ရေခြားမြေခြားဝတ္ထုနဲ့ မြန်မာဝတ္ထု
ကိုယ်တိုင်ရေးစာမဟုတ်ပါ။ ပြည်သူ့ခေတ်ဂျာနယ် အတွဲ၁၊ အမှတ်၃ဝ မှ ဆရာကြည်လင်အေးရဲ့စာကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ဆရာကြည်လင်အေးရဲ့ စာထဲက “စာပေလက်ရာ အဆင်မြင့်ရင် လူမျိုးဂုဏ်တင့်ပါတယ်။ အားကစားနဲ့ အနုပညာ ထူးချွန်သူပေါတဲ့နိုင်ငံဟာ ကမာ္ဘ့ အဆင့်မီနိုင်ငံပါပဲ” ဆိုတဲ့ စာသားလေးကို နှစ်ခြိုက်မိလွန်းလို့ ရွာသားတွေအတွက် ပြန်လည်ဝေမျှခွင့်ပြုပါ။
xxx
မြန်မာရသ ဝတ္ထုရှည်တွေနဲ့ပတ်သက်ပြီး မဟာဆွေ၊ ရွှေဥဒေါင်း၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ နတ်နွယ်၊ မင်းကျော်၊ ခင်ဆွေဦး၊ ဝင်းဦး၊ မဝင်းမြင့်၊ စိန်စိန်၊ မစန္ဒာ၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မိုးမိုးအင်းလျား၊ ဂျူး၊ နုနုရည်-အင်းဝ၊ ချစ်ဦးညို၊ မောင်ဝဏ်ဏ စသူတို့ဟာ မှတ်တိုင်တစ်ခုဖြစ်တဲ့ ဝတ္ထုရှည်တွေ ရေးခဲ့ကြသူများ ဖြစ်ပါတယ်။ (ဒီနေရာမှာ ဝတ္ထုရည်ရေးသူတွေရဲ့စာရင်းကို ဖော်ပြလိုရင်း မဟုတ်ဘဲ ၁၉၈၅ရဲ့ရှေ့ပိုင်းမှာ မြန်မာဝတ္ထုရည်ကောင်းတွေ အများကြီးထွက်ပေါ်ခဲ့ဖူးတယ် ဆိုတာကို နားလည်ပေးကြဖို့ပါပဲ)
မဟာဆွေက ဈေးချိုသူဝတ္ထုရေးသလို သူပုန်ကြီးဝတ္ထုရေးတယ်။ ဆရာကြီးရွှေဥဒေါင်းက ရန်ကြီးအောင်ဝတ္ထု၊ ဒဂုန်တာရာက ကြာပန်းရေစင်၊ တို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ။ ဗန်းမော်တင်အောင်က မြိုင်၊ နတ်နွယ်က မြန်မာပြည်မြောက်ပိုင်း၊ မင်းကျော်က ဘယ်သူပြိုင်လို့လှပါတော့နိုင်၊ ခင်ဆွေဦးက မိုးနဲ့ရေ၊ ဝင်းဦးက နောင်အင်းလေး၊ စိန်စိန်က ခရီးဝင်္ကပါ၊ မစန္ဒာက ဂျီဟောသူ၊ စမ်းစမ်းနွဲ့-သာယာဝတီက ခေါက်ထီးလေးမလုံ့တလုံ။ မောင်ဝဏ်ဏက ပန်းတွေနဲ့ဝေ၊ မိုးမိုးအင်းလျားက ပျောက်သောလမ်းမှာ စမ်းတဝါး၊ ဂျူးက အမှတ်တရ၊ ချစ်ဦးညိုက ခုနစ်အိမ်တန်းက မဂျမ်းပုံ၊ နုနုရည်-အင်းဝက ခေါင်းမော့လိုက်တော့မင်း ခေါင်းငုံ့လိုက်တော့ငါ၊ ဆိုတာတွေရေးခဲ့ကြပါတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ ရန်ကြီးအောင် ဝတ္ထုကလွဲရင် ကျန်တဲ့ဝတ္ထုတွေဟာ စာရေးဆရာတွေဟာ သူတို့ကျင်လည်ရှင်သန်တဲ့ ခေတ်ကာလတွေအတွင်းက အဖြစ်အပျက်တွေကို ရေးကြတာချည်းပါပဲ။ နိုင်ငံရေးအယူအဆတစ်ခုကို ယုံကြည်တမ်းညွတ်မှုနဲ့ ရေးတာမျိုးရှိသလို၊ အချစ်ကို ပြင်းပြင်းထန်ထန်ခံစားမိပြီး ဝတ္ထုကို အနေနဲ့ချရေးလိုက်တာမျိုးရှိတယ်။ ဝတ္ထုကောင်းတစ်ပုဒ်လို့ ဆိုနိုင်တာတွေထဲမှာ အများစုက စာရေးဆရာရဲ့ သူကျင်လည်ရှင်သန်ရာခေတ်ကို အခြေပြုတာတွေ ဖြစ်ပါတယ်။ ဒီ ကျွန်တော့်အယူအဆကို ဒီနားခဏ ရပ်ထားပါဦးမယ်။
xxx
လတ်တလော ဖတ်ရတဲ့ဝတ္ထု၂ပုဒ်ကို ကြားဖြတ်ပြောရရင် ဘာသာပြန်စာရေးဆရာမ ဝင့်ပြုံးမြင့်က နေအသင်္ချေလအနန ္တ ဆိုပြီး ခါလက်ဟိုစိန်နီရဲ့ ဝတ္ထုကောင်းတစ်ပုဒ်ကို ဘာသာပြန်ဆိုထုတ်ဝေပါတယ်။ အာဖဂန်နစ္စတန်ပြည်ကို စစ်ပွဲတွေ၊ အကြမ်းဖက် ဖေါက်ခွဲရေးသမားတွေဆီက မချဉ်းကပ်ဘဲ လူတွေ ဘယ်လောက်လူ့စည်းကမ်း လူ့ကျင့်ဝတ် ဖောက်ဖျက်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ဘယ်လောက်ပြင်းထန်နေသလဲ ဆိုတဲ့ဘက်ကနေ ချဉ်းကပ်တဲ့ဝတ္ထုပါ။ A Thousand Splendid Suns တဲ့။
လိုရာဆွဲကောက်ယူကျင့်သုံးနေတဲ့ မဟာယောက်ျားကြီး အယူအဆတွေနဲ့ အာဖဂန်က အမျိုးသမီးကြီးငယ်တွေဟာ ဘဝတွေ၊ အရှက်နဲ့သိက္ခာတွေ အဆုံးရှုံးခံပုံပေးနေကြရတာများ ဒီဝတ္ထုက ကွက်ကွက်ကွင်းကွင်းကို ရေးပြလိုက်တာ တချို့နေရာတွေဆို မဖတ်ရက်စရာပါပဲ။
တကယ့်ဖြစ်ရပ်တွေကို စာပေလက်ရာဖြစ်သွားအောင် ဖန်တီးတင်ဆက်နိုင်တယ်။ ဒီလိုကောင်းတဲ့ဝတ္ထုဆိုတာ ကမာ္ဘကျော်တယ်။ ပရိသတ်ကို သတင်းမှန်တွေပေးတဲ့ သတင်းစာတွေ၊ ရေဒီယိုတွေက ဒီလိုစာပေလက်ရာမျိုးကို မှတ်ချက်ကောင်းတွေပေးပြီး နေရာပေးကြတာပေါ့။ ဒါက ရေခြားမြေခြားက ဝတ္ထုအကြောင်း။
xxx
မြန်မာဝတ္ထုကိုတော့ ၁၉၆၉-၇ဝ ဝန်းကျင်က ဝင်းဦး ရေးသားတဲ့ မိန်းမလှအမုန်း အကြောင်းပြောပါမယ်။ အခု လတ်တလောမှာ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေလာတာပါ။ မူလက စန္ဒာမဂ်ဂဇင်းရဲ့ အခန်းဆက်ဝတ္ထုရှည်ပါ။ ခေတ်မီအောင်ပြောရရင် ကိုရီးယားဇာတ်လမ်းတွဲတွေ တစ်ပိုင်းပြီးကာနီးတိုင်း ရှေ့ဆက်ဘာဖြစ်မှာပါလိမ့်ဆိုတဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်လေးနဲ့ အဆုံးသတ်ရသလို ဒီဝတ္ထုကြီးဟာလည်း စန္ဒာမဂ်ဂဇင်းမှာ တစ်လပြီးတစ်လ ရှေ့ဘာဆက်ဖြစ်မှာလဲဆိုတဲ့ ဇာတ်ကွက်တွေနဲ့ ဆွဲဆောင်ခေါ်ယူသွားတဲ့ ဝတ္ထုကြီးပါ။
စိတ်ကူးယဉ်လို့ အမည်မတပ်ဘဲ စိတ်ကူးဆန်း၊ စိတ်ကူးကောင်းလို့ဆိုရမယ့် ဒီဝတ္ထုကြီးမှာ ၁၉၆ဝနဲ့ ၇ဝကြား ရန်ကုန်တက္ကသိုည်က ဘာသာရပ်အလိုက် အနုပညာလှုပ်ရှားမှုတွေ၊ တက္ကသိုလ်ကျောင်းဆောင်တွေက ကျောင်းသားတွေရဲ့ သွားလာလှုပ်ရှားပုံတွေ၊ ရန်ကုန်စာပေနယ် တစ်စွန်းတစ်စ၊ ရန်ကုန်မြစ်ပြင်ကိုဖြတ်ပြီး ရန်ကုန်နဲ့သန်လျင် ကူးသန်းသွားလာပုံတွေကို စာရေးဆရာက စိတ်လွတ်လက်လွတ် ရေးသားခြယ်မှုန်းခဲ့တာ တွေ့ရပါတယ။်
ဒါ့အပြင် ဒီဝတ္ထုကြီးကို Davinci Code ရုပ်ရှင်ဇာတ်ကားလို လျှို့ဝှက်ထားတဲ့ ဇာတ်လမ်းကြီးတစ်ပုဒ် ရှိခဲ့လေဟန် ရုပ်ရှင်ရိုက်ခဲ့မယ်ဆိုရင် ရိုက်ချင်စဖွယ် ရေးပြခဲ့တာကိုလည်း ဖတ်ရင်း ခံစားရပါတယ်။
၁၉၇ဝ ဝန်းကျင်ကနေ ၁၉၈၈ ကြားမှ လူတွေက နိုင်ငံရေးစနစ်ကို ငြီးငွေ့လို့ နိုင်ငံရေးစံကဲတဲ့ စာပေလက်ရာတွေ အာသီသ ပြင်းပြကြရာက ဒီဝတ္ထုကြီးကို သူရဲကောင်းဆန်သော စိတ်ကူးယဉ်အချစ် ဝတ္ထုရယ်လို့ လွယ်လွယ်ပြောခဲ့ကြပေမယ့် ဒီကနေ့ မျက်စိနဲ့ကြည့်ရင် ဇာတ်လမ်း ဇတ်အိမ် ကြီးမားကောင်းမွန်ရုံမက ၁၉၇ဝ ဝန်းကျင်က လူတွေရဲ့ နေထိုင်ပုံတွေလည်း ပီပီသသ ပါသင့်သလောက် ပါတာတွေ့ရပါတယ်။ ဒါက ကျွန်တော်ဖတ်ပြီး သဘောကျနေတဲ့ မြန်မာဝတ္ထု။
xxx
ပြောခဲ့သမျှပေါင်းသော်
ဝတ္ထုရေးတဲ့ စာရေးဆရာဟာ သူကျင်လည်တဲ့ခေတ်ကို အဓိကဦးတည်ချက်ပဲ ထားတာ။ အရန်နေရာကပဲ ပို့ပို့၊ သူသိမြင်ဖြတ်သန်းရတာကို လွတ်လွတ်လပ်လပ် ရေးရရင် သူ့ဝတ္ထုမှာ လက်“တွေ့” မှာပဲလို့ ထင်မိပါတယ်။ စိတ်ခံစားမှု အတွင်းပိုင်းကို ဖွဲ့တဲ့ စာပေတွေ တန်ဖိုးကြီးသလို လက်တွေ့လူတွေခံစားရတာတွေကို အရင်းအတိုင်း ရသစာပေလက်ရာအဖြစ် ရေးနိုင်ရင် ကမာ္ဘကလည်း နှစ်သက်လက်ခံ ကြိုဆိုကြရတာပါပဲ။ ဆရာမ ဝင့်ပြုံးမြင့်ရဲ့ ဘာသာပြန်ဝတ္ထုက သက်သေပါ။
ရသစာပေကောင်းချင်ရင် ဝတ္ထုရေးသူတွေ ခံစားကြုံတွေ့ရသမျှ ရေးကြပါစေလို့ အကြံပြုချင်တာပါ။ စာပေလက်ရာ အဆင့်မြင့်ရင် လူမျိုးဂုဏ်တင့်ပါတယ်။ အားကစားနဲ့ အနုပညာ ထူးချွန်သူပေါတဲ့ နိုင်ငံဟာ ကမာ္ဘ့ အဆင့်မီနိုင်ငံပါပဲ။
ကျွန်တော်တို့ သွားကြပါစို့။
ကြည်လင်အေး။
One comment
မိုင်ပေါင်းကုဋေ
February 6, 2011 at 11:41 am
အနုပညာကတော့ ဟုတ်ပါပြီ။ အားကစားကကော။