“မှော်ပန်းပွင့်“ အပိုင်း(၃)
“မှော်ပန်းပွင့်“
အပိုင်း(၃)
သူရုတ်တရက်လန့်နိုးလာလေသည်။ ဘေး၌ကြည့်လိုက်တော့ ဒေါ်မိမိသိရီကျော်က ကြောင်ပြီးသူ့ကိုကြည့်နေသည်။ သူ့ကိုယ်ကတော့ ဖိန်းဖိန်းရှိန်းရှိန်းနှင့် ပူနွေးလို့ကောင်းတုန်းရှိသေး၏။ သူ့ကိုယ်သူ ဖျားနေမှန်းသူသိလိုက်ရသည်။ အခန်းထဲ၌ သူနှင့် ဒေါ်မိမိသိရီကျော်နှစ်ယောက်တည်းရှိနေသည်ကို သူပထမဆုံး သတိထားမိလိုက်သည်။ သူရုတ်တရက် အားနာသွားပါသည်။ ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းသလိုများဖြစ်သွားပြီလားဟု တွေးမိ၍ဖြစ်သည်။ သူ အိပ်ယာမှထရန် ပြင်လိုက်သည်။
“ အို မောင်လေး မထနဲ့လေ “
“ရတယ် အစ်မ ကျနော်“
“ မောင်လေး ရေချိုးပြီးတန်းအိပ်လိုက်လို့ထင်တယ် နောက် ခရီးပန်းလာတာလည်း ပါလိမ့်မယ် အစ်မ ထမင်းစားခေါ်ဖို့ ဒီဖက်လာတော့ မောင်လေး ညည်းသံကြားလို့ကြည့်လိုက်တော့ ဖျားနေတော့တာကို “
“ ကျနော် အားနာလိုက်တာဗျာ ကျနော့်ကြောင့် အစ်မတို့ ကရိကထမများနေပြီလားမသိဘူး“
“ ဘာမှမများပါဘူး ဒီလိုပဲ မှော်ထဲရောက်စ ဖြစ်တတ်ပါတယ် ကဲကဲ အိပ်လိုက်ဦး ရော့ ဒီဆေးတစ်ခွက်သောက်လိုက် ခဏနေမှ စွပ်ပြုတ်ယူလာပေးမယ်“ပြောပြီးပြီးချင်း ဒေါ်မိမိသီရိကျော် ထွက်သွားသည်။ သူသတိထားမိလိုက်သည်က ဒေါ်မိမိသီရိကျော်သည် သူ့အပေါ် စေတနာတွေပိုလွန်းသည်ဟုပင်။ ဒါသည်လည်း သူ့ဘက်မှ တဖက်သတ်အတွေးလည်းဖြစ်နေနိုင်ပါသည်။ ဦးဝင်းနိုင်၏ အရိပ်အယောင်ကိုတော့ သူ့မမြင်မိပေ။ သူသည် ခုမှ အခန်းအပြင်ဖက်ကိုကြည့်မိသည်။ အတော်ပင်မှောင်နေချေပြီ။သူမည်မျှထိ အိပ်ပျော်နေသည်မသိ။ ပတ်ဝန်းကျင်သည် အနည်းငယ်အေးသယောင်ဖြစ်လာသည်။ သူနှင့်မလှမ်းမကမ်းရှိ ခရီးဆောင်အိတ်ကို လှမ်းဆွဲယူလိုက်သည်။ အိတ်ထဲ၌ တစ်ထည်တည်းသော အနွေးထည်ကို သူ အိတ်ဖွင့်ယူလိုက်သည်။ ခုမှ အနွေးထည်ကြောင့် သူ့ကိုယ်ခန္ဓာတစ်ခုလုံး နွေးလာသည်။ နောက် ဒေါ်မိမိသီရိကျော်ပေးခဲ့သော ဆေးတစ်ခွက်ကို အရန်သင့်တွေ့ရသော ရေတစ်ခွက်နှင့် သူသောက်လိုက်သည်။ ခဏနေတော့ မျက်လုံးများ ဆေးရှိန်ကြောင့်ထင်သည် မှေးဆင်းလာသည်။ ပြီးနောက် သူ ပြန်လည်၍ အိပ်ပျော်သွားခဲ့သည်။
“ မောင်လေး“
“………………“
“ မောင်လေး “
“ အင်း ဟင် ဪ အစ်မ “
“ ရော့ရော့ ကြက်သားစွပ်ပြုတ်လေးသောက်လိုက် ပြီးမှ ပြန်အိပ်တော့ “
“ ဟုတ်ကဲ့ ကျနော် အစ်မနဲ့ ဦးဝင်းနိုင်ကို ဘယ်လိုကျေးဇူးတင်ရမှန်းမသိပါဘူး ကျနော် တကယ်ပြောတာပါ“
“ ဟုတ်ပါပြီ မောင်လေးရယ် နောက်မှ ကျေးဇူးတင်တော့ ကဲ သောက်လိုက်ဦး မောင်လေးမှာ စောင်လည်း မပါလောက်ဘူးထင်လို့ အစ်မ စောင်ယူလာပေးတယ် ကိုဝင်းနိုင်လည်းပြန်ရောက်နေပြီ မောင်လေး နေမကောင်းဘူးလို့ပြောထားတယ် သူလာတွေ့မှာတော့မဟုတ်တော့ဘူး အိမ်ပေါ်မှာ သူ့ ဘော်ဒါတွေနဲ့ သောက်ပွဲရှိတယ်လေ အစ်မလည်း အဲဒီမှာ သွား ပြင်ဆင်ပေးလိုက်ဦးမယ် မောင်လေး ဒီည အေးအေးဆေးဆေးနားတော့ မနက်ကျမှ အစ်မတစ်ခေါက်လာကြည့်မယ် ဟုတ်လား“
“ ဟုတ်ကဲ့ ကျနော်ကြောင့် အစ်မတော့ အလုပ်များနေပြီထင်တယ်“
“ ရပါတယ် မောင်လေးရယ ်ဒါတွေက အစ်မအတွက် ရိုးနေပါပြီ“
ဒေါ်မိမိသီရိကျော်ပေးခဲ့သော ကြက်သားစွပ်ပြုတ်ကို သူ အငမ်းမရသောက်လိုက်သည်။ သည်လို စွပ်ပြုတ်ကို သူမသောက်ရသည်မှာကြာပြီ။ ရုတ်တရက် အိမ်ကို သတိရသွားသေးသည်။ အိမ်မှာဆိုလျှင် ဆိုသောအတွေးကို သူမတွေးမိအောင် ပြန်လည်ပြီး စိတ်ကို တင်းလိုက်သည်။ ခုချိန်မှာ အိမ်ကိုလွမ်းလို့မဖြစ်။ သူ၏ ရည်ရွယ်ချက်လမ်းစဉ်ကို အပျက်မခံနိုင်။ သူ ဇွဲရှိရမည်။ သူ ချမ်းသာရမည်။ သူ့ ဘဝကို သူကိုတိုင်ပြောင်းလဲနိုင်ရန် သူလမ်းထွင်ခဲ့ပြီးပြီ။ နောက်ပြန်လှည့်လို့မဖြစ်။ သည်မဖြစ်စလောက်အဖျားလေးနှင့် သူ စိတ်ဓါတ်ကျလို့မဖြစ်။ အိပ်ယာပေါ် သူပြန်လှဲချလိုက်တော့ စက္ကန့်ပိုင်းအတွင်း ပြန်လည်၍ မှောင်အတိကျသွားပြန်တော့သည်။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
“မိ မင်းလုပ်ပုံတွေမဟုတ်သေးဘူးနော်“
“ ဘာကိုပြောချင်တာလဲ ကို ကိုပြောပုံက မိပဲ လျှပ်ပေါ်လော်လီသလိုဖြစ်မနေဘူးလား“
“ မိ ကိုယ့်ကိုကိုယ်သတိမထားမိဘူးလား မိ ကောင်လေးအပေါ် လိုတာထက်ပိုပြီးလုပ်ပေးစရာ အကြောင်းမရှိဘူးနော် ကောင်လေးအတွက်ဆိုရင် ကိုပေါက်ကိုခိုင်းလိုက် မိ ဘာမှလုပ်ပေးစရာမလိုဘူး“
“ကို မိကို ဘယ်လို မိန်းမစားမှတ်လို့လဲ မိ အကြောင်းကို ကို မသိတာလဲမဟုတ်ဘူး အဲဒီကောင်လေးကို မိ ခေါ်လာတာလည်းမဟုတ်ဘူး ကို ပဲခေါ်လာတာလေ ခုကောင်လေးဖျားနေတာကို မိက ကိုယ့်အိမ်က အလုပ်သမားတွေနေထိုင်မကောင်းလို့ ကြည့်ပေးတာလောက်ပဲရှိတယ် ကို စကားကိုကြည့်ပြောပါ မိ သိက္ခာကို ထိခိုက်တယ်“
“ ဘာကွ“
သည်လိုဆိုလျှင်တော့ ကိုဝင်းနိုင် ဒေါသတွေ သထောင်းထောင်းထွက်နေပြီဆိုတာကို မိ သိလိုက်ပြီ။ မိ ဘက်က ဘာမှမလွန်။ ဒါကို မိ ကိုယ်မိ အသိဆုံးပင်။ ခုပြောပုံက မိက ကောင်လေးအပေါ်ကို လိုတာထက်ပိုပြီး ဂရုစိုက် ပျာယာခက်ပြနေသလိုဖြစ်နေသည်။ မိ သည် ကိုယ့်အိမ်၌ရှိသော အလုပ်သမားတိုင်းကို ဂရုစိုက်ပြီး လိုအပ်တာများကို ဖြည့်ပေးသင့်တာဖြည့်ပေး ကူညီသင့်တာ ကူညီတာကို ကိုဝင်းနိုင်မသိမဟုတ်။ သိသိရက်နှင့် မိ ကို သည်လိုပြောသည်ဆိုတော့ မိလည်း ဒေါသတွေ ထွက်လာသည်မှာ မဆန်း။ မိ သည် ကိုဝင်းနိုင်ကို ချစ်ကြိုက်ပြီးလက်ထပ်ယူခဲ့သည်မဟုတ်။ မိဘများ၏ စီမံမှုကြောင့်တာ မိခေါင်းငြိမ့်လက်ခံခဲ့ရသည်။ မိ သဘောဆန္ဒမပါခဲ့။ သို့သော်လည်း မိမိသီရိကျော်ဆိုသည် မိန်းမတစ်ယောက်သည် မချစ်မနှစ်သက်သော်လည်း မယားဝတ္တရားငါးပါးကိုတော့ဖြင့် မျက်နှာလွဲခဲပစ် တစ်ခါမှ မလုပ်ခဲ့။ ဇနီးမယားတစ်ယောက်အနေဖြင့် လင်ယောကျာ်းတစ်ယောက်အတွက် ဝတ်ကြီးဝတ်ငယ်အသွယ်သွယ်ကို တစ်နေ့မှ လစ်ဟင်းလှစ်လျှူရှုခဲ့ခြင်းမရှိ။ မိ အတွက် မချစ်သော်လည်း အောင့်ခါနမ်းဆိုသည် စကားသည် ဧကန်မှန်နေသည်။
ကိုဝင်းနိုင်နှင့် မိ လက်ထပ်ယူခါစကတည်းက မိကို သူက အမိန့်ပေးစေခိုင်းချင်သော သရုပ်သဏ္ဍာန် မသိမသာပြခဲ့သည်။ မိ ၏ မိဘများ၏ အမှားတစ်ချက်က မိ ဘဝတစ်ခုလုံးကို ဇောက်ထိုးမို်းမျှော်ဖြစ်စေခဲ့သည်မှာ မှန်သည်။ သို့ပေမယ့် မိ သည် မိဘများ၏ စိတ်ဆင်းရဲမှုသောကတွေကို မကြည့်ရက်မမြင်ရက်သောကြောင့် ကိုဝင်းနိုင်အလိုလိုက် မိ ဘဝ၊ မိ ခန္ဓာကို ပေးအပ်ခဲ့သည်။ မိ သည် ဇနီးမယားတစ်ယောက်ပီသစွာ နေခဲ့သည်မှာ အိမ်ထောင်သက်ပင် ငါးနှစ်ကျော်လာပြီ။ ခုနှစ်ပိုင်းအတွင်း ကိုဝင်းနိုင်သည် မိ ကို မျက်စိဒေါင့်ထောက်ကြည့်နေသလိုခံစားနေရသည်။ ငါးနှစ်အတွင်း မိကို သားသမီးယူဖို့လည်း အတန်တန်နားချ ပြောဆိုခဲ့သည်။ မိ ဘက်က ခေါင်းငြိမ့်လက်ခံရန်အတွက်ပြင်ဆင်သင့်သေးသည် မဟုတ်လား။ ကိုဝင်းနိုင်သည် မိကို ပြည့်စုံစွာရှာဖွေပေးထားသည်။ မိသည် အေးအေးဆေးဆေး စားလိုက် အိပ်လိုက်နှင့် အချိန်တွေကို ကုန်ဆုံးနေရသည်မှာကြာပြီ။ မိက ကိုဝင်းနိုင်၏ ရေမဆေးအလုပ်သမားတွေကို ရောရောထွေးထွေးနေသည်ကို ကိုဝင်းနိုင်မကြိုက်။ မိသည် အရုပ်ကလေးတစ်ရုပ်လို ထားရာနေ စေရာသွားဘဝကို မလိုချင်။ အလုပ်သမားများ၏ ဗာဟီရကိစ္စများကို မိက ဖြေရှင်းကူသည်။ ခုလည်း မိဘက်က လုပ်ပေးသင့်သည်ကို လုပ်ပေးသည်။ မိ စေတနာကို ကိုဝင်းနိုင်မသိချေ။ မိ ကို မည်သို့မြင်နေသည်လည်းမသိပေ။
“ ဘာပဲ ဖြစ်ဖြစ် မိ ကောင်လေးနဲ့ ဝေးဝေးနေပါ မခေါ်မပြော မဆက်ဆံနဲ့လို့ ကို မဆိုလိုဘူးနော် ကောင်လေးကို ကိုခေါ်လာတာ မှန်တယ် ဒုက္ခရောက်နေသူတစ်ယောက်ကို ကို ကူညီမလို့ခေါ်လာတာ မိအတွက် အပန်းဖြေ ကစားစရာအရုပ်တစ်ရုပ်လို့တော့ မသတ်မှတ်လိုက်ပါနဲ့“
မိ နုတ်ခမ်းကို ကိုက်လိုက်သည်။ နောက်မျက်ဝန်းတို့၌ မျက်ရည်တွေ ဝှေ့လာသည်။ စိတ်ချ ကိုဝင်းနိုင်။ မိဘက်က အမှားတစ်စုံတစ်ခုရှိခဲ့ရင်တောင် ရှင်မသိစေရဘူးမှတ် ဟု မိစိတ်ထဲကပဲပြောပစ်လိုက်သည်။ မိ စိတ်ထဲ၌ သူ့အတွက် “ကို“ ဟူသော နာမ်စားမရှိ။ ဦးဝင်းနိုင်။ ကိုဝင်းနိုင်။ သည်လိုပဲခေါ်နေမိသည်မှာ အခါခါ။ “ကို“ ဟူသော အမည်နာမ်စား မိ စိတ်မပါပဲ ခေါ်ခဲ့ရသည်မှာ ငါးနှစ်။ အိမ်ထောင်ကျခါစက “ကို“ ဟုခေါ်ရန် မိကို သူပဲ စပြောခဲ့သည်။
“ မိမိသီရိကျော်လို့ မခေါ်ချင်ဘူး ဘယ်လို ခေါ်ရမလဲ“
“ကြိုက်သလိုခေါ်ပါ ရပါတယ် မိက ဦးဝင်းနိုင်ရဲ့ မယားတစ်ယောက်ဖြစ်နေပြီပဲ“
“ဟင်းဟင်းဟင်း မင်းက မာတော့မာသားပဲ ကဲ ဒီလိုလုပ် မင်းကို “မိ“ လို့ပဲခေါ်မယ် ငါ့ကိုလည်း ဦးဝင်းနိုင်လို့မခေါ်နဲ့ “ကို“လို့ခေါ်ဟုတ်ပြီလား လင်ရယ် မယားလို့ဖြစ်နေပြီပဲ “
မိ လွန်ခဲ့သော ငါးနှစ်ခန့်က စကားတွေကို ပြန်လည်ကြားယောင်နေမိ်သည်။ မိ ခေါင်းကို တစ်ချက်ခါထုတ်လိုက်သည်။သွားစမ်း။ မိရဲ့ ကျဆုံးခန်းတွေကို မိ ဘာကြောင့် ပြန်လည်မြင်ယောင်နေရသည်လဲ။ မဖြစ်သင့်။ လုံးဝ မဖြစ်သင့်ဘူး မိမိသီရိကျော်..။
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သူ အိပ်ယာကထတော့ နေမြင့်နေပြီ။ ခေါင်းက တစ်ချက်မိုက်ခနဲဖြစ်သွားသေးသည်။ သို့ပေမယ့် ညကလောက်တော့ တဆစ်ဆစ်ကိုက်မနေတော့။ ရေအေးအေးနှင့် မျက်နှာသစ်လိုက်တော့ အနည်းငယ် လန်းဆန်းသွားသည်။ သူ အိမ်ခြံဝန်းထဲ မျက်စိကစားကြည့်လိုက်တော့ တိတ်တိတ်ဆိတ်ဆိတ်။ အခန်းထဲသို့ သူပြန်ဝင်လာတော့ စောစောကသတိမထားမိ၍ထင် အခန်းထောင့်၌ ဘယ်အချိန်ကလာထားသွားမှန်းမသိသော ပန်းကန်တစ်လုံးကိုတွေ့ရသည်။ သူ ပန်းကန်လုံးကိုကြည့်လိုက်တော့ ဆန်ပြုတ်တစ်ခွက်။ ပူနွေးနေတုန်းရှိသေးသည်။ ခုချိန်ထိ ဒေါ်မိမိသီရိကျော်ကိုမတွေ့ရသေး။ မနေ့ညက မနက်ကျမှ တစ်ခေါက်လာကြည့်မယ်လို့ ပြောသွားခဲ့သည်။ သူ ယောင်တောင်တောင်နှင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေသည်။ သူပြတင်းပေါက်မှတဆင့် အိမ်ကြီးဆီသို့လှမ်းကြည့်လိုက်သည်။ အပေါ်ထပ်မှ လိုက်ကာတစ်ချက်လှုပ်သွားသည်ကိုတွေ့လိုက်ရသည်။ ဒေါ်မိမိသီရိကျော်လား။ အစ်မဆိုလျှင် သူ့ဆီလာမည်မှာ သေချာသည်။ အိမ်ကြီးကတော့ တိတ်ဆိတ်လွန်းလှသည်။ ပြင်ပ ပတ်ဝန်းကျင်နှင့်တော့ လားလားမျှ မသက်ဆိုင်။ အပြင်ဘက်မှာတော့ ဆိုင်ကယ်သံတစ်ဝှီဝှီနှင့် လူသံ ကားသံ ဆူညံနေသည်။ သူ ခြေဆန့်လက်ဆန့်အနေဖြင့် လမ်းလျှောက်ကြည့်လျှင်ကောင်းမည်လား။ သူ အတွေးနှင့်အတူ ထထွက်ခဲ့လိုက်သည်။ အိမ်ကြီးနားရောက်တော့ အိမ်ထဲသို့ သူကြည့်လိုက်သေးသည်။ မည်သည့်အရိပ်အယောင်မျှ မမြင်ရ၍ သူ ထွက်လာခဲ့လိုက်သည်။
မမုံရွာသည် စည်ကားလွန်းလှသည်။ ရောင်းသူဝယ်သူနှင့်။ ဆိုင်ကယ်တဝှီဝှီ၊ ကားသံတဝှီဝှီ။ သူ့အတွက် အမြင်ဆန်းတွေကို မမုံရွာက ပေးစွမ်းနိုင်သည်။ ဈေးဆိုင်တန်းတွေက တသီတသန်းကြီး။ အထည်ဆိုင်တွေ၊ ကုန်မာဆိုင်တွေ၊ စားသောက်ဆိုင်တွေ နေရာတော်တော်များများ၌ နေရာယူထားသည်။ လက်ဘက်ရည်ဆိုင်တွေကတော့ သီချင်းသံတွေ ဆူညံစွာဖြင့် နိုးနိုးကြားကြား။ စစ်ပွိုင့်ဖိနှပ်၊ အားကစားဘောင်းဘီတို၊ အားကစားခြေအိတ်ဝတ်ပြီး တုတ်ချောင်းလေးတွေကိုင်ပြီး ဆိုင်ကယ်နှင့်တစ်ဖုံ၊ လမ်းလျှောက်တစ်သွယ် သွားနေကြသူတွေက တော်တော်များများ။
“ အစ်ကို“
“………….“
“ အစ်ကို အစ်ကို“
သူလှည့်ကြည့်လိုက်သည်။
“ ဪ ပန်းပွင့်နွယ် “
“ အစ်ကိုကလည်း ခေါ်တာတောင်မကြားဘူး ဘာလဲ ရောက်တာမှမကြာသေးဘူး ကောင်မလေးတွေကို စောစောစီးစီး လိုက်ငေးနေတာလား “
“ မဟုတ်ရပေါင်ဗျာ ပျင်းပျင်းရှိလို့ လမ်းလျှောက်ထွက်လာတာပါ ခုတောင် ဘယ်သွားရမှန်းမသိဘူး“
“ ညီမဆိုင်လိုက်ခဲ့လေ….“
“………………….“
“ လာပါ နောက်မှ စဉ်းစား ညီမ အစ်ကိုကို မုန့်ကျွေးပါ့မယ်“
“ ဟုတ်ပါပြီ ဗျာ လိုက်ဆိုလဲ လိုက်ပါ့မယ် ကဲ ရှေ့က ကြွပါ“သူက ပြောတော့ ပန်းပွင့်က မျက်စောင်းထိုးသည်။ လှလိုက်သည့် မျက်စောင်းလေး။ မနက်နေခြည်မှာ လန်းဆန်းတက်ကြွနေသော ပန်းလေးတစ်ပွင့်။ ထိုပန်းပွင့်သည် မည်သူ့အတွက်ဖြစ်မည်နည်း။ မဆီမဆိုင်အတွေးများနှင့်ရောယှက်နေမိပြန်သည်။ သူ ပန်းပွင့်ကို တိတ်တခိုးရှက်သွားပါသည်။ ရုတ်တရက်…..
“ ညီမ……..“ သူ ပန်းပွင့် လက်မောင်းလေးကို လှမ်းဆွဲလိုက်သော်လည်း မမှီလိုက်
“ ဝှန်း“
“ အမေ့ ……အား“
သော်ဇင်(လွိုင်ကော်)
5 comments
မိုက်ကယ်ဂျော်နီအောင်ပု
February 2, 2011 at 2:00 pm
ဟင်းဟင်းဟင်း 🙁 🙁 🙁
တိုလာပြီနော်!!!!!
nyimalay
February 2, 2011 at 2:40 pm
အပိုင်းလေးကရောဘယ်တော့ဖတ်ရမှာလည်း….
အဲ့ဒီကိုသော်ဇင်ဟာလေ သူ့စာကို ပိစိကွေးတို့ကစောင့်ပြီးဖတ်နေမှန်းသိလို့
အပိုင်းပိုင်းဖြစ်အောင်လုပ်နေတယ်…. ဟင်း…ဟင်း(ဒေါသသံ)
အဘပုတိုမယ်ဆိုလည်းတိုလောက်ပါရဲ့….. အဘပု… အဘပု… အဲ့ဒီကိုသော်ဇင်ကြီးကို ဗီတိုအာဏာသုံးပြီး နောက်တစ်ပိုင်းကိုဇာတ်မသိမ်းနိုင်ရင်မရေးရလို့ အမိန့်ချမှတ်လိုက်ပါလို့ သူဂျီး(အိုင်ခူး)ကိုစာတင်လိုက်သိလား…… 😛
စိတ်ဆိုးနဲ့နော်….. ဘယ်နှစ်ပိုင်းကျန်ကျန်ဖတ်မှာပါ…. (ဘုန်းကြီးခေါင်းကိုခေါက်ပြီးရင်လည်း ဒီလိုတောင်ပန်လိုက်ရင်ပြီးသွားတာပါပဲ… ဟုတ်တယ်မဟုတ်လား…)ကိုသောဇင်ကြီးကိုကြည့်ရတာ
စိတ်ဆိုးတတ်မယ့်ပုံမဟုတ်ပါဘူးနော်….. 🙂
မိုက်ကယ်ဂျော်နီအောင်ပု
February 2, 2011 at 2:52 pm
အောင်ပုက စနေသားနော်
စိတ်ကြီးတယ်
အီးပါရင် တစ်တုံးတည်းပါတာ
နှစ်တုံးပါလို ့ကတော့
မနက်ပါရင် ဘရိတ်ဖတ်
ည ပါရင် ဒင်းနားဘဲ
ဘာမှတ်နေလဲ
etone
February 3, 2011 at 10:22 am
အောင်မလေး အဘပုရေ… အီးတုံးကို ဘယ်နှယ့် ဆွဲထည့်တာလဲ ။
ဒီရွာမှာ အီးတုံးက တစ်ယောက်ပဲရှိတယ် ။ နှစ်ယောက်မရှိဘူး …။ ဟွန်း ..:D
nyimalay
February 3, 2011 at 5:51 am
ဟယ်…………. မထင်ရဘူးတော့………. 😀
အဘပုုက ကပ်စီးနည်းတတ်တယ်နော်……….. 😛