ကိုယ့်သိက္ခာဆိုတာ…
မိန်းကလေးတွေနဲ့ယောက်ျားလေးတွေမှာ မိန်းကလေးတွေက နေ့စဉ်ဘဝမှာ စိတ်ရှုပ်စရာ ပိုများမလားပဲ။ ဘာလို့လဲဆိုတော့ မိန်းကလေးအတော်များများက အရာအားလုံးကို စိတ်ထဲထည့် ခံစားတတ်ကြတယ်။ အတန်းဖော်ထဲကတစ်ယောက်ယောက်က သူ့အကြောင်းနဲ့သူ မျက်နှာမကြည်မလင် သုန်မှုန်နေရင်ပဲဖြစ်ဖြစ် ကိုယ့်ကိုများ စိတ်ဆိုးနေတာလားဆို တွေးတတ်ကြတယ်။ ကိုယ့်ကွယ်ရာမှာ ပြောကြတဲ့ အတင်းစကားတွေအတွက်လည်း ဖြေရှင်းချင်ကြတယ်။ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိတ်ဆွေတွေက ကိုယ့်ကိုအထင်လွဲမှားမှာကို စိတ်ပူပန်စိုးရိမ်တတ်ကြတယ်။ နောက်ဆုံး ဘာမှစိတ်ပူပန်စိုးရိမ်စရာ မရှိဘူးဆိုရင်တောင် အပြင်သွားခါနီး မှန်ကြည့်ပြီး လှမှလှပါရဲ့လား၊ ကိုယ့်ချစ်သူက ကိုယ့်ကိုမလှလို့များ အခြားတစ်ယောက်ကို ချစ်သွားမလားလို့ စိတ်ပူစိုးရိမ်တတ်ကြတယ်။ ဒါကြောင့်လည်း မိန်းကလေးက သူ လှရဲ့လား၊ သူ့ကို ချစ်ရဲ့လားလို့ သူ့ချစ်သူကို ခဏ ခဏမေးတတ်တာ ထင်ပါတယ်။ ယောက်ျားလေး တွေဘက်ကကျတော့ ချစ်လို့ ချစ်ထားတာပဲ၊ ဘာလို့ ခဏခဏ မေးလို့ ခဏခဏ ဖြေနေရမလဲလို့ စိတ်မရှည် တတ်ကြတာ ထင်တယ်။ မိန်းကလေးတွေရဲ့ စိုးရိမ်ပူပန်မှုတွေက ယောက်ျားလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတာ ထင်ပါတယ်။ ဒါကြောင့်ပဲ မိန်းကလေးတွေဟာ နားငြီးစရာကောင်းတယ်လို့ ယောက်ျားလေး တွေက ထင်မြင် တတ်ကြတာပဲ ထင်ပါတယ်။ မိန်းကလေးတွေက အရေးမကြီးတာတွေကို အရေးကြီးနေကြတယ်လို့လည်း ယောက်ျားလေးတွေက မြင်တတ်ကြပါသေးတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ မိန်းကလေးတွေက ဘေးစကား၊ မလိုသူတွေရဲ့ အတင်းစကား၊ ကောလဟလ သတင်းဖြန့်တဲ့ စကားတွေအပေါ်မှာ စိတ်ထိခိုက်ခံစားတတ်ကြတယ်။အဲဒီ စိတ်ထိခိုက်ခံစားမှုတွေကနေ စိတ်ကျတဲ့အထိဖြစ်သွားတတ်ပြီး ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းနဲ့ ပတ်ဝန်းကျင် ကောင်းကျိုးကို မလုပ်ဆောင်နိုင်တော့ဘဲ လုပ်ဆောင်မယ့် အချိန်တချို့ကို အလဟဿဖြစ်စေလိုက်တာတွေက အချိန်နဲ့ ခွန်အားတွေ နှမြောစရာကောင်းပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာပေ့ါ။ အချို့ ဆယ်ကျော်သက်များဆိုရင် မိန်းကလေးတင်မကပါဘူး။ ယောက်ျားလေးတွေကလည်း အဲဒီလိုပဲ စိတ်ထိခိုက် ခံစားတတ်ကြ တယ်။ ဒါကလည်း ဆယ်ကျော်သက်တို့ ထုံးစံအတိုင်း မိဘဆွေမျိုး ပြောစကားထက် သူငယ်ချင်းပြောစကားတွေကို ပိုယုံပြီး၊ သူငယ်ချင်းများက ကိုယ့်ကို မနှစ်သက်တော့မှာ၊ ကိုယ့်ကို သူငယ်ချင်းမလုပ်တော့မှာကို အင်မတန် စိုးရိမ်ကြတာကိုး။ ဒါကြောင့်လည်း မိဘက လှတယ်ပြောတဲ့ အဝတ်ထက် သူငယ်ချင်းက လှတယ်ပြောတဲ့အဝတ်ကို ဝတ်တယ်။ ဝယ်တယ်။ ဒီဆံပင်ပုံကမလှဘူးလို့ မိဘကပြောပေမဲ့ သူငယ်ချင်းက ဒီဆံပင်ပုံက လှတယ်လို့ဆိုရင် သူတို့ကလည်း သူငယ်ချင်းတွေအကြိုက် ဆံပင်ပုံ ပြောင်းတယ်။ အဲဒီလို သူငယ်ချင်းတွေက သူတို့အတွက် အရေးကြီးဆုံးလို့ မသိစိတ်က လက်ခံထားတဲ့အခါမှာ သူငယ်ချင်း အပေါင်းအသင်းတွေက ကိုယ့်ကို မကောင်းပြောရင် စိတ်ထိခိုက် ခံစားတတ်ကြတယ်။ အနောက်နိုင်ငံများမှာတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတဲ့ဆယ်ကျော်သက်တွေဟာ သူငယ်ချင်းတွေက သူတို့ကို မကောင်းပြော ဟားတိုက် လှောင်ရယ်လို့ဆိုတာတွေပဲများ ပါတယ်။ ကိုယ့်အပြစ်မဟုတ်ဘဲ၊ ကိုယ်တိုင်လည်း အမှားမကျူးလွန်ပါဘဲ သူတစ်ပါးပြောတဲ့စကားတွေမှာ ထိခိုက်ခံစားလို့ ကိုယ့်ကိုယ်ကိုယ် သိက္ခာကျပြီ ထင်ပြီး စိတ်ဓာတ်ကျနေတဲ့ မိန်းကလေး အတော်များများကိုလည်း တွေ့မြင်ဖူးပါတယ်။ တကယ်တော့ ကိုယ့်သိက္ခာဆိုတာကို ကိုယ် ကိုယ်တိုင်က ချမှပဲ ကျတယ်ဆိုတာ၊ သူတစ်ပါးက ကိုယ့်ကို သိက္ခာချလို့ မရဘူးဆိုတာကို လက်တွေ့နဲ့ယှဉ်လို့ မစဉ်းစားမိသေးလို့ပါပဲ။ သူများက ပြောတဲ့အတိုင်း ကိုယ်ကမှ မဟုတ်ဘဲ၊ မဆိုးဘဲနဲ့ဆိုရင် ကိုယ်တိုင်က ဘာမှ ခံစားနေဖို့ မလိုပါဘူး။ ကိုယ့်မူအတိုင်း ၊ အရင်အတိုင်းပဲနေရုံပါပဲ။ မကောင်းတာ လုပ်ကြံပြောတဲ့သူရဲ့ ပြောစကားတွေကို အခု ယုံချင်တဲ့သူက ယုံပါလိမ့်မယ်။ အဲဒီ ယုံတဲ့သူတွေကိုလည်း အပြစ်မဆိုသာပါဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက်က ဆင်ခြင်တွေးတောနိုင်စွမ်းချင်း မတူညီကြပါဘူး။ သူများပြောတာကို စုံမှိတ်ယုံတတ်တဲ့သူကတော့ ယုံမှာပါပဲ။ ကိုယ့် ဦးနှောက်နဲ့ ကိုယ့်မျက်စိနဲ့ကိုယ် ဆုံးဖြတ်ကြသူ တွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူများပြောစကားနဲ့ ကိုယ့်သိက္ခာကျ တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကိုယ့်သိက္ခာဆိုတာ ကိုယ်တိုင်မှာသာ ထိန်းသိမ်းရှိတာပါ။ ဥပမာ မလှရဲ့ ဂုဏ်သိက္ခာဟာ မမြဆီမှာ မဟုတ်ပါဘူး။ မလှဆီမှာပါပဲ။ အဲဒီလိုပဲ မမြရဲ့ ဂုဏ်သိက္ခာဟာလည်း မမြဆီမှာပဲ ရှိပါတယ်။ ဒါကို မမြပြောတဲ့ စကားကြောင့် မလှက သိက္ခာကျရ တယ်ဆိုတဲ့ အမြင်မျိုးဟာ ဘယ်လိုမှ လက်တွေ့မဆန်သလို ယုတ္တိလည်း မတန်ပါဘူး။ မလှက သူ့ ဂုဏ်သိက္ခာကို သူ ထိန်းသိမ်းမှသာ သူ့မှာ ဂုဏ်သိက္ခာရှိမှာပါ၊ ဂုဏ်သိက္ခာတက်မှာပါ။ မလှ ဂုဏ်တက်အောင် မမြက ဘာမှ လုပ်ပေးလို့မရပါဘူး။ မလှကိုယ်တိုင်သာ သူ့ကိုယ်သူ အကျင့်သီလစောင့်ထိန်းမှ ရမှာပါ။ ကိုယ်ကိုယ်တိုင်ရဲ့ အပြုအမူ ၊ အပြောအဆို၊ စောင့်ထိန်းမှုအကျင့်သီလတွေကသာ ကိုယ့်ကို သိက္ခာတက် စေသလို၊ သိက္ခာကျတာလည်း ဖြစ်စေနိုင်တာပါ။ မိမိကိုယ်တိုင်သာ ပြုမှဖြစ်ရမှာမျိုးတွေကို သူတစ်ပါးတွေရဲ့ ပြောစကားတွေ၊ အတင်း စကားတွေ၊ ကောလဟလတွေကြောင့်ဖြစ်တယ်ဆိုတာကို လက်မခံသင့်၊ မယုံကြည်သင့်ပါဘူး။ ကိုယ့်ကို ချစ်တဲ့သူရှိနေနိုင်သလို၊ မုန်းတဲ့သူလည်း ရှိနေနိုင်ပါတယ်။ လူတွေမှာ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူရယ်လို့ မရှိဘဲ ကိုယ့်အတ္တအပေါ်မူတည်ပြီး မိတ်ဆွေ၊ ရန်သူ သတ်မှတ်ကြတာပါ။ သူတစ်ပါးရဲ့ သူပိုင်အတ္တနဲ့ ကိုယ့်ကို ဆုံးဖြတ်တဲ့ ကိစ္စမှာ ကိုယ်က ဘာမှ သူတစ်ပါးကို သွားပြုပြင်ပေးလို့မရပါဘူး။ သူ့အကြိုက် လိုက်လျောနေစရာလည်း မလိုအပ်လှပါဘူး။ ကိုယ့်မူနဲ့ကိုယ်၊ ကိုယ့်ဘဝနဲ့ကိုယ် နေထိုင်ပြုမူတာဟာ စိတ်လက်ပေါ့ပါးကာ ရွှင်လန်းပါလိမ့်မယ်။ အရေးကြီးတာကတော့ ကိုယ်ဟာ နေ့စဉ်ဘဝမှာ သူတစ်ပါးဆိုးကျိုးကို တမင်သက်သက် ရည်ရွယ်ပြုမူခြင်း မရှိအောင်နဲ့ ကိုယ်ကိုယ်တိုင်ရဲ့ သီလစင်ကြယ် အောင်နေထိုင်ဖို့ပါပဲ။ ဒါဆိုရင် ကိုယ့်စိတ်မှာ ကိုယ်ဟာ သူတစ်ပါးကို မဟုတ်တာမကြံစည်ဘူး၊ မကောင်းတာ မလုပ်ဘူးလို့ ကိုယ့်စိတ်ကို ကိုယ်သိနေတယ် ၊ ကိုယ့်သီလကို ကိုယ်သိနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ စိတ်ရှင်းပါတယ်။