“သွေးတွေစွန်းနေတယ် ၊ အသွားခြောက်လက်မနဲ့ တဆုံးထိုးချပစ်လိုက်”
လက်ထဲကဓါးကို ချွန်မြိနေအောင်သွေးထား
လက်လေးသစ်စာလောက်ပဲဖြစ်ဖြစ် လွတ်သွားတာနဲ့ အခွင့်အရေးတွေပေါ်လာမှာ ၊ ထိုးချပစ်လိုက် ။
အံ့ဩတဲ့အမူအယာမဆုံးခင် ပြုတ်ကျသွားလိမ့်မယ်
ဒါ .. ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ့်ကိစ္စကြီးပဲ ၊ မဟာအောင်ပွဲပဲ ၊ ဒါကိုလိုချင်တာမဟုတ်လား
ဒီလိုဖြစ်စေချင်တာမဟုတ်လားလို့ မေးစရာမလို ။
စားပွဲခင်းကို ဆွဲလှန်ပစ်လိုက်ပြီ ၊
ရင်ဝကိုပုလင်းကွဲနဲ့ ထိုးစိုက်လိုက်ပြီ ၊
သွေးထွက်သံယိုဖြစ်နေတာကို အေးခဲနေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီ ။
ဘာသဘောလဲဆိုတော့ ဒီသဘောပဲပေါ့ကွာ
ဘာဖြစ်ချင်လဲဆိုတော့ ဒါဖြစ်ချင်တယ်ကွာလို့ မိုက်ကြေးခွဲလိုက်ပြီ ။
ဒီခြုံထဲမှာ ဒီယုန်တွေရှိတယ် ၊ ပစ်ကွင်းတည်တယ် ၊
တောခြောက်ခံရတာသေချာတယ် … ဒါမျိုးတွေက အံတိုနေပြီလို့ပြောတယ် ။
ခပ်တည်တည်လှည့်ထွက်ခဲ့တယ် ၊ မထီတရီပြုံးတယ် ။
သူရဲကောင်းလား ၊ မုဆိုးလား ၊ လူမိုက်အထာလား ကွဲကွဲပြားပြားမရှိသေးဘူး
ပြောရေးဆိုခွင့်အတိုင်း ပက်ခနဲ ပြောချလိုက်တယ်ဆိုတာလည်း အနုပညာပဲ ။
တဆုံး …. ထိုးတယ်ဆိုတာ ဒီမှာကြည့်ကွ
ပြောပြောဆိုဆို နှလုံးသားထဲ စူးဝင်နေတဲ့ အသွားခြောက်လက်မကို ဆွဲနှုတ်လိုက်တယ် ။
ဇာတ်ဝင်ခန်းထဲကလိုပဲ ထင်မထားတဲ့လူရဲ့လက်ချက်မှန်းသိတဲ့အခါ မျက်လုံးပြူးပြီး “မင်း … မင်းကိုး”
ဒီလိုတောင်မပြောနိုင်ပဲ ခေါင်းငိုက်စိုက်ကျသွားတယ် ။
ခါးထောက်လို့ ၊ ထီမထင်သလို ဓါးသွားပေါ်ကသွေးတွေကို လျှာနဲ့လျက်လို့ ၊ တဟားဟား အော်ရယ်ပြီးလို့ ၊
အဆုံးမှာ အခန်းထဲက ထွက်ခွာသွား ။
သွေးကြွေးတွေအားလုံးကို လက်စားချေနိုင်ခဲ့ပြီ ၊ ကျေကျေနပ်နပ် တွေးသွားတယ်
ကလဲ့စားချေခဲ့တဲ့သူကို ကလဲ့စားအချေခံလိုက်ရသူရဲ့ ဆွေမျိုးနီးစပ်များ ကလဲ့စားပြန်ချေဖို့
ပုလင်းတစ်လုံးကို ခွမ်းခနဲပြန်ခွဲပစ်ပြီး ပုလင်းကွဲကို လက်မှာကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဖို့လိုအပ်နေပြီ ။
မင်းရဲ့ဒီသဘောကို ငါကလည်း ဒါပဲထင်တယ်ကွာလို့ မိုက်ကြေးပြန်ခွဲဖို့လိုအပ်နေပြီ ။
ဇာတ်ဝင်ခန်းတစ်ခုခုအကြောင်းရေးထားတာလား ၊ လူဆိုးလူမိုက်တွေအကြောင်းရေးထားသလား ၊ ဘယ်နေရာမှာ ဒီလိုအမှုအခင်းတွေဖြစ်ခဲ့သလဲ ၊ ဖြစ်ရပ်မှန်လား ၊ ဖြစ်ရပ်မှန်ဆိုရင် နောက်ဆုံးရသတင်းကဘာလဲ ၊
ဒီကဗျာကိုဖတ်ပြီး ဘာကိုဆိုလိုချင်သလဲ ခင်ဗျားစဉ်းစားရပြီ ၊
ရှည်ရှည်မတွေးပါနဲ့ .. ဝေးဝေးလည်းမဟုတ်ပါ ။ ကဗျာလောကဖြစ်ပါတယ် ။ မယုံမရှိပါနဲ့ ။
တကယ်ရှိပါတယ် ။ အနုပညာ ၊ ကဗျာဗေဒ တစ်စက်မှ ရောစပ်ထည့်သွင်းထားစရာမလိုတဲ့ ၊
မိုက်ကြေးခွဲသူတွေများပြားတဲ့ အနုပညာလောကတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ် ။ အထက်ပါအတိုင်း တကယ်ဖြစ်ခဲ့ပါတယ် ။
ဖြစ်နေပါတယ် ။ ဖြစ်လာဦးမယ့် အလားအလာတွေလည်း ရှိနေပါတယ် ၊
သူ့ထက်သူလူစွမ်းကောင်းများနဲ့ ကဗျာသိုင်းလောက ။
အခွင့်အရေးရတယ် ၊ လက်လေးသစ်စာလွတ်သွားတာနဲ့ ကျွန်တော် တဆုံးထိုးချပစ်လိုက်တယ် ။
ကျွန်တော့်အလှည့်ဟာ တစ်နေ့မှာ ပြန်ရောက်လာဦးမှာ ၊ ကျွန်တော် တောခြောက်ခံရဦးမှာ ၊
စားပွဲခင်းကို အသစ်လဲထားလိုက်တယ် ၊ ရင်ဘတ်မှာကျည်ကာဝတ်ထားလိုက်တယ်၊ အိမ်တံခါးတွေလုံလုံခြုံခြုံပိတ်ထားလိုက်တယ်၊
လိုအပ်မယ်ထင်လို့ ကျွန်တော်လည်း အသွားခြောက်လက်မ ကို အခုကတည်းက “မြိ” နေအောင် သွေးထားပြီး
အငြိဇယားကို ကြိုစောင့်နေပါတယ် ။ ။
သူရဿဝါ
ရသစာပေအနုပညာဘလော့ဂ်
ဇန်နဝါရီလ ၂၅ ရက် ၊ ၂၀၁၁ ခုနှစ်
6 comments
မိုက်ကယ်ဂျော်နီအောင်ပု
January 25, 2011 at 1:40 pm
ဖတ်ဖူးသမျှကဗျာထဲမှာ
သဲထိပ်ရင်ဖိုအရှိဆုံးဘဲ
ကိုယ့်ကိုယ်ကိုယ်
နွားသတ်ရုံမှာအလုပ်လုပ်တယ်ဆိုပြီး အထင်ကြီးနေတာ
ကြောက်ပါပြီဂျ
kopauk mandalay
January 25, 2011 at 4:46 pm
ဇာတ်ကုလားကာချလို့အတွင်းရောက်တော့မှ
ရင်ဘတ်မှာစူးဝင်ဆဲ့
မျက်လှည့်မှာသုးံနေကြ”ခေါက်ဓါး”ကို လွှင့်ပစ်
ရဲရဲနီနေတဲ့သွေးအသွင်
ငရုတ်ဆီစွန်းနေတဲ့ အကျီ်ကို ချွတ်ပြစ်
“ဟူး ခုမှဘဲနားရတော့တယ်”ပြောတဲ့လူကြမ်း
တဝါးဝါးသမ်းရင်း ဝါးကြမ်းပေါ်လှဲအအိပ်
ကုလားကာအပြင်မှာတော့
မင်းသားနဲ့ ပရိသတ်
ဇာတ်အရှိန်မြင့်လို့ကောင်းတုံးပါ။
etone
January 26, 2011 at 3:07 am
ခေါင်းစဉ်ကို ကြည့်ပြီး…….. လူအများစိတ်ဝင်စားအောင်ပေးထားတာပဲ ။
manawphyulay
January 26, 2011 at 3:10 am
ဒါဆိုရင် ထပ်သွေးထားနော်…….. ထက်ရင် အပင်ခုတ်ဖို့ ခေါ်လိုက်မယ် ဝါဝါရေ… 😛 ကြောက်ပါတယ်ဆိုမှ ညဘက်လျှောက်မသွားရအောင် ခြောက်နေတာမလား ……
R Ga
January 26, 2011 at 7:55 am
ကောင်းပါ…ဗျာ..
လက်ထဲကဓါးကို ချွန်မြိနေအောင်သွေးထား
လက်လေးသစ်စာလောက်ပဲဖြစ်ဖြစ် လွတ်သွားတာနဲ့ အခွင့်အရေးတွေပေါ်လာမှာ ၊ ထိုးချပစ်လိုက် ။
ထိုး
ခြ
ပြစ်
လိုက်
ပြီ
ဗျာ
yuyu
January 26, 2011 at 8:12 am
အမလေး R Ga ရယ် သူပြောမှပဲ ထင်သာမြင်သာရှိလိုက်တာ