“…………………………….. မှ အစပြု၍”(ကိုပေါက်နှင့်ဆေးလိပ်အစ)
“…………………………….. မှ အစပြု၍”(ကိုပေါက်နှင့်ဆေးလိပ်အစ)
ဆေးလိပ်တို့ ဆေးတံတို့ ဆိုတာတွေကို ကျွန်တော့်ဘဝမှ ဘယ်အချိန်က စပြီးပါတ်သက်ခဲ့သလဲလို့ပြောရရင်
ကျွန်တော် ကျောင်းနေစအရွယ် ကဘဲဖြစ်ပါတယ်။
အမှတ်ထင်ထင်ရှိခဲ့ဘူးတာကတော့ အဖေ့ရဲ့ဆေးတံနဲ့အဖိုးရဲ့ဆေးပြင်းလိပ်လို့ပြောရမယ်ထင်ပါတယ်။
ကျွန်တော့်အဖေဘက်ကတော့ မှတ်မိသလောက်ပြောရရင် ဘယ်သူမှဆေးလိပ်မသောက်ပါဘူး။
အမေရဲ့အဖေကတော့ ဆေးပြင်းလိပ်သောက်ပါတယ်။
ဆေးပြင်းလိပ်ညိုတုတ်တုတ်က ထွက်လာတဲ့ အနံ့ကို လူတော်တော်များများကမခံနိုင်ပါဘူး။
ကျွန်တော်ကတော့ မီးမညှိသေးတဲ့ဆေးပြင်းလိပ်အသစ်က ထွက်လာတဲ့အနံ့ကိုနှစ်သက်ပါတယ်။
ကျွန်တော်လူလစ်ရင် ခိုးပြီးနမ်းပါတယ်။အဖွားသိရင်တော့ အော်ခံရတတ်ပါတယ်။
ဒီဆေးရွက်ဆေးလိပ်အနံ့ဆိုတာကလည်း ကြိုက်တတ်သူလူနည်းစုအဘို့ကတော့မွှေးပြီး
မကြိုက်သူလူအများစုအတွက်ကတော့ အတော်ဆိုးတဲ့ အနံ့လို့ပြောမှမှန်ပါမယ်။
ဆေးပြင်းလိပ်သမားများကတော့ အစားအသောက်စားချိန်ရယ်၊ရေချိုးတဲ့အချိန်ရယ်၊အိပ်ချိန်ရယ်ကလွဲရင်
မီးသေနေတဲ့ဆေးပြင်းလိပ်အတိုလေးကို ပါးစပ်မှာ ခဲထားတာက သူ့အတွက် သိပ်အရသာရှိနေသလိုပါဘဲ။
အဖိုးအကျင့်က ထမင်းစားပြီးတာနဲ့ ဆေးပြင်းလိပ်အတိုလေးကို မီးညှိအားရပါးရဖွာ။
လေးငါးဖွာလောက် အားရပါးရ ရှိုက်ပြီးရင်းဆေးပြင်းလိပ်ကို မီးသေအောင်သတ်လိုက်ပါတယ်။
ပြီးမှ ပါးစောင်မှာခဲပြီးလုပ်လက်စအလုပ်တွေကို ဆက်လုပ်ပါတယ်။
အဖိုးဆေးပြင်းလိပ်ဖွာပြီဆိုရင် အဖွားက အသံတွေထွက်ပါတယ်။
“ကိုထွေးမောင် ! တော့ရဲ့ဆေးလိပ်ကြီးကို ဝေးဝေးသွားသောက်စမ်းပါ တကတဲ နံချက်ကတော် “လို့ပါ။
ပထမဆုံးဆေးလိပ်နဲ့ပါတ်သက်ပြီးအဆော်ခံရတာ သုံးတန်းကျောင်းသားအရွယ်တုံးကပေါ့။
အဘိုးက ဆေးပြင်းလိပ်ကြီးကို ပါးစပ်ထဲအမြဲထည့်ထားတာ ချိုလို့နေမှာလို့အမြဲ တွေးနေမိပါတယ်။
တစ်ရက်ကျောင်းကပြန်လာတဲ့တစ်ညနေခင်းမှာ၊
အိမ်ကလူကြီးတွေအားလုံးက နက်ဖြန်မနက်မှာ ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ပို့ဘို့အတွက်
လှီးကြ ချွတ်ကြနဲ့ အလုပ်တွေရှုပ်နေပါတယ်။
အဲဒီအချိန်အဖိုးကရေချုးိနေတယ်ထင်ပါတယ် သူ့လက်စွဲတော်ဆေးပြင်းလိပ်အတိုက ဆေးလိပ်ခွက်ထဲမှာမီးမသေ့တသေနဲ့
ဆိုတော့ ထွက်နေတဲ့ မီးခိုးငွေ့ငွေ့လေးက ကျနော်ကို စမ်းကြည့်ဘို့ဖိတ်ခေါ်နေသလိုပါဘဲ။
ကျွန်တော်ကလည်း လူရှိမရှိအသာလေးကြည့်ပြီး လူလစ်တာနဲ့ ဆေးပြင်းလိပ်ကိုယူ
အိမ်နောက်ဘေးက ငှက်ပျောပင်ကြားထဲကိုုုုုုဆင်းပြီး ဆေးပြင်းလိပ်ကို ဖွာကြည့်ပါတော့တယ်။
ပထမတစ်ခါ မီးသေစပြုနေတော့လည်ချောင်းထဲမှာ စပ်ခါးခါးကြီးဖြစ်သွားတယ်။
နောက်တစ်ခါလဲဖွာလိုက်တဲ့အခါ ဆေးလိပ်ငွေ့တွေက ပါးစပ်ထဲဝင်လဲသွားရော ချောင်းတွေတဟွတ်ဟွတ်ဆိုးပါတော့တယ်။
လူလဲမူးနောက်သွားတာ ခြာခြာကိုလည်ရော။
ဘယ်သူမှမမြင်ခင် အိမ်ထဲဝင်အဘိုးဆေးလိပ်ကို ဟန်မပျက်ပြန်ထား၊
ပြီးတာနဲ့ အိပ်ယာထဲဝင်ခွေနေလိုက်ရတယ်ဟန်ကိုမဆောင်နိုင်ဘူးမူးနောက်နေတာ။
မျက်စေ့သာမှိတ်ထားတာ လူကခြာခြာတွေလည်နေတာ။
ခဏနေတော့ ဒေါ်လေးအငယ်ရောက်လာပြီး
“မမထွေးရေ သားကြီးက ဘယ်ချိန်ကရောက်နေမှန်းမသိဘူး အိပ်ယာထဲဝင်ခွေနေတယ် “
“ကိုပေါက်နေမကောင်းဘူးလား “ဆိုပြီးနဖူးစမ်း ပါးစမ်းလုပ်တော့။
ချော်လဲရောထိုင်လုပ်ပြီး ဒေါ်လေးရင်ခွင်ထဲဝင်ပြီး “မူးတယ်”
ဆိုပြီးပြောလဲပြောရော ဒေါ်လေးငယ်တစ်ယောက် ပျာယာတွေခပ်ကုန်ပါတယ်။
“ညနေစောင်းကြီး အိပ်တာကို ဖြစ်မှာပေါ့ “တို့၊“ကလေးကို ပစ်ထားတယ် “တို့၊
တတွတ်တွတ်ပြောရင်း ဆူညံပူညံတွေလုပ်ပါတော့တယ်။
ကျွန်တော်ကလဲ ဆေးလိပ်မူးတော့ ချွေးစေးတွေပြန်နေပါတယ်။
ေဒေါ်လေးက ချွေးတွေသုတ်ပေး ယပ်ခပ်ပေးတော့ခဏလေးအတွင်းမှာ အိပ်ပျော်သွားပါတယ်။
ဒါပေမယ့် မနက်မိုးလင်းလို့အိပ်ယာလဲထရော တုတ်နဲ့ဆော်ဘို့ အမေကစောင့်နေပါတော့တယ်။
ဇာတ်လမ်းကတော့ ဟိုဘက်ခြံက အရီးညိုဖော်ကောင်လုပ်လိုက်လို့ပါ။
ညက ကျွန်တော့်ကိုမမြင်တော့ အရီးညိုကမေးတဲ့အခါ
ဒေါ်လေးငယ်က “နေမကောင်းလို့အိပ်နေတာ ချွေးစေးတွေပြန်ပြီး မူးတယ်မူးတယ်လုပ်နေတယ်”လို့လဲဖြေရော
အရီးညိုက “မူးမှာပေါ့ ညနေက သူ့အဖိုးဆေးပြင်းလိပ်ကိုကိုင်ပြီးငှက်ပျောပင်ကြားကနေအိမ်ထဲကို ယိုင်တီးယိုင်ထိုးနဲ့ဝင်သွားတယ်
ဆေးလိပ်စမ်းသောက်တာနေမှာ “လို့ဇာတ်ကြောင်းလှန်လဲလှန်လိုက်ရော အရိုက်ခံဘို့လုံချည်လှန်ပြီး
ခြေသလုံးလေးထိုးပေးလို်က်ရပါတော့တယ်။
နောက်ဆက်တွဲဇာတ်လမ်းကတော့ အဖွားက အဖိုးကို “ဟေမာနေဝင်း”စတိုင်နဲ့
ကိုပေါက်အရိုက်ခံရတာ “မင်းကြောင့်မင်းကြောင့် ပါနော် “လို့ စွတ်တွေစွဲတော့
အဖုုုုုုုုုိုးနဲ့အဖွား တစ်ယောက်တစ်ခွန်း နဲ့ စကားလုံးတိုက်ပွဲတွေဆင်နွဲကြတာ ဆွမ်းဂျိုင့်သွားပို့ချိန်ရောက်မှ ရပ်ပါတော့တယ်။
ကျွန်တော်အဖေက တော့ ဆေးလိပ်မသောက်ပါဘူး။
ဘာစတိုင်လဲတော့ မသိဘူး အဖေတို့ သူငယ်ချင်းတွေအားလုံး ဆေးတံကိုယ်စီနဲ့ပါ။
အဖေ့ဆီကိုလာတဲ့သူတွေကလဲ လက်မှာစာအုပ်ကြီးတကိုင်ကိုင် ကော်ကိုင်းမျက်မှန်တပင့်ပင့်နဲ့ပါ။
အဖေ့မိတ်ဆွေတွေထဲမှာ ဆေးပေါ့လိပ်သောက်တတ်သူလဲပါပေမယ့် နည်းပါတယ်။
အဖေတို့နားသွားလိုက်ရင်တော့ မော်စီတုန်းရော စတာလင်ရောလီနင်ရော ဓနရှင်ရော ပစ္စည်းမဲ့လူတန်းစားရော စုံနေအောင်ကြားရတတ်ပါတယ်။
ဒါပေမယ့်ခေါင်းလေးစောင်းပြီး ဆေးတံကိုမီးညှိတာတို့၊အရမ်းကိုစဉ်းစားနေတဲ့ပုံစံမျုးိနဲ့ဆေးတံကမီးခိုးလေးတွေကို
တငွေ့ငွေ့ထွက်နေအောင်ဖွာတဲ့ပုံစံက မြင်ရတာ လှတယ်လို့ထင်ပါတယ်။
အဖေတို့သောက်တဲ့ “ဘလူးစတား”ဆိုတဲ့ဆေးတံသောက်ဆေးနံ့လေးကလဲ မွှေးပါတယ်။
ငါကြီးလာရင်လဲအဖေတို့လိုဆေးတံခဲမယ် လို့စိတ်ကူးတွေယဉ်ထားပါတယ်။
လောလောဆယ်တော့ အဖေဆေးတံက ဆေးချိုးတွေခွာမယ်ဆိုရင်တော့
ညီအစ်ကိုတတွေသူလုပ်မယ်ငါလုပ်မယ်နဲ့အလုအယက်ပါဘဲ။
ဆေးတံဆေးချိုးခွာရင်း လူကြီးစတိုင်နဲ့ဆေးတံခဲပြီး ဂိုက်ပေးတာကို အဖွားမြင်ရင်တော့ အော်ခွဲပါတယ်။
အဖွားက ဆေးလိပ်ဆေးတံသောက်တာ လုံးဝမကြိုက်ပါဘူး။
မနိုင်လို့သာကြည့်နေရတဲ့ပုံပါဘဲ။
ကျွန်တော်ကိုလည်းဆေးလိပ်မသောက်ဘို့၊ငွေကုန်၊ပါးစပ်နံ၊လူနံ၊ ကျန်းမာရေးထိခိုက်တာတွေကို
သာဓကတွေ ဥပမာတွေနဲ့အမြဲပြောပြလေ့ရှိပါတယ်။
နောက် ကျွန်တော်သိပ်မကြီးခင်မှာ အဖိုးလဲဆုံးသွားသလို အဖေလဲဆေးတံပြတ်၊
ဆေးတံသောက်တတ်တဲ့ ဧည့်သည်တွေလဲ အိမ်ကိုလာတာမတွေ့ရတော့ပါဘူး။
နောက်တော့ ကျွန်တော်တို့မိသားစုလေးက အဖေ့ဘက်က အဖွားအိမ်ကိုပြောင်းနေပြန်ပါတယ်။
အဲဒီအချိန်မှာတော့ ကျွန်တော်ဘဝက ယာယီဆေးလိပ်ကင်းမဲ့သောဇုံလေးဖြစ်သွားဘူးပါတယ်။
ကျွန်တော်နဲ့ဆေးလိပ်ပြန်ပါတ်သက်တာကတော့ ဆယ်တန်းကျောင်းသားဘဝမှာဖြစ်ပါတယ်။
ကျွန်တော့်အဲဒီအချိန်မှာ အပြင်စာဖတ်တာကိုဝါသနာ ပါလာတဲ့အချိန်ပေါ့။
ကျွန်တော်နဲ့ခင်တဲ့ ညဈေးတန်းမှာစာအုပ်အဟောင်းတွေရောင်းတဲ့အကိုကြီး “အကိုနောင်”က ဆေးလိပ်ချစ်သူဖြစ်နေပါတယ်။
သူကတော့ ဆေးပေါ့လိပ်သမားပါ။
သူ့လက်ထဲမှာ ဖွာလက်စ ဆေးလိပ်တိုဖြစ်ဖြစ် မီးသေနေတဲ့ဆေးလိပ်တိုဖြစ်ဖြစ် တစ်တိုကတော့ ရှိနေတတ်ပါတယ်။
သူနဲ့တွေ့တော့မှ မြန်မာ့ကဗျာလေးတွေထဲကနေဆေးလိပ်နဲ့ပါတ်သက်တဲ့ကဗျာလေးကို သိလာပြန်ပါတယ်။
“ဆေးလိပ်လဲတို၊
နေလဲညိုပြီ၊
ငါ့ကိုအိမ်ပြန်ပို့ပါလေ။”တို့
“မဝယ်ဘူးမယ်ခူးတဲ့ဖက်စို၊
မီးမကူနေပူမှာမကင်အားသောကြောင့်၊
ထားရတယ်အိပ်ယာအောက်မှာ၊
မင်းသောက်ဖို့ကို၊
ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို
မချိုတောင့်လိပ်ဆေး။
ပိုးမကူ၊
ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်၊
ငယ်ချစ်မောင် ရွှေဝသွားကို ပါးလိုက်ကဲ့လေး။”
” ဆေးတံတို တစ်ညိုလောက်၊
ရော့သောက်တော့ပေး၊
မယူလိုကက်မိုက်လို့ထင်၊
ယူလိုက်တော့ ပြန်ကကြိုက်လို့ထင်၊
သောက်စေချင်၊ကုတင်တွင်
ထောင်ခဲ့ကွဲ့
ညိုနွဲ့ရဲ့လေး”
ဆိုတဲ့ကဗျာလေးတွေကို သူကရွတ်ပြ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ရှင်းပြပြန်တော့
နားထောင်ရတာပိုအရသာရှိလာသလိုပါဘဲ။
ဒါပေမယ့်”အကိုနောင်”သောက်တဲ့ဆေးပေါ့လိပ်ကိုတော့ သဘောမကျပါဘူး။
နံလဲနံတယ်နောက်ပြီး”အကိုနောင်”အင်္ကျီ လုံချည်မှန်သမျှမှာဆေးလိပ်မီးပေါက်အရာတွေနဲ့ဆိုတော့ အကြည့်ရဆိုးတယ်။
မမိုက်ဘူးလို့ထင်ပါတယ်။
“အကိုနောင်”ကတော့ဆေးပေါ့လိပ်သောက်မှ အားရပါသတဲ့။
ရေမိူးချုးိပြီးရင်ဆေးပေါ့လိပ်ကလေး ကိုဖွလိုက်ရတယ်ဆိုရင် သိပ် အရသာရှိပါသတဲ့။
စီးကရက် ကဂိုက်ပေးချင်တဲ့သူမှသောက်တာ မီးညှိပြီးရင်တလိပ်လုံးကုန်အောင်သောက်ရတော့ သူ့အတွက် အဆင်မပြေပါဘူးတဲ့။
ဆေးပေါ့လိပ်ကတော့ ဈေးလဲသက်သာ အလုပ်ရှိရင်သောက်လက်စကိုချထား ပြီးရင်ပြန်သောက်လို့ရပါသတဲ့။
နောက်”အကိုနောင်”ချစ်သူကလဲ ဆေးလိပ်သမလေးဖြစ်နေပြန်ပါတယ်။
သူက “အကိုနောင်”အတွက်ဆေးပေါ့လိပ်ကို ကိုယ်တိုင်လိပ်ပေးပါသတဲ့။
ဟုတ်တော့လဲဟုတ်သလို အကိုနောင် ဆေးပေါ့လိပ်ထိပ်ဖူးလေးတွေက ကြာဖူးလေးနဲ့သလိုပါဘဲ။
သီးသန့်လက်ရာလို့ ဆို နိုင်ပါတယ်။
ဒီတော့ ဆေးပေါ့လိပ်က အကိုနောင်အတွက် မရှိမဖြစ် ပစ္စည်းဆိုရင်လဲမမှားဘူးပေါ့။
ဒါပေမယ့် အကိုနောင်နဲ့ခင်မင်ခဲ့သမျှကာလတလျှောက်လုံးကျွန်တော်ဆေးလိပ်မသောက်ခဲ့ပါဘူး။
ကျွန်တော်ကျောင်းနေစဉ်ကာလမှာရော တက္ကသိုလ်တက်နေတဲ့တစ်လျှောက်လုံးမှာဆေးလိပ်မသောက်ဘဲနေနိုင်ခဲ့ပါတယ်။
သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်ကြလို့ သူတို့သောက်လဲကျွန်တော်ကတော့ကင်းအောင်နေနိုင်ခဲ့ပါတယ်။
ကြိုက်တဲ့သူငယ်ချင်းများကလဲ သောက်ကြပါတယ်။
ဆေးလိပ်သောက်တဲ့သူငယ်ချင်းများပြောကြတဲ့ ဆေးလိပ်သောက်တဲ့ပုံ လှတယ်ဆိုသူတွေထဲမှာ
ကျွန်တော်တို့ မကြည့်မမြင်ဘူးလို်က်ရတဲ့အနုပညာသည်တွေထဲက အမျိုးသမီးများထဲမှာဆိုရင် ” တင်တင်မူ”လို့ပြောပါတယ်။
မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲမှာ မင်းသားကဆေးလိပ်ကို ဟန်ပါပါသောက်ပြတာ များပါတယ်။
နိုင်ငံခြားကားတွေဆိုတာကတော့ပြောမနေပါနဲ့တော့။
စီးကရက်ကလေးကို ပါးစောင်မှာခဲထားတာ ခေါင်းလေးစောင်းပြီး စီးကရက်ကိုမီးညှိတာတွေကတော့လူငယ်ကြိုက်ပေါ့။
အထူးသဖြင့်ကောင်းဘွိုင်ကားတွေထဲမှာ ပိုသောက်တယ်လို့ထင်ပါတယ်။
လူငယ်တွေဆေးလိပ်သောက်တယ်ဆိုတာကတော့ ဆေးလိပ်အရသာကိုကြိုက်တယ်ဆိုတာထက် ယောက်ျားပီသတယ်
လို့အထင်ခံရအောင်ရယ် ယောက်ျားဆိုတာ စုံမှလို့ အတွေးမှားတာရယ်၊နောက် သူတို့အထင်ကြီးတဲ့လေးစားတဲ့သူတွေ
ကဆေးလိပ်သောက်ပြတော့ အတုယူပြီး သောက်ကြတာများပါတယ်။
နောက်အရွယ်မရောက်သေးတဲ့ကျောင်းသားပေမယ့်လဲ သူကိုယ်သူအရွယ်ရောက်ပြီလို့အထင်ခံရအောင်ဆေးလိပ်
ကိုလက်ကြားညှပ်ပြရင်းက ဆေးလိပ်သောက်တဲ့အကျင့်ဆိုးကိုရသွားပါလေရော။
တစ်ချို့အိမ်တွေမှာလူကြီးတွေက ကလေးကိုဆေးလိပ်မီးညှိခိုင်းတတ်ပါတယ်။
ဒီလို ဉာဏ်မရှိသောလူကြီးများက မီးညှိခိုင်းတဲ့အခါမှာ ကလေးက စမ်းပြီး ဖွာလိုက်လို့ မီးခိုးသီးပြီး တဟွတ်ဟွတ်
ချောင်းဆိုးတယ်ဆိုရင် ဝိုင်းပြီးရီကြမောကြနဲ့ လုပ်ပြတဲ့အခါ ကလေးကလည်း ဆေးလိပ်သောက်တာကို လုပ်သင့်
တဲ့အလုပ်တစ်ခုလို မြင်သွားတော့ ဆေးလိပ်သောက်တတ်သွားပါတော့တယ်။
ကျွန်တော်ဆေးလိပ်စသောက်ဖြစ်တာကတော့ ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲရောက်မှသောက်ဖြစ်တာပါ။
ကျွန်တော့်ရဲ့မကောင်းသောအကျင့်ဆိုးကတော့ သူများကပြောရင် အလွယ်တကူလက်မခံတတ်တာပါ။
နောက်အရွဲ့တိုက်တတ် ဇွတ်လုပ်တတ်တဲ့ဉာဉ်ဆိုးလေးကလဲ ရှိပါသေးတယ်။
(ဆက်လက်ဖော်ပြပါမည်)