(4)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘဝ”(ဦးကြီ်း)
(4)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘဝ”(ဦးကြီ်း)
“ပေါ်မလာမျှော်ကာငို “
ထိမ်သဖန်းငယ်နှင့် လိမ်သန်းငဲ့ဖလံ၊
တယ်ပေါက်ကယ်သန်သည် နယ်မြောက်ဌာန် ငါတို့တောဆီက၊
လေရောရာ မိုးတွေဆင်လျှင် မရွှင်လွမ်းလိုက်လှနော်အဝေး။
စိမ်းမင်ကြောင်ငယ် ပေါင်တစ်ဖက်ထိုး၊
ကွက်ပုဆိုးနှင့် ရက်ပိုးမပါ၊
ပေါင်းပုဝါလည်း ခေါင်းမှာပေညစ်၊
ဗလပွေရစ်လို့ ထွေသစ်ကယ်မဆို၊
ကျည်းပင်လျှိုမှာ နှစ်ကိုယ်ယှဉ်တွေ့၊
မြင်သနေ့ရယ်က ကြင်ငွေ့ငယ်ဆုံသူ၊
အကျွန့်လူလည်း ရွှံ့ထူမြေတာ၊
ဟိုတစ်ရွာက ပေါ်မလာလို့၊
မျှော်ကာသာငိုမိတယ်။
နေညိုစချိန်ဆီကို တိမ်အနီ ပြာ အကွက်ကယ်က
ညှာဘယ်ကိုသူမပေးလို့ ဆွေးလှတယ်လေး။
ဒီကဗျာလေးကတော့ တောသူမလေးရဲ့ ပေါ်မလာနေနိုင်အားတဲ့ချစ်သူကိုမျှော်တဲအလွမ်းဒရာမာကလေးပါ။
သူတို့နေတဲ့အရပ်ရဲ့မြောက်ဘက်က လေရိပ်မိုးရိပ်ဆင်လာရင်
စိတ်မှာမရွှင်လို့လွမ်းပါသတဲ့။
သူတို့နေတဲ့အရပ်မှာ ထိန်ပင်၊သဖန်းပင်၊တယ်ပင်၊လိန်ပင်တွေပေါပါသတဲ့။
တစ်ရက် ကျည်းပင်လျှို (လျို=လမ်းမြောင်ကြား)မှာ ချိန်းတွေ့ကြတဲ့ရက်တုန်းက
သတ္တိနည်းလို့ ဆေးမင်ကြောင်တစ်ဖက်ထဲထိုးထားပြီး ခေါင်းပေါင်းပုဝါကလည်း
ညစ်ပေ၊ဝတ်ထားတဲ့ပုဆိုးကလည်း ပိုးမပါတဲ့ ချည်ထည်လုံချည်အကွက်ဆင်၊
စိတ်ညစ်နေပုံနဲ့ထွေထွေထူးထူးစကားလဲပြောမသွားပါဘူးတဲ့။
တိမ်အနီအပြာတွေသန်းနေတဲ့ညနေချမ်းမှာ ရောက်မလာနိုင်တဲ့တစ်ရွာသားကို
လွမ်းလို့ ငိုရပါတယ်ဆိုတဲ့ တောသူမလေးရဲ့အလွမ်းပါ။
“စပ်ဟင်းချို “
တခါလေလိုက်ခဲ့တော့ စရိုက်ကယ်ဘာသာ၊
တို့တောရွာမှာ စားစရာဆန်ထမင်းမှာလ၊
မုရင်းနီတျာနှင့် သီတာရောတဲ့ချိန်ကိုလေး။
စပ်ဟင်းချိုမူ ယုန်ကိုပြက်ပြက်
ကင်ပလင်း ဂုံမင်းဖက်လို့ ငါးပျက်ကယ်ရောရီ၊
လောရွှေပီပတီရုံး ဗြုန်းစပ်ကာကျိုပြီးလျှင်၊
ဆီးချိုပင့်ရိပ်သာမှာ နှစ်မျက်နှာယှဉ်ပြိုင်ပြုံးလို့၊
သုံးရအောင်လေး။
“လွမ်းပါဘိ ငယ်ကျွမ်းဝင် “
အရောက်ခက်ပါဘိ
မြောက်ဖက်ကယ်တဲ့တို့တောရွာ၊
ခုအခါ ရူ့စရာလယ်ညိုဝင်းချိန်မို့
ဆယ်လျှိုတွင်းပြန့်ပြက်တောမှာ
ကန့်ပက်ကာဆူတဲ့ငါးရယ်နှင့်။
အနားတွန့်ချဉ်ပေါင်နီကို
ဒေါ်လီကျိုတဲ့ဟင်းကိုလေး။
တလင်းကျယ်မှာ မင်းဖွယ်စိုးလောက်၊
နွားရေမခင်းမြေတလင်း ခွေထင်းခြောက်နှင့်
ခုံလောက်ကယ်ချ ဆန်နီမကို
တောင့်လှအောင်ချက် ကျွန်းဖက်ထက်မှာ၊
ခူးလက်ကယ်လျှင်စွာ၊ ပြုပြီးကာမှ၊
အရသာကြီး ခြံစပ်သီးကို
မီးမှာ မဖုတ် ညှာမဖြုတ်ဘဲ
ကဗျာတုတ်ဆောင်း ဆုံဆိုးဆိုးမှာ ကျုးိအောင်ထောင်းလို့၊
စလောင်းငယ်လဘင် အဖုံးအင်နှင့်
ယခင်ချက်ဟင်းလျာကို ချွင်းမညှာအကုန်မှောက်ပါလို့၊
နှစ်ယောက်ပြိုင်မျိုနေကြဟာမို့ ဟိုမြေက ငယ်ကျွမ်းဝင်ကို
နယ်မန်းခွင်စံတော်ကွန်းဆီက လွမ်းလှတယ်လေး။
ဒီကဗျာလေးနှစ်ပုဒ်ကလည်း ဖော်ရွေတဲ့ခင်မင်တတ်တဲ့
တောသူတောင်သားတွေက သူတို့ဆီလာမယ့် ဧည့်သည်ကို ဘယ်လိုထမင်းဟင်းနဲ့ဧည့်ခံမယ်
ဆိုတာကို ပြောပြတဲ့ကဗျာလေးရယ် အဝေးတစ်နယ်မှာရောက်နေသူကို မြန်မာများရဲ့
“အစားကောင်းစားရင်ချစ်သူကို သတိရတယ်” ဆိုတဲ့စကားလေးအတိုင်း ထမင်းစားခါနီး
ချစ်သူကို သတိရလိုက်တဲ့အမျှော်စိုက်ကဗျာလေးပါ။
“ မောင်မမြင်စမ်းစေရ “
မိုးစရိုက်ပေမို့ ပျိုးစိုက်ကယ်ပျော်ပျော်
လက်စားငယ်ခေါ်သည် မျက်ဝါးဖော်သူငယ်ချင်းတွေနှင့်
လယ်ခင်းပြန့်သမန်းပြင်မှာ အငန်းတွင်သူငါဆင်းပါလို့
မူရာချင်းမြို့သူမှီပေါင် တို့တူညီသံချိုတေးငယ်နှင့်
ဖန်ချိုအေးချိန်လောက်ဆီကို
အိမ်ရောက်မှီကြဲပြန်ရတယ်လေး။
တို ထမီငယ် ဟိုဆီဖုံးရုံ
အလုံးခြုံလို့ ကုန်းပုံကညီ
ခေါင်းရေနှက်တဲ့ တဘက်နီနှင့်
ပလီလို်က်ထာ။
ဂုတ်ပေါ်ရောက်တဲ့ ဆံထောက်ဟာကို
တကြော့ချည်ရုံး လျှော့ရီထုံးလို့
ပွင့်လုံးငယ်ခတ္တာ ။
ယောင်မငိုက်အောင် ထောင်စို်က်ခါနှင့်
ကြိုက်ရှာတဲ့မောင်
မမြင်စမ်းစေရ ဘွင်ပန်းကာလောင်လိမ့်မယ်
တောခေါင်တဲ့ မြောက်ရွာကို
မရောက်လာမြို့တော်ယွန်းဆီက
ကန်သင်းခုံမို့မော်စွန်းကို လွမ်းလိမ့်မယ်လေး။။
ဒီကဗျာလေးတွေကတော့ လယ်သူမလေးတွေကောက်စိုက်ပုံကို
ရယ်စရာအသောလေးနဲ့ဖွဲ့စပ်ထားတဲ့ကဗျာလေးဖြစ်ပါတယ်။
ရယ်စရာပြုံးစရာရဲ့အဆုံးမှာ အလွမ်းလေးနဲ့အဆုံးသတ်ထားပုံက
တော့ လှပတဲ့လွမ်းချင်းတပုဒ်အဖြစ်ပိုခံစားရပါတယ်။
ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး(ရှေးကဗျားများကို ကူးယူဖော်ပြခြင်း)