ဖေဖော်ဝါရီနေ့များ

snowFebruary 14, 20111min1613

ဖေဖော်ဝါရီ ၁၂ ရက်နေ့သည် ပြည်ထောင်စုနေ့

ဖေဖော်ဝါရီ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်မွေးနေ့ ဖြစ်ပါသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ အရေးကြီးသောနေ့များကို မေ့နေပြီး

အရေးမကြီးသော ဗာလင်တိုင်းနေ့အတွက် အထူးတလည် ပြင်ဆင်နေကြတာကို

တွေ့ရတော့ ရင်ထဲမယ် စိတ်မကောင်းဖြစ်လှပါတယ်။မြန်မာနိုင်ငံမှာ အထူးတလည်ကျင်းပစရာရက်တွေ အများကြီးရှိပါတယ်။

နိုင်ငံရပ်ခြားမှ သတ်မှတ်သော ချစ်သူများနေ့ဆိုတာ သူစိမ်း ၂ယောက်အပြန်အလှန်ချစ်နေသူများအတွက် အရေးကြီးတယ်လို့ ထင်နေကြတယ်

ထိုနေ့မှာပဲ လမ်းခွဲတဲ့သူများလဲရှိပါတယ် ချစ်သူများနေ့ဆိုတာ တယောက်နဲ့တယောက် အပြန်အလှန် သစ္စာရှိရှိ နားလည်ပြီး ချစ်တဲ့သူများသာ ချစ်သူဖြစ်တဲ့နေ့ ဘယ်နေ့မဆို ကျင်းပနိုင်ပါတယ်

မြန်မာလူမျိုးများဟာ မြန်မာနို်င်ငံမှသတ်မှတ်သော ပျော်ပွဲရွှင်ပွဲများတွင် မတင်းတိမ်နိုင်ပဲ နို်င်ငံရပ်ခြားမှ ကျင်းပသော ပျော်ပွဲရွှင်ပွဲများကိုပါ အတုယူပြုလုပ်နေကြတယ်။

မြန်မာလူမျိုးမှားမှာ သင်္ကြန်ပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲ၊ သီတင်းကျွတ်ပွဲ၊ တန်ဆောင်မုန်းပွဲ၊ တို့ကို ကုသိုလ်လုပ်တဲ့သူထက် အပျော်အပါးလုပ်သူကပိုများကြတယ် ၊ ထို့အပြင်
မြို့တိုင်းမှာရှိတဲ့ လ အလိုက် ကျင်းပတဲ့ ဘုရားပွဲများကိုလဲ
သွားရောက်ပျော်ပါးကြတယ်၊ စတိတ်ရှိုးပွဲလဲ မလွတ်တမ်း၊ ခုတော့ နိုင်ငံခြားက ကျင်းပတဲ့ ခရစ္စမတ်နေ့လဲ
လုပ်ကြတယ် ၊ နယူးရီးယားလဲလုပ်ကြတယ် ခုလဲ ဗာလင်တိုင်းနေ့လဲလုပ်ကြတယ် မြန်မာတွေ
အုတ်ရောရော ကျောက်ရောရောဖြစ်နေကြတယ်

ဟိုလူလုပ်ရင် လိုက်လုပ် ဒီလူလုပ်ရင်လိုက်လုပ်နဲ့ သူများယောင်တိုင်းလိုက်ယောင်နေတာ အမောင်တောင်မှန်းမြောက်မှန်းမသိ ဆိုတဲ့ စကားတခွန်းလိုဖြစ်နေတယ်

ကိုယ့်လူမျိုး ကိုယ့်နိုင်ငံရဲ့နေ့ထူးနေ့မြတ်များကို မေ့နေကြပြီထင်တယ်

အပျော်ရှာချင်သူများ ပျော်ချင်လွန်းလို့ ပျော်စရာနေ့တွေလုပ်ချင်ရင်တော့ ကာတွန်းကားထဲကလိုပဲ မွေးနေ့တစ်ရက်ကို ကျင်းပပြီး မွေးတဲ့နေ့မဟုတ်တဲ့ ၃၆၄ ရက်လုံးကိုလဲ
မမွေးနေ့ဆိုပြီး ကျင်းပလိုက်ကြပါတော့

3 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 15, 2011 at 2:30 am

    အမှတ်တရဖြစ်သွားလို ့ပါ
    လွန်ခဲ့တဲ့ နှစ် တော်တော်ကြာပါပြီ
    ကျွန်တော်က တော်တော်ငယ်တဲ့ ချာတိတ်လေးပေါ့ဗျာ
    ဘုန်းကြီးတစ်ပါးကို တွေ ့ဘူးတယ်
    အရမ်းအသက်ကြီးနေပြီ
    တုန်တုန်ချိချိနဲ ့ပါ
    တော်လှန်ရေးရဲဘော်ဟောင်းကြီး
    ရဲဘော်သုံးချပ်အဖွဲ ့ဝင်လို ့လည်းပြောတယ်
    သေချာတော့တိဝူး
    တစ်ပါးထဲ တောရကျောင်းမှာနေတာ
    ကိုယ်ကလည်း တောရကျောင်းထဲ ငှက်ပြစ်ထွက်ရင်းနဲ ့
    ဘုန်းကြီးကျောင်းထဲ ထမင်းကျန်ဟင်းကျန်လေးတွေ ဝင်လွေးလေ့ရှိသပေါ့
    တစ်ခါ ဘုန်းကြီးအိုကြီးနဲ ့ လူကြီးတွေ ရှေးပြောင်းနောက်ဖြစ်တွေပြောနေတာကို
    ဘာရယ်မဟုတ် နားထောင်ဘူးပြီးမှတ်မိနေတာလေးတစ်ခုပါ
    အဲသည်ဘုန်းကြီးအိုကြီးက
    လူဝတ်တုန်းက ရဲဘော်ကြီးပေါ့ဗျာနော
    တစ်နေ ့သူ ဗိုလ်ချုပ်အောင်ဆန်းကို စည်းဝေးပွဲတစ်ခုမှာ ကပ်ပြီးမေးသတဲ့
    ဗိုလ်ချုပ် ဒီဂျပန်တွေ ကျုပ်တို ့ကိုကူတိုက်ပြီးလွပ်လပ်ရေး မပေးရင်ဘယ့်နှယ့်လုပ်မတုံး
    ဆိုတဲ့အခါ
    ဗိုလ်ချုပ်က အေးအေးဆေးဆေး ခပ်ပြတ်ပြတ်ဘဲ ပြန်ပြောပါသတဲ့
    ပြန်ချမယ်
    သူဆိုလိုတာကတော့
    ဗိုလ်ချုပ်ဟာ အကြောင်းတစ်ခုကို အေးအေးနဲ ့ပြတ်ပြတ်ပြောတတ်တဲ့စရိုက်လေးကို ဆိုလိုတာပါ
    မကြာမကြာပြောတာကြားတတ်တယ်
    ကိုယ်ကလည်း မကြာမကြာ ဘုန်းကြီးကျောင်းမှာ ထမင်းကျန်ဟင်းကျန်သွားလွေးတာကိုနော 🙂 🙂 🙂
    ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက် SUNDAY, 13 FEBRUARY 2011 02:34 ဗိုလ်ထွန်းလှ
    ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း သည် ဗြိတိသျှ ဘုရင်ခံထံမှ အစိုးရအဖွဲ့ အာဏာကို လွှဲပြောင်းလက်ခံ ယူပြီး နောက် ရန်ကုန်မြို ့ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး) သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။
    သူ၏ရာထူး (တရားဝင် အခေါ်အဝေါ်) မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဌသာ ဖြစ်ပါသည်။ ဥက္ကဌက ဘုရင်ခံ ဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံ မတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိ အဖြစ် ဦးဆောင် စည်းဝေးရပါ သည်။ လွတ်လပ်ရေး မရသေးခင် ကာလဖြစ်၍ “ဘုရင်ခံ အမှုဆောင် ကောင်စီ” ဟု ခေါ်သော်လည်း စင်စစ် အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ဝန်ကြီးဌာနသုံးခုကို တာဝန်ယူရသဖြင့် အလွန် အလုပ်များလှပါသည်။
    တစ်နေ့သ၌ ဗိုလ်ချုပ်သည် မွန်းလွဲ ၃ နာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်ခေါင်းလောင်း တီး၍ ကျွန်တော်လည်း ချက်ချင်းပင် သူ၏ရုံးခန်းသို့ လျှင်မြန်သွက်လက်စွာ ဝင်သွားလိုက်ပါသည်။ ထိုနေ့အဖို့ မျက်နှာဖြူ အတွင်းဝန်က သူ့ထံ တင်ပြဆုံးဖြတ်ချက် ရယူသည့် ဖိုင်တွဲများအားလုံး လေ့လာ၍ ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင် စာရွက်စာတမ်းများ ဖိုင်တွဲများ ရှင်းနေပြီ ဖြစ် သည်။ “ဘာများလည်း ဗိုလ်ချုပ်” ကျွန်တော်ထုံးစံအတိုင် သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည် ဝန်ကြီးတစ်ဦးက သူ့ ပီအေ (အပါးတော်မြဲ) ကိုပြော သည့် ဟန်မျိုးမဟုတ်ဘဲ ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းအား ရင်ဖွင့်ပြောသလို ဟန်ဖြင့် “ငါအခု ဗိုက်ဆာလို့ တစ်ခုခု စားချင်တယ် ကွာ” ဟု ပြောပါသည်။ ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော်ချက်ချင်း ရိပ်မိလိုက်ပါပြီ။ ထို့နေ့ နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ ဆရာတပည့် နှစ်ဦးအား နံနက်စာထမင်း ကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က (ထိုအချိန်က ဈေးအပေါဆုံး ဟင်းလျာတစ်ခု ဖြစ်သည့်) ဘဲဥဟင်းနှင့် ကျွေးခဲ့ ပါသည်။ ဗိုလ်ချုပ်သည် ဘဲဥဟင်းကို မကြိုက်လို့လားမသိ၊ ထမင်းမြိ်န်ပုံမရဘဲ တစ်ပန်းကန်သာစားပြီး စားပွဲမှ ထလိုက်သဖြင့် ကျွန်တော်လည်း ကပျာ ကယာ လက်ဆေး၍ ရုံးသွားရန် ပြင်ဆင်လိုက်ရပါသည်။
    နံနက် ဆယ်နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည် တစ်နေကုန်နီးပါး ဆက်တိုက် အလုပ် လုပ်နေရချိန်တွင် ဘာမျှမစား မသောက် ရသောကြောင့် ဆာလောင်လာပြီး ကျွန်တော့် အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။ [မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ဝန်ကြီးလစာ ရသည်မှန်သော်လည်း ယင်းလ စာငွေကို ကိုင်ပြီး ဝင်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် “ဘတ်ဂျက်” မအောက်အောင် စီစစ် သုံးစွဲရ ရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်လှပါ။ နေ့စဉ်နှင့်အမျှ လာရောက်သော ဧည့်သည်များ၊ ရဲဘော်များအားလည်း ဧည့်ခံကျွေးမွေးရသောကြောင့် လကုန်ခါနီး ရက်များဆိုလျှင် အထူး ခြိုးခြံချွေတာ ရရှာပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား ဘဲဥဟင်း တမယ်တည်း ချက်ကျွေးသည်ကိုလည်း မည်သို့မျှ အပြစ် မဆိုသာပါချေ။ စာရေးသူ ကျွန်တော်သည် ဗိုလ်ချုပ်ကိုကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။ သူ့ခမျာ တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခု ဝယ်ကျွေးချင်စိ်တ် ဖြစ်ပေါ်လာမိပါသည်။
    “ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ” ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ဝမ်းသာသလို ဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစား မိဟန်ဖြင့် ပြန် မေးခွန်းထုတ်ပြန်ပါသည်။ “ဘာလဲ မင်းက ငါ့ကို ဝယ်ကျွေးမလို့လား၊ ဝယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကောရှိ လို့လား”သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့ မရှိပါ။ သူသည် လိမ်ပြော ခြင်းကို လုံးဝမကြိုက်။ မှန်ရာကိုသာပြောမှ သဘောကျသူ ဖြစ်၍ ကျွန်တော်တို့ လူငယ်တွေက လည်း သူ့အား လိမ်မပြောဝံ့ကြပါ။ သို့ရာတွင် ထိုကနေ့ သူဗိုက်ဆာ၍ တစ်ခုခု စားချင် ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော် ဘာပဲဖြစ်ဖြစ် သည်တစ်ခါ တော့ အမှန်ကိုမပြောမှ ဖြစ်မယ်ဟု ဆုံးဖြတ်လိုက်ပါသည်။
    “ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်။ ဗိုလ်ချုပ်ဘာစားချင်တယ် ဆိုတာသာ ပြောပါ” ကျွန်တော်သည် ခပ်တည်တည်ဖြင့် အကျင်္ီအိတ်ကို လက်ဖြင့် ပုတ်ပြရင်း ပြောလိုက်မိပါသည်။ အမှန်က ကျွန်တော့်၏ အကျင်္ ီအိတ်ထဲတွင် ငွေငါးကျပ်တန်နှင့် ကျပ်တန်နှစ်ရွက်၊ စုစုပေါင်း ငွေခုနှစ်ကျပ်သာ ရှိပါသည်။ သို့သော် ကျွန်တော်မှင်သေသေဖြင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ် ယုံသွားပုံရသည်။
    “ဟုတ်လား၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း (ရွှေဘုံသာလမ်း) က ပလာတာနဲ့ ခပတ် စားချင်တယ်ကွာ ” “ဟုတ်ကဲ့ ဒါဆိုရင်ရပါတယ်၊ ကျွန်တော့်မှာ ပါတဲ့ငွေနဲ့ လုံလောက်ပါတယ်၊ ရုံးကနေ မဂိုလ်လမ်း (ရွှေဘုံသာလမ်း) သွားစားပြီးမှ အိမ်ပြန်ကြတာပေါ့။ ကိုင်း လာပါ ဗိုလ်ချုပ်”
    ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား“ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ လေးနာရီထိုးရင် တံခါးတွေ ပိတ်လိုက်တော့”ဟုညွှန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံးခန်းအောက်သို့ ဆင်းခဲ့ပါသည်။ ထိုနေ့က ဗိုလ်ချုပ်ကားမောင်းသူ ရဲဘော်ကျော်စိန် နေမကောင်း သဖြင့် အိမ်မှ ရုံးသို့ အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။
    ထို့ကြောင့် အပြန်လည်း ကျွန်တော် ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း (ရွှေဘုံသာလမ်း)၊ ဒါလဟိုဇီလမ်း(မဟာဗန္ဓုလလမ်း)ထိပ်အနီး ဗလီကြီးအောက်ရှိ် ပလာတာဆိုင်သို့ တိုက်ရိုက်မောင်းသွား လိုက်ပါသည်။ ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှာ ဗိုလ်ချုပ်အားသူစားချင်သော ပလာတာနှင့် ခပတ်ကိုကျွေးရန် မည်သို့မည်ပုံ ပရိယာယ် ဆင်ရမည်ကို ကြိုတင် အကွက်ချ ထားပြီးပြီ ဖြစ်သည်။ မဂိုလမ်း (ရွှေဘုံသာလမ်း) ဗလီကြီး အောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝက မကြာခဏ ဝင်စားလေ့ရှိသော ဆိုင်များဖြစ်ပြီး ဆိုင်ရှင် များနှင့် လည်း သိကျွမ်းနေခဲ့ပါသည်။ ယင်းအချက်ကို အားကိုးပြီး ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာ လာခဲ့ခြင်း ဖြစ်ပါသည်။
    ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း စားပွဲ တစ်လုံးတွင် ဝင်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲ မှာလိုက်သည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသူဆိုင်ရှင် အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးလေး ပြောလိုက်ပါသည်။
    “ဒီမယ် ခင်ဗျားကျုပ်ကို သိတယ်မဟုတ်လား၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်တစ် ယောက်ပဲ၊ ဟိုမှာ ထိုင်နေတဲ့ လူက ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ခင်ဗျား သိမှာပေါ့၊ အခု သူက ပလာတာနဲ့ ခပတ် စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တာ၊ ခက်တာက ကျုပ်ဆီမှာ ပိုက် ဆံအလုံအလောက် မပါဘူး၊ ဒါကြောင့် ကျုပ်တို့ အခု စားလို့ ကျသင့်ငွေကို နက်ဖြန်ကျမှ ကျုပ် လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင် ပိုက်ဆံရှင်းပြီး ပါပြီလို့ လည်း ပြောပေးပါ၊ ကျုပ်မှာ ပိုက်ဆံမပါတာကို သူ မသိစေချင်ဘူး”ကျွန်တော်က ခပ်တိုးတိုး ပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။
    “စိတ်ကျပါ ဆပ်၊ ကျသင့်တဲ့ ငွေကို ဆပ်တို့ ကြုံတော့မှ ဝင်ပေးပါ၊ ရပါတယ်၊ ဗိုလ်ချုပ် မေးရင်လည်း ငွေရှင်းပြီးပါပြီလို့ ဖြေပါ့မယ်။”
    ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့ ပြန်လာခဲ့ပါသည်။
    ပလာတာနှင့် ခပတ်နှစ်ပွဲ ရောက်သောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ စားပါတော့သည်။
    ကျွန်တော်လည်း ကိုယ့်ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး ဝမ်းသာမိသည်နှင့်အမျှ မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်း ယူရန် အားမာန်အပြည့်နှင့် ဆုံးဖြတ်ထားသူ ကျွန်တော်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက်အနေဖြင့် သနားစရာ ကောင်းလှသည်ပါ တကားဟု စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချမိပါသည်။
    သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။ ကျွန်တော် စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည် “ဟေ့ကောင် ပိုက်ဆံ ရှင်းပေးလိုက်လေကွာ၊ ငါတို့ သွားကြမယ်” ဟု ပြောရာ ကျွန်တော်လည်း – “ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တခါတည်း ငွေရှင်းပေးခဲ့ပါတယ်” ဟု ပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့် ကြိုတင် စီစဉ်ထားသည့်အတိုင်း အချက်ပြ ခေါ်လို်က်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက် လျှောက်လာပြီး ဗိုလ်ချုပ်အား ရိုသေစွာ ဆလံပေး အလေးပြုရင်း -“ပိုက်ဆံ ရှင်းပြီးပါပြီ”ဟု ပြုံး၍ ပြောပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွား ဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။
    “ဘယ့်နှယ်လဲ ဗိုလ်ချုပ်၊ စားလို့ ကောင်းပါရဲ ့လား”ကျွန်တော်က ဆိုင်ရှင်ရှေ ့တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်က -“အေးကွ၊ မစားရတာ ကြာလို့လား မသိဘူး၊ အလွန် စားလို့ကောင်းတယ်”ဟု ပြုံး၍ ပြောသည်ကို ဆိုင်ရှင် ကုလားသည် သဘောကျသွားပုံ ရပါသည်။
    ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း တာဝါလိန်းလမ်း (နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန် လာခဲ့ ပါသည်။ နောက်တစ်နေ့ နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း (ရွှေဘုံသာလမ်း) ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော် တို့ စားခဲ့သော ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။ ဒီအဖြစ်အပျက်လေးကို ကျွန်တော်ရေးရင်း သမိုင်းပညာရှင်ကြီး ပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်ရဲ ့ ပင်ကိုယ်စရိုက် သဘာဝ ကို ပေါ်လွင်စေတယ်ဆိုတဲ့ အဆိုအမိန့်ကို အလေး အနက် ထောက်ခံမိပါတော့သည်။ ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း)
    http://www.maukkha.org/index.php?option=com_content&view=article&id=1350:2011-02-13-02-43-27&catid=feature&Itemid=266

    • jarnuu

      February 15, 2011 at 7:50 pm

      အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်ရဲ ့ ပင်ကိုယ်စရိုက် သဘာဝ ကို ပေါ်လွင်စေတယ်ဆိိုတော့
      ကျမရဲ့ စိတ်ကို ပေါ်လွင်သွားပြီပေါ့နော် အဲလိုလား
      ရေးပြီးမှ တဖက်စွန်းများကျနေလားလို့ တွေးမိတယ်

  • antimoe

    February 15, 2011 at 2:49 pm

    အိမ်ကတူမတွေ လွန်ခဲ့တဲ့လကတည်းက စိတ်လှုပ်ရှားနေကြတာ။ ၁၄ရက်နေ့အတွက်လေ။ တရားဝင်စိတ်လှုပ်ရှားခွင့်ရထားကြတာလေ။
    ဘယ်တုန်းကစတာလည်းတော့ မသိပါဘူး (မြန်မာမှာ) ။
    တနှစ်မှာ ဒီတရက်လေးမို့ ခွင့်မလွှတ်သင့်ပေဘူးလားနော်။
    သိချိန်တန်ရင် သိလာမှာပေါ့။
    ခွင်ထဲက ပျော်တဲ့ခလေးတွေမှာ အခြားစိတ်တော့မရှိလောက်ပါဘူးနော……

Leave a Reply