ရေမွှေးမဆွတ်တော့ပါ

bigbirdFebruary 13, 20111min1874

စာပေဟောပြောပွဲ ရာသီတုန်းကပေါ့…ကျွန်တော်က စာသင်တဲ့ဆရာဆိုတော့
တခြားအလုပ်များနဲ့ မတူပါ… နေမကောင်းရင်လဲ
ကျောင်းပျက်လို့မရဘူး…မိုးရွာရွာ နေပူပူ လေတိုက်တိုက် စာသင်ခန်းဆီကို
အရောက် သွားရတယ်..ကျောင်းသား/သူဆိုတာကလဲ ကျွန်တော်လာမှပဲ
စိတ်အာရုံပြည့်ကြတယ်….ကျွန်တော့်ကိုယ်စား အခြားလူကို အစားထိုးလို့ မရဘူး။

ဒီလိုနဲ့ စာပေဟောပြောပွဲရာသီ ရောက်လာပါတော့တယ်..ဟိုနယ်ကခေါ် ဒီနယ်ကခေါ်နဲ့ စာပေ
ဟောပြောပွဲတွေ ဖိတ်ကြားခံရပါတော့တယ်..အရမ်းလဲ သွားချင်တယ် ကျောင်းလဲ မပျက်ချင်ဘူး….
ကျောင်းပျက်ရင် တည်ထောင်အုပ်ချုပ်တဲ့ ဆရာတွေက ငြိငြင်မယ် ..မိဘတွေက ကဲ့ရဲ့မယ်… ကျောင်းသားတွေက ဒီဆရာကြီး သူတို့ကို ဂရုမစိုက်ဘူး လို့မြင်မယ်..ကျွန်တော့်စိတ်ထဲမှာ အရမ်းကို
တွေဝေနေမိတယ်.. အဲဒီအကြောင်း အမေ့ကို ပြောမိတယ်…

“ငါ့သားကို အမေပြောမယ်…မင်းငယ်ငယ်တုန်းက မင်းဘဝဟာ
ငါ့ရဲ့ပါးစပ်ဖျားပဲ…ငါနေဆိုနေ … ငါထိုင်ဆိုထိုင် ….ငါ သွားဆိုသွား…ငါမကြိုက်တာမလုပ်နဲ့..ငါ့စကားနားထောင်..ဒါဟာ သဘာဝကျတယ်..မင်းဟာ ကလေးရှိသေးတားကိုး…. ဒီလိုနဲ့ ကျောင်းနေတဲ့အရွယ်ရောက်တော့ မင်းဘဝဟာ ဆရာတွေရဲ့ပါးစပ်ဖျားပဲ…
ဆရာတွေက ခိုင်းရင်လုပ်…သူတို့မကြိုက်တာမလုပ်နဲ့…ကျောင်းစည်းကမ်းလိုက်နာ….သူတို့က စာကျက်ဆိုရင် ကျက်ရတယ်…ဒါလဲ သဘာဝကျတယ် ငါ့သား…

“အခု ကိစ္စက သားလုပ်ရပ်ဟာ သဘာဝမကျလို့လား အမေ“ ….“နားထောင်ဦး အမေဆက်ပြော မယ်
..ဒီလို့နဲ့ မင်းအိမ်ထောင်ကျတော့… မင်းမိန်းမရဲ့ ပါးစပ်ဖျားဟာ
မင်းဘဝဖြစ်ပြန်ရော…ဘယ်အချိန်ပြန်လာဆို ပြန်လာရတယ်…ဘယ်သူနဲ့မပေါင်းနဲ့ဆို
မပေါင်းရဘူး…သူခိုင်းတာ မှန်သမျှ မင်းလုပ်ရတယ်…“သူ့စိတ်နဲ့ မင်းကိုယ်” ဆိုတာ
မင်းသတိမထားမိပြန်ဘူး… အဓိပ်ပါယ်နည်းနည်းမဲ့လာတယ်…”

ဟုတ်သားပဲ..ငယ်ငယ်တုန်းကတော့ အမေ့ပါးစပ်ဖျားဟာကျွန်တော့ဘဝ….ကျောင်းနေတုန်းအရွယ်ရောက်တော့ ဆရာ့ပါးစပ်ဖျားဟာ ကျွန်တော့ဘဝ…မိန်းမရတော့ မိန်းမပါးစပ်ဖျားဟာ ကျွန်တော့ဘဝ… အမေကဆက်ပြောတယ်…

“မင်း သားသမီးတွေရလာတော့လဲ သားသမီးတွေရဲ့ ပါးစပ်ဖျားဟာ မင်းဘဝဖြစ်ပြန်ရော… မင်းစဉ်းစားကြည့်စမ်း…ဖေဖေကြီး အရက်မသောက်နဲ့ဆို မင်းမသောက်ရပြန်ဘူး….ဖေဖေကြီးကောင်မလေးတွေ မငမ်းနဲ့ဆိုရင် မင်း မငမ်းရပြန်ဘူး…ဖေဖေကြီး ဟိုဟာဝယ်ခဲ့ ဒီဟာဝယ်ခဲ့ဆိုရင် မင်းဝယ်ခဲ့ရတယ်….မင်းဘဝဟာ မင်းသားသမီးတွေရဲ့ ပါးစပ်ဖျားဖြစ်နေပြန်တယ်……”
အခုတော့ရော ..အမေရာ”
“အခုတော့ ပိုဆိုးတာပေ့ါ…..စဉ်းစားကြည်….အလုပ်ရှင်ရဲ့ ပါးစပ်ဖျားက မင်းဘဝ၊
ကျောင်းသား တွေရဲ့ ပါးစပ်ဖျားက မင်းဘဝ၊ ကျောင်းသားမိဘတွေရဲ့ ပါးစပ်ဖျားက
မင်းဘဝ….မင်းဒီအသက်အရွယ်ထိမလွတ်လပ် သေးပါဘူး….

အမေ့စကားကိုကြားပြီး ကျွန်တော်ဝမ်းနည်းမိတယ်…တစ်နေ့မှာ (၂၄)
နာရီရှိတယ်..အိပ်ချိန် (၆)နာရီနှုတ်လိုက်…ကျန်တဲ့ (၁၈)နာရီလုံးလုံးဟာ
ကျွန်တော့်စိတ်နဲ့ကျွန်တော်နေခွင့်မရပါလား…ငွေရဖို့အတွက်
ထမင်းစားရဖို့အတွက် ကျွန်တော့ဘဝကို လူတွေ့ရဲ့လက်ထဲ
ထိုးအပ်နေရတဲ့သူပါလား…. အမေကဆက်ပြောတယ်….

“မင်းအသက် (၄၉)နှစ် (၅၀)နားနီးနေပြီ…အမေ ပြောပြမယ်…လူဆိုတာ တစ်နှစ်ကနေ
(၁၀)နှစ် အထိ ဘာမှ မသိဘဲကြီးပြင်းခဲ့တယ်..(၁၀)နှစ်ကနေ (၂၀)အတွင်း ကျောင်းစာတွေ
အဓိပ်ပါယ်ရှိရှိသင်ရတယ်….
(၂၀)ကနေ (၃၀)အတွင်း ငွေရှာတဲ့ ပညာသင်ရတယ်… ငွေရှာတယ်… (၃၀)ကနေ (၄၀)အတွင်း
ဘဝကို အခြေတကျဖြစ်အောင် ရှာဖွေရတယ်…ကြိုးစားရတယ်…..စုဆောင်းရတယ်…(၄၀)ကနေ
(၅၀)အတွင်းမှာ လူတစ်ယောက်ဘဝရဲ့ ပိုင်ဆိုင်မှုတွေကို အဓိပ်ပါယ်ရှိရှိ သုံးပေတော့
ငါ့သား….(၆၀)ရဲ့ ဟိုဘက်ဆိုရင်တော့ သေဖို့အတွက် ပြင်ထားပေတော့..အခု ငါ့သားက
အကောင်းဆုံတွေ ဖန်းတီးရမယ့် ကာလကို ရောက်နေပြီ…

“ဒါဆိုရင် အမေရယ် ကျွန်တော် စာပေဟောပြောပွဲ သွားရမလား..”

“ဒါကတော့ မင်းဆုံးဖြတ်လေ….ဒီအရွယ်ထိ မင်းဟာ ထမင်းစားဖို့
အလုပ်လုပ်ခဲ့တယ်…အလုပ်လုပ်ဖို့ ထမင်းစားခဲ့တယ်….မင်းလူဖြစ်ရကျိုးမနပ်ပါဘူး”..“ဒါဆိုရင်လူဖြစ်ရကျိုးနပ် အောင်
ဘယ်လိုနေရမလဲ အမေ..”

“အတွေးဉာဏ်ရင့်သန်သွားတဲ့သူတွေဟာ ထမင်းစားဖိုပ
အလုပ်လုပ်နေကြတာမဟုတ်ဘူး…အလုပ်လုပ်ဖို့လည်း ထမင်းစားနေကြတာ
မဟုတ်ဘူး….ထမင်းစားရသည်ဖြစ်စေ…မစားရသည်ဖြစ်စေ….လုပ်သင့်တဲ့
အလုပ်ဆိုရင် ရဲရဲဝင့်ဝင့်ကို လုပ်သင့်တယ် ငါ့သား….အမေ့စကား
တော်တော်လေးနက်တယ်…အမေက ဆက်ပြော တယ်….

“လူတွေဟာ သူများကဲ့ရဲ့မှာကြောက်လို့
အလုပ်လုပ်နေတဲ့သူရှိတယ်…သူများချီးကျူးတာခံချင်လို့
အလုပ်လုပ်နေတဲ့သူရှိတယ်….အဲဒီလို လူတွေဟာ လူများစုတွေပဲ ငါ့သား….ကဲ့ရဲ့ခြင်း၊
ချီးမွမ်းခြင်းကိုထည့်မတွက်ဘဲ အဓိပ်ပါယ်ရှိတဲ့အလုပ်ကို လုပ်သူကတော့ ရှားတယ် ငါ့သား..”

အမေ့စကား အသွားအလာအရဆိုရင် ကျွန်တော်ဟာ အဓိပ်ပါယ်မဲ့စွာ ဘဝကိုဖြတ်သန်းနေသူပဲ….
ကိုယ့်စိတ်နဲ့ကိုယ် နေခွင့်မရသေးတဲ့ မလွတ်လပ်သူပဲ…..“မင်း ..ရေမွေးဆွတ်ဖူးတယ်
မလား..ဘယ်သူ့အတွက် ဆွတ်တာလဲ…..မင်းမွှေးဖို့ဆိုရင် အိမ်မှာနေရင်းလဲ
မင်းဆွတ်ရမှာပဲ…အခုတော့ လမ်းထွက်မှာ ရေမွှေး ဆွတ်ကြတယ် ဆိုတော့
“ရေမွှေး”ဆွတ်ခြင်းဟာ ကိုယ့်အတွက်မဟုတ်ဘူး….သူများတွေမွှေးဖို့…..မွှေးလိုက်တာလို့
ချီးမွမ်းခံရဖို့ အကဲ့ရဲ့လွတ်ဖို့ဆွတ်တာ မဟုတ်ဘူးလား…..အမေပြောမှ စဉ်းစားမိတယ်…..

“ကဲ ဒီတော့ ငါ့သား…ဒီအရွယ်ကြီးရောက်မှတော့ “ရေမွှေး”
မလိုတော့ပါဘူးကွယ်…အဓိပါယ်ရှိ တဲ့အလုပ်ဆိုရင်
ရဲရဲသာလုပ်…အလုပ်တစ်ခုကိုလုပ်ပြီးတဲ့အခါ
အဲဒီအလုပ်ဟာ ပိုက်ဆံရချင်မှရမယ်…..အဲဒီအလုပ် ကြောင့် လူ့ပတ်ဝန်းကျင်မှာ
အဓိပ်ပါယ်တစ်ခု ပြည့်ဝသွားပြီဆိုရင် မင်းအလုပ်ဟာ……..အဓိပ်ပါယ်ရှိတယ်….
ကဲ့ရဲ့ခြင်း…ချီးကျူးခြင်းတွေကို ”ရေမွှေး”ဆွတ်ခြင်းလို့သာ သဘောထားလိုက်တော့ ငါ့သား“

အမေ့စကားကြောင့် “အဓိပ်ပါယ်ရှိသော ဘဝတစ်ခု ” ကို ကျွန်တော် ပျော်ရွှင်စွာ
ဖန်တီးလျှက်ရှိပါတယ်……

“ရေမွှေး” မဆွတ်တော့ပါ………..

4 comments

  • bigbird

    February 13, 2011 at 11:53 am

    mail ထဲမှ ကူးယူဖော်ပြပါသည်။ ပိုင်ရှင်ထံမှ ဤနေရာမှ ခွင့်ပြုချက်တောင်းခံပါသည်။

  • ဆူး

    February 13, 2011 at 2:41 pm

    ဖတ်လို့ကောင်းပါသည်။ ဦးငှက် အတည်ရေးတာထင်လို့.. မေးထဲက ဖြစ်နေတယ်။

  • kopauk mandalay

    February 13, 2011 at 3:43 pm

    ဘာဘဲဖြစ်ဖြစ်အတော်ကို ကောင်းတဲ့စာ လေးဖြစ်ပါတယ်။
    တင်ပေးသူရော မူရင်းတွေးသူ ရေးသူကိုပါ ကျေးဇူးတင်ပါတယ်။
    တစ်ခါတစ်လေတော့လဲ ကိုယ့်အတွက်မဟုတ်မှန်းသိပေမယ့် ဘဝမှာ ရေမွှေးဆွတ်ခဲ့ရတာကတော့ ခဏခဏပါလို့စောဒက တက်လိုက်ချင်ပါသဗျာ။

  • Myanmar

    February 14, 2011 at 8:44 am

    Thank you, Mr. Bigbird for sharing the post. It gave me a lot of food for thought.

Leave a Reply