ကိလေသာ အကျဉ်း(၁၀)ပါး
ကိလေသာ အကျဉ်း(၁၀)ပါး
၁- လောဘ = လိုချင်တပ်မက်ခြင်း ။ ရာဂ က တရားကိုယ်အားဖြင့် လောဘမှာ ပါပါတယ်။
၂- ဒေါသ = အမျက်ထွက်ခြင်း ။ ( စိတ်ထဲမှာ တနှံ့နှံ့နဲ့ အသားထဲဆူးဝင်သလို မျက် နေတာ ၊ စိတ်ထဲမှာပဲ တင်းပြီး မပေါက်ကွဲသေးတဲ့ အဆင့် ၊ physically ဘာမှ မလုပ်သေးတာကို ကောဓ (အမျက်) လို့ ခေါ်ပါမယ် ။အဲဒီ ကောဓ အပြင်ထွက်ပေါက်ကွဲရင် ဒေါသ ဖြစ်ပါတယ်။ ဒါကြောင့် ကဏ္ဍဇာတ်တော်မှာ ကဏ္ဍရသေ့ကြီးက ကောဓ မဖြစ်ရပါလို၏ ၊ ဒေါသ မဖြစ်ရပါလို၏ လို့ ခွဲပြီး ဆုတောင်းအဓိဌာန်ပြုပါတယ်။)
၃- မောဟ = တွေဝေမိုက်မဲခြင်း ။ ( မောဟ ရဲ. သဘောကို ဗုဒ္ဓဘာသာလူငယ်တွေ ရောထွေးနေတတ်ပါတယ်။ အဝိဇ္ဇာ နဲ့ မောဟ ဘာကွာလဲ ဆိုတာမျိုး မေးရင် မသိတာ ဆိုတာ ပဲ ပြောနိုင်ကြတယ်။ ဆရာတော်ဘုရားများ ဟောတဲ့ အရှင်းဆုံးကတော့ သစ္စာ(၄)ပါး ကို မသိခြင်းဟာ အဝိဇ္ဇာ ပါပဲ ။ ဒိဌိနဲ့ နွယ်ပါတယ် ။ ကိုယ်လုပ်နေတာကို သတိမကပ်ဘဲ တွေတွေဝေဝေ ငေးငေးငိုင်ငိုင်နဲ့ လုပ်နေတာ ၊ ကိုယ်လုပ်နေတာကုသိုလ်လား ၊ အကုသိုလ်လား မသိတာ …မောဟ ပါပဲ ။ သစ္စာမသိခြင်းလောက်လဲ အဆင့်မမြင့်ပါဘူး။သစ္စာမသိရင်သံသရာလည်မယ်၊ မောဟများရင် အပယ်လားမယ်။
အလှူ လှူတယ် ဘယ်လိုလှူသင့်လဲ မသိ ၊ ဒီအလှူကဘာကုသို်လ်ရမယ်မှန်းမသိ ၊လှူတော့လှူနေတာပဲ ။ ဒါမောဟဖုံးလွှမ်းတာလို့ ဆိုပါတယ်။ မောဟရဲ့ တွေဝေမှုမှာ Action ကရှိနေပါဦးမယ်။ ဘာလို လှူရင်ကုသို်လ်ရမှန်းသိတယ်။ ကုသိုလ်ရအောင်လှူတယ်။ ပြီးမှ ဒီကောင်းမှုကြောင့် နတ်ဖြစ်ရပါလို၏ ဆိုတာမျိုးဆုတောင်းလိုက်ရင်တော့ အဝိဇ္ဇာပါ သွားပါပြီ။ ဒုက္ခသစ္စာကို မသိလို့ နောက်သမုဒယသစ္စာကို လိုချင်တာ ပါပဲ။
နောက်ဥပမာတစ်ခု- လူတစ်ယောက် အတိတ်ကိုတွေးရင် ဒေါသဖြစ်မယ်။ ဒီတော့ ဘာမှ လုပ်လို့ မရတော့တဲ့ အတိတ်ကို မတွေးပါနဲ့ ။ အနာဂတ်ကိုတွေးရင် လောဘ ဖြစ်မယ်။ အနာဂတ်ကမရောက်သေးလို့ ဖြစ်၊ပျက်သံသရာမှာ ကြိုတင်ပြီး လောဘစိတ်မထားနဲ့ ။ ပစ္စုပ္ပန်မှာ တော့ မောဟ နဲ့ မနေနဲ့ လို့ ဆရာတော်များဆုံးမလေ့ရှိပါတယ်။ သတိနဲ့ ကုသို်လ်၊အကုသို်လ်ခွဲခြားနိုင်တဲ့ ပညာ ရှိနေခြင်းဟာ မောဟကင်းခြင်းပါပဲ ။ ပညာကမြင့်လာ လို့ သစ္စာတရားတွေကို မြင်လာရင်တော့ အဝိဇ္ဇာပါ ကင်းပါလိမ့်မယ်။ မောဟရဲ့ တွေဝေမှုမှာ Action ကရှိနေပါဦးမယ်။ ထိနမိဒ္ဓ လို ငိုက်နေတာ တော့ မဟုတ်သေးပါဘူး။
၄- မာန = ထောင်လွှားခြင်း ။ (မာန ဆိုတာ မာန် ပါပဲ ။ မာန်တက်နေတယ် ။ မာနကြီးနေတယ် …ပြောကြပါတယ်။ မာန်(မာန) (၃) မျိုး ရှိပါတယ် ။ 1 – သေဌမာန် = ငါသာမြတ်တယ် လို့ မာန်တက်ခြင်း 2 – သဒိသမာန် = ငါနှင့် တန်းတူတွေပါပဲ လို့ မာန်တက်ခြင်း 3- ဟိနမာန် = ငါကား နိမ့်တယ် ၊ဒါပေမဲ့ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး လို့ မာန်တက်ခြင်း တိုု့ဖြစ်ပါတယ်။
မာန်တက်ရန် (၃) ချက် ။ 1 – ဇာတိမာန် = ဇာတ်ကို စွဲ၍ မာန်တက်ခြင်း 2 – ဣဿရိယ မာန် = အစိုးရခြင်း ကို စွဲ၍ မာန်တက်ခြင်း 3 – ဂေါတ္တမာန် = အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တိုု့ဖြစ်ပါတယ်။
၅ – ဒိဌိ ( မိစ္ဆာ ဒိဌိ ) = အယူမှားခြင်း ။ ( အားလုံး ၆၂-ပါး ။ ဒါပေမယ့် ၃ ပါး ၊ နိယတ (၄) ပါး။ (၁၀)ပါး ၊ (၁၁)ပါး စသဖြင့် ဆရာတော်များ သင့်သလိုဟောပြော ကြပါတယ် ။ မိစ္ဆာ ဒိဌိ လုံးလဲ မရှင်းတော့ဘဲ သမ္မာဒိဌိ (၅) ပါးကို ဟောပြောသည်လည်းရှိပါတယ် ။) ဒိဌိ ဟာ ရှစ်ပါးသော တရားတွေပေါ်မှာ အမှီပြုပြီး ဖြစ်တတ်ပါတယ်။ ခန္ဓာ အဝိဇ္ဇာ ဖေဿာစ ၊ သညာတက္ကော အယောနိသော ဒုမ္ပိတ္တော၊ ပရသော ဃောသော ဒိဌိဌာနာနိ အဌဓာ …လို့ မှတ်ထားဖူးပါတယ် ။ (က) ခန္ဓာ ကိုယ်နဲ့ ပတ်သက်၍ ၎င်း ၊ (ခ) သစ္စာ (၄) ပါး နဲ့ ပတ်သက်၍ ၎င်း ၊ (ဂ) အတွေ့အထိနဲ့ ပတ်သက်၍ ၎င်း ၊ (ဃ) မှတ်သားမှု နဲ့ ပတ်သက်၍ ၎င်း ၊ (င) အကြံအစည် နဲ့ ပတ်သက်၍ ၎င်း ၊ (စ) နှလုံးသွင်းမှု နဲ့ ပတ်သက်၍ ၎င်း ၊ (ဆ) မိုက်မဲသူများနှင့် ပေါင်းသင်းမိ၍၎င်း ၊ (ဇ) သူတပါး၏တရားစကား နဲ့ ပတ်သက်၍ ၎င်း ဒိဌိ ဖြစ်လာပါတယ်။
၆- ဝိစိကိစ္ဆာ =တွေးတော ယုံမှားခြင်းသဘော ( သို့လော သို့လော စိတ်နှခွဖြစ်ခြင်းသဘော ) ( ဝိစိကိစ္ဆာ ဟာလဲ ရှစ်ပါးသော တရားတွေပေါ်မှာ အမှီပြုပြီး ဖြစ်တတ်ပါတယ်။ (က) ဘုရားရှင်၏ ၃၂-ပါးသော လက္ခဏာတော်များ ၊ ဉာဏ်တော်များ နဲ့ ပတ်သက်၍ ၎င်း ၊ (ခ) သစ္စာ (၄) ပါး ၊ မဂ် ၊ဖိုလ် ၊နိဗ္ဗာန် သည် သံသရာမှ တကယ် လွတ်/မလွတ် နဲ့ ပတ်သက်၍ ၎င်း ၊ (ဂ) အရိယာပုဂ္ဂိလ် နဲ့ ပတ်သက်၍ ၎င်း ၊ (ဃ) သီလ ၊ သမာဓိ ၊ပညာ ဟူသော သိက္ခာ (၃) ပါးနဲ့ ပတ်သက်၍ ၎င်း ၊ (င) အတိတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၎င်း ၊ (စ) အနာဂတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၎င်း ၊ (ဆ) သံသရာ တလျှောက်လုံး ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နှင့် ပေါင်းသင်းမိ၍၎င်း ၊ (ဇ) ပဋိစ္စသမုပ္ပါဒ် တရားတော် နဲ့ ပတ်သက်၍ ၎င်း ဝိစိကိစ္ဆာ ဖြစ်လာပါတယ်။ ဒိဌိ နဲ့ ဝိစိကိစ္ဆာ ကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပါပြီ ။
(၇) ထိနမိဒ္ဓ = ထိုင်းမှိုုင်းခြင်း ၊ ငိုက်မျဉ်းခြင်း ။ ( မြွေ ဘဝကနေ ဖြစ်လာတဲ့ လူတွေ ထိနမိဒ္ဓ များတယ်လို့ ဘုရားရှင်က ပုဏ္ဏား(၄)ယောက်ကို ဥပမာပြပြီးဟောခဲ့တယ်။)
(၈) ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း ။
(၉) အဟိရိက = မကောင်းမှုလုပ်ရမှာ မရှက်ခြင်း ။
(၁ဝ ) အနောတ္တပ္ပ = မကောင်းမှုလုပ်ရမှာ မကြောက်ခြင်း
ဒါတွေဟာ ကိလေသ ( ၁ဝ ) ပါး (အပြား ၁၅၀ဝ )ဖြစ်ပါတယ်။
၁၅၀ဝ ဖြစ်ပုံကတော့ နာမ်-နိလက် ကိုခံ ၊ သန်-ကိလေ နဲ့ မြှောက် ။ လို့ မှတ်ထားဖူးပါတယ်။
နာမ် ဆိုတာ စိတ် – ၁ ၊ စေတသိက် ၅၂ ဟူသော နာမ်တရား ၅၃ ၊
နိ ဆိုတာ – နိပ္ဖန္နရုပ် ၁၈ ပါး ။
လက် ဆိုတာ – လက္ခဏာရုပ် ၄ ပါး။ စုစုပေါင်း ၇၅ ပါးကို တည်ထားပြီး ၊
သန် ၊ ဆိုတဲ့ အဇ္ဈတ္တ ၊ဗဟိဒ္ဓ သန္တာန် (၂) ပါးနှင့်မြှောက် ၊ ရလာဒ်ကို ကိလေသာ (၁၀)ပါးနှင့် ထပ်မြှောက် ရင် အားလုံး ကိလေသာ (၁၅၀၀)ဖြစ်သွားပါတယ်။