“မေတ္တာဖြင့် စီးဆင်းသော……………………………………”(အပိုင်းသုံး)
“မေတ္တာဖြင့် စီးဆင်းသော……………………………………”(အပိုင်းသုံး)
အဲဒီအချိန် အန်တီနီက “ဖိုးတာ” ကို ကျွန်တော်တို့နဲ့ ဆော့ရကောင်းလားဆိုပြီးရိုက်ရင်းနဲ့”ပေါက်လွှတ်ပဲစား”ဆိုတဲ့
စကားလုံးလေးသုံးတာကအစပြုပြီး အန်တီနီကတစ်ဖက် ကျွန်တော်တို့ အမေတွေ အဒေါ်တွေက တစ်ဖက်
စကားတွေများကြပါတော့တယ်။
ဒီအရှိန်က ညမှာဆက်ပြီး လေးလေးအေးနဲ့ အန်တီနီတို့ စကားတွေဆက်ပြီးများကြပြန်ပါတယ်။
အဖွားက တော့ စိတ်မကောင်းပေမယ့် ဘာမှ ဝင်မပြောပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ကိုတော့ “ဖိုးတာ”နဲ့ပါတ်သက်ရင ်အဆော်ခံရမယ်လို့ ရာဇသံပေးထားတော့
ညီအကိုဝမ်းကွဲခြင်းချစ်ပေမယ့်လူကြီးတွေရှေ့မှာဆိုမခေါ်ရဲပါဘူး။
လူကြီးတွေ အလစ် လူကြီးတွေ ကွယ်ရာမှာဆိုရင်တော့ ခေါ်တာပေါ့။
ဒါပေမယ့်လည်း “ဖိုးတာ”က သူ့ပိုင်တဲ့အရုပ်ဆို ကျွန်တော်တို့ ထိဘို့ ကိုင်ဘို့ မပြောနဲ့ ပေးတောင် မကြည့်လောက်အောင်ကို နှမျောစိတ်ဝင်သွားပါတော့တယ်။
ဒီအဖြစ်အပျက်ရဲ့ရလာဒ်ကတော့ ကျွန်တော်တို့ မောင်နှမတစ်တွေနဲ့ “ဖိုးတာ” သတ်သတ်စီဖြစ်သွားပါတယ်။
နောက်တစ်လလောက်ကြာတော့ “ဖိုးတာ”တို့မိသားစုလဲ သူအမေဘက်က အဖွားအိမ်ပြောင်းသွားတော့
ညီအကိုခြင်းတွေဝေးသွားသလို ခပ်စိမ်းစိမ်းလဲဖြစ်သွားကြပါတယ်။
ကျွန်တော်တို့ကလေးတွေကို အလိုလိုက်တာမှန်ပေမယ့် အဖွားချမှတ်ထားတဲ့ စည်းကမ်းတွေကလဲ အများသားပါ။
ထမင်းစားမယ်ဆိုရင် ငယ်ငယ်တုံးက သာ အလိုလိုက်တာပါ။
ကျောင်းနေတတ်တဲ့အရွယ်ရောက်ကတည်းက စည်းနဲ့ကမ်းနဲ့စားရပါတော့တယ်။
ထမင်းစားမယ် ဆိုရင် လက်တွေသန့်အောင်သေသေချာချာဆေး။
နောက် ဟင်းကိုလည်း သတ်မှတ်ထားတဲ့ ဝေပုံကျအတိုင်းဘဲစားထမင်းနဲ့ ဟင်းကို မျှမျှတတစားတတ်အောင် အကျင့်လုပ်ပေးပါတယ်။
ဟင်းအရည်သောက်တွေဘာတွေကို ကုန်ရင်ထပ်ထည့်ပေးပေမယ့် အသားဟင်းကတော့ တစ်တုံးသတ်မှတ်ပေးရင်
တစ်တုံးနဲ့လောက်အောင်စား ထပ်တောင်းလို့ မရပါဘူး။
ကျွန်တော်တို့ က အသားဟင်းကို အရင်ကုန်အောင်စား။
ထမင်းထပ်ထည့်မယ် အကြောင်းပြလို့ အကြံအဖန်လုပ်ပြီးဟင်းထပ်တောင်းလဲ မပေးပါဘူး။
“ထမင်းထပ်ထည့်မယ်လို့ စဉ်းစားထားရင် ဟင်းကိုချန်ပြီးမှ စား” ပါတဲ့။
နောက်ထမင်းစားတဲ့အခါ လက်နဲ့ထမင်းစားမယ်ဆိုပြန်ရင်လဲ လက်ခုံထိ ထမင်းတွေဟင်းတွေပေပွနေအောင် ထမင်းနယ်ဖတ်စားတာတွေ့ရင်မပေအောင်စားတတ်အောင် တတွတ်တွတ်နဲ့ သင်ပေးပါတယ်။
ထမင်းနဲ့ ဟင်းအနှစ်နယ်ဖတ်စားရင်လဲ ဘေးလူကြည့်လို့ ရွံစရာကောင်းလောက်အောင် ပွစိတက်နေအောင် နယ်မစားဘို့၊
နောက်ဟင်းခွက်နှုိုက်ရင်လဲ ပေပွနေတဲ့ ညာလက်နဲ့မနိုက်ဘဲ ဘယ်လက်နဲ့ကိုင်တတ်အောင်၊
ဟင်းရည်ကိုသောက်တဲ့အခါမှာလည်း တရူးရူးနဲ့လူကြားမကောင်းအောင် အသံထွက်မသောက်ဘို့၊
ထမင်းစားတဲ့အခါမှာ ပါးစပ်မဆန့်လောက်အောင် ပါးလုပ်ပါးလောင်း လူမြင်မကောင်းအောင်မစားဘို့၊
ထမင်းကို ဝါးတဲ့အခါမှ ပါးစပ်က တပြတ်ပြတ်မမြည်အောင်စားဘို့ ၊
နောက်နည်းနည်းကြီးလာလို့ ဟင်းခွက် ကို စိတ်တိုင်းကျနိုက်စားခွင့်ပေးတဲ့အခါကျပြန်တော့လည်း
ကိုယ်နှစ်သက်တဲ့ အသားတစ်တုံးကို အသာအယာခပ်မယူဘဲ ဟင်းခွက်ထဲကို ဇွန်းနဲ့မမွှေဘို့၊
ထမင်းကိုလက်နဲ့မစားဘဲ ဇွန်းနဲ့စားတဲ့အခါ ဇွန်းနဲ့ပုဂံအသံမထွက်ဘဲ လွတ်အောင်စားဘို့၊
ထမင်းစားပြီးတဲ့အခါမှာလဲ ထမင်းပုဂံထဲမှာ ထမင်းကျန်ဟင်းကျန်တွေညစ်ပတ်ပြီး ပွထ မနေဘို့၊
ထမင်းကို ကိုယ်စားလို့ကုန်လောက်ရုံမထည့်ဘဲ လောဘတကြီးနဲ့ထည့် ုပြီးမကုန်မှ သွန်မပစ်ဘို့၊
ထမင်းကို အေးအေးသက်သာ မစားဘဲ မျက်လုံးက ကျီးကန်းတောင်းမှောက ်နဲ့
စားပွဲပေါ်က ဟင်းခွက်တွေကိုလို်က်မကြည့်ဘု့ိဆိုတဲ့ “ဘို့ “ပေါင်းများစွာ ၊စည်းကမ်းပေါင်းများစွာနဲ့
နေနည်းထိုင်နည်းအမျုးိမျိုးကို သင်ပေးပါတယ်။
တကယ်လို့များ ထမင်းဝိုင်းမှာ သူသင်ပြသလိုမစားဘဲများ စားမိရင် မျက်စောင်းလေးနဲ့လှမ်းပြီးသတိပေးပါတယ်။
အဲဒါမှ ဆက်ပြီး လုပ်နေမယ်ဆိုရင် အများစားနေတဲ့ ထမင်းစားပွဲကနေထခိုင်းပြီး တစ်ယောက်တည်း တစ်နေရာမှာ
သွားစားခိုင်းပါတယ်။
ဒါတင်မကသေးဘူး အဲဒီရက်မျုးိမှာ မုန့်တွေဘာတွေများဝေရင် သူများထက် နည်းပြီးလျှော့ပေးပါတယ်။
အဲလိုများ အဖယ်ခံရရင် ညီအကိုမောင်နှမတွေကလည်း ဝိုင်းလို့ စတတ်ကြပါတယ်။
ဒီလိုဝိုင်းပယ်ခံရမှာကြောက်တာရယ် အဖွားက စည်းကမ်းမဲ့ သူကိုဆိုရင်မျက်နှာသာမပေးဘူူးဆိုတဲ့အသိကြောင့်
အဖွားအလိုကျနေရင်း နေရင်း နဲ့စည်းကမ်းရှိတဲ့သူတစ်ယောက်အဖြစ်ကို မသိမသာနဲ့ ရောက်သွားပါတော့တယ်။
ကျနော်တို့ငယ်ငယ်က အဖွားရဲ့မျက်စောင်းကလေးကို သတိထားရ ကြောက်ရပါတယ်။
ဒီမျက်စောင်းလေးရဲ့နောက်ကွယ်မှာ ကန့်သတ်မူ့တွေ ရှိနေလို့ပါဘဲ။
တစ်ခါကတော့ ဒီမျက်စောင်းလေးကို သတိမပြုမိလို့ အပြစ်ပေးခံရတာလေးကို ပြန်တွေးတိုင်းသတိရနေမိလို့ပါဘဲ။
အဖွားတို့ရဲ့မိတ်ဆွေသင်္ဂဟတွေက တစ်အိမ်နဲ့တစ်အိမ် အပြန်အလှန်အလယ်သွားလေ့ရှိတတ်ပါတယ်။
သွားတဲ့အခါမှာလည်း ကျနော်တို့ကလေးတွေတစ်ပြုံတမကြီးကို ခေါ်သွားလေ့ရှိပါတယ်။
နီးရင်ခြေလျှင် ဝေးရင် အငှားကားနဲ့ပေါ့။တစ်ခါတစ်ခါတော့လည်းမြင်းလှည်းပေါ့။
တမိသားနဲ့တမိသား ရင်းနှီးကျွမ်းဝင်အောင်လို့ပါ။
အဖွား က သူများအိမ်ကို အလည်သွားရင် အိမ်ရှင်က ချပေးတဲ့ မုန့်ကို အဖွားခွင့်ပြုမိန့်မရဘဲမစားရပါဘူး။
အဖွားက ခွင့်ပြုလိုက်ပြန်ရင်လည်း အငမ်းမရမစားရပါဘူး။
အိန္ဒြေရရနဲ့သေသေ သပ်သပ်စားရပါတယ်။
စည်းမဲ့ကမ်းမဲ့များစားမိရင် အဆူခံရတဲ့အပြင် သူများအိမ်ကို အလည်သွားရင် မခေါ်ဘဲထားပါတယ်။
အဲလိုအလည်သွားရရင်အရမ်းကိုပျော်ရပါတယ်။အပေါင်းအသင်းအသစ်တွေနဲ့ကစားလဲကစားရ
မုန့်လဲစားရဆိုတော့ မခေါ်ဘဲအထားခံရမှာကို သိပ်ကြောက်ပါတယ်။
တစ်ခါမှာတော့ အမြဲတမ်းလဲသွားနေကျ၊အရမ်းလဲရင်းနှီးတဲ့ ကျွန်တော့်ကိုလည်း အတော်ချစ်တဲ့ အိမ်ကိုအလည်သွားကြပါတယ်။
အဲဒီမှာ ကျွန်တော် အဖွားမကြိုက်တာကို လုပ်မိပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
One comment
bigcat
January 26, 2011 at 4:42 am
အဟား.. ကျနော်ငယ်ငယ်က ထမင်းစားရင် စားပွဲပေါ်ကြောင်တင်ပြီး စားလို့ခဏခဏ အရိုက်ခံထိတယ်။ ကြောင်ကြီးကြည့်ပြီး ထမင်းစာရတာ အလွန်မြိန်သကိုး..