“မတုံ့စကောင်း တုံ့စကောင်း”( ကသစ်ယောက္ခမ နဲ့ သခွတ်ချွေးမ ပုံပြင်)
“မတုံ့စကောင်း တုံ့စကောင်း”( ကသစ်ယောက္ခမ နဲ့ သခွတ်ချွေးမ ပုံပြင်)
မနက်စောစော(၅)နာရီခွဲ(၆)နာရီလောက်လမ်းလျှောက်ထွက်လာတဲ့အချိန်များမှာသူလိုကိုယ်လိုလမ်းလျှောက်လာသူတွေ အတော်များများလက်ထဲမှာ တရုပ်ကလာတဲ့ရေဒီယိုသေးသေးလေးတွေ ပါလာတာကိုတွေ့ရသလို ဘယ်လိုင်းကလွှင့်မှန်းမသိပေမယ့် သတင်းပေါင်းစုံ သီချင်းပေါင်းစုံကို အမြဲလိုလိုကြားနေရတတ်ပါတယ်။
အခုနောက်ပိုင်းမှာ FM ပြန်တွေခေတ်စားလာတော့ မကြားရတာကြာတဲ့သီချင်းလေးတွေကို ပြန်နားထောင်ရ
တာကတော့ အတော်လေးကို စိတ်ကျေနပ်စရာကောင်းလှပါတယ်။
ဒီရေဒီယိုလိုင်းတွေက လွှင့်နေတဲ့သီချင်းတွေထဲမှာ မြန်မာအသံက မလွှင့်တာကြာပြီဖြစ်တဲ့ရေဒီယိုသီချင်းတွေ
လည်းပါလာတတ်ပါတယ်။
ဒီအစီအစဉ်မှာ သီချင်းလွှင့်ဘို့စီစဉ်ပေးသူကအတော်လေးနှံ့စပ်တယ်လို့ပြောနိုင်ပါတယ်။
သီချင်းကောင်းသီချင်းဟောင်းလေးတွေကို နားဆင်နေရ ကြားနေရလို့ပါဘဲ။
တစ်ရက် မနက်စောစော ထုံးစံအတိုင်းလမ်းလျှောက်လာတဲ့အချိန်“နတ်စည်ငယ်လေ ပုဇွန်လက်ရိုး အာလမ္ဗရာ……………………………….အစချီတဲ့ အဆိုတော်ဦးအံ့ကြီးရဲ့ ကသစ်ပန်း(ခေါ်)သခွတ်ပန်း အမည်ရတဲ့ မိုးဘွဲ့သီချင်းလေးကို ရေဒီယိုလှိုင်းသံကနေကြားလိုက်ရပါတယ်။
အဲဒီရေဒီယိုပိုင်ရှင်က ကျွန်တော့်ရှေ့ကလျှောက်နေတော့ သီချင်းနားထောင်ချင်တာနဲ့ သူ့ကိုကျော်မတက်ဘဲ
နောက်ကနေအသာလမ်းကပ်လိုက်ပြီး အသံကိုခိုးလို့နားထောင်လာပါတယ်။
မြို့မငြိမ်းရဲ့ပြောင်မြောက်တဲ့စာသား ကိုအံ့ကြီးရဲ့ပီသ ကြည်မြရှင်းလင်းတဲ့အသံ ပြတ်သားတဲ့တီးလုံးအသွား
တွေရယ် အပြင်မှာ နားမထောင်ရတာ ကြာတာရယ်ကြောင့် စိတ်ထဲမှာ သီချင်းနားထောင်လို်က်ရတာကို
အတော်လေးကို ပီတိတွေဖြစ်သွားပါတယ်။
ပျောက်ဆုံးနေတဲ့ကိုယ်မြတ်နိုးတဲ့ ပစ္စည်းတစ်ခုပြန်တွေ့လိုက်ရသလိုခံစားလိုက်ရပါတယ်။
သီချင်းကတော့ ကမ္ဘာထုံးစံအတိုင်း သမီးပေးလိုက်ရတဲ့အဖေက သမီးကိုပိုင်သွားတဲ့သမက်ကိုပြဿနာရှာတဲ့
အကြောင်းလေးကိုရေးထားတာလေးပေါ့။
အဲဒီထဲမှာပါတဲ့ ” သခွတ်ဖြူစွာ အပွင့်ကိုသာမြင်တေ့ာမှ ဝတိန်တွင်မဟုတ်ပါလား ဟရို့ရဲ့သေနင်္ဗျူဟာ
နတ်သူရာမင်းငယ်လေ စစ်ခင်းခုချိန်ခါ ရှေ့ရူ့ဝတိန်သာ……..ဝေဆာ သခွတ်ဖြူပင်မင်းငွေအဆင်းပွင့်ချိန်မှာ
အသူရာ ဒေါသထွက်လို့ မြင့်မိုရ်ထက်ကိုတက်လို့ စစ်ဖက်တဲ့အခါ အုံ့ကာလေ တဖွဲဖွဲ ရွာလေတသဲသဲ”လို့
ဆိုပြီး ယောက်ခထီးသကြားမင်းနဲ့ သားမက်အသူရာတို့ ဖိုက်တင်ပလေးတာကို လှလှပပလေးရေးဖွဲ့ထားတာပါ။
ဒီသီချင်းလေးအကြောင်းပြောရရင်တော့ ကသစ်ပန်းက စရမှာပါဘဲ။
ဒီကသစ်ပန်းက နတ်ပြည်တာဝတိန်သာမှာ ပွင့် တဲ့ပန်းဖြစ်ပါသတဲ့။
(သခွတ်ပန်းကနတ်ပြည်မှာ မရှိဘူးနဲ့တူပါရဲ့)
သမက် အသူရာက ဆိုးလွန်းတော့ သူအရက်မူးပြီးအိပ်ပျော်နေချိန်မှာ ယောက်ခထီး သကြားမင်းက
သူ့ကိုလူပြည့်ကိုပို့ထားလိုက်ပါသတဲ့။
အသူရာကတော့ သူ လူ့ပြည်ရောက်နေတာ မသိဘူးနတ်ပြည်မှာဘဲရှိနေတယ်လို့ ထင်ပါသတဲ့။
ဒါပေမယ့် လူ့ပြည်မှာ ငွေရောင်အဆင်းရှိတဲ့ သခွတ်ပန်းပွင့်တဲ့အချိန်ရောက်မှ သူရောက်နေတာ
နတ်ပြည်မဟုတ်ဘူးဆိုတာကို သိလာတော့ ဖီးလ်တွေကွေးပြီး ယောက်ခမကြီးဖြစ်တဲ့သိကြားမင်းကို
ကွိုင်တွေပူပြီး ပြဿနာရှာပါသတဲ့။
သူတို့က ကိုယ်ပိုင်လက်နက်တွေဖြစ်တဲ့ မိုးကြိုးတွေ လျှပ်စီးတွေ ဝရိဇိန်လက်နက်ကြီးတွေနဲ့အပြန်အလှန်ထုကြ
တော့ မိုးကြိုးတွေပစ်လျှပ်စီးတွေလက် ဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေပေးပြီး နောက်ဆုံးတော့ မိုးတွေရွာချပါသတဲ့။
သူတို့ကအပစ်အခတ်ရပ်စဲရေးမလုပ်တော့ အုံ့ကာလေ တဖွဲဖွဲ ရွာလေတသဲသဲဆိုသလိုမိုးမတိတ်တော့ဘူးပေါ့၊။
သူတို့ နှစ်ယောက်ရန်အဖြစ်ကောင်းလို့ဘဲ လူ့ပြည်က သီချင်းရေးဆရာတွေမှာ မိုးဘွဲ့သီချင်းတွေုကို ခေတ်အဆက်ဆက်ရေးကြဆိုကြလုပ်ကြပါတော့ တယ်။
ဘီအေ မလှရွှေဆိုတဲ့ အဆိုတော်ကြီးကလဲ”အိုစာနာသင့်ပါရဲ့………..”လိုဆိုပြီး နာမယ်ကျော် ” မိုးဒေဝါ ပါတ်ပျုးိ”နဲ့အလွမ်းတွေသယ်သွားပါတယ်။
ရေဒီယိုအဆိုတော် ကိုမြကြီးကလဲ သူရဲ့အကောင်းဆုံးသီချင်းဖြစ်တဲ့ “မိုး”သီချင်းမှာအလွန်ငြိမ့်ငြောင်းတဲ့ စန္ဒယားအလူးအလိမ့်တွေနဲ့ “ဝဿန်ခါမှီလရာသီ……………………….အသူရာသကြားမင်းတို့ စစ်ခင်းကာ
ပြိုင်ကြသည်…………………………..”လို့ဆိုပြသွားပါတယ်။
ဖြူသီကလဲ “ဘယ်အငြိုးနဲ့ မိုးတစိမ့်စိမ့်ရွာ…………………” လို့ဆွေးပြသွားသလို
စိုးပိုင်ကတော့ “လာမယ်ဆိုပြောထားလိုက်ပေ့ါ ထွက်ခဲ့မယ် ………မောင်ငိုမယ် မိုးသဲထဲမှာကွယ် “ပါတဲ့။
သွားလေသူ စိုင်းထီးဆိုင်ကလဲ ”မျှော်နေချိန်မှာသူရှောင်ပုန်း……… အပြေးလေးရောက်လို့လာ မိုး……….ဘယ်လိုလဲမိုး……………………………..
အသိရခက်လွန်းတဲ့မိုးမင်းရယ် ခန့်မှန်းရခက်တဲ့ မိုးမင်းလိုဘဲကွယ် မိုး………………..မိုး…..မိုး”လို့ဆိုခဲ့သလို
အစကတော့ “မိုးရွာရင်မိုးရေချိုးမယ်မေမေလာရင်နို့စို့မယ် ဖေဖေလာရင်အုန်းသီးခွဲစားမယ်”လို့ဆိုပြီး နောက်တော့မှ “မေအိပ်တဲ့အုဌ်ဂူလေးထဲမှာ မောင်ထီးလေး မိုးကာပေးပါမယ်……………….”ဆိုပြီး
အိ်ပ်နေတဲ့မိုးကို မနိုးဘို့ကိုင်ဇာဆိုတဲ့ကောင်လေးက တောင်းပန်ခဲ့ဘူးပါသေးတယ်။
ခုလက်ရှိဟစ်ဟော့ခေတ် ပန့်ခေတ် အော်လတာခေတ ် R&B ခေတ်မှာတော့
“ဒီမိုးတိမ် မျှော်နေချင်တယ် စိတ်ကူးများ………………………ငါချမ်းလို့တုန် မိုးသဲတဲ့ညတွေမှာ ……..”လို့တစ်ယောက်ကဆိုပြတော့
“ကျနော့်ကို သနားလို့တဲ့ဗျာ တိမ်တွေတောင်ငိုချလိုက်တယ် မိုးကို ရွှဲရော”လို့
ဆိုပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းနဲ့ မို့မို့ကလဲအပြန်အလှန် ဖီးလ်တွေတက် ပြသွားပါသေးတယ်။
ဒါကတော့ မိုးကိုအမှီပြုပြီး ဖြစ်လာတဲ့သီချင်းတွေပေါ့။
ယောက္ခမနဲ့သားမက် ယောက္ခမနဲ့ချွေးမကြားမှာဖြစ်လာတဲ့ပြဿနာကိုအကြောင်းပြုပြီး
အတည်လိုလိုရီစရာလိုလိုသီချင်းလေးတွေလဲရေးကြဆိုခဲ့ကြပါဘူးတယ်။
အများအားဖြင့် ယောက္ခမတွေဘက်က လူကြီးတွေဆိုတော့ သမက်တွေချွေးမတွေကို နှိပ်ကွပ်တဲ့သီချင်းတွေ
ကတော့ သိပ်မရှိဘူးလို့ထင်မိပါတယ်။
ချွေးမတွေကလဲ ယောက္ခမကိုနှိပ်ကွပ်တဲ့သီချင်းဆိုတာမရှိသလောက်ပါဘဲ။
သမက်တွေကမှ ယောက္ခမကို ပြန်နှိပ်ကွပ်တဲ့သီချင်းတွေရေးကြဆိုကြတာများပါတယ်။
ဟိုအရင်က “ပန်းများ ကိုတံတားခင်း၍ချစ်ခြင်းနဲ့ဖလှယ်……………”ဆိုတဲ့ သီချင်းလေးတပုဒ်ရှိခဲ့ဘူးပါတယ်။
အတော်လေးကို ရေပန်းစားခဲ့တဲ့သီချင်းလေးပါဘဲ။
ဒီသီချင်းလေးကို ဘယ်သူကများဖျက်လိုက်တယ်ဆိုတာမသိပေမယ့် ကလေးတွေနူတ်ဖျားမှာ
“ယောက္ခမကို ကတုံး တုံးလို့နှပ်ချီးနဲ့နယ် တိုင်မှာကြိုးတုတ်အမွှေးနူတ်ပစ်မယ်”
လို့ ဆိုကြပါတယ်။
စဉ်းစားစရာကောင်းတာကတော့ ကတုံးတုံးပြီးတဲ့ယောက္ခမကို အမွှေးနုတ်မယ်ဆိုတော့ အင်း မုတ်ဆိတ်မွှေးဘဲ
ဖြစ်မယ်ထင်ပါတယ်နော် ဒါမှမဟုတ် ဂျိုင်းမွှေးပေါ့နော့။
ဉာဏ်မီသလောက်လေးစဉ်းစားကြည့်မိတာပါ။
ဟိုအရင်တုန်းကတော့ “ ယောက္ခမအိမ်တက် သမက်မှာ မျက်နှာငယ် မျက်နှာငယ်”ဆိုတာလောက်နဲ့တင်ရပ်သွားပါတယ်။
ဒါပေမယ့် အခုခေတ်က ကလေးတွေကတော့ အရင်လူတွေထက်ပိုလက်သံပြောင်တယ်လို့ ထင်ပါတယ်။
ယောက္ခမကိုမြှောက်တာလိုလို ခြောက်တာလိုလို သီချင်းတွေအများကြီးထွက်လာပါတယ်။
ါ
အသူရာနဲ့သိကြားမင်းတို့နှစ်ယောက်ကတော့ ဘယ်လိုပြေလည်သွားကြတယ်မသိဘူး ဒီသီချင်းကိုဆိုထားတဲ့
ကိုအံ့ကြီးကတော့သူ့ယောက္ခကို တည့်အောင်ပေါင်းမယ် နောက်ကျတော့ ဥပုဒ်ကျောင်းကိုပို့ပစ်မယ် ပြီးရင်အိမ်ကိုတော်တော်နဲ့ပြန်လာလို့မရအောင် ဥပုဒ်ရက်ရှည်စောင့်ခို်င်းအုံးမှာလို့
ခပ်သောသောလေးပြော သွားပါတယ်။
ဒါပေမယ့် ပြဇာတ်တွေ ရုပ်ရှင်တွေ ဝတ္တုတွေမှာတော့ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့စစ်ပွဲကြီး ဆင်နွဲနေသလိုပါဘဲ။
သမက်နဲ့ယောက္ခမ ချွေးမနဲ့ယောက္ခမ မတည့်တဲ့အကြောင်းများဆိုရင် မကောင်းတဲ့အကြောင်းများ ရေးတယ်ဆိုရင် သိပ်ရေးလို့ကောင်း လူသိပ်ကြိုက်တဲ့ အကြောင်းအရာထဲမှာ ပါ ပါတယ်။
အပြင်လောကကြီးထဲက တကယ့်အဖြစ်အပျက်တွေမှာ တော့ သားမက်ချွေးမနဲ့ယောက္ခမယောက္ခထီးတွေကြားမှာပြေလည်တာတွေလဲရှိ မပြေလည်တာတွေလဲရှိပေါ့။
အများအားဖြင့်ကတော့ ယောက္ခမတို့ ယောက္ခထီးတို့နဲ့ပါတ်သက်ရင် သားမက်က သီးခံရတာ
များတော့ သိပ်တော့ ပြဿနာမကြီးတာကိုတွေ့ရပါတယ်။
တကယ်လက်တွေ့မှာလဲ ယောက္ခမနဲ့သားမက် ယောက္ခမနဲ့ချွေးမ ပြဿနာတက်တဲ့ဇာတ်လမ်းတွေကတော့
မှန်တာရော မမှန်တာရော ဟုတ်တာရော မဟုတ်တာရော ဇာတ်လမ်းတွေက အများကြီးပါ။
ဘယ်လောက်များသလဲပြောရမယ်ဆိုရင် တစ်ထောင့်တစ်ညပုံပြင်ဆိုတာကို ပျင်းတောင်ပျင်းသေးတယ်လို့ ပြောပြီး စိန်ခေါ်နိုင်ပါတယ်။
အမြဲတမ်းနောင်ဂျိန်ချကြတာ ကတော့ ယောက္ခမနဲ့ချွေးမပါဘဲ။
ယောက္ခမကောင်းတော့ ချွေးမဆိုး၊ ချွေးမကောင်းတော့ ယောက္ခမဆိုး ဆိုးကောင်း- ကောင်းဆိုး အမျုးိမျုးိပါဘဲ။နှစ်ယောက်လုံးဆိုးတာတွေ့တော့ ပွဲတွေကြမ်းကုန်ကြပါတော့တယ်။
ကောင်း-ကောင်းဆိုတဲ့အတွဲကတော့ တော်တော်လေးကို ရှားမယ်ထင်ပါတယ်။
ပိုဆိုးတာက ကျွန်တော့်တို့မြန်မာနိုင်ငံကလူတွေက သားသမီးအိမ်ထောင်ရက်သားကျသွားတာတောင်
“ငါတို့က ဥမကွဲသိုက်မပျက်နေချင်တာ”ဆိုပြီး သားရော ချွေးမပါ အိမ်ပေါ်ခေါ်တင်ထားလိုက်ပါတယ်။
မြန်မာစကားပုံကိုက “ယောင်နောက်ဆံထုံးပါ “လို့ ဆိုထားသကိုးဗျ။
ယောက္ခမအိမ်တက် မျက်နှာငယ်ရတယ်ဆိုတဲ့သားမက်ကတော့ ခပ်ရှားရှားဖြစ်မယ်ထင်ပါတယ်။
မိန်းမသာ ငမ်းငမ်းတက်လိုချင်တာ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ဘို့ ကြတော့ သတ္တိလဲမရှိ
ရေသာခိုချင်စိတ်ကလဲ ရှိတဲ့သားသမီးများကတော့ လဲ “အဖေအမေတို့ကိုမခွဲနိုင်ဘူး”
ဆိုတဲ့အကြောင်းပြချက်နဲ့ မိဘအိမ်ပေါ်တက်နေပါတော့တယ်။
အဲ အတူနေတာကြာလာပြန်တော့ စိတ်မတိုက်ဆိုင်တာတွေက ပိုများလာ ဆိုတော့
“နီးတကျက်ကျက် ဝေးတသက်သက် “ ဇာတ်လမ်းတွေခင်းပြန်တော့တယ်။
မိဘကလည်း “ငါ့သားကို ဒီအရွယ်ရောက်အောင် ငါတို့က ကျွေးမွေးပြုစုလာတာ”ဆိုပြီး
မိဘတို့ရဲ့ရသင့်တယ်ထင်တဲ့အခွင့်အရေးကို အပြည့်အဝယူပါတော့တယ်။
ချွေးမဖြစ်သူကလည့် “မောင့်မျက်နှာတစ်ရွာထင်ပြီး အားကိုးလို့လိုက်လာရသူပါ”ဆိုပြီးမျက်ရည်ခံထိုးသလို
သူနိုင်ရာနဲ့အပိုင်ကိုင်လို့ ယောက်ျားဖြစ်သူကို အပီထိ်န်းထားပါတေ့ာတယ်။
အမေနဲ့မိန်းမပြဿနာတက်ကြပြီဆိုရင်တော့ ယောက်ျားသားများခင်ဗျာမှာ ပဲလှော်ကြားဆားညပ်ဆိုတာလို
အချောင်ခံရပါတော့တယ်။
မိန်းမဘက် ကမှန်တယ်ထင်လို့ မိန်းမဘက်လိုက်မိရင် “အမေပြောတော့ တစ်လ မယားပြောတော့ တစ်ညတဲ့
တော်ရေ့”ဆိုပြီးမိဘလုပ်သူက စကားနာတွေထိုးပါတော့တယ်။
မိဘဘက်က မှန်တယ်ဆိုပြီး မိဘ ဘက်နေမိပြန်ရင်လဲ မိန်းမဖြစ်သူက “မရခင်ဖျာလိုလိပ်ခါ ထိပ်ပေါ်မှာဘဲတင်ကာထား မောင်မင်းကြီးသားယောက်ျားတွေမှာကွယ်”ဆိုပြီး အပြစ်တွေတင်ပြန်ပါတော့တယ်။
အမှန်ကတော့ စကတည်းကိုက ချွေးမနဲ့ယောက္ခမကြားမှာ ပြဿနာကြီးတာပါ။
ယောက္ခမကလဲ ချွေးမကို သူတို့သားလေးကို သူတို့ရင်ခွင်ထဲက ဆွဲထုတ်သွားသူဆိုပြီး သူ့သားနဲ့မရခင်ကတည်းက ကြိုတင်လို့ ရန်သူစာရင်းသွင်းထားရုံတင်မကဘဲ
ယောင်းမတော်ရမယ့် သူ့သမီးတွေကိုလဲ လိုအပ်ရင်ဝင်ပါဘို့ အရံခုံပေါ်မှာထိုင်ခိုင်းထားပါတယ်။
ချွေးမဘက်ကလဲ ကိုယ်မပိုင်တော့တဲ့ ကိုယ့်သားကို နေရာတကာလိုက်ပြီးချုပ်ချယ်ချင်တဲ့နေရာတကာပါတဲ့
ယောက္ခမဆိုပြီး အပြစ်မြင်တတ်ကြတော့ မရခင်ကတည်းကသူယူမယ့်ယောက်ျားကိုယောက္ခမတွေ
ယောင်းမတွေ နဲ့ပါတ်သက်တဲ့ စည်းကမ်းတွေကို ကြိုတင်လို့ထုတ်ပြန်ပေးထားပြီး
“ဒါပဲနော်………………..” ဆိုတဲ့စကားလုံးလေးနဲ့ထိန်းချုပ်ထားပါတော့တယ်။
အမှန်ကတော့ အချစ်ပြိုင် ပိုင်ဆိုင်မူ့ပြိုင် အလကားနေရင်းတစ်ယောက်နဲ့တစ်ယောက် အနိုင်လိုချင်ကြတဲ့စိတ်တွေကြားမှာ တူနှစ်ကိုယ်တိုင်းပြည်ကို ကိုယ့်ဘာသာကိုယ်သီးသန့်မထူထောင်ဘဲ မိဘအိမ်မှာကပ်နေကြလို့ မလိုလားအပ်တဲ့ပြဿနာတွေတက်ကုန်တာပါဘဲ။
မိဘနဲ့အတူမနေပေမယ့်လည်း ဒီကမ္ဘာရန်ပြဿနာကြီးကတော့ ဖြစ်နေရှိနေတာပါဘဲ။
အတူမနေတော့ ဖြစ်တဲ့အကြိမ်ရေတော့ နည်းတာပေါ့နော်။
အဲတော့ စိတ်ညစ်ရ စိတ်လေရတဲ့အကြိမ်ကလဲ နည်းသွားတယ်လို့ပြောနိုင်ပါတယ်။
အများအားဖြင့် သူ့ဘက်ကိုပေးတယ် ငါ့ဘက်ကိုပေးတယ်
သူ့အမျိုးတွေကိုကြတော့ ဘာပေးတယ်ညာပေးတယ်ဆိုတာက စလို့ ပြဿနာတက်ကြတာများပါတယ်။
ဟုတ်တော့လဲဟုတ်ပြန်ပါတယ်။
ကျွန်တော်တို့ယောက်ျားတွေက ကိုယ့်မိဘဆွေမျုးိအပေါ်မှာခပ်ပါးပါး။
ပေးရကမ်းရကောင်းမှန်းမသိတာများပါတယ်။
မိန်းမတွေကတော့ စကတည်းက သိတတ်သူဆိုတော့ ဒါလေးက အမေဖို့
ဒါလေးက တော့ အဖေ့ဘို့ ဒါလေးကတော့ ညီမလေးဘို့ ဒါလေးကတော့ မောင်လေးဘို့ ဆိုပြီး ခွဲတမ်းတွေတန်းစီချလို့ ပေးတတ်ကမ်းတတ်ပါတယ်။
ဟုတ်တော့လဲဟုတ်ပါတယ် တစ်ချို့သောမိန်းမများက ယောကျာ်းသိအောင်တမျိုးမသိအောင်တမျုးိ
“ခင်မျုးိချစ်” ဇာတ်လမ်းတွေခင်းတတ်ပါတယ်။
အချို့သောယောက်ျားလေးများကတော့ လဲ မိဘကျေးဇူးအထူးသိတတ်သူ”လုပ်ပြတတ်ပြန်ပါတယ်။
အဲဒီအခါမှာ မိန်းမနဲ့ယောက်ျား ချွေးမနဲ့ယောက္ခမကြားမှာ ပြဿနာစပါတော့တယ်။
ကျွန်တော်မိတ်ဆွေတစ်ယောက်ရဲ့အဖေတစ်ယောက် ပြောပြတာလေးကတော့ အတော်လေးကို
လိုက်နာချင်စရာကောင်းပါတယ်။
“ မိဘဆိုတာ သားသမီးကိုထောက်ပံ့ရတဲ့ဝတ္တရားရှိသလို သားသမီးကလဲ မိဘကို ပြန်လည်စောင့်ရှောက်ရမယ့်ဝတ္တရားရှိတယ်ကွ။
အေး အိမ်ထောင်ရက်သားကျတယ်ဆိုတာနဲ့ ဟိုဘက်နဲ့ဒီဘက်နှစ်ဘက်လုံးကဆွေမျုးိစု
ကြီးဖြစ်သွားတာဘဲ။
ဒီတော့ သးသမီးများဝတ္တရားအရ နှစ်ဖက်မိဘတွေကို ပြန်လည်စောင့်ရှောက်ရမယ်
ကျွေးမွေးပြုစုရမယ် ပေးကမ်းရမှာအမှန်ဘဲ။
အကောင်းဆုံးကတော့ မိန်းမဘက်ကိုပေးရင် ယောက်ျားလက်နဲ့ပေး
ယောက်ျားဘက်ကိုပေးမယ်ဆိုရင် မိန်းမလက်နဲ့ပေး.
ဒါဆိုရင် ပြဿနာတွေဝေးရော……………………..”ပါတဲ့။
တကယ့်ဖြစ်ခဲ့တဲ့အဖြစ်ကလေးတစ်ခုကို အပျင်းပြေ သဘောနဲ့ နားထောင်ကြည့်ပါအုံးနော်။
ကျွန်တော့် ညီမလေးရဲ့ သူငယ်ချင်း ကောင်မလေးတစ်ယောက်အကြောင်းပေါ့။
“နွယ်လေး” လို့ ခေါ်ပါတယ်။
သူကဘွဲ့ရပြီးတဲ့အချိန်မှာ ပုဂ္ဂလိက ပွဲရုံတစ်ခုမှာ စာရင်းကိုင်လုပ်ပါတယ်။
သူတို့မိဘတွေက အေးအေးဆေးဆေးသမားတွေပါ။
“နွယ်လေး” ကသူနဲ့တက္ကသိုလ်တုံးက သူငယ်ချင်း “ဝေလင်း”နဲ့ချစ်သူတွေဖြစ်ရာကနေ လက်တွဲမယ်လို့
ဆုံးဖြတ်တဲ့အခါ သူ့မိဘကို ဖွင့်ပြောပါတယ်။
သူ့မိဘက ကောင်လေးတွေရဲ့ မိဘကို သိနေပါတယ်။
ဖြစ်ချင်တော့ “နွယ်လေး”မိဘတွေက ကောင်လေးမိဘတွေရဲ့ စိတ်နေစိတ်ထားတစ်ဖက်စောင်းနင်းဆံတာ ခက်ထန်တာကိုသိပ်မနှစ်သက်ပါဘူး။
“နွယ်လေး”ကိုသူ့တို့ရဲ့မိဘတွေက ကောင်လေးရဲ့မိဘတွေရဲ့သဘောထားအပေါ်မှာ သူတို့အနေနဲ့ သိပ်စိတ်တိုင်းမကျဘူး မနှစ်သက်ဘူး ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြသလို “နွယ်လေး”ကိုလဲဒီလိုမှာထားပါတယ်။
“ကိုယ့်စိတ်ကြိုက် ကိုယ် ဆုံးဖြတ်ပါ၊
ကို်ယ်ရွေးတဲ့ရလာဒ်ကို ကိုယ်တိုင်ဘဲခံယူရမှာကတော့ သဘာဝဘဲ။
ဒါပေမယ့် အိမ်ထောင်ကွဲလာတာဘဲဖြစ်ဖြစ်
စိတ်ဆိုးပြီး ဆင်းလာတာဘဲဖြစ်ဖြစ် ဘယ်လိုအကြောင်းပြချက်နဲ့မှပြန်ပြီးလက်ခံမှာမဟုတ်ဘူးနော် သမီး။
စဥ်းစားဘို့ ဆုံးဖြတ်ဘို့ကတော့ သမီးတာဝန်”
ဒါပေမယ့် “နွယ်လေး”နဲ့သူ့ချစ်သူလက်တွဲဖြစ်ပါတယ်။
မင်္ဂလာဆောင်တဲ့ရက်မှာဘဲ “နွယ်လေး”တစ်ယောက် သူ့ယောက္ခမ မိသားစုအကြောင်းကိုစသိပါတော့တယ်။
မင်္ဂလာဆောင်ပြီးတဲ့ညမှာဘဲ မင်္ဂလာဆောင်မှာရတဲ့လက်ဖွဲ့ငွေတွေရော အကုန်သိမ်းသွားပါတယ်။
“နွယ်လေး”တို့လင်မယားနှစ်ယောက်မှာ ဘယ်သူတွေဘာလက်ဖွဲ့လို့ ဘာပစ္စည်းတွေပါတယ်၊
လက်ဖွဲ့ငွေဘယ်လောက်ရတယ်ဆိုတာတောင်မသိလို်က်ပါဘူး။
အိမ်ထောင်ကျပြီးတာနဲ္စည်းတွေပါတယ်၊
လက်ဖွဲ့ငွေဘယ်လောက်ရတယ်ဆိုတာတောင်မသိလို်က်ပါဘူး။
အိမ်ထောင်ကျပြီးတာနဲ့“နွယ်လေး”တစ်ယောက် အလုပ်ကထွက်လိုက်ရပါတယ်။
သူယောက္ခမတွေအပြောကတော့ သူ့သားဝေလင်းက မိန်းမတစ်ယောက်ကို လုံလောက်အောင်ရှာကြွေးနိုင်တယ်၊အပြင်ထွက်အလုပ်လုပ်စရာမလိုဘူး၊
မိန်းမပီပီ အိမ်မူ့ ကိစ္စတွေကိုဘဲ ဖိဖိစီးစီးလုပ်ပါပေါ့။
ဒါနဲ့ဘဲ မီးဖိုချောင်ထဲမှာချက်ပြုတ် အိမ်မူ့ကိစ္စလုပ် ဆိုတဲ့ဘဝထဲမှာနစ်မြုတ်သွားပါတော့တယ်။
“ဝေလင်း”က သူ့မိဘတွေထောင်ထားတဲ့ဆန်စက်ကို ဦးစီးပြီးလုပ်ရပါတယ်။
သူတို့လင်မယားကို လခပေးထားပါတယ်။
ဒါပေမယ့် အဲဒီလခကို “ဝေလင်း “နေ့စဉ်သုံးဖို့စရိတ်လောက်သာချန်ထားပြီး ထမင်းဘိုးဆိုပြီးပြန်တောင်းသွားပြန်ပါတယ်။
အဲတော့ သူဌေးသားနဲ့ရပေမယ့် နွယ်လေးခမျာမှာ လက်ထဲမှာ ပိုက်ဆံတောင်မကိုင်ရဘဲ ကျွေးတာစားနေရတဲ့ အိမ်ဖော်သာသာ ဘဝနဲ့သာကျင်လည်ရပါတယ်။
ဒီအထဲမှာ “ဝေလင်း”ရဲ့တစ်ဦးတည်းသောညီမလေးက တမျိုး အဖေအမေအားကိုးနဲ့ “နွယ်လေး”
အပေါ်မှာ အနိုင်ကျင့်ပါတယ်။တစ်စုံတစ်ရာဖြစ်တယ်ဆိုပြန်ရင်လဲ “နွယ်လေး”ကိုဘဲ ဝေလင်းမိဘတွေ
က အပြစ်တင်တတ်သလို “နွယ်လေး”ဘာလုပ်လုပ် ဘယ်တော့မှ စိတ်တိုင်းကျနိုင်တယ်လဲမရှိပါဘူး။
အမြဲတမ်းလိုလို အဆူအပူ အငေါက်အငမ်းခံ အပြစ်တင်ခံနေရပါတယ်။
ခက်တာက ဝေလင်းက မနက်မိုးလင်းတာနဲ့ ဂျုံစက်သွား ညမိုးချုပ်မှာပြန်လာ ထမင်းစားပြီးတာနဲ့တီဗွီကြည့်
ပြီးအိပ် အလုပ်က ပိတ်ရက်လဲမရှိဆိုတော့ “နွယ်လေး”နဲ့သူ့မိသားစုကြား ဘာဖြစ်နေတယ်ဆိုတာလဲသူမသိ
သလို စိတ်လဲမဝင်စားပါဘူး။“နွယ်လေး”ကလဲ ဘာတစ်ခွန်းမှပြန်မပြောဘဲ ငုံ့ခံနေတော့ အစစအရာရာ ပြေလည်
နေတယ်လို့ဘဲ ဝေလင်းက ထင်ပါတယ်။
နောက်အပြင်ထွက်တာကိုလည်းလုံးဝမကြိုက်တော့ တစ်ခါတစ်လေကိုယ့်မိဘအိမ်ပြန်တာတောင် မယုံသင်္ကာသလိုအပြောခံရတော့ ဘယ်မှလဲမရောက်တော့ပါဘူး။
ကျွန်တော့်ညီမလေးနဲ့ တော့ တစ်ခါတစ်ရံ သူတို့သူငယ်ချင်းချင်း ဖုန်းပြောဖြစ်တဲ့အခါ “နွယ်လေး”တို့အိမ်မှာ
လူရှင်းတယ်ဆိုရင် သူ့ခံစားချက်တွေကို ရင်ဖွင့်လို့ပြောတတ်ပါတယ်။
ကာယကံရှင်မပြောနဲ့ တစ်ဆင့်ပြန်ကြားရတဲ့ ကျွန်တော့်ညီမလေးတောင် ငိုချင်သလိုခံစားရပါသတဲ့။
နောက်သူတို့လက်ထပ်ပြီးတစ်နှစ်လောက်ကြာတော့ ဝေလင်းရဲ့ညီမလေးက သူ့မိဘတွေသဘောမတူတဲ့လူ
နောက်ကို ခိုးရာလိုက်ပြေးတော့ အမွေဖြတ်တယ်ဆိုပြီး ပစ်ထားလို်က်ကြပါသတဲ့။
နောက်သိပ်မကြာခင်မှာဘဲ ဝေလင်းအဖေက သမီးကိစ္စနဲ့ စိတ်ထိခိုက်တာ ရှက်တာရယ် နဂိုနှလုံးရောဂါအခံ
ရှိတာရယ်ကြောင့် အိပ်ယာပေါ်က မထနိုင်တဲ့ ဘဝကိုရောက်သွားလို့မှ သုံးလေးလလောက်အကြာမှာ
မနက်စောစောကြီးခေါင်းတွေထလျှော်ရာကနေ လေဖြတ်လို့ ကိုယ်တခြမ်းသေသွားပါတယ်။
အဲဒီအချိန်ကစလို့ လူမမာနှစ်ယောက်တာဝန် ရောအိမ်ချက်ရေးပြုတ်ရေးတာဝန်ရောအားလုံးဟာ
“နွယ်လေး”အပေါ်မှာစုံပြုံလို့ရောက်လာပါတော့တယ်။
ကျွန်တော့်ညီမလေးက တစ်ရက် “နွယ်လေး”တို့အိ်မ်ဘက်ကို လမ်းကြုံတာနဲ့သူ သူငယ်ချင်းကိုဝင်တွေ့ပါတယ်။
“နွယ်လေး”ခဗျာမှာ အိမ်အလုပ်တွေပိနေလို့ နွမ်းလျနေပုံပေါက်ပေမယ့် မျက်နှာလေးကတော့ ကြည်လင်ဝင်းပလို့နေပါသတဲ့။
ညီမလေးက သူငယ်ချင်းနှစ်ယောက်ထဲ တွေ့တုံး မှာ“နွယ်လေး”နဲ့သူ့ယောက္ခမတွေရဲ့
ဆက်ဆံရေးကိုမေးကြည့်တော့
“သူတို့ငါ့ကို အရင်က ဘယ်လိုဘဲသဘောထားထား ဘယ်လိုဘဲ ရက်စက်ခဲ့ကြတယ်ဆိုပေမယ့်
အခုအချိန်မှာတော့ သူတို့ကသေလူလိုဖြစ်သွားပြီလေ။
ငါသူတို့ကို မေတ္တာအပြည့်နဲ့ ပြုစုလုပ်ကိုင်ပေးနေတဲ့အချိန်မျိုးမှာ
အသနားခံတာလိုလို နောင်တတွေရနေတာလိုလို သူ့တို့ကို ငါပြစ်ထားမှာစိုးလို့ တောင်းပန်တာလိုလို
အရိပ်အယောင်တွေကို သူတို့နှစ်ယောက်ရဲ့မျက်ဝန်းထဲမှာ မြင်လိုက်ရရင် ငါသူတို့ကို ကြင်နာသနားစိတ်
တွေပိုတိုးတိုးလာသလိုပါဘဲ။
စဖြစ်ဖြစ်ချင်းကတော့ လူငယ်စိတ်နဲ့ သူတို့ ကို လက်စားခြေလိုက်မယ် ငါပစ်ထားလိုက်မယ်ငါ့အလှည့်တော့ရောက်ပြီ လို့ စိတ်ရိုင်းတွေဝင်မိပေမယ့်
အကုသိုလ်အသစ်တွေမမွေးတော့ ဘဲ့ အတုန့်အလှည့်တွေကို ရပ်ပစ်မယ်ဆိုတဲ့စိတ်ကို ဒုန်းဒုန်းချပြီး
ငါသူတို့ ငါ့အပေါ်ကောင်းခဲ့တဲ့လူတွေနဲ့မခြားငါပြုစုခဲ့ပါတယ်ဟာ”
လို့ ပြန်ဖြေပါသတဲ့။
ကဲ “နွယ်လေး “နေရာမှာ ကျွန်တော်တို့ ခင်ဗျားတို့သာဆိုရင်…………………………………….?
ကျွန်တော်တို့ခင်ဗျားတို့ ယောက္ခမနေရာကိုများရောက်ခဲ့ပြီဆိုရင်………………………………..?
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
9 comments
kai
February 27, 2011 at 11:46 pm
အင်း..
အိမ်ထောင်ကျထားတဲ့သူရော… မကျထားတဲ့သူရော ဖတ်သင့်တယ်.။
ဆိုတော့.. အားလုံးပါပဲ..။
==
ယူအက်စ်မှာတော့ .. တော်တော်များများက …အိမ်ထောင်ကျပြီး အိမ်ခွဲနေကြပါတယ်.။
မိဘအိမ်တက်နေတာထက်..သားသမီးအိမ် မိဘကို မြေးထိန်းဖို့ ခေါ်ကြတာက ပိုများမလားပါပဲ..။
eros
February 28, 2011 at 1:56 am
ဖတ်ရင်းနဲ့တောင် ငါ ခေါင်းတော်တော်ကိုက်တွားဒယ်။
MaMa
February 28, 2011 at 2:00 am
အင်းးးးးးးးးးနွယ်လေးလိုမျိုးက အရင်ခေတ်က ချွေးမပုံစံလို့ပဲ ပြောရမလား မသိဘူး။ ခုခေတ်တော့ ရှိပါအုံးမလား။ ဘာပဲပြောပြော ကိုယ့်စေတနာ ကိုယ့်အကျိုးပေး ဆိုသလိုပဲ စိတ်ထားကောင်းရင် ကံကောင်းတာတွေ အများကြီးတွေ့ဖူးတယ်။
hmee
February 28, 2011 at 9:31 am
ကိုပေါက်ရေ ဆရာဝင်လုပ်တာမဟုတ်ဘူးနော်။ ကျွန်တော်ပဲ အမှတ်မှားသလား။ အသူရာက ယောက်ခမ သကြားမင်းက သမက် မဟုတ်ဘူးလား။ ငယ်ငယ်က ရုပ်သံမှာ ပြတာကိုကြည့်ဘူးတယ်။ သကြားမင်း လူ.ဘဝက မိန်းမလေးယောက်မှာ အကြီးဆုံးမိန်းမက သူနဲ့အတူ ကုသိုလ်အလုပ်မလုပ်လို့ သေတဲ့အခါမှာ ဗျိုင်းဖြစ်နေတယ်။ သကြားမင်းက မယားလေးယောက် အကြီးဆုံးက တာဝတိ ံသာကို ပါမလာလို့ကြည့်လိုက်တော့ ဗျိုင်းဖြစ်နေမှန်း သိတော့သီလစောင့်ခိုင်းတယ်။ ဗျိုးဘဝက သေတော့အိုးသကြီးသမီးဖြစ်တယ်။ အဲဒီဘဝမှာ ကုသိုလ်လုပ်လို့ သေတော့ အသူရာမင်းရဲ့ သမီးသွားဖြစ်တယ်။ သကြားမင်းကသူ.ဆီ မရောက်လာလို့ ထပ်ကြည့်တော့ သူနဲ့မတည့်တဲ့ သူရဲ့သမီးဖြစ်နေတာ သိသွားတယ်။ ဒါနဲ့ ကြင်ရာရွေးပွဲမှာ သွားခိုးတော့တာပေါ့။ သေရည်သောက်လို့ တာဝတိ ံသာ ကမောင်းထုတ်ခံထားရတဲ့ အသူရာနဲ့ စစ်နိုင်တဲ့ သိကြားမင်းတို့ သမီးယောက်ခမ နှစ်တိုင်းတိုင်း ကသစ်ပွင့်ချိန်မှာ စစ်ခင်းကြတယ်တဲ့။ ကျွန်တော်လည်း မှန်ချင်မှ မှန်မှာပါနော်။ လေးစားခင်မင်စွာ ပြောတာပါနော်။
ယောလေး
February 28, 2011 at 10:51 am
ကျတော်သာ ယောက်္ခမနေရာ ရောက်ခဲ့မယ်ဆိုရင်တော့…??????
kopauk mandalay
March 1, 2011 at 12:00 pm
အမှားပြင်လိုက်ပါအုံးမယ်။
(ဒီပို့စ်မှာ သမက်နဲ့ယောက္ခမပြောင်းပြန်ဖြစ်သွားတာပါ။
သမက်က သိကြားမင်း ယောက္ခမက အသူရာပါ အဲဒါကို ကျနော်ဇာတ်ရုပ်ချတာမှားသွားပြီးပြောင်းပြန်ရေးမိတာလေးပြင်ဖတ်ပေးစေလိုပါတယ်.။)
unclegyi1974
March 2, 2011 at 4:43 pm
ကျွန်တော်မှတ်မိတာလေးတခုပြောပါအုန်းမယ်
သခွပ်ပွင့်ကအသူရာပြည်မှာပွင့်တာလို့မှတ်မိပါတယ်
လူ့ပြည်ကသခွပ်ပွင့်နဲတူမတူတော့မသိပါဖူး
ကိုပေါက်ရေးသွားတဲ့သီချင်လေးတွေစိတ်ကူး
အတော်ကောင်းပါ့ဗျာ
ဟိုတနေ့ကပိုစ်တခုထဲမှာနိုင်ငံခြားသားက
တလ ငွေ၁၅၀၀၀ဝ ပေးပြီးယူတဲ့မြန်မာ
အမျိုးသမီးကိုသတိရမိတယ်
နိုင်ငံခြားသားနဲ့ကိုယ့်မြန်မာလူမျိုးကွာတာပဲရှိတာ
အခုကတမိသားစုလုံးကိုကျွန်ခံရတာ
ပိုတောင်ဆိုးသေးထင်တာပဲ
ဘာပဲပြောပြောနွယ်လေးက သူ့စေတနာသူ့ပြန်
အကျိုးပေးတာပါ
ဒါကြောင့်ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်နဲ့
etone
March 3, 2011 at 9:06 am
ကိုပေါက်ရေ … ဖတ်လို့ အလွန်ကောင်းပါတယ် …။
ဒါတွေက ဖြစ်လေ့ဖြစ်ထရှိလို့ပါ ။ အဲ့ဒီလို ယောက္ခမျိုးနဲ့ အဲ့ဒီလို ချွေးမမျိုးပဲ လိုက်ပါတယ် … ။ အီးတုံးတို့ ဆိုလျှင် မြေလှန်ပစ်လိုက်မယ် … ။ မတရားလို့ကတော့ ယောက္ခမ မကလို့ ဘာဖြစ်ဖြစ် ပဲ ။ အိမ်ထောင်တစ်ခု ထူထောင်တော့မယ်ဆိုလျှင် အပြင်မှာ အိမ်ခွဲနေနိုင်မှ ကောင်းတာပါ … ။ မဝယ်နိုင်သည့်တိုင် ၊ ငှားပြီး နေနိုင်တဲ့ အ ခြေနေမှ အိမ်ထောင် ပြုသင့်တယ် ထင်ပါတယ် … ။ ယောက္ခမကို ကြောက်စရာမလို ၊ ဖားစရာလည်း မလိုပါဘူး … သူ့နေရာနဲ့သူ ရိုသေတတ်ရင် အိုကေပါတယ် ။
စကားမစပ် (လူမမာ နှစ်ယောက်ကို ပြုစုရတယ်သာ ပြောတယ်… ရေးထားတဲ့ အထဲမှာ အဘိုးကြီး အ ိပ်ယာထဲလဲတာပဲ ပါတယ် … နောက်တစ်ယောက်က ဘယ်သူများလဲ ။ .. စာထဲမှာဆိုရင်တော့ အဘွားကြီးပါ လူမမာဖြစ်တယ်ပေါ့ … ဒါပေမဲ့ ရေးထားတာ မတွေ့လိုက်လို့ .. )
kopauk mandalay
March 3, 2011 at 4:09 pm
(နောက်သိပ်မကြာခင်မှာဘဲ ဝေလင်းအဖေက သမီးကိစ္စနဲ့ စိတ်ထိခိုက်တာ ရှက်တာရယ် နဂိုနှလုံးရောဂါအခံ
ရှိတာရယ်ကြောင့် အိပ်ယာပေါ်က မထနိုင်တဲ့ ဘဝကိုရောက်သွားလို့မှ သုံးလေးလလောက်အကြာမှာ
မနက်စောစောကြီးခေါင်းတွေထလျှော်ရာကနေ လေဖြတ်လို့ ကိုယ်တခြမ်းသေသွားပါတယ်။)
အမှန်ဖြစ်ရမှာက
(ဝေလင်းအမေဖြစ်သူကလဲမနက်စောစောကြီးခေါင်းတွေထလျှော်ရာကနေ လေဖြတ်လို့ ကိုယ်တခြမ်းသေသွားပါတယ်။)
လို့ဖြစ်ရမှာပါ.
ဒီပို့စ်ကိုရေးပြီးစအချိန်မှာ မထင်မှတ်ဘဲကော်နက်ရှင်ကောင်းတာနဲ့ပြန်မဖတ်ဘဲတင်လိုက်တာ
အမှားတော်တော်လေးများသွားတယ်။
ဒါပေမယ့် ဖတ်တဲ့မိတ်ဆွေတွေက လိုတာတွေကိုသူတို့ဘာသာဖြည့်ဖတ်သွားတော့ တော်ပါသေးတယ်ဗျာ။