် သင်ပေးနေတာကို အမေက မဖျက်ဆီးပါနဲ့ “လို့
ဝင်ပြောလိုက်တဲ့အခါ အဖွားနဲ့ စကားတွေအချီအချပြောကြပါတော့တယ်။
အန်တီနီကလည်း အဖွားတို့ ကအလိုလိုက်လွန်းတော့ ကလေးတွေက စည်းကမ်းမဲ့ကုန်တယ် အကျင့်ပျက်တယ်ပေါ့။
အဖွားကလည်း ကလေးဆိုတာ ကလေးနဲ့တန်ရုံလောက်ဘဲဆုံးမရမယ် ကလေးကို စိတ်ရိုင်းစိတ်မိုက်တွေဝင်အောင်
လုပ်နေတယ်ပေါ့။
ကလေးကို ဒီလို ဇွတ်အတင်းလုပ်လို့လဲ လိမ္မာသွားမှာ မဟုတ်ဘူးပေါ့။
အန်တီနီကလဲ ကလေးကို နေချင်သလိုနေ ထားချင်သလိုထားဆိုတာနည်းလမ်းမကျဘူးပေါ့။
အကျင့်ပါသွားလို့ကြီးမှ ပြင်မယ်ဆိုရင်ဘယ်လိုလုပ်ဖြစ်နိုင်မလဲပေါ့။
အဖွားကလဲ ငါမွေးလာတဲ့သားသမီးမှန်သမျှ ဒီလိုဘဲထိန်းကျောင်းလာတာ ငါ့သားသမီးတွေမြေးတွေထဲမှာ
အကျင့်ပျက်တဲ့သူ တစ်ယောက်မှ မပါဘူးဆိုပြီး အပြန်အလှန်ပြောကြတော့တာပေါ့။
အဆုံးသတ်လိုက်တော့ အန်တီနီက သူ့ကလေးကို ဘယ်သူဝင်ပြောတာမှ မကြိုက်ဘူးဆိုတာနဲ့ အဆုံးသတ်ပြီး
အဖွားကလဲ ငါ့မြေးပေမယ့် ညည်းတို့သားဆိုတော့ ညည်းတို့စိတ်တိုင်းကျဘဲလုပ်ပါဆိုပြီး နိဂုံး ချုပ်လိုက်ပါတယ်။
အဲဒီလိုဖြစ်ပြီးနောက်မှာ ကျွန်တော်တို့က ဘာမှ မဖြစ်ပေမယ့် အန်တီနီကတော့ မနက်သူအလုပ်သွားရင ်
“ဖိုးတာ”လေးကိုသူနဲ့အတူခေါ်သွားပြီး သူ့အမေအိမ်မှာဘဲထားပါတော့တယ်။
တစ်စထက် တစ်စ ကျွန်တော်တို့ ညီအကိုမောင်နှမဝမ်းကွဲတွေရဲ့အသိုင်းအဝိုင်းနဲ့လဲဝေးသထက်ဝေးသွားပါတယ်။
အန်တီနီ အလုပ်ပိတ်ရက် ကျွန်တော်တို့ ကလေးတွေကျောင်းပိတ်ရက် အိမ်မှာနေတဲ့အချိန်
ကျွန်တော်တို့ မောင်နှမတွေနဲ့ အိမ်နီးချင်းကလေးတွေခြံထဲမှာ
တူတူပုန်းတမ်းတို့ ထုပ်ဆီးတိုးတန်းတို့ ပြေးတန်းလိုက်တမ်းတို့ သားရေကွင်းပစ်တာတို့ ဂေါ်လီလုံးပစ်တာတို့
ကြက်တောင်ရိုက်တာတို့ ဆူညံအော်ဟစ်ကစားနေကြရင် “ဖိုးတာ”လေးက သူတို့အခန်းပြူတင်းပေါက်ကနေ ငေးကြည့်
နေတာကို တွေ့ရပါတယ်။
ကျွန်တော်တို့တတွေက တစ်ရက်မှာ သူ့ကို အတူကစားဘို့ ဝိုင်းခေါ်လို့ သူဆင်းကစားနေတာကို အန်တီနီလဲတွေ့ရော ညစ်တီးညစ်ပတ် သဲထဲ ဖုံထဲမှာ ဆော့ရကောင်းလားဆိုပြီး အရိုက်ခံရကတည်းက သူကလဲ မလာရဲ ကျွန်တော်တွေကလည်းမခေါ်ရဲဖြစ်သွားပါတယ်။
နောက်အန်တီနီတို့ အိမ်က “ဖိုးတာ”ကို အရုပ်ထူးထူးဆန်းဆန်းလေးတွေ ဈေးကြီးတာလေးတွေဝယ်ပေးတတ်ပါတယ်။
သူ့ဆီမှာရှိတဲ့ အရုပ်လေးတွေကို ကျွန်တော်တို့ တစ်တွေက သွားရေယိုပါတယ်။
လှလည်းလှ ဆန်းလဲဆန်းတာကို ။
ကျွန်တော်တို့ကြတော့ လူအုပ်စုများတဲ့အတွက် အဲလိုအဖိုးတန်ကြီးတွေက်ိုဝယ်မပေးပါဘူူး။
အားလုံးကစားနိုင်တဲ့ ပလပ်စတစ်ဘော့လုံးတို့ကြက်တောင်ရိုက်တဲ့ဘက်တံတို့လောက် ဘဲဝယ်ပေးပါတယ်။
လေယာဉ်ပျံလေးက အတောင်ပန်တစ်ဖက်ကျိုးသွားတော့ “ဖိုးတာ”က ငိုပါရော။
(ဆက်လက်ဖော်ပြပါမည်)